“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီးနောက် ရှောင်းယီပေးအပ်လိုက်သော ရေဒါစက်ကိုယူကာ ထွက်ခွာသွားတော့သည်။
မကြာမီမှာပင် ကျန်းယွင်ထျန်းက ဖုန်းဆက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် မင်းခန့်မှန်းတာ မှန်တယ်။ တခြားမသေမျိုးကျွန်းတွေမှာလည်း ရန်သူအသစ်တွေ ပေါ်လာပြီ။ အားလုံးက ငှက်ကြီးတွေနဲ့ တူတယ်။”
“သူတို့က သူတို့ကျွန်းပေါ်မှာပဲ နေနေတာလား။”
ရှောင်းယီက ထပ်ဆင့်မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့ ကျွန်းပေါ်မှာပဲ ငြိမ်နေကြပြီး ဘာလှုပ်ရှားမှုမှ ထပ်မလုပ်သေးဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဝေဟင်က တိုက်ခိုက်မှုတွေကို သတိထားဖို့ ရှေ့တန်းတပ်တွေကို ထပ်ပြီး သေချာမှာထားလိုက်ပါ။”
ရှောင်းယီက အထပ်ထပ်အခါခါ ညွှန်ကြားလိုက်၏။
ဖုန်းချပြီးနောက် ရှောင်းယီသည် သူ့ရှေ့ရှိကျွန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“မင်းတို့တွေ ဘယ်တော့မှ လှုပ်ရှားမှာလဲ။”
ထိုအခါ ဘေးနားရှိ ပိုင်ချီက ဆိုသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ဘက်က အရင်စတိုက်ကြည့်ရင်ကော။ ရေဒါမှာကြည့်ရသလောက် လင်းတတချို့က ကျုပ်တို့ကမ်းခြေနဲ့ တော်တော်လေး နီးနေသလိုပဲ။ လောင်လွှဲတွေနဲ့ စမ်းကြည့်မလား။”
လောက်စလုံးဖြင့် အခြေအနေကို စမ်းသပ်ခြင်း။
“အကြံကောင်းပဲ။ လောက်လွှဲတွေကို ယူလာပြီး စမ်းကြည့်လိုက်ပါ။”
ရှောင်းယီက ခေါင်းငြိမ့်ကာ အမိန့်ပေးလိုက်သည်။
ယခုအခါ ရှောင်းယီနှင့် တခြားသူများသည် ကမ်းခြေသို့ ပြန်ရောက်နေပြီဖြစ်ရာ ရန်သူကို စိတ်ကြိုက်ရန်စနိုင်ပြီဖြစ်သည်။ အနှေးနှင့်အမြန် တိုက်ရမည့်အတူတူ အရင်လက်ဦးမှုယူလိုက်ခြင်းပင်။
“ကျွန်းပိုင်ရှင် အားလုံးအသင့်ဖြစ်ပါပြီ။”
ပိုင်ချီက အလျင်အမြန် ပြန်လာပြီး သတင်းပို့လာခဲ့သည်။
“ပစ်...”
ရှောင်းယီ၏ အမိန့်နှင့်အတူ လောင်လွှဲများသည် ကျောက်တုံးကြီးများကို ချက်ချင်း ပစ်လွှတ်လိုက်တော့၏။
ဝှစ်... ဝှစ်... ဝှစ်...
