ရှောင်းယီသည် သူ ဟေးလ်ကို ပြောခဲ့သည့်စကားများအား ဆာရာကို တစ်ခေါက်ပြန်ပြောပြပြီးနောက် မေးလိုက်သည်။
“မင်းတို့ဘက်ကရော ကန့်ကွက်စရာ ရှိသေးလား။”
ဆာရာက ခေါင်းခါယမ်းလိုက်သည်။
“ကျွန်မတို့ရဲ့ မြားအသုံးပြုမှုကို မနှောင့်နှေးစေသရွေ့ ပြဿနာမရှိပါဘူး။ ဒါ့အပြင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထုတ်လုပ်တဲ့ မြားတွေက ကျွန်မတို့ လက်နဲ့လုပ်တဲ့ဟာတွေထက် အများကြီး ပိုကောင်းတယ်။”
ဆာရာက သူမလက်ထဲရှိ မြားကို သေချာကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။
“ရှင့်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘယ်လိုမျိုးအရာလဲဆိုတာ တကယ် သိချင်မိတယ်။ ဒီလောက်မာတဲ့ သစ်သားတွေကိုတောင် ဒီလိုမျိုး ကောင်းမွန်တဲ့ မြားတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်။”
“အဲ့ဒါကို ငါလည်း သိချင်မိတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ဆာရာ အံ့အားသင့်သွား၏။
“ရှင်လည်း မသိဘူးလား။”
“ဒါပေါ့။ ငါတို့ ဒီကမ္ဘာထဲကို အဆွဲသွင်းခံရသလိုမျိုးပဲ။ ငါတို့ကိုယ်တိုင်လည်း ဘာဖြစ်မှန်း မသိကြဘူး။”
ရှောင်းယီက ပခုံးတွန့်ရင်း ဖြေလိုက်သည်။
ဆာရာက ကူကယ်ရညမဲ့စွာ ခေါင်းခါယမ်းလိုက်၏။
“ကံကြမ္မာဆိုတာ တကယ်ပဲ မမြင်ရတဲ့ ကြိုးမျှင်တန်းတွေပဲ။ ကျွန်မတို့အားလုံးက အဲ့ဒီကြိုးနောက်ကို လိုက်နေရတဲ့ ရုပ်သေးရုပ်တွေလိုပါပဲ။”
ဆာရာ၏ ခံစားချက်ပါသော စကားကိုကြားလိုက်ရသော် ရှောင်းယီ အနည်းငယ် မှင်သက်သွားခဲ့ပြီး နောက် သူမကို လက်မထောင်ပြလိုက်သည်။
“မင်းသာ ငါတို့ကမ္ဘာမှာဆိုရင် တကယ့်ကို စာပေဝါသနာအိုး ကောင်မလေးတစ်ယောက် ဖြစ်နေမှာပဲ။ မင်းမှာ ကန့်ကွက်စရာ မရှိဘူးဆိုရင်တော့ မင်းရဲ့ လူတွေကို အနက်ရောင်ရွှေသစ်ပင်တွေ အကုန်လုံးကို ခုတ်လဲပြီး နတ်သူငယ်အခြေစိုက်စခန်းရဲ့ အဝင်ဝကို ပို့ပေးဖို့ ပြောထားပေးပါ။ ငါ လူလွှတ်ပြီး သယ်ခိုင်းလိုက်မယ်။”
“ကောင်းပါပြီ။”
ဆာရာသည် အနီးရှိ သိုလှောင်ရုံသို့ သွားကာ သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်ပြီး အကြီးအကဲချုပ်အား ဖုန်းခေါ်၍ အကြောင်းစုံ ရှင်းပြလိုက်တော့သည်။
“အင်း ငါ့ဘက်ကလည်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။”
အကြီးအကဲချုပ်က တွေဝေမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အမှောင်နတ်သူငယ် မျိုးနွယ်စုမှ အကြီးအကဲ ၉ ဦးသည် အပန်းဖြေစခန်းသို့ နေ့တိုင်းနီးပါး သွားရောက်လည်ပတ်ခဲ့ကြ၏။ ၎င်းတို့သည် အချိန်အများစုကို ဘားတွင် ထိုင်ရင်း ကုန်ဆုံးစေခဲ့သော်လည်း ၎င်းတို့အတွက် ဆန်းသစ်သည့် အရာများစွာကို တွေ့မြင်ခဲ့ရပြီး အရသာရှိသော အစားအစာ အမျိုးမျိုးကိုလည်း မြည်းစမ်းခဲ့ကြသည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ၎င်းတို့၏ ယခင်ကမ္ဘာမှ ကျွမ်းကျင်မှုများကို ပြန်လည်အသုံးချရန် ကြိုးစားလာခဲ့ကြ၏။
