ရှောင်းယီ၏ သတိပေးချက်ကို မြင်ပြီးနောက် အဖွဲ့လိုက်စကားပြောခန်းအတွင်းရှိ လူတိုင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည်ဆွေးနွေးကြသည်။
“ဘာလဲ...။ လေကြောင်းတပ်ဖွဲ့တွေပါ ရှိနေတာလား။”
“မဖြစ်နိုင်တာ။ ငါ့ဘက်မှာတော့ မသေမျိုးလေကြောင်းတပ်ဖွဲ့ တစ်ခုမှ မတွေ့မိသေးဘူး။”
“သူဌေးကြီးပြောတာ ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။ မြန်မြန်ပြင်ဆင်ကြတော့။ မင်းတို့ရဲ့ မဟာမိတ်အစောင့်တွေကို ကောင်းကင်ကို စောင့်ကြည့်ခိုင်းထားလိုက်။”
“ဟုတ်တယ်။ ညဘက်ရောက်တာနဲ့ မြင်ကွင်းက တော်တော်ဆိုးသွားတာ။ လူတိုင်း ကောင်းကင်အခြေအနေကို သေချာစောင့်ကြည့်ကြရမယ်။”
“အတိအကျပဲ။ ငါ့အထင် ညဘက်ဆိုရင် မြင်ကွင်းက မီတာတစ်ရာလောက်ပဲ ရှိမယ် ထင်တယ်။”
“လေကြောင်းတပ်ဖွဲ့တွေက အမြင့်ကနေ ကျွန်းအတွင်းပိုင်းထဲအထိ ပျံဝင်လာကြမှာ မဟုတ်ဘူးမလား။ အဲ့လိုဆိုရင် ငါတို့ ဘယ်လိုကာကွယ်ရတော့မှာလဲ။”
“ဘယ်လိုကာကွယ်ရမှာလဲ။ မီးပုံးပျံတွေ လွှတ်ပြီး ကြားဖြတ်တိုက်ခိုက်ရမှာပေါ့။”
“မီးပုံးပျံတွေက သိပ်ပြီး မသွက်လက်ဘူး။ သူတို့ကိုသုံးပြီး ကြားဖြတ်တိုက်မယ်ဆိုရင် အရေအတွက် အများကြီးလိုလိမ့်မယ်။ တစ်လုံးနှစ်လုံးတည်းဆိုရင်တော့ အလွယ်လေး ပစ်မှတ်ဖြစ်သွားမှာပဲ။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။
“ကျုပ်ရင်ဆိုင်ခဲ့ရတဲ့ ဝေဟင်တပ်ဖွဲ့တွေက ကျွန်းအတွင်းပိုင်းထဲအထိ ပျံသန်းမလာကြဘူး။ ဖြစ်နိုင်တာက အခုလောလောဆယ်တော့ သူတို့ အဲ့လိုမလုပ်သေးဘူး။ ဒါက ကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့ကို ပြင်ဆင်ချိန်ပေးထားတာ ဖြစ်နိုင်တယ်။”
“သူဌေးကြီးကတော့ တကယ် အံ့သြစရာပဲ။ ဒါကိုတောင် တွေးမိသေးတယ်။ သူတို့က ပြင်ဆင်ချိန်ပေးထားတယ်ဆိုရင် ကျုပ်တို့ လေကြောင်းကျူးကျော်မှုကို ကိုင်တွယ်ဖို့ နည်းလမ်း အမြန်ရှာရမယ်။”
“လက်ရှိမှာ ငါတို့ဆီမှာ အသုံးအများဆုံး လေကြောင်းတပ်ဖွဲ့က မီးပုံးပျံပဲရှိတယ်။ ဒါပေမဲ့ မီးပုံးပျံတွေက အရမ်းနှေးတယ်၊ သွက်လက်မှုမရှိဘူး။ တပ်သားတွေအတွက် နေရာလည်း သိပ်မရှိဘူး။ သွက်လက်တဲ့ လေကြောင်းတပ်ဖွဲ့တွေနဲ့ ယှဉ်ရရင်တော့ သူတို့မှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး။”
“အဲ့လိုဆိုရင်တော့ မြေပြင်ကနေပဲ ကာကွယ်ရတော့မယ်။ ကျွန်းရဲ့ နေရာတိုင်းမှာ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရှိဖို့လိုလိမ့်မယ်။”
“ဒါဆိုရင်တော့ သွားပြီပဲ။ ငါတို့ကျွန်းက အရမ်းကျယ်တယ်။ မြေပြင်တပ်ဖွဲ့တွေကို ကာကွယ်ဖို့တောင် အင်အားက မလောက်မငဖြစ်နေတာ။ လေကြောင်းကို ကာကွယ်ဖို့ လူအင်အား လုံးဝမထုတ်နိုင်ဘူး။”
“ကျွန်းသေးတာက အားသာချက်ရှိတယ်ဆိုတာ အခုမှပဲ ငါသတိထားမိတော့တယ်။”
