ရှေ့တန်းစစ်မြေပြင် တပ်မှူးများနှင့် ကျွန်းတာဝန်ခံ အားလုံးသည် ဤလက်ကိုင်ဖုန်းဂရုထဲတွင် ရှိနေကြ၏။ ထို့ကြောင့် ရှောင်းယီ တစ်ခါပြောရုံနှင့် အားလုံး နားလည်သွားကြသည်။
အမှန်စင်စစ် ဤဖုန်းများတွင် ယခင်ကမ္ဘာကကဲ့သို့ မက်ဆေ့ဂျ်ပို့သည့် အက်ပ် (Apps) များ မရှိဘဲ Bulk SMS (အုပ်စုလိုက် စာတိုပေးပို့ခြင်း) စနစ်ကဲ့သို့သာ အလုပ်လုပ်ခြင်း ဖြစ်သည်။ ၎င်းမှာ ဖုန်း၏ စွမ်းဆောင်ရည် ညံ့ဖျင်း၍ မဟုတ်ဘဲ အင်တာနက် ဆာဗာမရှိသောကြောင့် ဖြစ်သည်။ အခြေစိုက်စခန်းသည် လိုင်းအချက်ပြမှုကိုသာ ထုတ်လွှင့်ပေးနိုင်ပြီး ဆာဗာအဖြစ် အသုံးမပြုနိုင်ပေ။ သို့သော်လည်း အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
သတင်းရရှိပြီးနောက် အားလုံးက “လက်ခံရရှိပါပြီ” ဟု ပြန်လည် အကြောင်းပြန်လိုက်ကြ၏။
ရှောင်းယီနှင့် အဖွဲ့သားများသည် လေကြောင်းခံတပ်ကို စီးနင်းလျက် အရိုးစုများ၏ နောက်သို့လိုက်ကာ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်စည်းသို့ ရောက်ရှိလာခဲ့သည်။ ရှေ့တွင် တောက်လောင်နေသော မီးတံတိုင်းကြီးကို မြင်သောအခါ အရိုးစုများသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း မကြာမီမှာပင် ခံစစ်စည်းများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။
ရွှစ်... ရွှစ်... ရွှစ်...
အရိုးစုများသည် ၎င်းတို့လက်ထဲရှိ အရိုးလှံများကို ယီရန်ပင်း မဟာမိတ်တပ်စခန်းများဆီသို့ တစ်ကျော့ပြန် ပစ်လွှတ်လိုက်ကြပြန်သည်။ ရှောင်းယီ၏ ကြိုတင်သတိပေးချက်ကြောင့် ခံတပ်ဖွဲ့သားများသည် သံပြားကပ်ထားသည့် အထူစား ဒိုင်းများကို အဆင်သင့် ပြင်ထားကြပြီးဖြစ်သည်။
ခရက်... ခရက်... ခရက်...
ဒိုင်းများကို ထိမှန်သွားသည့် အရိုးလှံတိုင်းမှာ နှစ်ပိုင်းကျိုးသွားကြ၏။ ဒိုင်းများ၏ နောက်ကွယ်မှ တပ်သားများသည် S။အဆင့် လက်သုံးဒူးလေးများကို မြှောက်ကာ တစ်ပြိုင်နက် ပစ်ခတ်လိုက်ရာ အရိုးစုများ၏ ဦးခေါင်းခွံများမှာ တစ်တန်းလုံး ပေါက်ကွဲထွက်ကုန်ကြတော့သည်။
အရိုးစုများသည် အရိုးပုံကြီးများအဖြစ် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြတော့၏။
“ကျွန်းပိုင်ရှင် ပေးထားတဲ့ အနက်ရောင်ရွှေသစ်သား မြားတွေက တကယ့်ကို အလန်းစားပဲ။ B အဆင့် ဝါးမြားတွေတုန်းကဆို သူတို့ကို ခြစ်ရာတောင် ထင်အောင်မလုပ်နိုင်ဘူး။”
