အကြီးအကဲ ချင်မှာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရှာသည်။
သူသည် ခါးသက်သက် အပြုံးဖြင့် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ ကို ဖန့်ချန်အား လဲပေးလိုက်ပြီးနောက် ဖန့်ချန်၏ ကျောက်စိမ်းပြားပေါ်မှ ဂုဏ်ထူးရမှတ် ၆၀၀ ကို နှုတ်ယူလိုက်လေသည်။
ထိုအဆင့် ၂ မသေမျိုးမှာလည်း ကြည့်ရင်းနှင့်ပင် နှမြောတသ ဖြစ်နေမိသည်။
ဂုဏ်ထူးရမှတ် ၆၀၀ ဆိုသည်မှာ အဆင့် ၃ နတ်ဆေးပင်တစ်ပင်နှင့် လဲလှယ်နိုင်သည့် ပမာဏဖြစ်ပါလျက် တစ်ဖက်လူကမူ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ၂၀ နှင့်သာ လဲလှယ်လိုက်လေသည်။
သို့သော်လည်း သူသည် ယခုအခါ စကားတစ်ခွန်းပင် ဟဝံ့ခြင်း မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ အမာခံတပည့် ဖြစ်နေသောကြောင့်ပင်။
သူ၏ အဆင့်အတန်းမှာ ဤနေရာရှိ မည်သူ့ထက်မဆို များစွာ မြင့်မားလွန်းလှသည်။
အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် အကြီးအကဲ ချင်၏ မျက်နှာတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ဖန့်ချန် မြင်လိုက်ရသဖြင့် ပြုံး၍ ဆိုလိုက်သည်။
"အကြီးအကဲ ချင်ရဲ့ စေတနာကို ကျနော် ခံစားမိပါတယ်၊ ဒါပေမဲ့ ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို တခြားနေရာမှာ အသုံးချဖို့ ရှိလို့ပါ၊ အလုပ်မရှိ အလုပ်ရှာပြီး စိတ်ဓာတ်ပျက်ပြားနေတာမျိုး မဟုတ်ပါဘူး၊ အကြီးအကဲ ချင်အနေနဲ့ အထင်မလွဲပါနဲ့ဦး"
အကြီးအကဲ ချင်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် မျက်နှာပေါ်ရှိ ရှက်ရွံ့မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ ဝမ်းသာအားရ ပြုံးလိုက်တော့သည်။
ထိုဝိညာဉ်ကျောက်တုံးများကို တကယ်ပဲ တခြားနေရာမှာ အသုံးချဖို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖန့်ချန်၏ ဆက်ဆံပုံမှာ လူတစ်ဦးကို နွေဦးလေညင်း ခံစားရသကဲ့သို့ စိတ်ချမ်းမြေ့စေပြီး နွေးထွေးမှုကို ပေးစွမ်းနိုင်ပေသည်။
"ဟေ့ လူအိုကြီး ချင်... ကျုပ်ရဲ့ နတ်ဆေးပင်လေးကိုလည်း မြန်မြန်လဲပေးဦးဗျ"
လင်းတုန်းက ဆိုသည်။
အကြီးအကဲ ချင်က လင်းတုန်း လဲလှယ်လိုသော နတ်ဆေးပင်ကို သေချာမေးမြန်းပြီးနောက် တိုက်ရိုက်ပင် ပြောလိုက်သည်။
"မင်းရဲ့ နတ်ဆေးပင်ကတော့ တန်းစီရဦးမယ်၊ ရှေ့မှာ လူနှစ်ယောက် ရှိသေးတယ်၊ ခန့်မှန်းရရင်တော့ ဒီနှစ်အနည်းငယ်အတွင်းမှာပဲ ရလိမ့်မယ်"
"ရပါတယ်၊ နှစ်အနည်းငယ်ဆိုတာ သိပ်မကြာပါဘူး"
လင်းတုန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး အကြီးအကဲ ချင်ကို သူ၏ ဂုဏ်ထူးရမှတ်များ နှုတ်ယူရန် ခွင့်ပြုလိုက်သည်။
"ဖန့်အမာခံတပည့်... ကျုပ်လည်း တခြားကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦးဗျာ"
ကျိထျန်းကျွင်းက ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
