အကြီးအကဲ ချင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းနေရပြီ ဖြစ်သည်။
ထိုစဉ်မှာပင် အဆင့် ၃ မသေမျိုးတစ်ဦးမှာ အလွန်ပင် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် လျှောက်လာပြီး
"ဟေ့ လူအိုကြီး ချင်... ကျုပ်ကို အဆင့် ၄ နတ်ဆေးပင်တစ်ပင် လဲပေးစမ်းဗျာ၊ ကျုပ် မသေမျိုးအရှင်အဆင့်ကို တက်လှမ်းတော့မယ် "
လင်းတုန်း၏ မျက်နှာပေါ်မှ ဝမ်းသာအားရ ဖြစ်နေမှုမှာ အတိုင်းအသား ပေါ်လွင်နေပြီး ထိုကိစ္စကို ဖုံးကွယ်ထားရန်ပင် မကြိုးစားတော့ပေ။
ဝူရှန့်ငရဲ ခရီးစဉ်အပြီးတွင် သူသည် နောက်ဆုံး၌ ဂုဏ်ထူးရမှတ်များ ပြည့်စုံသွားခဲ့ပြီး အဆင့် ၄ နတ်ဆေးပင်ကို လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူသားလောက နယ်မြေကိုးခုတွင် အဆင့် ၄ မသေမျိုးကို မသေမျိုးအရှင် ဟု ခေါ်ဝေါ်ကြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။
၎င်း၏ စွမ်းအားမှာ အရည်အသွေးပိုင်းအရ သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်ရာ အဆင့် ၆ မှ အဆင့် ၇ သို့ တက်လှမ်းခြင်းနှင့် ဆင်တူလှသည်။
အကယ်၍ အဆင့် ၄ မသေမျိုး ဖြစ်သွားပါက လင်းတုန်းအနေဖြင့် အဆက်အသွယ်များကို အသုံးပြု၍ အမာခံတပည့် တစ်ဦးဦး၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့ ထဲသို့ ဝင်ရောက်နိုင်ရန် အခွင့်အရေး ရှိသွားမည် ဖြစ်သည်။
ဤသည်မှာ နံပါတ် ၄၃၂ နယ်မြေစခန်းတွင် သောင်တင်နေခြင်းထက် များစွာ ပို၍ အလားအလာ ကောင်းလှပေသည်။
"မိတ်ဆွ လင်း... မင်း ဂုဏ်ထူးရမှတ်တွေ ပြည့်သွားပြီလား? မလွယ်ပါလားဗျာ၊ ဒါပေမဲ့ မင်း အဆင့် ၄ နတ်ဆေးပင် လဲဖို့ကတော့ ခဏလောက် စောင့်ရဦးမယ်"
အကြီးအကဲ ချင်က ပျက်ယွင်းနေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
လင်းတုန်းမှာ မှင်သက်သွားပြီး
"ဘာဖြစ်လို့လဲ"
ဘေးနားရှိ အဆင့် ၂ မသေမျိုးက သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့်လေသံဖြင့်
"အပြင်စည်း ကျင့်ကြံသူ တစ်ယောက်က အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ ကို လဲဖို့ လုပ်နေလို့ အကြီးအကဲ ချင် ဒေါသထွက်နေတာဗျ"
ဟု ဆိုကာ လင်းတုန်းကို မနာလိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝါရင့်သူ ဖြစ်ရခြင်းမှာ ကောင်းလှပေသည်၊ မကြာခင်မှာပင် အဆင့် ၄ သို့ တက်လှမ်းတော့မည် ဖြစ်သည်။
မိမိမှာမူ ထိုအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