၎င်းတို့ထဲတွင် မုန့်လုပ်သူများလည်း ပါဝင်ပေသည်။ အပန်းဖြေစခန်းတွင် သရေစာဆိုင် အတော်များများ ဖွင့်လှစ်ထားပြီးဖြစ်သည်။ ထိုမုန့်များသည် မူရင်းအရသာအတိုင်း အတိအကျ မဟုတ်သေးသော်လည်း အလွန် ရေပန်းစားနေဆဲပင်။
ယီရန်ပင်း မဟာမိတ် အပန်းဖြေစခန်းသို့ လာရောက်သမျှ အသက်ရှင်ကျန်ရစ်သူတိုင်းက “ယီရန်ပင်း မဟာမိတ်အဖွဲ့က အခုဆို တကယ့် မြို့ကြီးပြကြီး တစ်ခုလို ဖြစ်နေပြီ” ဟု မှတ်ချက်ပေးခဲ့ကြသည်။
အကြီးအကဲ ကိုးဦးသည်လည်း အရာရာကို အထူးအဆန်းဖြစ်နေပြီး နေ့စဉ်နှင့်အမျှ အသစ်အသစ်သောအရာများကို တွေ့ကြုံနေကြရသည်။ နားလည်မှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ၎င်းတို့သည် ဤအပြင်လူများ အပေါ် ပိုမိုစိတ်ဝင်စားလာပြီး ခုခံကာကွယ်လိုစိတ်များလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
“ကောင်းပါပြီ။ အဲဒါဆိုရင် ကျွန်းပိုင်ရှင်ရဲ့ လိုအပ်ချက်အတိုင်း ကျွန်မတို့ ဆက်လုပ်ကြတာပေါ့။ ကျွန်မတို့ မျိုးနွယ်စုအတွက် တစ်နေ့ကို မြား ဘယ်လောက်လောက် လိုမလဲ။ ကျွန်းပိုင်ရှင်ဆီ အရင်ဆုံး တင်ပြထားပေးမယ်။”
အကြီးအကဲချုပ်ထံမှ ကန့်ကွက်မှု မရှိသည်ကို တွေ့လိုက်ရသဖြင့် ဆာရာက မေးလိုက်သည်။
“ငါတို့ မျိုးနွယ်စုအတွက် မြားတစ်ထောင်လောက် ပြင်ဆင်ထားပေးပါ။ နေ့တိုင်း ပေးဖို့တော့ မလိုပါဘူး။ ကုန်သွားမှ ထပ်ဝယ်ကြတာပေါ့။”
အကြီးအကဲချုပ်က အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
ယခုအခါ အမှောင်နတ်သူငယ် မျိုးနွယ်စုသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လက်အောက်တွင် ရှိနေသဖြင့် ၎င်းတို့အနေဖြင့် လက်နက်အများအပြား မလိုအပ်တော့ပေ။ လုံခြုံရေးအရလည်း မဟာမိတ် အစောင့်တပ်ဖွဲ့ ရှိနေသဖြင့် ၎င်းတို့ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် မလိုသလောက်ပင် ဖြစ်သည်။ သို့သော်လည်း နတ်သူငယ်များပီပီ လေးရှိပြီး မြားမရှိခြင်းက စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသဖြင့် အချို့ကို တောင်းဆိုထားခြင်းက ပိုကောင်းမည်ဟုသာ ယူဆခြင်းဖြစ်သည်။
ဆာရာက ပြန်ဖြေကာ ဖုန်းချလိုက်တော့သည်။ ထို့နောက် သူမ ရှောင်းယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကျွန်မတို့ဘက်ကလည်း ပြဿနာမရှိပါဘူး။ ကျွန်မတို့အတွက် အရင်ဆုံး မြားတစ်ထောင်ပဲ ပြင်ဆင်ပေးထားပါ။ အဲ့ဒါတွေ ကုန်သွားရင်တော့ ရှင့်ဆီကနေ ထပ်ဝယ်ပါ့မယ်။”
“အဆင်ပြေပါတယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် မင်းတို့ မျိုးနွယ်စုဆီက အနက်ရောင်ရွှေသစ်သားတွေ သယ်ထုတ်လာမယ့်အချိန်ကို ငါ စောင့်နေမယ်။”
