“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ ကွန်ရက်တည်ဆောက်မှု ကျွမ်းကျင်တဲ့သူတွေနဲ့ ဆော့ဖ်ဝဲလ်ရေးဆွဲနိုင်တဲ့သူတွေကို ရှာဖွေထားလိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်၏။
ထိုအမိန့်ကို လက်ခံရရှိသောအခါ အန်းယွဲ့မှာ အနည်းငယ် ကြောင်အသွားခဲ့သည်။
“ငါတို့ဆီမှာ အခုလောလောဆယ် ဆာဗာတွေ မရှိသေးဘူးလေ။ ဒီလိုမျိုး အဆောက်အဦးကြီး တည်ဆောက်တာက အပိုဖြစ်မနေဘူးလား။”
“အခု ရှိသွားပြီ။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ် အခုလေးတင် တစ်ခု ရထားတယ်။ ကွန်ရက်ပိုင်းနဲ့ ဆော့ဖ်ဝဲလ်ပိုင်း ကျွမ်းကျင်တဲ့သူတွေကိုတော့ အရင်ဆုံး ရှာဖွေစုဆောင်းထားလိုက်ပါ။”
“ဟုတ်ကဲ့။”
အန်းယွဲ့ အံ့အားသင့်သွားခဲ့သော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်းယီသည် အဆင့်မြင့်ပစ္စည်းများကို ထုတ်ပြနေကျဖြစ်ရာ အန်းယွဲ့ အံ့သြသွားခဲ့သော်လည်း အခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သည်။
ကွန်ရက်တည်ဆောက်ရေးကိစ္စကို အန်းယွဲ့အား လွှဲအပ်ပြီးနောက် သူ မနက်စာစားရန် ပြန်လာခဲ့လိုက်သည်။ လမ်းတွင် မနက်စာစားရန် အပြေးအလွှား ပြန်လာနေသော ကျန်းယွင်ထျန်းနှင့် ဆုံလိုက်ရ၏
“မနေ့ညက မသေမျိုးလေကြောင်းတပ်ဖွဲ့တွေအပြင် တခြားထူးခြားတာ ဘာရှိသေးလဲ။”
ရှောင်းယီက သာမန်အတိုင်း မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။
“မရှိပါဘူး။”
“အင်း... မနက်စာ မြန်မြန်စားပြီး အနားယူလိုက်ဦး။”
ရှောင်းယီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
ဗီလာသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းသည် မနက်စာကို အလျင်အမြန်စားသောက်လိုက်ပြီး အိပ်ခန်းသို့ ပြန်ကာ အနားယူလိုက်တော့သည်။ ရှောင်းယီသည်မူ မြို့ပြန်ကျောက်ကို အသုံးပြုကာ မသေမျိုးကျွန်းအသီးသီး၏ အခြေအနေကို သွားရောက်စစ်ဆေးလိုက်လေသည်။
ထိုအချိန်တွင် ရှေ့တန်းအသီးသီးမှ တိုက်ခိုက်ရေးသမားများ အလှည့်လဲခြင်းမှာ ပြီးစီးသွားပြီဖြစ်သည်။ တစ်ညလုံး တိုက်ပွဲဝင်ခဲ့သော တပ်သားများသည်လည်း အနားယူရန် ပြန်သွားခဲ့ကြ၏။ လက်ကျန်တပ်သားများသည် သူတို့၏ လက်နက်များကို ကိုင်ဆောင်ကာ ကတုတ်ကျင်းများထဲတွင် ထိုင်ရင်း စကားပြောနေကြသည်။
“ဒီမသေမျိုးတွေက တကယ့် ညဥ့်ငှက်တွေပဲ။ နေ့ဘက်ဆို ထွက်မလာဘဲ ညဘက်ကျမှ တက်ကြွနေကြတာ။”
“ဒါပေမဲ့ ဒီလိုဖြစ်တာက ပိုကောင်းပါတယ်။ သူတို့ရဲ့ ပုံစံကို သိထားတော့ အနည်းဆုံး ငါတို့ နားဖို့အချိန် ရတာပေါ့။”
“မှန်တယ်။ မဟုတ်ရင် ဒီအတိုင်းကြီး အမြဲတိုက်ခိုက်နေရတာက တကယ့်ကို နှိပ်စက်ညှင်းပန်းမှုတစ်ခုပဲ။”
“ကျွန်းပိုင်ရှင် ရောက်လာပြီ။ အားလုံး... သတိ!”