"ဒါက ဘာဖြစ်လို့လဲ၊ ဟေ့ လူအိုကြီး ချင်... ကျုပ် ပြောရဦးမယ်၊ သူတို့ ဘာလဲလဲ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားကတော့ အလကားနေရင်း တခြားသူ့ကိစ္စကို လိုက်ပူနေတာပဲ"
လင်းတုန်းက ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်သော်လည်း ချက်ချင်းပင် အသိဝင်လာပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ လား ငါမှတ်မိသလောက်ဆိုရင် အဲဒီလို အမှိုက်မျိုးက တစ်တုံးကို ဂုဏ်ထူးရမှတ် ၃၀ တောင် ပေးရတာ မဟုတ်လား ဒီလို အသုံးမကျတဲ့ အရာတွေကို တကယ်ပဲ လဲတဲ့သူ ရှိတာလား "
"အဲဒါကြောင့် ငါ ဒေါသထွက်နေတာပေါ့ ဂုဏ်ထူးဆောင်နန်းတော်ထဲက အရာအားလုံးဟာ လူတိုင်းရဲ့ သွေးနဲ့ချွေးတွေနဲ့ ရင်းပြီး ရှာဖွေထားရတာတွေပဲ။ ငါကတော့ လူတိုင်းကို ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေ လဲစေချင်တယ်၊ ကျင့်ကြံမှု အဆင့်ကို ကောင်းကောင်း တိုးတက်စေပြီး ကျွယ်မင်နန်းတော်ကို ဆက်လက် အင်အားကြီးထွားစေချင်တာ။ အခုတော့ တစ်ယောက်ယောက်က အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး အတုံး ၂၀ တိတိ လဲမယ်ဆိုတာ ဘယ်လိုကိစ္စမျိုးလဲ ဒါဟာ ဖြုန်းတီးမှုပဲ "
အကြီးအကဲ ချင်၏ မျက်နှာမှာ ဖြူလျော့နေတော့သည်။
"မဟုတ်ဘူးလေ... အဲဒါ ဘယ်သူလဲ ခင်ဗျား လူတစ်ဖက်သားကိုတော့ အလွယ်တကူ သွားမစော်ကားနဲ့ဦး။ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ ဆိုရင် ဂုဏ်ထူးရမှတ် ၆၀၀ တောင် လိုတာ။ ဒီလောက် ဂုဏ်ထူးရမှတ်မျိုး ထုတ်ပေးနိုင်တဲ့သူဆိုတာ ကျွယ်မင်ကြယ်ပေါ်မှာတောင် သိပ်မရှိတော့ဘူး မဟုတ်လား အဲဒါကိုမှ ဝိညာဉ်ကျောက်တုံးနဲ့ လဲတယ်ဆိုတာ..."
လင်းတုန်းက အသံကို နှိမ့်၍
"အမာခံတပည့် တစ်ယောက်ယောက်လား အကယ်လို့ အဲဒါ အမာခံတပည့်သာ ဖြစ်နေရင် ခင်ဗျား ဝင်မပါနဲ့၊ ဒီလို အမူအရာမျိုးလည်း မပြနဲ့ဦး၊ နောင်ကျရင် အကောက်ကြံခံရလိမ့်မယ်"
"အမာခံတပည့် မဟုတ်ပါဘူး၊ အကယ်လို့ အမာခံတပည့်သာ ဆိုရင် ငါ မျက်မှောင်တောင် ကြုတ်မှာ မဟုတ်ဘူး။ အမာခံတပည့်တွေက ဒီလောက် ဂုဏ်ထူးရမှတ်မျိုးကို ရှားပါးနေမှာ မဟုတ်ဘူးလေ"
အကြီးအကဲ ချင်မှာ နောက်ဆုံးတွင် အသက်ရှူပြန်မှန်သွားပြီး အနည်းငယ် တည်ငြိမ်သွားသည်။
"သူက လူငယ်လေးတစ်ယောက်ပါ၊ အရင်က ဝူရှန့်ငရဲမှာ ကံကောင်းပြီး နတ်ဆေးပင်တွေ အများကြီး ရခဲ့တာ။ မသေမျိုးကျောက်တုံးတင် ၁၆၀၀ ကျော် ရခဲ့ပြီး ဂုဏ်ထူးရမှတ်တွေလည်း ရာနဲ့ချီ ရခဲ့တာလေ။ ပြီးခဲ့တဲ့ အခေါက်က အဆင့် ၁ နတ်ဆေးပင်ကို လဲသွားပြီး အခုတော့ အဆင့် ၁ မသေမျိုး ဖြစ်နေပြီ။ ပြင်ပကျင့်ကြံသူတွေထဲမှာတော့ လူငယ်ပါရမီရှင်လို့ ပြောလို့ရပေမဲ့၊ ဘယ်သူက သိမှာလဲ... ဒီလို အကျင့်ဆိုးမျိုး ပါလာလိမ့်မယ်လို့ "
