ရှောင်းယီသည် ပိုင်ချီနှင့်အတူ ဆယ်ယောက်ပါ စစ်သည်တစ်စုကို ခေါ်ဆောင်ကာ လေကြောင်းခံတပ်ဖြင့် အနောက်ဘက် အဝေးဆီသို့ ပျံသန်းသွားခဲ့သည်။
“ကျွန်းပိုင်ရှင် ကမ္ဘာ့စစ်မြေပြင်ရဲ့ မြင်ကွင်းက ညဘက်ရောက်တာနဲ့ ဘာမှမမြင်ရတော့ဘူး။”
ပိုင်ချီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြပြီး အန်းရန်ဆီသို့ မက်ဆေ့ချ်ပို့လိုက်သည်။
“ငါတို့ကို ရေဒါစက် တစ်ခုလုံးကို ပို့ပေးပါ။”
“အခုချက်ချင်း ပို့ပေးလိုက်မယ်။”
အန်းရန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ထို့နောက် လေကြောင်းခံတပ်ပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အန်းရန် လွှဲပြောင်းပေးလိုက်သော ရေဒါစက်ကို ရှောင်းယီ လက်ခံလိုက်သည်။ သူသည် ထိုကိရိယာကို ခံတပ်ပေါ်တွင် တပ်ဆင်လိုက်ပြီး လက်ထဲရှိ မျက်နှာပြင်ကို အသေအချာ ကြည့်ရှုလိုက်သည်။
ထိုအချိန်တွင် လေကြောင်းခံတပ်သည် တစ်နာရီခန့် ပျံသန်းခဲ့ပြီး ဖြစ်ရာ ရေဒါ၏ အကွာအဝေးနှင့် ပေါင်းလိုက်လျှင် ကီလိုမီတာ တစ်ရာနီးပါးကို လွှမ်းခြုံမိနေပြီ ဖြစ်သည်။ ရေဒါအဖြေများအရ ရှေ့တွင် အခြားကျွန်းများ ထပ်မရှိတော့သဖြင့် ရှောင်းယီ အနည်းငယ် စိတ်အေးသွားခဲ့သည်။ ထိုစဉ်
“ဒီ...ဒီ... ခွဲခြားမရသော ဝေဟင်ပျံသန်းမှု အုပ်စုကြီးတစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေပါသည်။”
ရေဒါမှ သတိပေးသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ၏ စိတ်အေးချမ်းမှုများ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မျက်နှာပြင်ကို စိုက်ကြည့်လိုက်၏။ ခဏအစောပိုင်းက ဘာမှမရှိသော မျက်နှာပြင်ပေါ်တွင် ယခုအခါ အနီရောင်အစက်အပြောက်များစွာသည် ခံတပ်ဆီသို့ ဦးတည်ပြီး အပြေးအလွှား ရောက်လာနေကြသည်။
ရှောင်းယီ မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်၏။
“လေကြောင်းခံတပ် အမြင့်ကို အခုချက်ချင်းမြှင့်တင်လိုက်။”
“ဟုတ်ကဲ့ပါ”
ခံတပ်သည် မီတာတစ်ရာခန့် အထက်သို့ ချက်ချင်း မြင့်တက်သွားပြီး အမည်မသိ ပျံသန်းလာသော အရာဝတ္ထုများမှာ ၎င်းတို့၏ အောက် မီတာခြောက်ဆယ်ခန့်အကွာတွင် ရှိနေခဲ့သည်။
“ဒီအတိုင်း ရပ်ထားဦး။ ငါတို့ ဘာနဲ့ ရင်ဆိုင်နေရတာလဲဆိုတာ ကြည့်ရအောင်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“အမိန့်အတိုင်းပါ။”
