“ဟုတ်ပါတယ်၊ ငါက သူ့ရဲ့အဘိုးပါ”
ခြံဝင်းအတွင်း၌ မိုယုသည် ချူဖုန်းနှင့် အခြားသူများကို သူ မည်သူမည်ဝါဖြစ်ကြောင်း ရှင်းပြလိုက်၏။
ချူဖုန်းသည် အဘ်ိုးအို၏ဘေးတွင် စိတ်လှုပ်ရှားစွာ ရပ်နေသော ဝမ်ပေါင်လဲ့ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ပေါင်လဲ့ပြောပြောနေတဲ့ အဘိုး ဆိုတာ အကြီးအကဲမို ဖြစ်နေတာကိုး။ ကဲ ထိုင်ပါဦး”
“ဌာနမှူးချူ အရင် ထိုင်ပါခင်ဗျာ”
မိုယုသည် သောင်းပြောင်းပညာရပ်ဌာန သို့ ရောက်ခါကစလို ရန်လိုသော အမူအရာမျိုး မရှိတော့ပေ။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံမှုအဆင့်ကို မြင်တွေ့ရပြီးနောက်နှင့် ဤနေရာတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရပုံများကို ကြားသိရပြီးနောက်တွင် ဤသာမန်ဟုထင်ရသော လူငယ်လေးမှာ အမှန်စင်စစ် ထူးချွန်သော တပည့်များစွာကို ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ရာ သူတော်စင်တစ်ပိုင်း တစ်ဦးဖြစ်ကြောင်း နားလည်သွားခဲ့၏။
စောစောက မီးဖိုချောင်အပြင်ဘက်တွင် သူ ဒေါသတကြီး အော်ဟစ်ခဲ့သည်ကို ပြန်တွေးမိပြီး ရှက်သွေးဖြာကာ မျက်နှာပူသွားမိတော့သည်။
အားလုံး နေရာတကျ ထိုင်ပြီးသွားသောအခါ ချူဖုန်းသည် အိမ်ရှင်ပီပီ ဟင်းလျာများနှင့် ဝိုင်များကို တည်ခင်းဧည့်ခံလေ၏။
ဝိုင်အနည်းငယ် သောက်ပြီးကြသောအခါ၊
ချူဖုန်းကပင် စတင်၍ စကားဆိုလိုက်သည်။
“အကြီးအကဲမို၊ ဝမ်တောက်ကျောင်းတော်ကို ပေါင်လဲ့ဆီ အလည်လာရုံသက်သက်ပဲ ရောက်လာတာလား”
မိုယုက ပြန်ဖြေသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဌာနမှူးချူ... ကျွန်တော် အစက ပေါင်လဲ့ကို ကျောင်းတော်ကနေ ခေါ်ထုတ်သွားဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ တိုးတက်မှုကို မြင်ရတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ အရည်အချင်းတွေနဲ့ ဒီကောင်လေးကို လမ်းညွှန်ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတာ နားလည်သွားပါပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ ဌာနမှူးချူဆီ တောင်းဆိုစရာတစ်ခုတော့ ရှိပါတယ်”
“ပြောပါဦး”
ချူဖုန်းသည် သဘောတူခြင်းလည်းမရှိ၊ ငြင်းပယ်ခြင်းလည်းမရှိပေ။ တစ်ဖက်လူမှာ ဝမ်ပေါင်လဲ့၏ အဘိုးဖြစ်နေလျှင်ပင် သူသည် လွယ်လွယ်နှင့် ကတိပေးမည့်သူမဟုတ်။
မိုယုသည် ဘာမှဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျွန်တော် ပေါင်လဲ့ကို ထျန်းတောက်စံအိမ် ဆီ ခေါ်သွားချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်ခွင့်တွေကို ပြန်ပြီး သိမ်းပိုက်ဖို့အတွက်ပါ”