လင်းတုန်းမှာ နားထောင်ရင်းနှင့် အခြေအနေမှာ တစ်ခုခု မှားနေသကဲ့သို့ ခံစားလိုက်ရသည်။
သူ တစ်စုံတစ်ခုကို သတိရသွားပြီး မှင်သက်စွာ မေးလိုက်သည်။
"နေပါဦး... ခင်ဗျား ပြောနေတဲ့သူက မျိုးရိုး ဖန့် လား "
"အင်း ခင်ဗျား ဘယ်လို သိတာလဲ"
အကြီးအကဲ ချင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
လင်းတုန်းမှာ စိတ်ပူသွားပြီး
"ဒါ ကျုပ် အပြင်မှာ လက်ခံထားတဲ့ တပည့်ပဲဗျ သူ အခု ဘယ်မှာလဲ ကျုပ်ဆီ ခေါ်သွားပေးပါဦး အခွင့်အရေး ကောင်းကောင်းရနေတာကို ဘာလို့ ဒီလိုမျိုး ဖြုန်းတီးနေရတာလဲ "
လူတိုင်းမှာ အံ့အားသင့်သွားကြရသည်။
ထိုသူမှာ လင်းတုန်း၏ တပည့် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"ငါ့နောက်ကို လိုက်ခဲ့"
အကြီးအကဲ ချင်က အေးစက်စွာ ပြုံးလိုက်သည်
"ခင်ဗျားကတော့ ဆရာကောင်း ပီသပါပေတယ်၊ တစ်ဖက်လူရဲ့ အလားအလာကို မြင်လို့ အရင်ဆုံး ရင်းနှီးမြှုပ်နှံထားတာလား အသုံးဝင်တာကျတော့ မသင်ပေးဘဲ ကိုယ်ကျိုးအတွက်ပဲ ကြည့်နေတာလား"
ပြောပြီးသည်နှင့် သူသည် လူအုပ်ကို ဦးဆောင်ကာ ဖန့်ချန် ရှိရာသို့ လျှောက်သွားတော့သည်။
အဆင့် ၃ နတ်ဆေးပင် လဲရန် ပြင်နေသော အဆင့် ၂ မသေမျိုးသည်လည်း စပ်စုချင်သော စိတ်ဖြင့် လိုက်ပါသွားလေတော့သည်။
ဖန့်ချန်မှာ အခန်းငယ်လေးထဲတွင် အတော်ကြာအောင် စောင့်နေသော်လည်း တစ်ဖက်လူ ပြန်မလာသဖြင့် ထွက်၍ ကြည့်ရန် ပြင်လိုက်သည်။
သူ ထလိုက်သည်နှင့် တံခါးမှာ ပွင့်သွားပြီး လူအုပ်ကြီးမှာ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်လာကြသည်။
"ဆရာ"
ဖန့်ချန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
လင်းတုန်းသည်လည်း အကြီးအကဲ ချင်၏ နောက်တွင် ပါလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လင်းတုန်း၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေပြီး အကြီးအကဲ ချင်က စကားမပြောသဖြင့် သူကပင် ခပ်အေးအေး စပြောလိုက်သည်
"ငါ ဒီတစ်ခါ အဆင့် ၄ နတ်ဆေးပင် လဲဖို့ လာတာ"
သူသည် ခဏမျှ ရပ်တန့်ပြီးမှ
"မင်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေ လဲမယ်ဆိုတာ ငါ ကြားတယ်၊ ဘာလုပ်ဖို့လဲ "
"အထဲမှာရှိတဲ့ ရှေးဟောင်းဝိညာဉ်စွမ်းအားတွေကို လေ့လာကြည့်မလို့ပါ"
ဖန့်ချန်က ဖြေလိုက်သည်။
"မင်း... မင်း..."