စကားပြောနေကြသော တပ်သားများမှာ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြ၏။
“အားလုံး ထိုင်ပြီး အနားယူကြပါ။ ဒီလောက်ကြီး တင်းမာမနေပါနဲ့။ ငါ မသေမျိုးကျွန်းရဲ့ အခြေအနေကို လာကြည့်တာ။”
ရှောင်းယီက ပြောလိုက်သည်။
အားလုံးက တုံ့ပြန်လိုက်ကြသည်။
မျက်နှာချင်းဆိုင်ရှိ ကျွန်းပေါ်တွင် အရိုးစုတစ်ကောင်မျှ မရှိတော့ပေ။ မဟာမိတ်အနောက်ဘက်ကျွန်း၏ ခံစစ်စည်းအနီးရှိ အရိုးပုံကြီးသာ မရှိပါက မနေ့ညက ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။
ထိုအရိုးပုံကြီးကို ကြည့်ရင်း ရှောင်းယီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီအတိုင်းပဲ ဆက်သွားနေတော့မှာလား။ ရန်သူကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် နည်းလမ်းတစ်ခုကို ငါစဉ်းစားဖို့ လိုနေပြီ။”
သူခိူးကို တစ်ရက်နှစ်ရက် စောင့်ကြည့်၍ ရသော်လည်း တစ်သက်လုံး စောင့်ကြည့်နေဖို့ဆိုသည်မှာတော့ မလွယ်ကူပေ။ အချိန်ကြာလာသည်နှင့်အမျှ ခံစစ်တွင် အားနည်းချက်တစ်ခုခု ရှိလာနိုင်ပေသည်။
အရိုးစုကျွန်းကို စစ်ဆေးပြီးနောက် ရှောင်းယီသည် ဖုတ်ကောင်များ ပေါ်လာသော မဟာမိတ်မြောက်ဘက်ကျွန်းသို့ ကူးပြောင်းသွားလိုက်၏။ ဖုတ်ကောင်များနှင့် အရိုးစုများမှာ အတော်လေး ကွဲပြားပေသည်။ အနည်းဆုံးတော့ သူတို့က မြေကြီးထဲက တိုးထွက်မလာကြပေ။ သူတို့က ထိုကျွန်းပေါ်တွင် သဘာဝအတိုင်း ရှိနေပုံရသည်။
သို့သော် ဖုတ်ကောင်များ၏ ပုံစံမှာ အရိုးစုများထက်ပင် ပိုမို ကြောက်စရာကောင်းလှသည်။ ခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သော အရေပြားဟူ၍ တစ်ကွက်မှ မရှိပေ။ နံစော်နေသော ချွဲပျစ်ပျစ်အရည်ကြီးများမှာ ၎င်းတို့ပါးစပ်ထဲမှ အမြဲတမ်း တစ်စက်စက်ဖြင့် စီးကျနေကြသည်။ ၎င်းတို့၏ သာမန်လှုပ်ရှားမှုမှာ မလျင်မြန်သော်လည်း သက်ရှိတစ်ခုခုကို မြင်သည်နှင့်၊ အတိအကျပြောရလျှင် လတ်ဆတ်သော အသွေးအသားနှင့် တွေ့သည်နှင့် သူတို့က ချက်ချင်း ရူးသွပ်သွားကြမည်ဖြစ်သည်။
ရှောင်းယီကို မြင်သောအခါ စွန်းကုထောင်က ချက်ချင်း လှမ်းလာကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီကောင်တွေကို မြင်ရတာ ကျုပ်တို့ ကမ္ဘာပျက်ကပ် ရုပ်ရှင်ထဲကို ပြန်ရောက်သွားသလိုပဲ။”
“မင်းက ဒီကမ္ဘာကနေတောင် မလွတ်သေးဘဲနဲ့ တခြားကို သွားချင်နေတာလား။ စိတ်ကူးယဉ်နေတာပဲ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။ စွန်းကုထောင်က ပြုံးလိုက်၏။
“ကျွန်းပိုင်ရှင် ဒီနေ့ လာတာ ထူးထူးခြားခြား ညွှန်ကြားစရာ ရှိလို့လား။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“မရှိပါဘူး။ မသေမျိုးကျွန်းရဲ့ အခြေအနေကို လာကြည့်ရုံပဲ။”