“ဟုတ်တယ်။ ဒီတစ်ခါတော့ အရမ်းလွယ်သွားပြီ။ ငါတို့မှာ အနက်ရောင်ရွှေသစ်သား မြားတွေ ရှိနေသရွေ့ ဘယ်အရိုးစုမှ ငါတို့ကျွန်းပေါ်ကို ခြေမချနိုင်စေရဘူး။”
“မှန်တယ်။ ဒီမြားတွေရှိရင် S အဆင့် အရိုးစုတွေကိုတောင် ကြောက်စရာ မလိုတော့ဘူး။”
လက်သုံးဒူးလေးများဖြင့် အရိုးစုများကို အလွယ်တကူ နှိမ်နင်းနိုင်သည်ကို ကြည့်ပြီး ရှောင်းယီသည် အနက်ရောင်ရွှေသစ်သား မြားများအပေါ် ပိုမိုကျေနပ်သွားခဲ့သည်။ နတ်သူငယ်မျိုးနွယ်စုကို သူ၏ကျွန်းသို့ ပြောင်းရွှေ့ရန် ဖျောင်းဖျခဲ့ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။ သူတို့သာ မရှိပါက ဤမကုန်ခမ်းနိုင်သော အရိုးစုများကြောင့် မဟာမိတ်အဖွဲ့၏ အရင်းအမြစ်များမှာ ခန်းခြောက်သွားနိုင်ပေသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ သူတို့ကို ဆက်ပြီး စမ်းသပ်ဦးမလား။”
ပိုင်ချီက ကျွန်းကို ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထိုအခါ ရှောင်ယီက ခေါင်းခါပြလိုက်သည်။
“မလုပ်သေးဘူး။ ကျွန်းရဲ့ အလယ်ဗဟိုကို ချဉ်းကပ်တာက သူတို့ရဲ့ လက်နက်စွမ်းရည်ကို နှိုးဆွပေးမလားဆိုတာ ငါတို့ မသိသေးဘူး။ အရင် စောင့်ကြည့်ရအောင်။”
အကယ်၍ အလယ်ဗဟိုသို့ ဝင်ရောက်ခြင်းက အရိုးစုများကို လက်နက်တပ်ဆင်ပေးသကဲ့သို့ ဖြစ်နေပါက ဆက်လက်စမ်းသပ်ခြင်းမှာ ပြဿနာကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
“ဟုတ်ကဲ့ပါ အရှင်။”
လေကြောင်းခံတပ်သည်သည် မဟာမိတ် အနောက်ဘက်ကျွန်းသို့ ပြန်ရောက်လာခဲ့ပြီး ရှောင်းယီနှင့် အဖွဲ့သားများလည်း အောက်သို့ ဆင်းလာခဲ့ကြသည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုသို့ သွားကာ ဂရုထဲမှ မက်ဆေ့ဂျ်အသစ်များကို စစ်ဆေးလိုက်သည်။
“ဟားဟား... လေယာဉ်ပျံတွေက တကယ်ကောင်းတယ်။ ဆီစားတာ တစ်ခုပဲ နည်းနည်းများတာ။”
“မင်း လေယာဉ်ပျံကို ဘာအတွက် သုံးလိုက်တာလဲ။”
“ငါတို့ ဖုတ်ကောင်ကျွန်းပေါ်ကို ပျံတက်ပြီး သူတို့ အများဆုံး စုဝေးနေတဲ့ နေရာတွေကို ဗုံးနည်းနည်း ကြဲချခဲ့တာလေ။”
“ကောင်းတဲ့ အကြံပဲ။ ငါတို့လည်း မီးပုံးပျံနဲ့ စမ်းကြည့်ရမယ်။ ဖုတ်ကောင်တွေကို လျှော့ချနိုင်ရင် ခံစစ်စည်းက ပိုသက်သာသွားလိမ့်မယ်။”
“သတိထားဦး။ မီးပုံးပျံတွေက ပျံသန်းတာ နှေးပြီး ခပ်နိမ့်နိမ့်ပဲ ပျံနိုင်တယ်။ လှည့်ရတာလည်း ခက်တယ်။ ဖုတ်ကောင်တွေက မင်းတို့ကို ကောင်းကင်ပေါ်ကနေ ပစ်ချနိုင်တယ်။”
