"ဒါက..."
ဖန့်ချန်၏ စိတ်အာရုံတို့ လှုပ်ခတ်သွားရသည်။
သူ့မျက်မှောက်တွင် မြင်တွေ့နေရသည့်အရာမှာ စာအုပ်တစ်အုပ်ထံမှ အတင်းအဓမ္မ ဆွဲဖြတ်ယူထားသည့် ပျက်စီးနေသော စာမျက်နှာတစ်ခုနှင့် တူလှပေသည်။
၎င်းပေါ်တွင် သိပ်သည်းလှစွာသော အမည်နာမပေါင်း မြောက်မြားစွာကို ရေးထိုးထားပြီး၊ ထိုအထဲတွင် ရှဲ့အာမန် ဆိုသည့် အမည်သုံးလုံးကိုလည်း သူ မြင်လိုက်ရသလိုပင်။
"ယင်မသေမျိုးလမ်းစဉ်ကို ကျင့်ကြံချင်သည်ဖြစ်စေ၊ မကျင့်ကြံချင်သည်ဖြစ်စေ... အမာခံတပည့်ဆိုရင် ဒီအပေါ်မှာ အမည်နာမ ရေးထိုးရမယ်၊ ပြီးတော့ နာမည်အရင်းပဲ ဖြစ်ရမယ်"
အကြီးအကဲ ချန်က ပြုံး၍ ရှင်းပြသည်
"တကယ်လို့ နာမည်အလိမ်ကို သုံးခဲ့ရင်တော့ အပေါ့စားအနေနဲ့ ချက်ချင်း ဒဏ်ရာပြင်းထန်ရပြီး ဝိညာဉ်ထိခိုက်မယ်၊ အပြင်းအထန်ဆိုရင်တော့ နေရာတင် သေဆုံးပြီး ဝိညာဉ်ပါ ပျောက်ကွယ်သွားလိမ့်မယ်"
"ဖန့်မောင်လေး... မင်း အရင်က နာမည်အလိမ် သုံးခဲ့ဖူးရင်တောင် အခုတော့ နာမည်အရင်းကိုပဲ ရေးထိုးရမယ်နော်၊ အကြီးအကဲ ချန်က ခြောက်လှန့်နေတာ မဟုတ်ဘူး"
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်။
ထိုစဉ် မြွေဝိညာဉ်မင်းက ဖန့်ချန်ကို စိုက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
"မင်းရဲ့ သွေးနဲ့ အမည်ကို ရေးထိုးတော့ သေခြင်းရှင်ခြင်းမှတ်တမ်းပေါ်မှာ တစ်ချက်ရေးခြစ်လိုက်တာနဲ့ ယင်မသေမျိုးလမ်းစဉ်က မင်းအတွက် ပွင့်လင်းသွားလိမ့်မယ်"
သေခြင်းရှင်ခြင်းမှတ်တမ်း
ဖန့်ချန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ လှိုင်းထန်သွားရသည်။
ဤအရာက ဒဏ္ဍာရီလာ သေခြင်းရှင်ခြင်းမှတ်တမ်းလော။
ရှေးဟောင်းယင်လောကတွင် ငရဲမင်း ပိုင်ဆိုင်သည့် အစွမ်းထက်လှသော နတ်ဘုရားလက်နက် လော။
အကယ်၍ ထိုသည်မှာ အမှန်တကယ်ဖြစ်ပါက ၎င်းသည် သေခြင်းရှင်ခြင်းမှတ်တမ်း၏ အစိတ်အပိုင်းတစ်ခု၊ စာမျက်နှာတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ကျန်ရှိသည့် အစိတ်အပိုင်းများမှာ အဘယ်မှာနည်း။ အထက်သုံးနယ်မြေ ရှိ ထိပ်တန်းအင်အားစုများ၏ လက်ထဲတွင် ရှိနေသလော။
ရှန်ယန်မီးဖို ကို ပြန်လည်တွေးတောကြည့်လျှင်၊ အထက်သုံးနယ်မြေမှ အင်အားစုအသီးသီးတို့သည် ရှေးဟောင်းယင်လောက ပျက်စီးပြီးနောက် ကျန်ရစ်ခဲ့သည့် အမွေအနှစ်များကို ဖူထူလောက ထဲတွင် လက်ခံရရှိထားကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"ဖန့်အမာခံတပည့်... သွားလေ"