သူသည် ဂုဏ်ထူးဆောင်နန်းတော်မှ ထွက်လာပြီးနောက်တွင်မူ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
ယခုအခါ ဤပုဂ္ဂိုလ်မှာ အမာခံတပည့် ဖြစ်သွားပြီဖြစ်ရာ သူ့ကို ရှင်းပစ်ရန် မဖြစ်နိုင်တော့ပေ။
သူသည် ဟုန်လျန်မင်းသမီးလေး အနားတွင် ရှိနေသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့။
"မင်းသမီးလေးက ဘာကို သိထားလို့လဲ ဘာဖြစ်လို့ ဒီလူငယ်ကို ဒီလောက်အထိ အရေးတယူ လုပ်နေရတာလဲ၊ ပြီးတော့ ဒီလူငယ်ကလည်း တကယ်ပဲ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အမာခံတပည့် ဖြစ်သွားခဲ့တယ်"
သံသယများစွာဖြင့် ကျိထျန်းကျွင်းမှာ ခပ်သွက်သွက်ပင် ထွက်ခွာသွားတော့သည်။
ဒီတစ်ခေါက်တော့ တစ်ဖက်လူနှင့် မျက်မှန်းတန်းမိသွားပြီဖြစ်ရာ နောက်တစ်ကြိမ်တွေ့လျှင် စကားပြောရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။
အကြီးအကဲ ချင်နှင့် အခြားသူများမှာ အခန်းထဲမှ ထွက်ခွာသွားကြပြီး လင်းတုန်းနှင့် ဖန့်ချန်တို့ စကားပြောနိုင်ရန် နေရာပေးခဲ့ကြသည်။
"မထင်ထားခဲ့ဘူးပဲ... ငါ လင်းတုန်းတစ်ယောက် ကျွယ်မင်နန်းတော်မှာ ဒီလောက်နှစ်အတော်ကြာအောင် ရုန်းကန်ခဲ့ရပေမဲ့၊ ဝတ်ကျေတမ်းကျေ လက်ခံခဲ့တဲ့ တပည့်လေးကတော့ အမာခံတပည့် ဖြစ်သွားခဲ့ပြီ"
လင်းတုန်း၏ မျက်နှာတွင် သက်ပြင်းချသလို အမူအရာ ပေါ်လာပြီး ဖန့်ချန်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဖန့်အမာခံတပည့်... ကျုပ် ခင်ဗျားကို တပည့်အဖြစ် လက်ခံခဲ့တာက ခင်ဗျားရဲ့ ပါရမီကို သဘောကျလို့ပါ၊ အကြီးအကဲ ချင် ပြောသလိုပဲ ဒါဟာ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။ ခင်ဗျားကို ကျုပ်အနေနဲ့ ဘယ်လို ကျင့်စဉ် ဒါမှမဟုတ် အတတ်ပညာမှ သင်ပေးခဲ့တာ မရှိဘူး၊ ဆရာတပည့် ဆိုတဲ့ အမည်နာမတစ်ခုပဲ ရှိခဲ့တာပါ။ အခု ခင်ဗျားက အမာခံတပည့် ဖြစ်နေပြီဆိုတော့ ဒီအမည်နာမကတော့ အတည်မဖြစ်နိုင်တော့ပါဘူး"
ဖန့်ချန်က ပြုံး၍ ဆိုသည်
"အမည်နာမ သက်သက်ဆိုရင်တောင် ကျနော့်အပေါ်မှာ ကာကွယ်စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတော့ ရှိပါတယ်၊ တပည့်တစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမျိုး လျစ်လျူရှုနိုင်ပါ့မလဲ ဒီအမည်နာမက ဆက်ပြီး အတည်ဖြစ်နေမှာပါ၊ အကယ်လို့ ဆရာက အလိုမရှိဘူးဆိုရင်တော့ တပည့်အနေနဲ့ ဆရာ့စကားအတိုင်း နားထောင်ရမှာပေါ့"
လင်းတုန်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး ကျေနပ်အားရစွာ ခေါင်းတငြိမ့်ငြိမ့် လုပ်နေတော့သည်။
"တပည့်က အခု အမာခံတပည့် ဖြစ်သွားပြီဆိုတော့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်တွေကိုလည်း စုဆောင်းရတော့မယ်၊ ဆရာ့အနေနဲ့ရော အဖွဲ့ထဲ ဝင်ဖို့ ဆန္ဒရှိပါသလား "
ဖန့်ချန်က မေးလိုက်သည်။
ဒါကတော့ တကယ့်ကို အဆင်ပြေလှပေသည်။
လင်းတုန်းက ချက်ချင်းပင်
"ဒါပေါ့... ဆန္ဒရှိတာပေါ့"
"ဒါပေမဲ့..."