ခံတပ်သည် ဝေဟင်တွင် ငြိမ်သက်စွာ ရှိနေစဉ် အနီရောင်အစက်များမှာ ပိုမိုနီးကပ်လာခဲ့သည်။ ထိုအုပ်စုသည် ခံတပ်နှင့် တစ်ထပ်တည်းနီးပါး ဖြစ်သွားသောအခါ ပိုင်ချီက လက်ရန်းပေါ်မှ ငုံ့ကြည့်လိုက်သည်။ ဤအကွာအဝေးတွင် မှန်ပြောင်းပင် မလိုတော့ပေ။ ရှောင်းယီလည်း မျက်နှာပြင်ကို ချလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။
ကြီးမားပြီး နက်မှောင်သော ငှက်အုပ်ကြီးတစ်ခု ၎င်းတို့အောက်မှ ဖြတ်သန်းသွားခဲြသည်။ ရေဒါသာ မရှိပါက သူတို့ သတိပင် ထားမိလိုက်မည် မဟုတ်ပေ။ တစ်ကောင်ချင်းစီမှာ အလွန်ကြီးမားလှပြီး အတောင်ပံဖြန့်လိုက်လျှင် သုံးမီတာကျော် ရှည်လျားကာ တစ်မီတာခန့် ကျယ်ပြန့်သည်။
ရှောင်းယီက ပိုမိုရှင်းလင်းစွာ မြင်လိုက်ရ၏။ ၎င်းတို့တွင် အမွှေးအတောင်များ မရှိဘဲ အရိုးများသာ ရှိပြီး အတောင်ပံရိုးများကြားတွင် အလင်းပေါက် အမြှေးပါးများ တွယ်ကပ်နေခဲ့သည်။ ထိုအမြှေးပါးများ မရှိပါက ၎င်းတို့ ပျံသန်းနိုင်မည် မဟုတ်ပေ။
အရိုးစုလင်းတ (S အဆင့်): မသေမျိုး သားရဲတိရစ္ဆာန် ဖြစ်ပြီး လင်းတမျိုးနွယ်တွင် အကြီးမားဆုံး ဖြစ်သည်။ ၎င်း၏ ချိတ်သဏ္ဌာန်နှုတ်သီးသည် သံချပ်ကာများကို အလွယ်တကူ ဆွဲဖြဲနိုင်သည်။]
စနစ်၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် ရှောင်းယီသည် သူ၏ လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်၏။
“သတိထားကြ။ မသေမျိုး တပ်ဖွဲ့အသစ်တွေ ရောက်လာပြီ။ အမည်က အရိုးစုလင်းတဖြစ်ပြီး ဝေဟင်ကနေ လာနေတယ်။ သူ့ရဲ့ နှုတ်သီးကို သတိထား။ တိုက်ခိုက်မှု အရမ်းပြင်းတယ်။ ညဘက်မှာ မြင်ကွင်းမကောင်းလို့ အပေါ်ကနေ တိုက်ခိုက်လာမှာကို အထူးသတိပြုကြ။”
“နားလည်ပါပြီ။”
တပ်ဖွဲ့ဝင်များက တုံ့ပြန်လိုက်ကြသည်။
“ကျွန်းပိုင်ရှင် မဟာမိတ်အနောက်ဘက်ကျွန်းမှာ အဲ့ကောင်တွေနဲ့ တွေ့နေတာလား။”
ကျန်းယွင်ထျန်းက ချက်ချင်း ဖုန်းဆက်မေးလိုက်သည်။
“မတွေ့သေးဘူး။ ဒီလင်းတတွေက မဟာမိတ်အနောက်ဘက်ကျွန်းရဲ့ အနောက်ဘက် ကီလိုမီတာ ခြောက်ဆယ်လောက်မှာပဲ ရှိသေးတယ်။ လေကြောင်းခံတပ်နဲ့ ကင်းထောက်ရင်း တွေ့ခဲ့တာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင် အပြင်ထွက်ကြည့်လိုက်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါတို့ အငိုက်မိသွားနိုင်တယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