အကြီးအကဲ ချန်က ညင်သာစွာ တိုက်တွန်းလိုက်သည်။
ဖန့်ချန်သည် ထူးဆန်းသော ခံစားချက်ဖြင့် ထိုကြီးမားပြီး ပျက်စီးနေသော စာမျက်နှာကြီးရှေ့သို့ လျှောက်သွားကာ လက်ညှိုးကို ကိုက်၍ သွေးဖြင့် အမည်ရေးထိုးရန် နေရာလွတ်တစ်ခုကို ရှာလိုက်သည်။
သူသည် ယခုခေတ်၏ ငရဲမင်း ဖြစ်ပြီး ဤအရာမှာ ရှေးဟောင်းငရဲမင်း၏ လက်နက်ဖြစ်သည်။
၎င်းပေါ်တွင် သူ၏ အမည်ကို ရေးထိုးလိုက်ပါက မည်သို့ ဖြစ်ပျက်လာမည်နည်း။
နှမြောစရာကောင်းသည်မှာ ထိုမှတ်တမ်း၏ အသေးစိတ် လုပ်ဆောင်ချက်များကို သူ မသိရှိခြင်းပင်။
အကယ်၍ ၎င်းက လူတစ်ဦးကို အဘယ်ကြောင့် ယင်မသေမျိုး ဖြစ်စေနိုင်သည်ကို သိရှိပါက နောက်ဆက်တွဲ ဖြစ်လာမည့် အခြေအနေများကို သူ ခန့်မှန်းနိုင်ပေလိမ့်မည်။
ဖန့်ချန်.....
အမည်ရေးထိုးပြီးနောက် ဖန့်ချန်သည် အခြားသုံးဦးရှိရာသို့ ပြန်ဆုတ်လာခဲ့သည်။
သူ ဒဏ်ရာမရသလို နေရာတင် သေဆုံးသွားခြင်းလည်း မရှိသည်ကို မြင်ရသည့်အခါ အကြီးအကဲ ချန်နှင့် မြွေဝိညာဉ်မင်းတို့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။
၎င်းမှာ ဖန့်ချန်သည် ကျွယ်မင်နန်းတော်သို့ ဝင်ရောက်စဉ်ကတည်းက အမည်အလိမ်ကို အသုံးမပြုခဲ့ဘဲ အစကတည်းက ပွင့်လင်းရိုးသားခဲ့ကြောင်း သက်သေပြနေခြင်းပင်။
ဤကဲ့သို့သောသူမှာ ကျွယ်မင်နန်းတော်အနေဖြင့် အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ရန် ထိုက်တန်ပေသည်။
"အကြီးအကဲ ချန်... တကယ်လို့ ကျနော် အရင်က နာမည်အလိမ် သုံးခဲ့ရင် ဘာဖြစ်မလဲ "
ဖန့်ချန်က စပ်စုသည့်အဟန်ဖြင့် မေးလိုက်သည်။
အကြီးအကဲ ချန်က ရယ်မောကာ
"ဘာမှတော့ မဖြစ်ပါဘူး၊ အခု နာမည်အရင်း ရေးထိုးလိုက်ရင် ရပါပြီ၊ ကျုပ်တို့ကလည်း အရင်က နာမည်အလိမ် သုံးခဲ့တာကို အပြစ်မယူပါဘူး။ ဒါပေမဲ့ နန်းတော်သခင် ဆီမှာတော့ ပုံရိပ်ဆိုး ကျန်သွားနိုင်မလားဆိုတာ မပြောနိုင်ဘူးပေါ့"
ကျွယ်မင်နန်းတော်သခင်
ဖန့်ချန်သည် ထိုပုဂ္ဂိုလ်ကို အတော်လေး စိတ်ဝင်စားမိသည်။
ကျွယ်မင်နန်းတော်၏ တစ်ဦးတည်းသော အဆင့် ၉ မသေမျိုးမှာ မည်သည့်နေရာတွင် တံခါးပိတ်ကျင့်ကြံနေသနည်း၊ ကျွယ်မင်ကြယ်ပေါ်မှာပင် ရှိနေသလော။
"ဟဲဟဲ... မင်းရဲ့ အမည်ကို ရေးထိုးပြီးပြီဆိုရင် ယင်မသေမျိုးလမ်းစဥ်ကို စတင်ကျင့်ကြံလို့ ရပြီ။ မင်း ပတ်ဝန်းကျင်က ယင်ဓာတ် တွေကို ခံစားမိပြီလား အဲဒါတွေကို မင်း လေ့ကျင့်စုပ်ယူနိုင်ပြီ။ နောင်မှာ ဒီယင်ဓာတ်တွေကိုပဲ စုပ်ယူပြီး ယင်သက်တမ်းအဖြစ် ပြောင်းလဲလိုက်ရင် မင်းအတွက် နှစ်ပေါင်းများစွာ ရှင်သန်ဖို့ လုံလောက်သွားပြီ"