သူသည် ခဏမျှ ရပ်တန့်သွားပြီး ခါးသက်သက် ပြုံးလိုက်သည်။
"ကျုပ်က ဟိုအဆင့် ၄ နတ်ဆေးပင်ကို စောင့်ရဦးမယ်..."
"ကိစ္စမရှိပါဘူး၊ တပည့်ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့မှာ အဆင့် ၄ မသေမျိုး တစ်ယောက် ရှိနှင့်နေပါပြီ။ ဒီအတောအတွင်းမှာ ဆရာက ကျွယ်မင်ကြယ်ပေါ်မှာပဲ တံခါးပိတ်ကျင့်ကြံနေလိုက်ပါ၊ နောက်ကျရင် တပည့် အပြင်ထွက်ဖို့ လိုအပ်လာတဲ့အခါ နဂါးနက်လှေပေါ်မှာလည်း စောင့်ရှောက်ပေးမယ့်သူ ရှိပါတယ်"
ဖန့်ချန်က ဆိုသည်။
လင်းတုန်းမှာ စိတ်ထဲတွင် အလွန်ပင် အံ့ဩတသ ဖြစ်နေမိသည်။
အမာခံတပည့် ပါရမီရှင် ပီသပါပေသည်။
သူ့ထံသို့ လာရောက်ခိုလှုံသော အဆင့် ၄ မသေမျိုးပင် ရှိနေပြီဖြစ်ရာ၊ ထိုကျွယ်မင်နန်းတော်သို့ ရောက်ရှိလာသည်မှာ နှစ် ၁၀၀ ပင် မပြည့်သေးသော ဖန့်ချန်၏ စုဆောင်းမှုမှာ သူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရမှုထက်ပင် သာလွန်နေချေပြီ။
စကားအနည်းငယ် ပြောဆိုပြီးနောက် ဖန့်ချန်မှာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။
"အမာခံတပည့်တွေက ပြင်ပကျင့်ကြံသူတွေကို စစ်ဆေးမှု ခံယူစရာမလိုဘဲ စိတ်ကြိုက် စုဆောင်းနိုင်တာက တကယ့်ကို အဆင်ပြေတာပဲ"
ဖန့်ချန်သည် ဟွမ်ဝူကျီ တံခါးပိတ်ကျင့်ကြံနေသော ဂူဗိမာန်သို့ ရောက်လာသည်။
သူ စိတ်လှုပ်ရှားလိုက်သည်နှင့် ဖန့်ထျန်းဇွန်၊ ဖန့်ရွှမ်ရန် နှင့် ဖန့်လူသား ဟူသော ကိုယ်ပွားသုံးဦးမှာ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။
ဟွမ်ဝူကျိ မှာ စာရင်းသွင်းပြီးသား အပြင်စည်းကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့်၊ ဖန့်ချန်သည် ကိုယ်ပွားသုံးဦးကို ခေါ်ဆောင်ကာ သူတို့အတွက် စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို သွားရောက် ဆောင်ရွက်ပေးလိုက်သည်။
အမာခံတပည့် အဆင့်အတန်းကို ထုတ်ပြလိုက်ပြီးနောက်တွင် လုပ်ငန်းစဉ်အားလုံးမှာ အလွန်ပင် ချောမွေ့သွားခဲ့သည်။
မကြာမီမှာပင် ကိုယ်ပွားသုံးဦးမှာ တရားဝင် အဆင့်အတန်းများ ရရှိသွားခဲ့ပြီး နောင်တွင် ကျွယ်မင်နန်းတော်အတွင်း သွားလာရာ၌ မည်သည့် ပြဿနာမျှ ရှိတော့မည် မဟုတ်ပေ။
ထိုကိစ္စ ပြီးစီးသွားမှသာ ဖန့်ချန်သည် ထိုလေးဦးကို ခေါ်ဆောင်၍ ကြာနီနတ်မိမယ် တို့ရှိရာသို့ သွားခဲ့သည်။
"ဒီသုံးယောက်က ဘယ်သူတွေလဲ..."