“ဖုတ်ကောင်တွေက ငါတို့ကို ပစ်ချမယ် ဟုတ်လား။ အိပ်မက်ယောင်မနေစမ်းပါနဲ့။ ငါတို့က ပစ္စည်းတွေ လျှော့ချပြီး အမြင့်ကို ပိုတက်လိုက်ရုံပဲ။”
“ပြဿနာက မင်း အမြင့်ကို ပိုတက်လေလေ၊ ပစ်မှတ်ကို ထိဖို့ ပိုခက်လေလေပဲ။”
“ဒါက အရေးမကြီးပါဘူး။ စမ်းသပ်ရုံပဲလေ။ ထိရင်တော့ အမြတ်ပေါ့။”
“ဟုတ်တယ်။ စမ်းကြည့်ရကျိုး နပ်ပါတယ်။”
“ငါတို့လည်း စမ်းကြည့်ဦးမယ်။”
အားလုံး စမ်းသပ်ချင်နေကြသည်ကို မြင်သောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“သတိထားကြပါ။ တချို့ မသေမျိုးတွေမှာ လေကြောင်းရန် တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ မီးပုံးပျံကို အမြင့်မှာပဲ ထားပါ။ ပြီးတော့ ထိခိုက်ပျက်စီးမှုတွေကို ချက်ချင်း ပြုပြင်နိုင်ဖို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တပ်ဆင်ထားတဲ့ မီးပုံးပျံတွေကိုပဲ သုံးကြပါ။”
“သူဌေးက သတိပေးနေတယ်ဆိုတော့ သူကိုယ်တိုင် စမ်းကြည့်ပြီးပြီ ထင်တယ်။”
“ဒါပေါ့...သူ စမ်းမကြည့်ဘဲနဲ့တော့ ငါတို့ကို သတိပေးမှာ မဟုတ်ဘူး။”
“သူဌေး အသေးစိတ်လေး ပြောပြပါဦး။”
“ဟုတ်တယ်။ ပြောပြပေးပါဦး။”
လူတိုင်း စပ်စုနေကြသဖြင့် ရှောင်းယီလည်း ပြန်ဖြေပေးလိုက်သည်။
“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းတပ်ဖွဲ့နဲ့ အရိုးစုကျွန်းပေါ်မှာ စမ်းသပ်ခဲ့တယ်။ အမြင့် မီတာ ၂၀ လောက်မှာ သူတို့ ငါတို့ကို သတိပြုမိသွားတယ်။ မြေကြီးထဲက ထွက်လာပြီး မော့ကြည့်ကြတယ်။ ပြီးတော့ အရိုးလှံတွေကို တူးထုတ်ပြီး ပစ်လွှတ်ကြတာပဲ။”
“ဘာ... အရိုးစုတွေမှာ အဝေးပစ်လက်နက်တွေပါ ရှိလာပြီလား။”
“ကျွန်းရဲ့ အလယ်ဗဟိုကို ဝင်လိုက်လို့ အဲ့ဒီလက်နက်တွေ ပေါ်လာတာလား ဆိုတာတော့ ငါလည်း မသေချာဘူး။ ဒါပေမဲ့ သတိတော့ ထားကြပါ။”
“မှန်တယ်။ ကြိုမသိထားရင် သူတို့တွေက လက်ဗလာနဲ့ပဲ တိုက်မယ်လို့ ထင်နေမိဦးမှာပဲ။”
“ငါ ခံတပ်ဖွဲ့သားတွေကို ချက်ချင်း သတိပေးလိုက်ဦးမယ်။ ကျစ်... ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေပဲ စကားပြောနေရတာ တကယ် အဆင်မပြေဘူး။ သူဌေး... ကျုပ် လက်ကိုင်ဖုန်း နည်းနည်းလောက် ဝယ်ချင်ပါတယ်။”
“ဖုန်းတွေက ဒီမှာရော အလုပ်လုပ်လို့လား။”
ထိုမေးခွန်းကို မြင်သောအခါ ရှောင်းယီက ပြန်ဖြေသည်။