“ဒီမှာတော့ ထွေထွေထူးထူး သတင်းပို့စရာ မရှိပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ လေ့လာချက်အရ နေ့ဘက်မှာ ကျုပ်တို့ ဗုံးကြဲထားရင် သန်းခေါင်မတိုင်ခင်အထိပဲ ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကို လျော့နည်းစေတယ်ဆိုတာ တွေ့ခဲ့ရတယ်။”
စွန်းကုထောင်က ဆိုသည်။
“မင်း ဘာကို ဆိုလိုတာလဲ။”
ရှောင်းယီက မျက်နှာချင်းဆိုင်ကျွန်းမှ အကြည့်ကို လွှဲလိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မနေ့က ကျွန်းပိုင်ရှင်တို့ဘက်က မက်ဆေ့ချ်ရပြီးနောက်မှာ ကျုက်တို့လည်း လေကြောင်းခံတပ်ကို သုံးပြီး ဖုတ်ကောင်တွေ ထူထပ်တဲ့နေရာတွေကို ဗုံးကြဲခဲ့တယ်။ သန်းခေါင်မတိုင်ခင်အထိတော့ ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုက တကယ်ပဲ အားနည်းသွားတယ်။ ဒါပေမဲ့ သန်းခေါင်ကျော်တာနဲ့ တိုက်ခိုက်မှု အရှိန်အဟုန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။”
စွန်းကုထောင်က ရှင်းပြလိုက်၏။
“ဒီလို အခြေအနေမျိုး ရှိတယ်ပေါ့။”
ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။
စွန်းကုထောင်က ပခုံးတွန့်ပြလိုက်သည်။
“အဲ့လို ထင်ရတာပဲ။ ဒါပေမဲ့ ဒါက ကျုပ်ဘက်က အခြေအနေပါ။ တခြားသူတွေကိုလည်း မေးကြည့်ဖို့ လိုလိမ့်မယ်။”
“ကောင်းပြီ။ ငါ ခဏနေရင် မေးကြည့်လိုက်မယ်။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး မျက်နှာချင်းဆိုင်ကျွန်းပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေသော ဖုတ်ကောင်အနည်းငယ်ကို ပြန်ကြည့်လိုက်သည်။
“နေ့ဘက်မှာ ဖုတ်ကောင်တွေ ရှိနေတယ်ဆိုပေမဲ့ သူတို့က ဒီဘက်ကိုတော့ ကူးမလာကြဘူး။ သူတို့ကျွန်းပေါ်မှာပဲ သူတို့ လျှောက်သွားနေကြတာ။”
စွန်းကုထောက်က မိတ်ဆက်ပေးလိုက်သည်။
“ဒီဖုတ်ကောင်တွေက သိပ်ပြီး ခြိမ်းခြောက်မှု မရှိပေမဲ့ ကျုပ် စိုးရိမ်တာက ရုပ်ရှင်ထဲကလို အဆင့်မြင့်ဖုတ်ကောင်တွေ ပေါ်လာမှာကိုပဲ။”
“အဆင့်မြင့်ဇွန်ဘီးတွေလား။”
ရှောင်းယီက မျက်မှောင်ကြုတ်လိုက်မိ၏။
“အဲ့ဒါက ဖြစ်နိုင်ခြေ ရှိတယ်။”
ထိုအချက်ကို တွေးမိသည်နှင့် ရှောင်းယီသည် သူ၏ အိမ်မွေးတိရစ္ဆာန်များကို စာချုပ်စွမ်းအားဖြင့် အသိပေးလိုက်ပြီး ကျွန်းခွဲအသီးသီး၏ ရှေ့တန်းများသို့ သွားရောက် စောင့်ကြည့်ခိုင်းလိုက်သည်။ ဤသို့ဖြင့် အဆင့်မြင့် မသေမျိုးများ ပေါ်လာလျှင်ပင် သူတို့ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ကိုင်တွယ်နိုင်စွမ်းမရှိလျှင်ပင် စစ်ကူမရောက်မချင်း ခုခံထားနိုင်မည် ဖြစ်သည်။
စွန်းကုထောင်နှင့် လမ်းခွဲပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ တိုက်ရိုက်ပြန်လာပြီး ယီထျန်းဂရုထဲတွင် မေးလိုက်သည်။