ချူဖုန်းက ပြုံးလိုက်၏။
“ဒါက ပေါင်လဲ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲလေ။ ကျုပ်ကတော့ အများကြီး ဝင်မစွက်ဖက်ပါဘူး”
ထိုစကားကို ကြားလိုက်ရသဖြင့် မိုယု၏ မျက်လုံးများ လင်းလက်သွား၏။
“ကျေးဇူး အများကြီး တင်ပါတယ် ဌာနမှူးချူ”
ဘေးတွင် ရပ်နေသော ဝမ်ပေါင်လဲ့က မေးလိုက်သည်။
“အဘိုး... အခု ကျွန်တော်က စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ မိသားစုရဲ့ အတိတ်ကြောင်းကို ပြောပြလို့ ရပြီမလား ကျွန်တော်က မြင့်မြတ်တဲ့မျိုးရိုးက ဆင်းသက်လာတာဆိုရင် ဘာလို့ ဝမ်မိသားစုဆီမှာ အိမ်ပါသမက်အဖြစ် နေခဲ့ရတာလဲ”
သူသည် သူ၏အဘိုးအပေါ် မည်သည့် အာဃာတမျှ မရှိပေ။ သူ သိချင်ရုံသက်သက်သာ။
လူဆိုသည်မှာ အတင်းအဖျင်း ကြားရလျှင် ဝါသနာပါကြသည်မဟုတ်ပါလား။ အားလုံး၏ အကြည့်မှာ မိုယုထံသို့ ရောက်သွားကြ၏။
မိုယုသည် ချက်ချင်း မဖြေသေးဘဲ ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်း ကုန်အောင်သောက်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ က စခဲ့တာ။ အဲ့ဒီတုန်းက ငါ ထျန်းတောက်စံအိမ်ကို ပြန်ရောက်တာ နှစ်ပေါင်း (၆၀) လောက်ပဲ ရှိသေးတယ်။ သခင်လေးရွေးချယ်ပွဲ ပြီးရင် အိမ်ထောင်ပြုပြီး သားသမီးယူဖို့ ငါ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ အဲ့ဒီပြိုင်ပွဲမှာ ငါ ရှုံးခဲ့တယ်”
“ငါ့ကို အနိုင်ယူသွားတာက မိသားစုဝင်တစ်ယောက်ရဲ့ မယားငယ်က မွေးတဲ့သားပဲ။ စံအိမ်ရဲ့ အကြီးအကဲတွေက အဲ့ဒီလိုလူမျိုးကို စံအိမ်သခင်အဖြစ် မဆက်ခံစေချင်ဘူးလေ၊ ဒါနဲ့ပဲ သူ့ကို လျှို့ဝှက်ပြီး ထောင်ချောက်ဆင်ခဲ့ကြတယ်၊ နောက်ဆုံးတော့ လေ့ကျင့်ရေးခရီးထွက်နေတုန်းမှာပဲ လုပ်ကြံသတ်ဖြတ်လိုက်ကြတာ။”
“ငါတို့အားလုံး အဲ့ဒီကိစ္စ ပြီးသွားပြီလို့ ထင်ခဲ့ကြတာပေါ့။ ငါလည်း ပထမဆုံး ဇနီးနဲ့ အိမ်ထောင်ကျပြီး သားသမီး ရခဲ့တယ်။ ဒါပေမဲ့ ငြိမ်းချမ်းမှုက ကြာကြာမခံပါဘူး။ နောက်ထပ် နှစ်ပေါင်း (၆၀) အကြာမှာ သူ ပြန်လာခဲ့တယ်။ လက်ထဲမှာ နတ်ဆိုးဓား တစ်လက်ကို ကိုင်ပြီးတော့ပေါ့။ သူ တစ်ယောက်တည်းနဲ့တင် ထျန်းတောက်စံအိမ်ရဲ့ ထက်ဝက်ကျော်ကို သတ်ဖြတ်ပစ်ခဲ့တယ်”
“ငါတို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာတစ်ခုကြောင့်သာ ငါ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခဲ့တာပါ။ မင်းရဲ့ အဘွားက ငါ့ကို ကယ်တင်ခဲ့တယ်၊ အဲ့ဒီအချိန်ကစပြီး ငါလည်း ပုန်းအောင်းနေခဲ့ရတာပဲ”