“အင်း “
ဆာရာက တုံ့ပြန်လိုက်သည်။
“လေ့ကျင့်ရေး ဆက်လုပ်ကြမယ်။”
ဆာရာသည် ချက်ချင်းပင် ကျန်းရွှဲ့ဘေးသို့ ပြေးသွားကာ အလေးပြုလိုက်၏။
“သတင်းပို့ပါတယ်။”
“တန်းစီ။”
“ဟုတ်ကဲ့။”
ရှောင်စယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထုတ်လုပ်ထားသော မြားများကို ကျန်းယွင်ထျန်းထံ ပေးအပ်ပြီး မြား၏အနောက်တွင် အမွေးအတောင်များ တပ်ဆင်ရန်နှင့် ၎င်းတို့ကို လေ့ကျင့်ရေးတွင် အသုံးပြုရန် စီစဉ်ခိုင်းလိုက်သည်။
လူတိုင်းသည် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကဲ့သို့ အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် မိမိတို့၏ လက်နက်များနှင့် ကြိုတင်ရင်းနှီးမှုရှိစေရန်မှာ အလွန်ပင် လိုအပ်ပေသည်။
ကျန်းယွင်ထျန်းသည် အနက်ရောင်သစ်သား မြားများကို လက်ခံရရှိပြီးနောက် အံ့အားသင့်သွားခဲ့သည်။
“ဒီမြားတွေက နည်းနည်းပေါ့ပြီး သတ္တုမြားခေါင်းတွေလည်း မပါဘူးပဲ။ ဒီလိုမြားမျိုးကို သုံးမှာ သေချာရဲ့လား။”
ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါတွေက SSS အဆင့် မြားတွေပဲ။ မင်း တကယ်ပဲ မသုံးချင်ဘူးလား။”
“ဘာ...ဒါက ဘယ်လိပ်ပြီး ထိပ်တန်းအဆင့် မြားတွေ ဖြစ်နိုင်မှာလဲ။”
ကျန်းယွင်ထျန်းက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ဒါက နတ်သူငယ်မျိုးနွယ်စုရဲ့ အထူးထုတ်ကုန် အနက်ရောင်ရွှေသစ်သား မြားပဲ။ တစ်ခုလုံးကို အနက်ရောင်ရွှေသစ်သားနဲ့ လုပ်ထားတာဖြစ်ပြီး အချောသတ်ထုတ်ကုန်ရဲ့ မာကျောမှုက သံမဏိထက်တောင် ပိုပြီးတောင့်တင်းသေးတယ်။”
ရှောင်းယီက အကျဉ်းချုပ်ကာ ရှင်းပြလိုက်သည်။
“တကယ်ပဲ အဲ့ဒီလို သစ်ပင်မျိုး ရှိတာလား။”
ကျန်းယွင်ထျန်း အံ့အားသင့်သွား၏။
“ဒီကမ္ဘာက တကယ့်ကို ထူးဆန်းထွေလာတွေ ပိုများလာပြီပဲ။”
“ဒါနဲ့ ဟို မသေမျိုး မျိုးနွယ်တွေဘက်မှာ ဘာထူးခြားမှု ရှိသေးလဲ။”
ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။
“ဒီမနက် တစ်မနက်လုံး ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။”
“သူတို့တွေက တကယ်ပဲ နေ့ခင်းဘက်နဲ့ အအင်မပြေဘူးထင်တယ်။”
ရှောင်းယီက ဆိုသည်။
“တပ်သားတွေကို တစ်လှည့်စီ သေချာအနားယူဖို့ စီစဉ်ထားလိုက်ပါ။”
ထိုအချိန်တွင် ဆုဝမ်ထံမှ ဖုန်းဝင်လာခဲ့သည်။
“ကျွန်းပိုငိရှင် အစောပိုင်းက ထူးဆန်းတဲ့ သင်္ဘောတွေကို တွေ့ခဲ့တဲ့ မဟာမိတ်အဖွဲ့က အခု သူတို့နဲ့ စတင် ဆက်သွယ်နေပါပြီ။ သူတို့ ဒီကိစ္စကို ဂရုထဲမှာ ဆွေးနွေးနေကြပါတယ်။”
၎င်းကို ကြားသော် ရှောင်းယီက ချက်ချင်းပင် “ကောင်းပြီ ငါ အခု ပြန်လာခဲ့မယ်” ဟု ပြန်ဖြေလိုက်၏။
ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းကို နှုတ်ဆက်ကာ သူ၏ မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်သွားခဲ့တော့သည်။