“ဒါနဲ့ အရိုးတွေချည်းပဲကို ဘယ်လိုပျံတာလဲ။ အတောင်ပံတွေထဲကနေ လေတွေ မထွက်ကုန်ဘူးလား။”
“သူတို့အတောင်ပံတွေပေါ်မှာ အမြှေးပါးတွေ ပါတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။ ကျန်းယွင်ထျန်းက နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“ဒီကမ္ဘာ့စည်းမျဉ်းတွေက Aerodynamics ကို တကယ်ဂရုစိုက်နေတာလား။”
ရှောင်းယီက ခေါင်းခါလိုက်သည်။
“ဒီနေရာမှာ သိပ္ပံနည်းကျတာ ဘာမှမရှိဘူး။ အားလုံးက သာမန်အသိဥာဏ်ကို ရိုက်ချိုးနေကြတာချည်းပဲ။”
“ဟုတ်ပါရဲ့။ အရေအတွက် ဘယ်လောက်ရှိလဲ။”
“အများကြီးပဲ။”
ရှောင်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့က ကြီးတော့ သတိထားရင် ငါတို့ ကိုင်တွယ်နိုင်ပါတယ်။”
“ကောင်းပြီ။ တခြားဘက်တွေမှာရော ဒီလို ဝေဟင်တပ်ဖွဲ့တွေ ရှိမလား မသိဘူး။”
“မသိသေးဘူး။ အားလုံးကို သတိထားဖို့ ပြောထားလိုက်ဦး။”
“စိတ်ချပါ ကျွန်းပိုင်ရှင်။”
ဖုန်းချလိုက်ပြီးနောက် ရှောင်းယီက အမိန့်ပေးလိုက်သည်။
“အဲ့ဒီလင်းတတွေနောက်ကို လိုက်မယ်။”
“ဟုတ်ကဲ့။”
ထိုအခါမှ ပိုင်ချီ စကားပြောရန် အချိန်ရတော့သည်။
“ကျွန်းပိုင်ရှင် အဲ့ဒါတွေက လင်းတတွေလား။ အရမ်းကြီးလွန်းတယ်။”
“ငါတို့ ကမ္ဘာဟောင်းက လင်းတတွေနဲ့ မနှိုင်းယှဉ်နဲ့။ ဒီနေရာက မတူတော့ဘူး။”
ရှောင်းယီက ဆိုသည်။
“သူတို့က ရုတ်တရက်ကြီး ပေါ်လာတာပဲ။”
ပိုင်ချီ မျက်မှောင်ကြုတ်၏။ ရှောင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
“တကယ်လို့ သူတို့ ကျုပ်တို့ကျွန်းပေါ်ကို တိုက်ရိုက် ရောက်လာမယ်ဆိုရင် ကျုပ်တို့ သတိပေးချိန်တောင် ရလိုက်မှာမဟုတ်ဘူး။”
ပိုင်ချီက ဆက်ပြောသည်။
“ကမ္ဘာ့စည်းမျဉ်းတွေက အဲ့ဒီလောက်တော့ မရက်စက်ပါဘူး။ ကြည့်လေ သူတို့က ကီလိုမီတာ ခြောက်ဆယ်လောက် အကွာမှာ ပေါ်လာတာဆိုတော့ ငါတို့အတွက် ပြင်ဆင်ချိန် ရပါသေးတယ်။”
“ဒါပေမဲ့ ဒီမြင်ကွင်းမျိုးနဲ့ဆိုရင် မျက်စိနဲ့ မြင်ရတဲ့အချိန်မှာ နောက်ကျသွားနိုင်တယ်။”
ပိုင်ချီက သက်ပြင်းချလိုက်သည်။ ရှောင်းယီက ဘာမှမပြောဘဲ ပခုံးသာ တွန့်ပြလိုက်တော့၏။
“သူတို့ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ဖို့ တိုက်ခိုက်ကြည့်မလား။”
လင်းတအုပ်ကြီး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပိုင်ချီ၏ တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။ ရှောင်ယီ အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