“အတိအကျပဲ။ လူအင်အား နည်းနည်းနဲ့တင် မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်တယ်။”
“မင်းက အကောင်းမြင်လွန်းနေပြီ။ ရန်သူအရေအတွက်က တူတူပဲဆိုရင် ကျွန်းသေးလေလေ မသေမျိုးတွေက တိုက်စစ်ကို တစ်နေရာတည်း စုပြုံတိုက်ခိုက်နိုင်လေလေပဲ။ အဲ့ဒါကလည်း မလွယ်ဘူး။”
“အားး... အစ်ကိုကြီးရာ ဒီကိစ္စကို အဲ့လောက်တောင် လက်တွေ့ကျပြနေဖို့ လိုလို့လား။”
“ကျွန်းသေးရင် ရင်ဆိုင်ရတဲ့ မသေမျိုးအရေအတွက်လည်း နည်းရင်နည်းမှာပေါ့။ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူးလေ။”
“မင်းတို့ ဒီမှာ စကားများနေမယ့်အစား လေကြောင်းခံစစ်တွေကို အမြန်သွားစီစဉ်လိုက်ကြပါလား။”
“ငါတို့ကိုယ်တိုင် သွားနေဖို့ မလိုပါဘူး။ အမိန့်ပေးလိုက်ရင် ရပြီ။ အရာရာကို ကိုယ်တိုင်လိုက်လုပ်နေရင် ငါတို့ ပင်ပန်းပြီး သေကုန်မှာပေါ့။”
“အပေါ်ကလူ ပြောတာမှန်တယ်။ ဒါကမှ တကယ့် စီမံခန့်ခွဲမှုအစစ်ပဲ။ လက်လွှတ်တတ်ဖို့ သင်ယူရမယ်။”
“ထားလိုက်ပါတော့။ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲတာဆိုရင်တော့ မှန်နိုင်ပေမဲ့ အခုက ငါ့အသက်နဲ့ ရင်းနေရတာလေ။ ကိုယ်တိုင် ကိုင်တွယ်မှပဲ စိတ်ချရမယ်။”
ထိုစဥ် ရှောင်းယီက မနေနိုင်ဘဲ ထပ်မေးလိုက်သည်။
“အားလုံးပဲ အခုထိ မသေမျိုးလေကြောင်းတပ်ဖွဲ့နဲ့ မတွေ့ကြသေးဘူးလား။”
“မတွေ့ရသေးဘူး။”
လူတိုင်းက တန်းစီပြီး ပြန်ဖြေလာခဲ့ကြသည်။
“သူဌေးကြီးက အခြေအနေ အရမ်းကောင်းနေလို့ မသေမျိုးတွေက သူ့ကို အထူးဂရုစိုက်နေတာလား မသိဘူး။”
“အဲ့ဒီအချက်ကိုတော့ ပယ်ထုတ်လို့မရဘူး။ ဖြစ်နိုင်ရင်တော့ အဲ့လိုပဲ ဖြစ်ပါစေ။ ဒါမှ ငါတို့ အဲ့ဒီပျံနိုင်တဲ့ကောင်တွေနဲ့ မတွေ့ရမှာ။”
“သူဌေးကြီးကတော့ အခုချိန်မှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ငါတို့ကျွန်းတွေကို အားကျနေလောက်ပြီ။”
“မင်းကို မြည်းကန်လိုက်လို့ ဦးနှောက် ပျက်သွားတာလား။ မသေမျိုး အမျိုးအစားတွေ ဘယ်လောက်ပဲ ပိုတွေ့တွေ့ သူဌေးကြီးက ငါတို့ကို ဘယ်တော့မှ အားကျမှာမဟုတ်ဘူး။”
“မှန်တယ်။ သူဌေးကြီးက လေကြောင်းတပ်ဖွဲ့တွေအကြောင်းကို အဖွဲ့ထဲမှာ အသိပေးနိုင်တယ်ဆိုကတည်းက သူက ဖြေရှင်းပြီးသားမို့လို့ပဲ။”
“အခုမှ ကိုးနာရီကျော်ပဲ ရှိသေးတယ်။ သူဌေးကြီးက ရန်သူ့လေကြောင်းတိုက်ခိုက်မှုကို ဖြေရှင်းပြီးသွားပြီလား။ အံ့သြစရာပဲ။”
“ဒါက လေကြောင်းတပ်ဖွဲ့တွေမှာ ကန့်သတ်ချက်ရှိတယ်ဆိုတာကို ပြသနေတာ မဟုတ်ဘူးလား။ မြေပြင်တပ်ဖွဲ့တွေလို အဆုံးမရှိ ပေါ်နေတာမျိုး မဟုတ်လောက်ဘူး။”
“စကားမပြောတော့ဘူး။ ငါ ခဏလောက် အမြန်နားလိုက်ဦးမယ်။ ညဉ့်နက်ပိုင်းကျရင် တိုက်ပွဲကို ကြီးကြပ်ဖို့ ထရဦးမယ်။”