“မင်းပြောပုံအရဆိုရင် ဒီဒေသခံတွေက ငါတို့ကို မသေမျိုး မျိုးနွယ်စုရန်ကနေ ကာကွယ်ဖို့ ကူညီပေးချင်နေတာပေါ့။”
“ဒေသခံတွေက အဲ့လောက် စိတ်ကောင်းရှိပါ့မလား။ ငါတော့ မယုံဘူး။ မင်းကို သတိထားဖို့နဲ့ သူတို့ရဲ့ လှည့်ကွက်ထဲ မဝင်သွားမိဖို့ သတိပေးချင်တယ်။”
“ငါကိုယ်တိုင်လည်း မသေချာလို့ ဂရုထဲမှာ တင်ပြတာပါ။ လူတိုင်းနဲ့ သူဌေးကြီးဆီက အကြံဉာဏ်လေး ရချင်လို့ပါ။”
“သူဌေးက ဒီမှာ ရှိမနေဘူးထင်တယ်။ သူ အလုပ်များနေတာ ဖြစ်လိမ့်မယ်။”
“သူဌေးရဲ့ ကျွန်းက ဒီလောက်ကြီးတာ။ သူလည်း ခေါင်းကိုက်နေမှာပဲ။”
“ဘာကို ခေါင်းကိုက်ရမှာလဲ။ သူဌေးရဲ့ တပ်ဖွဲ့က အရမ်းအင်အားတောင့်တင်းတယ်။ ပြီးတော့ မဟာမိတ် ကိစ္စတွေကို ကူညီစီမံပေးမယ့်သူတွေလည်း ရှိတယ်။ သူ အလုပ်များနေမှာ မှန်ပေမဲ့ ခေါင်းကိုက်နေစရာတော့ မရှိပါဘူး။”
“ဟုတ်တယ်။ စားဝတ်နေရေး၊ သွားလာရေးနဲ့ ဖျော်ဖြေရေး အစစအရာရာအတွက် တာဝန်ခံတွေ ရှိပြီးသားပဲ။ သူဌေးက အဓိက ဆုံးဖြတ်ချက်ကြီးတွေကိုပဲ ချပေးဖို့ လိုတာ။”
“ညီအစ်ကိုတို့ လမ်းကြောင်းမလွဲသွားကြပါနဲ့ဦး။ ဒီဒေသခံတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူရမလား၊ ငြင်းရမလားဆိုတာလည်း ပြောပြကြပါဦး။”
“မဟာမိတ်ဖွဲ့ချင်ရင် ဖွဲ့လိုက်၊ မဖွဲ့ချင်ရင် ငြင်းလိုက်ပေါ့။”
“ဒါပေမဲ့ ငါ ငြင်းလိုက်ရင် တစ်ဖက်လူက စိတ်ဆိုးပြီး ငါတို့ မဟာမိတ်အဖွဲ့ကို လာတိုက်ရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ အင်အားစု နှစ်ခုကြားမှာ အညှပ်ခံရရင် ငါတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
“မသေမျိုးတွေက အခု ငြိမ်နေတာပဲလေ။ အင်အားစု တစ်ခုတည်းရှိတာပါ။ မစိုးရိမ်ပါနဲ့။”
၎င်းတို့ကို ကြည့်ခြင်းအားဖြင့် ရှောင်းယီသည် ဘာဖြစ်နေသည်ကို အခြေခံအားဖြင့် နားလည်သွားခဲ့ပြီး ဝင်ပြောလိုက်သည်။
“မဟာမိတ်ဖွဲ့လိုက်ပါ။ ဒါပေမဲ့ အကွာအဝေးတစ်ခုတော့ ထိန်းထား။ သူတို့ကို ပင်လယ်ပြင်ကနေ မသေမျိုးတွေရဲ့ ကျွန်းကို တိုက်ခိုက်ခိုင်းလိုက်။ သူတို့က ကူညီမယ်ဆိုတော့တော့ သူတို့ကိုပဲ မသေမျိုးတပ်တွေကို ဟန့်တားခိုင်းထားလိုက်တာပေါ့။”
“သူဌေးကြီး ပေါ်လာပြီဟေ့။”
“အင်း ကျုပ်လည်း သူဌေးရဲ့ အမြင်ကို သဘောတူတယ်။ တစ်ဖက်လူကို ပင်လယ်ထဲမှာပဲ ထားလိုက်တာက မသေမျိုးတွေကို ဟန့်တားနိုင်သလို ကိုယ့်မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးကိုလည်း စိတ်ချရစေတယ်။”
“ကောင်းပါပြီ။ ဒါဆိုရင် သူတို့ကို အဲ့ဒီအတိုင်းပဲ ပြောလိုက်မယ်။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ဆက်မေးလိုက်သည်။
“သူတို့က အရင်းအမြစ်ပင်လယ်က ဒေသခံတွေလား ဒါမှမဟုတ် ငါတို့ အရင်ရှိခဲ့တဲ့ ပင်လယ်ပြင်က ဒေသခံတွေလားဆိုတာ ခွဲခြားလို့ ရမလား။”
***