“သူတို့က အရေအတွက် အရမ်းများလွန်းတယ်။ ငါတို့မှာက နည်းနည်းလေးပဲ ရှိတယ်။ ငါတို့ရဲ့ ခံစစ်စည်းဆီ ရောက်လာတဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ်။”
ပိုင်ချီ ခေါင်းငြိမ့်လိုက်၏။ လင်းတများတွင် ပျံသန်းနိုင်တဲ့ အမြင့်ကန့်သတ်ချက် ရှိနိုင်သော်လည်း ခံတပ်သည်မူ အမြင့်မီတာတစ်သောင်းအထိ ပျံတက်နိုင်သည်ဖြစ်ရာ သူတို့ အသာစီးရနိုင်မည်ဟု တွေးနေမိသည်။
လေကြောင်းခံတပ်သည် လင်းတများနောက်သို့ လိုက်ပါသွားရာ မဟာမိတ်အနောက်ဘက်ကျွန်းအနီးရှိ အရိုးစုကျွန်းသို့ ရောက်သောအခါ ထိုငှက်များမှာ အောက်သို့ ဆင်းသက်သွားကြတော့သည်။
“ဘာလဲ။ သူတို့က အလစ်အငိုက်တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ကို လက်လွှတ်လိုက်တာလား။”
ပိုင်ချီက အံ့ဩတကြီး စိုက်ကြည့်လိုက်၏။ ရှောင်းယီက ခေါင်းခါရင်း ပြောလိုက်သည်။
“မဟာမိတ်အနောက်ဘက်ကျွန်းကိုပဲ ပြန်ရအောင်။”
လင်းတများ အရိုးစုကျွန်းပေါ်တွင် နားနေသဖြင့် ဆက်လိုက်နေရန် မလိုအပ်တော့ပေ။
မဟာမိတ်အနောက်ဘက်ကျွန်းသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းလည်း ရောက်ရှိနေပြီ ဖြစ်သည်။ ရန်သူအသစ်များ ရှိနေသဖြင့် သူ့အတွက် သတင်းအချက်အလက် လိုအပ်နေသည်။
“သူတို့ ဘယ်မှာလဲ။ မင်းတို့နောက်မှာ ပါလာသေးလား။”
သူက ကောင်းကင်ကို ဝေ့ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။
“သူတို့ အရိုးစုကျွန်းပေါ်မှာ ဆင်းပြီး နားနေကြတယ်။”
ရှောင်းယီက သူတို့ရှေ့ရှိ မသေမျိုးကျွန်းကို ညွှန်ပြရင်း ပြောလိုက်သည်။
“သူတို့ ငါတို့ကို အခု မတိုက်ခိုက်သေးဘူးလား။”
ကျန်းယွင်ထျန်းက မျက်တောင်ခတ်ရင်း မေးလိုက်သည်။ ရှောင်းယီက ပခုံးတွန့်ပြလိုက်၏။
“သူတို့ ငါတို့ကို လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်တော့ တိုက်မလဲဆိုတာတော့ ငါလည်း မသိဘူး။”
“နောက်ထပ် တပ်ဖွဲ့တွေကို စောင့်နေတာများလား။”
ကျန်းယွင်ထျန်း မျက်မှောင်ကြုတ်လိုက်မိ၏။
မည်သူမျှ တိတိကျကျ မသိကြပေ။ ခဏအကြာတွင် ရှောင်းယီက ပြောလိုက်သည်။
“အစ်ကိုကျန်း ဒီရေဒါကို ယူသွားပြီး တခြား မသေမျိုးကျွန်းတွေကို သွားစစ်ဆေးကြည့်လိုက်ပါ။ တပ်ဖွဲ့သစ်တွေ ထပ်ပေါ်လာသေးလားဆိုတာ ကြည့်ရအောင်။”
***