“ငါရောပဲ...။ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူး။ အခု တော်တော်ပင်ပန်းနေပြီ။”
ယီထျန်းအဖွဲ့လိုက် စကားပြောခန်းမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားတော့သည်။
ရှောင်းယီသည် သူ၏ အိပ်ရာသို့ ပြန်လှမ်းလာလိုက်ပြီး လှဲလျောင်းလိုက်သော်လည်း အခြားကျွန်းများ မသေမျိုးများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေဆဲပင်။ သူတို့တွေ့ခဲ့ရသော လေကြောင်းတပ်ဖွဲ့များသည် မဟာမိတ်အနောက်ဘက်ကျွန်းတွင် တွေ့ခဲ့ရသည်များနှင့် မတူညီနိုင်ပေ။
စိတ်ထဲမှာ တစ်ခုခုရှိနေသဖြင့် အိပ်ပျော်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် ရှောင်းယီသည် စိတ်တည်ငြိမ်မှုကို အထောက်အကူပြုသော တာအိုကျမ်းစာများကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်ပြီး နောက်ဆုံးတွင် စိတ်ကြည်လင်ကာ အိပ်ပျော်သွားတော့သည်။
သန်းခေါင်ယံအချိန်ခန့်တွင် ယီထျန်းစကားပြောခန်းသည် ရုတ်တရက် ပြန်လည်သက်ဝင်လှုပ်ရှားလာ၏။
“အား... တကယ်ပဲဟေ့။ လေကြောင်းတပ်ဖွဲ့တွေ ငါတို့ခံစစ်စည်းကို တိုက်ခိုက်နေကြပြီ။ သူဌေးကြီးသာ ကြိုမပြောထားရင် ဒီညအမှောင်ထဲမှာ ပုန်းနေတဲ့ အရိပ်မည်းတွေကို မြင်ဖို့ တော်တော်ခက်မှာပဲ။”
“ဟုတ်တယ်။ အဲ့ဒီငှက်တွေက တစ်ကိုယ်လုံး အနက်ရောင်တွေချည်းပဲ။ မြေပြင်က အရိုးစုတွေကတော့ အဖြူရောင်ဆိုတော့ မြင်သာသေးတယ်။ လေကြောင်းက မသေမျိုးတွေက လုံးဝအနက်ရောင်တွေဆိုတော့ ညကောင်းကင်နဲ့ တစ်သားတည်း ဖြစ်နေတာ။”
“ကိုင်တွယ်လို့တော့ ရပါတယ်။ နည်းနည်းခက်ပေမဲ့ ကာကွယ်နိုင်မယ်လို့ ခံစားရတယ်။ သူတို့တွေ ကျွန်းအတွင်းပိုင်းထဲ ပျံမဝင်လာသရွေ့တော့ ဒုံးပျံတွေနဲ့ ဒူးလေးကြီးတွေကို အားကိုးပြီး ကာကွယ်လို့ ရတယ်။”
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါတို့ သူဌေးကြီးကိုပဲ အားကိုးရတာပဲ။”
ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းတွင်မူ မဟာမိတ်အနောက်ကျွန်းအပြင် အခြားကျွန်းများသည်လည်း နံနက်အစောပိုင်းတွင် မသေမျိုးလေကြောင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ကြိုတင်ပြင်ဆင်ထားခဲ့သည်ဖြစ်ရာ ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ထိုတိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံနိုင်ခဲ့၏။
သူတို့သည် အရပ်မျက်နှာအသီးသီးမှ ပစ်ချခံရသော လေကြောင်းငှက်တပ်ဖွဲ့ဝင် အလောင်းများထဲမှ အချို့ကို နမူနာအဖြစ် ရွေးချယ်ပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့သည်။ ရှောင်းယီသည် သူတို့ကို ထိုလေကြောင်းတပ်ဖွဲ့များတွင် အခြားထူးခြားသော လုပ်ဆောင်ချက်များ ရှိ၊ မရှိ သိလိုသဖြင့် တွေ့သမျှ ဝေဟင်တပ်ဖွဲ့ အမျိုးအစားတိုင်းမှ တစ်စိတ်တစ်ပိုင်းကို ဓာတ်ခွဲခန်းသို့ ပို့ပေးရန် တောင်းဆိုထားခဲ့သည်။