“ဒါပေါ့။ ငါတို့ အားလုံး သုံးနေကြတာပဲ။ ဒါပေမဲ့ ကမ္ဘာ့စည်းမျဉ်းတွေက မင်းတို့ကို ဝေးဝေးမှာ သွားချထားနိုင်လို့ အရင်ဆုံး တစ်လုံး ငှားပြီး လိုင်းမိမမိ စမ်းကြည့်လိုက်ပါ။”
“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ ငှားပြီး စမ်းကြည့်လိုက်ပါ့မယ်။”
“ငါတို့လည်း စမ်းကြည့်မယ်။”
“စမ်းနေစရာ မလိုပါဘူး။ ဖုန်းရှိပြီး လိုင်းမမိတဲ့သူတွေ ရှိလား။”
“ကျုပ်ဆီမှာ ရှိတယ်။”
“ကျုပ်ဆီမှာလည်း ရှိတယ်။”
“ရှိတယ် +၁၀၀၈၆”
“တွေ့လား။ ငါတို့အားလုံးက တစ်နေရာတည်းမှာ ကျလာတာ မဟုတ်နိုင်ဘူး။”
“ဟုတ်တယ်။ ဒါပေမဲ့ စမ်းကြည့်တာက ပိုလွယ်ပါတယ်။”
ရှောင်းယီသည် သူတို့ကို ဖုန်းများ ငှားရမ်းပေးလိုက်ရာ ငှားရမ်းသူတိုင်း လိုင်းအချက်ပြမှု အားကောင်းသည်ကို အတည်ပြုနိုင်ခဲ့ကြသည်။ ဆိုလိုသည်မှာ လူအများသည် ကမ္ဘာ့စစ်မြေပြင်တွင် ပြန့်ကျဲနေကြသော်လည်း ဧရိယာမှာ အလွန်အမင်း ကျယ်ပြန့်သွားခြင်း မရှိသေးပေ။
လိုင်းမိသည်ကို အတည်ပြုပြီးနောက် ၎င်းတို့သည် ဖုန်းများကို တိုက်ရိုက် ဝယ်ယူကြတော့သည်။ ဖုန်းများရှိလာခြင်းကြောင့် သတင်းအချက်အလက် စီးဆင်းမှု ပိုမြန်လာကာ တိုက်ပွဲများတွင်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ပေသည်။
အချို့က ဖုန်းဝယ်ရန် အလုပ်ရှုပ်နေစဉ် အချို့ကမူ လှံကိုင်အရိုးစုများအပေါ် အာရုံစိုက်နေခဲ့ကြသည်။
“သူဌေး အဲဒီအရိုးလှံတွေက ဘယ်လောက်အထိ အဝေးကြီး ပစ်နိုင်လဲ။”
“ဟုတ်တယ်။ အဲ့ဒီအချက်အလက်က ကျုပ်တို့အတွက် အရမ်းအရေးကြီးတယ်။”
“အမြင့်ပိုင်းဆိုရင် မီတာ ၆၀ လောက်အထိ ရောက်တယ်။ ဒါပေမဲ့ မီတာ ၄၀ နဲ့ ၅၀ ကြားကတော့ အန္တရာယ်ဇုန်ပဲ။ အဲ့ဒီထက် မြင့်သွားရင်တော့ လှံတွေက အရှိန်လျော့သွားပါပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီလောက်တောင် မြင့်တာလား။ အဲ့ဒီအရိုးတွေက တကယ် တောင့်တင်းတာပဲ။”
“ဒုက္ခပဲ... ငါ မီးပုံးပျံ အဖွဲ့သားတွေကို သတိပေးရမယ်။ သူတို့က ဗုံးကြဲဖို့ မီတာ ၅၀ လောက်အထိ သေချာပေါက် ဆင်းသွားကြမှာ။”
“တကယ်ပဲ မစရသေးခင် ကြိုသိလိုက်ရတာ ကံကောင်းတယ်။ သတိပေးတဲ့အတွက် ကျေးဇူးပါ သူဌေး။”
ရှောင်းယီ ခဏရပ်သွားပြီးနောက် ပြောလိုက်သည်။
“သိပ်တော့ စိုးရိမ်မနေကြပါနဲ့။ ငါတို့နဲ့တွေ့တဲ့ မသေမျိုးတွေက မင်းတို့နဲ့တွေ့တဲ့အကောင်တွေနဲ့ တူချင်မှ တူမှာပါ။”
***