ဤအကြောင်းကို ကြားပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြသည်။ အားလုံး၏ အကြည့်မှာ ဝမ်ပေါင်လဲ့ထံသို့ ရောက်သွားပြန်၏။
ဝမ်ပေါင်လဲ့က မေးသည်။
“အဘိုး... ကျွန်တော် အဘိုးအတွက် ကလဲ့စားချေပေးပါ့မယ်။ ဒါပေမဲ့ ကျွန်တော် ထျန်းတောက်စံအိမ်ကိုတော့ အမွေမဆက်ခံချင်ဘူး။ ကျွန်တော့်ရဲ့ ပန်းတိုင်က ကြယ်တာရာတွေနဲ့ သမုဒ္ဒရာကြီးတွေပဲ။ တောင်ပေါ်က စံအိမ်လေးတစ်ခုတည်းနဲ့တင် ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို မဖြည့်ဆည်းပေးနိုင်ပါဘူး”
မိုယုသည် ဤစကားများအပေါ် စိတ်မဆိုးသည့်အပြင် ရယ်မောလိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်။ တကယ့် ငါ့သွေးပဲ။ မင်း အဲ့ဒီလို ပြောမှတော့ ငါလည်း အဲ့ဒီလူနဲ့ စိတ်အေးလက်အေး စိန်ခေါ်တိုက်ခိုက်ရဲပြီ”
အကြီးအကဲပိုင်သည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး အမြန်ပင် ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီးမို... မလုပ်ပါနဲ့ဦး။ အဲ့ဒီ မိုရှာတောက်ဝမ် ဆိုတဲ့လူက နီဗားနားရှင်သန်ခြင်းအဆင့် ရောက်နေတာ နှစ်ပေါင်းတစ်ရာကျော်ပြီ၊ ဘွဲ့ထူးအမည်နာမတောင် ရထားတဲ့သူ။ စီနီယာက အခုမှ နီဗားနားရှင်သန်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်တာဆိုတော့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
မိုယုက ပြုံးလိုက်သည်။
“ရပါတယ်။ ငါက ဘိုးဘေးတွေရဲ့ ကောင်းကင်ဓားသိုင်း ထဲက အဋ္ဌမမြောက်သဏ္ဌာန်ဖြစ်တဲ့ အဆင့်တူချင်း အနှိုင်းမဲ့ကို နားလည်သွားပြီလေ။ အဲ့ဒီ မိုရှားတောက်က ငါ့ကို တားနိုင်မှာ မဟုတ်ပါဘူး”
စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
မိုယု မထင်မှတ်ထားသည်မှာ သောင်းပြောင်းပညာရပ်ဌာနက လူအားလုံးက သူ့ကို ငတုံးတစ်ယောက်လို ကြည့်နေကြခြင်းပင်။
သူ၏ကိုယ်ပိုင်မြေးလေးပင်လျှင် ရှက်လွန်းသဖြင့် ခေါင်းငုံ့ထားရှာသည်။
‘သွားပြီ။ပါးစပ်က လွှတ်ခနဲ ပြောမိသွားပြီ။ နီဗားနားရှင်သန်ခြင်းအဆင့်ကို ချိုးဖြတ်ပြီးကာစဆိုတော့ ဘဝင်မြင့်သွားတာ။ ဒီဝင်းတစ်ခုလုံးက ပါရမီရှင်တွေ လူထူးဆန်းတွေနဲ့ ပြည့်နေတာကို လုံးဝမေ့သွားတယ်’
ချူဖုန်းက တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်၏။
“ကဲ... သောက်ကြ၊ သောက်ကြ။ ကျန်တာတွေကို နောက်မှ ဆွေးနွေးကြတာပေါ့”