ဤသို့ဖြင့် တိုက်ပွဲမှာ နောက်ထပ်တစ်ညလုံး ဆက်လက်ဖြစ်ပွားခဲ့၏။ ဒုတိယနေ့ နေထွက်လာသောအခါ မသေမျိုးတပ်ဖွဲ့များသည် သူတို့၏ ကျွန်းများသို့ ပြန်လည်ဆုတ်ခွာသွားကြပြန်သည်။
ရှောင်းယီ နိုးလာပြီးနောက် ပထမဆုံးလုပ်သည့်အလုပ်မှာ ယီထျန်းစကားပြောခန်းမှ မှတ်တမ်းများကို ပြန်လှန်ဖတ်ခြင်းဖြစ်သည်။ မဟာမိတ်အဖွဲ့အားလုံးနီးပါးသည် နံနက်အစောပိုင်းတွင် လေကြောင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရကြောင်းနှင့် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းတွင်လည်း အခြေအနေမှာ တူညီကြောင်း သူတွေ့ရှိခဲ့ရသည်။
“မသေမျိုးတွေရဲ့ မူလအစီအစဉ်က နံနက်အစောပိုင်းမှာ လေကြောင်းကနေ အလစ်အငိုက်တိုက်ခိုက်ဖို့ ဖြစ်ပုံရတယ်။”
ရှောင်းယီ ရေရွတ်လိုက်၏။
မဟာမိတ်အဖွဲ့အားလုံးနီးပါး တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သည်ကို မြင်သောအခါ ရှောင်းယီ ရေချိုးခန်းထဲ ဝင်ကာ မျက်နှာသစ်၊ သွားတိုက်လိုက်တော့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်သည်။ ရရှိသောဆုလာဘ် - စူပါဆာဗာ (SSS အဆင့်) ၁ ။”
သွားတိုက်ရင်း ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ မနေနိုင်ဘဲ ညည်းတွားလိုက်မိ၏။
“ဘာလို့ အခုချိန်မှာ ဆာဗာကြီး ချပေးရတာလဲ။ လက်နက်တစ်ခုခုပေးရမယ့် အချိန်မဟုတ်ဘူးလား။ ဒါ ကွန်ရက်တစ်ခုကို တည်ဆောက်ခိုင်းနေတာလား။”
[စူပါဆာဗာ (SSS အဆင့်): ဝန်ဆောင်မှုအမျိုးအစားပေါ် မူတည်၍ အလိုအလျောက် ပြောင်းလဲပေးနိုင်ပြီး မတူညီသော ဝန်ဆောင်မှုများကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည်။ ၎င်းသည် ကွန်ရက်ဆာဗာ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပြီး မည်သည့် ကွန်ရက်အခြေအနေနှင့်မဆို သင့်လျော်သည်။]
ရှောင်ယီသည် ပလုတ်ကျင်းပြီးနောက် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
“တကယ်ပဲ ငါ့ကို ကွန်ရက်တစ်ခု တည်ဆောက်ခိုင်းနေတာပဲ။”
မျက်နှာသစ်ပြီးနောက် ရှောင်းယီသည် စူပါဆာဗာကို အခြေစိုက်စခန်းဘေးတွင် နေရာချလိုက်ပြီး ၎င်းအတွက် သီးသန့်အခန်းတစ်ခန်းပင် ဆောက်ပေးလိုက်သည်။
ထိုအခန်းထဲတွင် စူပါဆာဗာကို ထားလိုက်သောအခါ ၎င်းသည် အခြေစိုက်စခန်းနှင့် အလိုအလျောက် ချိတ်ဆက်သွားတော့သည်။ ယခုမှစ၍ ဒေတာပေးပို့မှုများကို အခြေစိုက်စခန်းမှတစ်ဆင့် ကြိုးမဲ့စနစ်ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် အန်းယွဲ့ကို ဖုန်းခေါ်လိုက်သည်။
“ဟယ်လို ကျွန်းပိုင်ရှင် မနက်စောစောစီးစီး ဘာကိစ္စရှိလို့လဲ။”
အန်းယွဲ့က ဖုန်းကိုင်ပြီး မေးလိုက်သည်။
***