အရိုးစုလင်းတများသည် အနားယူနေကြပုံရပြီး သူတို့၏ တုံ့ပြန်မှုမှာ တစ်ဝက်ခန့် နှောင့်နှေးသွားခဲ့သည်။
ဖြောင်း
ဂျွတ်
ကျောက်တုံးကြီးတစ်တုံးသည် အရိုးစုလင်းတတစ်ကောင်ကို တည့်တည့်ထိမှန်သွားပြီး ၎င်း၏ တစ်ကိုယ်လုံးရှိ အရိုးများမှာ တစစီ ကြေမွသွားတော့သည်။ ယခုအခါ အရိုးစုကျွန်းသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှုပ်ခတ်သွားချေပြီ။
အတောင်ပံခတ်သံများနှင့်အတူ အရိုးစုကျွန်းတစ်ခုလုံးပေါ်တွင် အနက်ရောင်တိမ်တိုက်ကြီးတစ်ခု တက်လာသကဲ့သို့ လင်းတအုပ်ကြီး ပျံတက်လာခဲ့သည်။
“အားလုံးပဲ။ လေးကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ပြင်ထားကြ။”
ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်၏။
မြေပြင်ပေါ်ရှိ အရိုးစုများ၏ တိုက်ခိုက်မှုက မရပ်တန့်သေးသလို ယခု လေးကြောင်းတပ်ဖွဲ့များပါ ရောက်လာပြီဖြစ်သည်။ ကျန်းယွင်ထျန်းသည် လေကြောင်းတပ်ဖွဲ့ကို ကိုင်တွယ်ရန် တပ်ဖွဲ့တစ်ဖွဲ့ သီးသန့်စီစဉ်ထားသော်လည်း ဤအခြေအနေက လူတိုင်းအပေါ် စိတ်ပိုင်းဆိုင်ရာအရ ဖိအားအနည်းငယ် ပေးနေဆဲပင်။
လွှဲစင်ကြီးများကြောင့် လန့်နိုးသွားကြသော အရိုးစုလင်းတများသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းကို ချက်ချင်း တိုက်ခိုက်ကြတော့၏။ ထိုအခါ ကြိုတင်ပြင်ဆင်ထားသော မြှားတွန်းလှည်းများနှင့် ဒူးလေးကြီးများသည် ထိုအရိုးစုလင်းတများအား ချက်ချင်းပင် စတင်ပစ်ခတ်ကြတော့သည်။
သို့သော် ကောင်းကင်သို့ ပစ်ရသည်ဖြစ်ရာ မြှားများ၏ အရှိန်မှာ အကန့်အသတ် ရှိနေခဲ့၏။ လင်းတများက အနည်းငယ် ခပ်မြင့်မြင့် ပျံသန်းလိုက်သည်နှင့် မြှားများက သူတို့ကို ထိခိုက်မှု မပေးနိုင်တော့ပေ။
“လေကြောင်းရန်ကာကွယ်ရေးဒုံးပျံ၊ ဒူးလေးနဲ့ မြှားတွန်းလှည်းတွေကို သုံးပြီး သူတို့ရဲ့ ထိုးဆင်းတိုက်ခိုက်မှုကို ကာကွယ်ကြ။”
ရှောင်းယီက အသံနက်ကြီးဖြင့် အမိန့်ပေးသည်။
“ဟုတ်ကဲ့...။”
ဝှစ်...ဝှစ်...ဝှစ်...
လေကြောင်းတပ်ဖွဲ့များကို တိုက်ခိုက်ရန် သီးသန့်ဒီဇိုင်းထုတ်ထားသော လေကြောင်းရန်ကာကွယ်ရေးဒုံးပျံများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ချက်ချင်းပင် ပြသလိုက်တော့သည်။
ဘုန်း...ဘုန်း....ဘုန်း
အရိုးစုလင်းတများမဇာ အုပ်စုလိုက် ပစ်ချခံလိုက်ရ၏။ ခဏအတွင်းမှာပင် ကောင်းကင်မှ လင်းတမိုးများ ရွာချလာသကဲ့သို့ ဖြစ်သွားခဲ့လေသည်။
ရှောင်းယီသည် လင်းတများ၏ လှုပ်ရှားမှုကို ကြည့်ပြီး ၎င်းတို့သည် ခံစစ်စည်းကို ကျော်ဖြတ်ကာ ကျွန်းအတွင်းပိုင်းသို့ တိုက်ရိုက်မသွားသည်ကို တွေ့လိုက်ရ၏။
“ဟူး...”