ထိုသို့နှင့် စားပွဲဝိုင်းရှိ အခြေအနေမှာ ချက်ချင်းပင် မူလအတိုင်း ပြန်လည် စည်ကားသွားတော့သည်။
စားသောက်ပြီးနောက်၊
မိုယုနှင့် အကြီးအကဲပိုင်တို့ ပြန်ရန် နှုတ်ဆက်လိုက်ကြသည်။
လမ်းခုလတ်တွင် အကြီးအကဲပိုင်က မေးသည်။
“စီနီယာအစ်ကိုကြီးမို... စီနီယာ တကယ်ပဲ ထပ်မစဉ်းစားတော့ဘူးလား၊ ဒါမှမဟုတ် တခြားနည်းလမ်းတစ်ခုခု မစမ်းကြည့်ချင်ဘူးလား”
မိုယုက အကြီးအကဲပိုင်ကို ဇဝေဇဝါဖြင့် ကြည့်၏။ “ညီလေးပိုင် မင်းက ငါ့ မိုရှားတောက်ကို မယှဉ်နိုင်ဘူးလို့ ပြောချင်တာလား”
အကြီးအကဲပိုင်က ပြန်ဖြေ၏။
“ဟုတ်ပါတယ်။ စီနီယာမှာ ကောင်းကင်ဓားသိုင်း ကို နားလည်မှု ရှိနေရင်တောင် မယှဉ်နိုင်သေးပါဘူး။ ကျွန်တော် သိသလောက်တော့ မိုရှားတောက်ရဲ့ အမွေအနှစ်က ကောင်းကင်ဓားသိုင်းထက် မနိမ့်ပါဘူး။ အဲ့ဒီလိုသာ မဟုတ်ရင် သူက အဲ့ဒီတုန်းက နီဗားနားရှင်သန်ခြင်းအဆင့်ကို ချိုးဖြတ်ပြီးချင်းမှာ စံအိမ်သခင်အဟောင်းကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”
“အဲ့ဒီတုန်းက ငါ့အဘိုးက ဒဏ်ရာရနေလို့ပါ”
မိုယုက ဇွတ်ငြင်းလိုက်သည်။ ဤကိစ္စမှာ သူ၏ရင်ထဲတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေဆဲပင်။
အကြီးအကဲပိုင်က တည်ငြိမ်စွာပင် ပြောသည်။ “ကျွန်တော်တို့က ဂိုဏ်းတူတပည့်တွေဆိုတော့ ကျွန်တော် အကြံတစ်ခု ပေးပါ့မယ်။ တကယ်လို့ စီနီယာ တကယ်ပဲ ကလဲ့စားချေဖို့ သွားမယ်ဆိုရင် ပေါင်လဲ့ကိုပါ ခေါ်သွားပါ”
မိုယုသည် အကြီးအကဲပိုင်ကို သံသယဖြင့် ကြည့်လိုက်၏။
“ဒီအဘိုးကြီး နီဗားနားရှင်သန်ခြင်းအဆင့်ရှိတဲ့ ငါက စစ်မှန်ကံကြမ္မာအဆင့် သရှိတဲ့ ပေါင်လဲ့လောက် မတော်ဘူးလို့ ပြောချင်နေတာလား”
သောင်းပြောင်းပညာရပ်ဌာန အတွင်း၌၊
ဝမ်ပေါင်လဲ့သည် ထွက်ခွာသွားသော သူ့အဘိုး၏ပုံရိပ်ကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ မှင်သက်နေမိသည်။
၎င်းကို မြင်သဖြင့် ချူဖုန်းက လမ်းလျှောက်လာပြီး သူ၏ပခုံးကို ပုတ်လိုက်၏။
“မင်းအဘိုးအတွက် စိတ်ပူနေတာလား”
ဝမ်ပေါင်လဲ့က ခေါင်းညိတ်သည်။
“ကျွန်တော် သူ့အကြောင်း အများကြီး မမှတ်မိပေမဲ့ သူက ကျွန်တော့်ကို ဝမ်မိသားစုဆီကနေ ခေါ်ထုတ်ပေးခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ အဖိုးတန်တဲ့ ဝမ်တောက်တံဆိပ်ပြားကိုလည်း ပေးခဲ့တယ်။ အဲ့ဒါကြောင့်သာ ကျွန်တော်က ဆရာ့ရဲ့ တပည့် ဖြစ်လာနိုင်တာပါ။ အရေးအကြီးဆုံးကတော့ သူက ဒီလောကမှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်နေတာပါပဲ”