“လူတိုင်းပဲ... နေ့ဘက်မှာ ဗုံးကြဲတာက သန်းခေါင်ကျော်သွားရင် ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကို မလျှော့ချနိုင်ဘူးလို့ ခံစားရလား။”
“အဲ့လိုပဲ ထင်ရတယ်။ ညဦးပိုင်းမှာတော့ တော်တော်လေး သက်သာသလို ခံစားရပေမဲ့ သန်းခေါင်ကျော်တာနဲ့ ခံစစ်စည်းပေါ်က ဖိအားက အရမ်း များလာတယ်။”
“ဒါက လေကြောင်းတပ်ဖွဲ့တွေပါ ထပ်တိုးလာလို့ ဖိအားများတာ မဟုတ်ဘူးလား။”
“အဲ့ဒါကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေမဲ့ လူတိုင်းမှာ လေကြောင်းတပ်ဖွဲ့အတွက် သီးသန့်တပ်ဖွဲ့တွေ ရှိကြတာပဲလေ။ မြေပြင်ခံစစ်အဖွဲ့တွေကို မေးကြည့်လိုက်ရင် သိသာပါတယ်။”
“တကယ်ပဲ အဲ့လိုဖြစ်နေတယ်။ ကျုပ်က ဝေဟင်တပ်ဖွဲ့တွေကြောင့်လို့ပဲ အမြဲထင်နေတာ။ အခု ပြန်စဉ်းစားကြည့်တော့ အဲ့လို မဟုတ်လောက်ဘူး။”
“သူဌေးကြီး... ဒါက ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့ နေ့ဘက်မှာ ဗုံးကြဲတာက အလဟဿ ဖြစ်သွားတာလား။”
“မဟုတ်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက အနည်းဆုံးတော့ ညဦးပိုင်း တိုက်ခိုက်မှု အရှိန်အဟုန်ကို လျှော့ချပေးနိုင်တယ်။”
“မှန်တယ်။ အနည်းဆုံးတော့ ညဦးပိုင်းမှာ သိပ်ပြီး တင်းမာနေစရာ မလိုတော့ဘူး။”
“အင်း... ဒါပေမဲ့ ဘာလို့ သန်းခေါင်ကျော်ရင် တိုက်ခိုက်မှုက ပြန်ပြင်းထန်လာရတာလဲ။”
“သူတို့က အသစ်ပြန်ဖြစ်လာတာကြောင့်လား မသိဘူး။ ငါတို့ကျွန်းတွေလိုပေါ့။ တစ်ခုခု ရှိနေရင် ပြန်မပေါ်ဘူး။ မရှိတော့ရင် ပြန်ပေါ်လာသလိုမျိုးလေ။”
“အဲ့လိုပြောလိုက်တော့လည်း အခြေအနေက အဲ့လိုပဲ ဖြစ်နေတာပဲ။”
“အမ်... ဒါဆို မသေမျိုးကျွန်းတွေမှာလည်း ငါတို့လို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှိနေတာလား။”
“သူတို့ကျွန်းတွေကလည်း အုတ်မြစ်ကျောက်ကျွန်းတွေ ဖြစ်နိုင်မလား။”
“မဖြစ်နိုင်တာ။ အရင်က ဖြစ်ခဲ့ရင်တောင် အခုတော့ မဟုတ်တော့ဘူး။ အဲ့ဒီ သေခြင်းစွမ်းအင်တွေ စိမ့်ဝင်သွားရင် ငါတို့ရဲ့ အုတ်မြစ်ကျောက်တွေ ပျောက်ကွယ်သွားတာပဲလေ။ သူတို့ကျွန်းရဲ့ ကျောက်တိုင်တွေလည်း ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားလောက်ပြီ။”
“ဒါဆိုရင် ဒီလို အသစ်ပြန်ဖြစ်လာတဲ့ ပုံစံကို ဘယ်လို ရှင်းပြမှာလဲ။”
“ဟေ့လူ... ဒီကမ္ဘာမှာ ရှင်းပြချက် လိုသေးလို့လား။ ဒါဆိုရင် ငါတို့ကို ဘာလို့ ဒီကို ဆွဲခေါ်လာတာလဲဆိုတာနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘယ်လို အလုပ်လုပ်လဲဆိုတာ ခင်ဗျား ရှင်းပြနိုင်လား။”
“အေးပါ... ဟုတ်ပါတယ်။ မင်းနိုင်ပါတယ်။ ဒီကမ္ဘာကြီးက သူလုပ်ချင်တာ လုပ်နေတာပဲ။ ဘာရှင်းပြချက်မှ မလိုဘူး။”
***