ရှောင်းယီ သက်ပြင်းချလိုက်မိသည်။
အကယ်၍ ထိုလင်းတတွေသည် ခံစစ်စည်းကို လုံးဝဂရုမစိုက်ဘဲ ကျွန်းအတွင်းပိုင်းကို တိုးဝင်သွားမည်ဆိုပါက အတော်လေး ပြဿနာတက်နိုင်ပေသည်။ အတွင်းပိုင်းမှာ နေရာအလွန်ကျယ်ဝန်းပြီး မဟာမိတ်အဖွဲ့ဝင် အများစု နေထိုင်ကြ၏။ အကယ်၍ သူတို့သာ ကျူးကျော်ဝင်ရောက်လာပါက အသေအပျောက် အလွန်များပြားမည်ဖြစ်သည်။
ဤသည်မှာ ကမ္ဘာ့စည်းမျဉ်းများ၏ အထူးစီစဉ်မှုတစ်ခု ဖြစ်ပုံရသည်။ အနည်းဆုံးတော့ အခုလောလောဆယ် သူတို့ ကျွန်းထဲကို ဇွတ်မတိုးဝင်ကြသေးချေ။
သို့သော်လည်း ရှောင်းယီသည် သူ၏ စိုးရိမ်မှုကို ကျန်းယွင်ထျန်းအား ရှင်းပြလိုက်ပြီး ကျွန်းအတွင်းပိုင်းတွင်လည်း လေကြောင်းကာကွယ်ရေး တပ်ဖွဲ့များ ထားရှိရမည်ဖြစ်ကြောင်း ပြောကြားလိုက်၏။ မြေပြင်ကရန်သူကို တားဆီးရန် ခံစစ်စည်း တည်ဆောက်နိုင်သော်လည်း ဝေဟင်တပ်ဖွဲ့များကိုမူ လေကြောင်းကာကွယ်ရေးအဖွဲ့များဖြင့်သာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။
“ငါသာ စစ်လေယာဉ်တစ်စင်းလောက် ရခဲ့ရင် အကုန်ပစ်ချလိုက်လို့ ရတယ်။”
ရှောင်းယီ တွေးလိုက်မိသည်။
လေကြောင်းကာကွယ်ရေးဒုံးပျံများကြောင့် ထိုလင်းတများမှာ ဘာမှမတတ်နိုင်တော့ပေ။ မြင့်မြင့်ပျံလျှင် ဒုံးပျံများက ကြိုဆိုနေပြီး နိမ့်နိမ့်ပျံလျှင်မူ ပိုဆိုးကာ မြှားမိုးများက စောင့်ကြိုနေခဲ့သည်။ တိုက်ပွဲသည် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ခံစစ်စည်းတစ်ခုလုံးမှာ အရိုးစုလင်းတ အလောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
“အားလုံး သတိထားကြ။ ကာကွယ်ရေးဝတ်စုံ ဝတ်ထားတဲ့သူတွေကို ဒီအလောင်းတွေကို ရှင်းခိုင်းပြီး ပိုးသတ်ခိုင်းလိုက်။ နာ့နာက လူတိုင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးလိမ့်မယ်။”
ရှောင်းယီက ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
တပ်သားများက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့၏ တပ်သားများအနေဖြင့် သူတို့ကိုယ်သူတို့ အလွန်ပျော်ရွှင်နေမိကြ၏။ ဒေသခံအင်အားစုများ၏ တပ်သားဘဝတုန်းက မှော်ဆရာများသည် သူတို့ကို ကိရိယာများသဖွယ် အသုံးချခဲ့ပြီး အသက်အန္တရာယ်ကို လုံးဝဂရုမစိုက်ခဲ့ကြပေ။ သို့သော် ဤမဟာမိတ်အဖွဲ့ထဲတွင်မူ တပ်သားများသည် ဘက်စုံစောင့်ရှောက်မှုကို ရရှိကြပြီး ဒဏ်ရာရပါက သို့မဟုတ် ဖျားနာပါက ဦးစားပေးကုသမှုကို ရရှိကြပေသည်။ ဤနေရာရှိ တပ်သားတိုင်းသည် မဟာမိတ်အစောင့်တပ်ဖွဲ့ဝင် ဖြစ်ရသည်ကို အလွန်ဂုဏ်ယူကြ၏။
ဝေဟင်မှ လင်းတများကို ဖြေရှင်းပြီးနောက် နောက်တစ်ဆင့်မှာ မြေပြင်တပ်ဖွဲ့များနှင့် ဆက်လက်၍ အခြေအတင် တိုက်ခိုက်ရန်ဖြစ်သည်။