လင်းတုန်းမှာ ဒေါသကြောင့် အသက်ပင် ထွက်ချင်နေပြီ ဖြစ်သည်
"ဒီလိုအရာတွေဟာ အလုပ်မရှိ အလုပ်ရှာပြီး စိတ်ဓာတ်ပျက်ပြားစေတာပဲ။ မင်း လေ့လာချင်တယ်ဆိုရင်လည်း အပြင်မှာ အတုံးအနည်းငယ် ဝယ်ပြီး ကစားလို့ ရတာပဲ၊ ဘာလို့ ဂုဏ်ထူးရမှတ်တွေနဲ့ သွားလဲရတာလဲ ဂုဏ်ထူးရမှတ် ၆၀၀ ဆိုတာ ဘာကို ကိုယ်စားပြုလဲဆိုတာ မင်း သိရဲ့လား "
"အဆင့် ၃ နတ်ဆေးပင် တစ်ပင်ကို ကိုယ်စားပြုတာပေါ့"
ဘေးမှ အဆင့် ၂ မသေမျိုးကလည်း ဝင်၍ ထောက်ခံလိုက်သည်
"မင်း ဒီလူကြီးတွေကို မင်းအတွက် လိုက်ပြီး ပူပန်အောင် မလုပ်ပါနဲ့တော့။ မင်းမှာ ဒီလောက် ဂုဏ်ထူးရမှတ်တွေ ရှိနေတာကို လျှောက်မသုံးဘဲ သိမ်းထားလိုက်ပါ။ နောက်ကျရင် အဆင့် ၂ ကို တက်လှမ်းဖို့ နတ်ဆေးပင် မလိုဘူးလား အဆင့် ၃ ကို တက်ဖို့ နတ်ဆေးပင် မလိုဘူးလား "
"မင်းဆရာ ပြောတာကို ကြားတယ် မဟုတ်လား မင်း အခုထိ ဝိညာဉ်ကျောက်တုံးတွေ လဲချင်သေးတာလား "
အကြီးအကဲ ချင်က ခပ်အေးအေး မေးလိုက်သည်။
ဖန့်ချန်သည် ခဏမျှ သေချာ စဉ်းစားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
"လဲပါ့မယ်"
"..."
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
အကြီးအကဲ ချင်က လင်းတုန်းကို ကြည့်ကာ ပြုံးလိုက်သည်
"ခင်ဗျားကတော့ တပည့်ကောင်းလေးကို ပြိုးထောင်ထားနိုင်တာပဲ"
"ကျုပ်..."
လင်းတုန်းသည်လည်း ဘာပြောရမည်မှန်း မသိတော့ပေ။
ဂုဏ်ထူးရမှတ်မှာ သူတစ်ပါး၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်သဖြင့် အခြားသူ ဘာလဲမည်ကို သူလည်း ကန့်သတ်ပိုင်ခွင့် မရှိပေ။
သို့သော် ဂုဏ်ထူးရမှတ် ၆၀၀ ဖြင့် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ လဲခြင်းမှာ အမှန်တကယ်ပင် ဖြုန်းတီးလွန်းလှသည်။
သူသည် ထပ်မံ၍ ဖျောင်းဖျရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက် ရောက်ရှိလာသည်။
"အကြီးအကဲ ချင်... အားလုံး ဒီမှာ ရှိနေကြတာလား"
ရောက်လာသူမှာ ကျိထျန်းကျွင်း ပင် ဖြစ်သည်။ သူသည် ပြုံးရွှင်စွာဖြင့်
"ကျုပ်လည်း ပစ္စည်းလေးအချို့ လဲမလို့ပါ..."
သူသည် မရည်ရွယ်သလိုဖြင့် ဖန့်ချန်ကို ကြည့်လိုက်ပြီး အံ့အားသင့်ဟန် ပြုလိုက်သည်။
"ဖန့်အမာခံတပည့် .. ခင်ဗျားလည်း ဒီမှာ ရှိနေတာလား "
ဒီလူကတော့ တမင်တကာ လာတာပဲ ဖြစ်ရမယ်
ဖန့်ချန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကျိမိတ်ဆွေ"
"ဖန့်အမာခံတပည့် "
အကြီးအကဲ ချင်က ကျိထျန်းကျွင်းကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။
"မင်း ခုနက ဘာတွေ လျှောက်ပြောနေတာလဲ"
သူသည် ကျိထျန်းကျွင်းကို သိသည်။
သူက ကျိရှန့်၏ ညီအစ်ကို ဖြစ်ပြီး ကျိရှန့်၏ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။