ကြာနီနတ်မိမယ်သည် ဟွမ်ဝူကျိ မှာ ဖန့်ချန်၏ လူဖြစ်သည်ကို သိသော်လည်း ဖန့်ထျန်းဇွန်တို့ တစ်သိုက်ကိုမူ မမြင်ဖူးသေးပေ။
"နောင် ကျုပ်ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်တွေပါ"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
"ကျနော်တို့က ဟုန်အမာခံတပည့်ကို ဂါရဝပြုပါတယ်"
ဖန့်ထျန်းဇွန်က ဦးဆောင်၍ ကိုယ်ပွားသုံးဦးမှာ ပြိုင်တူပင် ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
လင်းယွမ် အပါအဝင် သုံးဦးမှာ ရုတ်တရက် စိုးရိမ်စိတ်များ ဝင်လာပြီး၊ အဆင့် ၁ မသေမျိုးအဖြစ်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် စိတ်ထဲတွင် ကျုံးဝါးလိုက်ကြသည်။
သို့မဟုတ်ပါက သူတို့ကဲ့သို့ ကျင့်ကြံမှု အဆင့်မျိုးနှင့် နယ်မြေကိုးခု နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲတွင် ပါဝင်နေခြင်းမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပေလိမ့်မည်။
ကြာနီနတ်မိမယ်၏ ကျင့်ကြံရာ နေရာသို့ ပြန်ရောက်သည့်အခါ ဖန့်ချန်က ဖန့်ထျန်းဇွန်အား အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများကို စတင် လေ့ကျင့်စုပ်ယူရန် ခိုင်းစေလိုက်သည်။
တာအိုသုံးထောင်နယ်မြေ အစွမ်း မရှိတော့သည့်အတွက် ဝိညာဉ်ကျောက်တုံးများကို လေ့ကျင့်စုပ်ယူရန် လိုအပ်သော အချိန်မှာ အတော်လေး ကြာမြင့်မည် ဖြစ်ရာ၊ ဖန့်ထျန်းဇွန်အနေဖြင့် အတော်ကြာအောင် ဤနေရာမှ ထွက်ခွာနိုင်မည် မဟုတ်ချေ။
ကျွယ်မင်နန်းတော်က စိတ်ဝိညာဥ်နယ်မြေ ရဲ့ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်တာတောင်၊ သူတို့ စုဆောင်းထားတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲမှာ အသုံးဝင်တာ ၂၀ ပဲ ရှိတယ်။
မဟာကောင်းကင်ဘုရင်ဆေးကျမ်း အတွက် လိုအပ်တဲ့ ရှေးဟောင်းဝိညာဉ်စွမ်းအား ၉၉ မျိုးကို စုံအောင် စုဆောင်းဖို့ဆိုတာ အချိန်အတော်ကြာမယ့် အလုပ်တစ်ခု ဖြစ်နိုင်တယ်...
ဖန့်ချန်သည် ဝိညာဉ်ကျောက်တုံးများကို စုပ်ယူနေသော ဖန့်ထျန်းဇွန်ကို ကြည့်ရင်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်မိသည်။
သို့သော်လည်း အကယ်၍ ယခုတစ်ခေါက် အမာခံတပည့်အဖြစ် ရာထူးမတိုးခဲ့ပါက ရှေးဟောင်းဝိညာဉ်စွမ်းအား ၉၉ မျိုး စုဆောင်းရန် အချိန်မှာ ယခုထက် များစွာ ပို၍ ကြာမြင့်နိုင်ပေသည်။
နောင်တွင် အချိန်အနည်းငယ် ပိုပေးရသော်လည်း ထိုက်တန်လှပေသည်၊ အဘယ်ကြောင့်ဆိုသော် မဟာကောင်းကင်ဘုရင်ဆေးကျမ်း၏ အထွတ်အထိပ်မှာ အဆင့် ၉ အထိ ဖြစ်နိုင်သောကြောင့်ပင်။
ယနေ့ခေတ် ကာလတွင် မသေမျိုးလမ်းစဉ် တစ်ခုစီ၌ အဆင့် ၉ မသေမျိုး တစ်ဦးတည်းသာ ရှိနိုင်သော်လည်း၊ ဖန့်ထျန်းဇွန်ဟူသော ထိုကိုယ်ပွားမှာ ထိုစနစ်ပြင်ပသို့ ထွက်ခွာနေခြင်းနှင့် တူလှသည်။
အကယ်၍ အဆင့် ၉ သို့ အမှန်တကယ် ရောက်ရှိနိုင်မည်ဆိုလျှင် မည်မျှပင် ပေးဆပ်ရပါစေ ထိုက်တန်လှပေသည်။