“ပိုင်ချီ မင်း ခဏနေရင် အစ်ကိုကျန်းကို ဒီက တိုက်ပွဲအခြေအနေ သတင်းပို့လိုက်။ သူ မှီငြမ်းလို့ရအောင်လို့။ တခြားမသေမျိုးကျွန်းတွေမှာလည်း ဒီလိုအခြေအနေမျိုး ကြုံနေရမှာပဲ။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏ အိပ်ခန်းသို့ ပြန်ရောက်လာခဲ့သည်။ စားပွဲပေါ်တွင် လက်ဖက်ရည်တစ်ခွက်နှင့် လှီးဖြတ်ထားသော သစ်သီးတစ်ပန်းကန် ရှိနေ၏။ လက်ဖက်ရည်နှင့် သစ်သီးကို ကိုင်ရင်း ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဘေး၌ ထိုင်လိုက်တော့သည်။
“ငါ နေ့ဘက်မှာ ဖုတ်ကောင်တွေကို ဗုံးကြဲထားတော့ ညဘက်မှာ ဖိအားသိပ်မရှိဘူး။ ဒီအတိုင်းသာဆိုရင် နောက်ရက်အနည်းငယ်အတွင်း အဲ့ဒီကျွန်းက ဖုတ်ကောင်တွေကို ရှင်းပစ်နိုင်မယ်ထင်တယ်။”
“အဲ့လောက် လွယ်လို့လား။ ငါ့မှာတော့ အရိုးစုတွေက မကုန်နိုင်ဘူးလို့တောင် ခံစားနေရတယ်။”
“ဟုတ်တယ်။ မနေ့ညက တစ်ဝက်လောက် သတ်ပစ်လိုက်တာတောင် ဒီနေ့ကြည့်ရတာ တစ်ကောင်မှ လျော့မသွားသလိုပဲ။”
“အုပ်လိုက်ကြီးပဲ။ ရေလို့တောင် မရဘူး။”
“ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အခု လက်နက်အေးတွေ ပေးထားတဲ့သူဌေး ရှိနေပြီဆိုတော့ ငါ ကောင်းကောင်း ခုခံနိုင်ပါတယ်။ အိပ်တောင် ပြန်အိပ်လို့ရတယ်။”
“ဟုတ်တယ်။ ဒီတိုက်ပွဲက တစ်ရက်နှစ်ရက်နဲ့ ပြီးသွားမှာမဟုတ်ဘူး။”
“ငါတော့ မနက်ဖြန် အပန်းဖြေစခန်းကို သွားကစားဖို့ ပြင်နေပြီ။ ဘာပဲဖြစ်ဖြစ် ခံစစ်စည်းမှာ စောင့်နေတဲ့သူတွေ ရှိနေတာပဲ။ တခြားအရာတွေက ပုံမှန်ပါပဲ။”
“မင်းသေချာလို့လား။ ငါတို့ မဟာမိတ်အဖွဲ့ထဲက လူတွေ၊ အထူးသဖြင့် ရှေ့တန်းနဲ့ နီးတဲ့သူတွေရဲ့ အလုပ်လုပ်နိုင်စွမ်းက ကျဆင်းနေပြီနော်။”
“ဟုတ်တယ်။ စစ်မြေပြင်က မင်းနဲ့ မဝေးဘူးဆိုတာ သိနေပြီး တစ်နေ့လုံး တိုက်ပွဲဖြစ်နေတာ ကြားနေရရင် မင်းကော မစိုးရိမ်ဘူးလား။ မကြောက်ဘူးလား။”
“အင်း... အားလုံးကို ငါတို့ အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ်ဆိုတာ သိအောင် လုပ်ဖို့တော့ လိုမယ်ထင်တယ်။”
“ဒါဆိုရင် လူတိုင်းကို ဖုန်းတစ်လုံးစီ ပေးထားဖို့ လိုလိမ့်မယ်။”
“အမ်...အဲ့ဒီကုန်ကျစရိတ်က အရမ်းများလွန်းတယ်။ ငါတော့ ဝါဒဖြန့်ချိရေးသမားတစ်ယောက်ကို ရှေ့တန်းအခြေအနေကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ခိုင်းပြီး တခြားလူတွေကို ပြန်ပြခိုင်းမယ်။”
“မင်း မပင်ပန်းဘူးလား။”
“မတတ်နိုင်ဘူးလေ။ ပိုက်ဆံသက်သာဖို့အတွက် ခြေကျင်ပဲ ပိုလျှောက်ရမှာပေါ့။”
“အဲ့ဒါလည်း နည်းလမ်းတစ်ခုပဲ။ ငါလည်း အဲ့လိုပဲ လုပ်လိုက်မယ်။ ရှေ့တန်းမှာ ပြဿနာမရှိဘူးဆိုတာ လူတိုင်း သိသွားရင် စိတ်အေးသွားကြမှာပါ။”
ထိုအရာကို မြင်သောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“အားလုံးပဲ သတိထားကြပါ။ ငါတို့ မသေမျိုးတွေရဲ့ လေကြောင်းတပ်ဖွဲ့ကို ရှာတွေ့ထားတယ်။ လေကြောင်းကနေ တိုက်ခိုက်လာမှာကို သတိထားကြပါ။”
***