ကျွယ်မင်ကြယ်ပေါ်တွင် မည်သည့် အဖွဲ့ထဲတွင်မျှ မပါဝင်သော ပြင်ပကျင့်ကြံသူများစွာ ရှိသည်။
သူတို့ ဤနေရာတွင် ရှိနေရသည့် အကြောင်းရင်းမှာ ရိုးရှင်းလှသည်၊ ပါရမီ ကောင်းမွန်ပြီး အလုပ်လုပ်ရာတွင် စနစ်ကျသဖြင့် ထိုနေရာတွင် အထွေထွေကိစ္စရပ်များကို တာဝန်ယူရန် ခေါ်ဆောင်ခံထားရသူများ ဖြစ်သည်။
အကယ်၍ နယ်မြေချဲ့ထွင်ရေးအဖွဲ့တစ်ခုခုတွင် ပါဝင်နိုင်ပြီး အမာခံတပည့်နောက်သို့ လိုက်နိုင်ပါက ဂုဏ်သိက္ခာမှာ သိသိသာသာ တက်လှမ်းသွားမည် ဖြစ်သလို အခြားသူများ၏ လေးစားမှုကိုလည်း ရရှိနိုင်ပေသည်။
"အားလုံး သတင်းမရသေးတာကတော့ သဘာဝကျပါတယ်။ မကြာခင်လေးကတင် ဖန့်အမာခံတပည့်ဟာ စစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အမာခံတပည့် ဖြစ်သွားပါပြီ။ သူ့ရဲ့ နဂါးနက်လှေ တည်ဆောက်ပြီးသွားရင်တော့ အကြီးကဲအဖွဲ့ ကနေ တရားဝင် အကြောင်းကြားစာ ထွက်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်"
ကျိထျန်းကျွင်းက ပြုံး၍ ပြောလိုက်သည်။
လင်းတုန်းမှာ ကြောင်အသွားတော့သည်။
ဟိုဘက်မှ အဆင့် ၂ မသေမျိုးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် ပြန်ပိတ်ကာ ဘာမှ ထပ်မပြောဝံ့တော့ပေ။
အကြီးအကဲ ချင်မှာ အတော်ကြာမှပင် အသိဝင်လာပြီး ဖန့်ချန်ကို မယုံကြည်နိုင်လောက်အောင် ကြည့်လိုက်သည်။
"မင်း... မင်းက အမာခံတပည့် ဖြစ်သွားပြီလား "
"ဟုတ်ပါတယ်၊ ဒါပေမဲ့ နဂါးနက်လှေ တော့ မရသေးပါဘူး"
"ဒါပေမဲ့... မင်း စစ်ဆေးမှု လျှောက်ထားဖို့ လိုအပ်တဲ့ ဂုဏ်ထူးရမှတ်က..."
"ပြီးခဲ့တဲ့ အခေါက်က စီနီယာအစ်မကြီးရဲ့ ကိစ္စမှာ ကျနော်လည်း ပါဝင်ခဲ့တာကြောင့် စီနီယာအစ်မကြီးရဲ့ နောက်ကနေ ဂုဏ်ထူးရမှတ် အတော်လေး ရခဲ့ပါတယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
အကြီးအကဲ ချင်မှာ ချက်ချင်းပင် သဘောပေါက်သွားပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ထူးဆန်းသွားတော့သည်။
လင်းတုန်းသည်လည်း အသိပြန်ဝင်လာသော်လည်း မယုံကြည်နိုင်မှုများ ရှိနေဆဲ ဖြစ်သည်။
သူသည် အပြင်လောကတွင် ဝတ်ကျေတမ်းကျေ လက်ခံခဲ့သော တပည့်မှာ ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်သွားခဲ့ပြီလား။
ထိုသို့ဆိုလျှင် သူသည် မည်သည့် နယ်မြေချဲ့ထွင်ရေးအဖွဲ့ကို လိုက်ရှာနေဦးမည်နည်း၊ သူ၏ တပည့်အတွက် တိုက်ရိုက် အလုပ်လုပ်ပေးလိုက်လျှင် မပြီးဘူးလား။
ဤသို့ တွေးမိသည်နှင့် လင်းတုန်းမှာ ရုတ်တရက် အကြီးအကဲ ချင်၏ ပခုံးကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်ပြီး
"ဟေ့ လူအိုကြီး ချင်... ကျုပ် ပြောသားပဲ၊ ခင်ဗျားကတော့ အလကားနေရင်း တခြားသူ့ကိစ္စကို လိုက်ပူနေတာပဲလို့။ ဖန့်အမာခံတပည့် ဘာလဲလဲ... ခင်ဗျားနဲ့ ဘာဆိုင်လို့လဲဗျ "
***