ချူဖုန်းက ပြုံးလိုက်သည်။
“မင်း အဲ့လောက်တောင် စိတ်ပူနေရင် ဘာလို့ သူနဲ့အတူ လိုက်သွားပြီး မကြည့်ပေးတာလဲ”
“ဒါပေမဲ့ ကျွန်တော်က အဲ့လောက်အထိ မသန်မာသေးဘူးလေ”
ဝမ်ပေါင်လဲ့သည် အရာအားလုံးကို ဝါးမျိုပစ်လိုသော ပြင်းထန်သောဆန္ဒကို ခံစားလိုက်ရပြီး နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာကာ သူ့အဘိုးဆန္ဒပြည့်ဝစေရန် ကူညီပေးချင်နေသည်။
“မင်းက တကယ်တော့ မသန်မာသေးတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းမှာ ဆရာရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦး”
ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဝင်းလက်သွားသည်။
“ဆရာ... ဆရာက ကျွန်တော်နဲ့အတူ ထျန်းတောက်စံအိမ်ကို လိုက်ခဲ့ပေးမလို့လား”
“နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်အတွက် ငါကိုယ်တိုင် ဝင်ပါစရာ လိုလို့လား”
ချူဖုန်း ခေတ္တရပ်ပြီး ဆက်ပြောသည်။
“တစ်ခါတလေကျရင် ပြင်ပအားအင်တွေကို ငှားယူအသုံးပြုတာကလည်း အရည်အချင်းတစ်မျိုးပါပဲ”
ဝမ်ပေါင်လဲ့သည် ထိုစကားကို ကြားပြီးနောက် အတွေးနက်သွားပုံရသည်။
ချူဖုန်းက ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့၏။
အချိန်အတော်ကြာပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဝင်းလက်လာသည်။ သူ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ ဓားကျောက်စိမ်း တစ်ခုကို ထုတ်လိုက်သည်။
ထို့နောက် အမွှေးနံ့သာအိတ်လေးတစ်ခုနှင့် ပန်းထိုးထားသော လက်ကိုင်ပုဝါတစ်ခုကိုလည်း ထုတ်ကြည့်လိုက်သည်။
သူသည် ထိုသုံးခုစလုံးကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပြီး ပြင်ပရေးရာဌာန ဘက်သို့ ပျံသန်းသွားတော့၏။
…
“အဘိုး၊ အကြီးအကဲပိုင်... ကျွန်တော် ရောက်လာတယ်”
အကြီးအကဲပိုင်နောက်သို့ လိုက်ပါလာပြီး ဝမ်ပေါင်လဲ့သည် သီးသန့်ဝင်းထဲသို့ ဝင်လာကာ သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။
မိုယုက သူ၏မြေးကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးသည်။ “ပေါင်လဲ့... မင်း ဘာလို့ သောင်းပြောင်းပညာရပ်ဌာနမှာ ကျင့်ကြံမနေဘဲ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ”
ဝမ်ပေါင်လဲ့က ခိုင်မာသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ အဘိုးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် ကျွန်တော် အဘိုးနဲ့အတူ ထျန်းတောက်စံအိမ်ကို လိုက်ခဲ့ပါ့မယ်”
***