ဤသို့ တွေးမိသည်နှင့် ဖန့်ချန်၏ အကြည့်မှာ သန်မာထွားကျိုင်းသော ဖန့်ရွှမ်ယန် ဆီသို့ ရောက်သွားသည်။
သူသည် ရွှမ်ယန် စတုတ္ထအဆင့် အတွက် လိုအပ်သော လျှို့ဝှက်ဆေးရည်သာ ရရှိပါက ထိုမသေမျိုးအတတ်ပညာကို ပြည့်စုံအောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။
သို့သော် သူ၏ အမြင့်ဆုံးအဆင့်မှာ အနည်းငယ် နိမ့်ပါးနေပြီး အဆင့် ၂ သို့မဟုတ် အဆင့် ၃ မသေမျိုးအဆင့်အထိသာ ရောက်ရှိနိုင်ပေလိမ့်မည်။
ထို့နောက် အေးဆေးတည်ငြိမ်သော မျက်နှာထားရှိသည့် ဖန့်လူသား ကို ကြည့်လိုက်ရာ၊ သူကမူ အနည်းငယ် ထူးခြားလှသည်။
သူသည် လူသားလောက၏ မသေမျိုးဆန္ဒများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ ဝမ်ချွမ်းမြစ် အတွင်း မရေမတွက်နိုင်သော သံသရာများကို ဖြတ်သန်းပြီးမှ နောက်ဆုံးတွင် ပုံပေါ်လာခြင်း ဖြစ်သည်။
သူ၏ အလားအလာမှာ ဖန့်ရွှမ်ရန်တို့ထက် သာလွန်မည်မှာ သေချာလှပြီး ဖန့်ထျန်းဇွန်၊ ဖန့်ဝူရှီး နှင့် ဖန့်ယိန့်ကွမ်း တို့ပင်လျှင် ဖန့်လူသား ၏ ပါရမီကို ယှဉ်နိုင်မည် မဟုတ်ပေ။
"အကယ်လို့ အဲဒီတုန်းက အသုံးချခဲ့တာက လူသားလောက သာ ဖြစ်ခဲ့ရင်၊ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားတဲ့ စီနီယာအစ်မကြီးဟာ တိုက်ပွဲမစခင်ကတည်းက ရှုံးနိမ့်သွားလောက်ပြီ"
ဖန့်ချန်က တစ်ဦးတည်း ရေရွတ်လိုက်ပြီးနောက် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
ခြောက်လခန့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဤအတောအတွင်း ဖန့်ချန်သည် ကိုယ်ပွားအသီးသီးထံမှ သတင်းစကားအချို့ကို လက်ခံရရှိခဲ့သည်။
သူတို့၏ ကျင့်ကြံမှုအဆင့်မှာ အလွန်အမင်း တိုးတက်မလာသော်လည်း အားလုံးကို ပေါင်းစည်းလိုက်သည့်အခါ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအင်မှာ အတိုင်းအတာတစ်ခုအထိ တိုးပွားလာခဲ့သည်။
တစ်နေ့တွင် တိုက်ပွဲတစ်ရာမသေမျိုး သည် ကိုယ်တိုင်ကိုယ်ကျ ထပ်မံရောက်ရှိလာပြီး ဖန့်ချန်ကို ကျွယ်မင်နန်းတော်သို့ ခေါ်ဆောင်သွားကာ စီနီယာအစ်မကြီးနှင့် အကြီးကဲ ချန် တို့နှင့် တွေ့ဆုံပေးခဲ့သည်။
"ဒါက မင်းရဲ့ နဂါးနက်လှေပဲ၊ ဒါကို အစီရင်ဗဟိုချက် နဲ့ လေ့ကျင့်ပေါင်းစပ်လိုက်ပါ၊ အဲဒီအခါမှာ ဒါက မင်း မသေမချင်း မင်းတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားလိမ့်မယ်"
အကြီးကဲ ချန်က နဂါးနက်လှေ အသေးစားလေးတစ်ခုကို ထုတ်ယူကာ ဖန့်ချန်အား ကမ်းပေးလိုက်သည်။
"အကြီးကဲ ချန်ကို ကျေးဇူးတင်ပါတယ် "
ဖန့်ချန်က နဂါးနက်လှေကို လက်ခံလိုက်ပြီး စိတ်လှုပ်ရှားလိုက်သည့်အခါ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အဆက်မပြတ် တုန်လှုပ်လာပြီး စိမ်းဖန့်ဖန့် အလင်းတန်းများမှာ အစီရင်ဗဟိုချက်တစ်ခုအဖြစ် စုစည်းသွားကာ နဂါးနက်လှေအတွင်းသို့ စီးဝင်သွားလေတော့သည်။
***