မြွေဝိညာဉ်မင်းက ထူးဆန်းသော ရယ်သံဖြင့် ဆိုလိုက်သည်။
အားလုံး ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ပျက်စီးနေသော စာမျက်နှာကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော ယင်ဓာတ်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
လေးဦးသားလုံး ခြေလှမ်းများ ရပ်တန့်သွားကြပြီး လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ ဖန့်ချန် ခုနက ရေးထိုးခဲ့သည့် အမည်မှာ တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံးတွင် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရတော့သည်။
"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ"
အကြီးအကဲ ချန်မှာ မှင်သက်သွားရသည်။
သူသည် အကြီးအကဲတစ်ဦး၊ ရှေးဟောင်းမသေမျိုး တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သူ ဖြစ်သည်။
ကျွယ်မင်ယင်လောကတွင် ယင်မသေမျိုးလမ်းစဥ်ကို လျှောက်လှမ်းရန် အနားယူတော့မည့်အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း သူ၏ သက်တမ်းတစ်လျှောက် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
မြွေဝိညာဉ်မင်း၏ မျက်နှာမှာ လေးနက်သွားပြီး ဖန့်ချန်ကို အေးစက်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်ကာ
"မင်းရဲ့ နာမည်ကို နောက်တစ်ခေါက် ထပ်ရေးစမ်း"
"ဟုတ်ကဲ့"
ဖန့်ချန်သည် ရှေ့သို့ တစ်ဖန်တက်၍ သူ၏ အမည်ကို ရေးထိုးလိုက်ပြန်သည်။
ခေတ္တအကြာတွင် ပျက်စီးနေသော စာမျက်နှာထံမှ ကြောက်မက်ဖွယ်ကောင်းသော ယင်ဓာတ်လှိုင်းများ ထပ်မံ ထွက်ပေါ်လာပြီး ခဲဖျက်တစ်ခုက ဖျက်လိုက်သကဲ့သို့ ဖန့်ချန်၏ အမည်ကို တိုက်စားသွားပြန်သည်။
"ထူးဆန်းလိုက်လေခြင်း..."
မြွေဝိညာဉ်မင်းမှာ ဖန့်ချန်ကို မကြည့်ဘဲ မနေနိုင်တော့
"ငါ ဒီနေရာမှာ စောင့်ကြပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ နာမည်အလိမ်ဆိုရင်လည်း အတုံ့အပြန် ဒဏ်ခတ်တာ ခံရမယ်၊ နာမည်အရင်းဆိုရင်လည်း ယင်မသေမျိုး တံခါးပေါက် ပွင့်သွားရမယ်။ ဘာဖြစ်လို့ မင်းရဲ့ အမည်က သေခြင်းရှင်ခြင်းမှတ်တမ်းပေါ်မှာ အစအနတောင် မကျန်ရတာလဲ "
ဖန့်ချန်က ဝေခွဲမရသည့် အမူအရာဖြင့်
"ကျနော်လည်း မသိပါဘူးလေ"
စိတ်ထဲတွင်မူ ငါက ငရဲမင်း ဖြစ်နေလို့နေမှာပေါ့ကွာ ဟု တွေးနေမိသည်။
"ဒီကိစ္စကို နန်းတော်သခင်ဆီ အစီရင်ခံဖို့ လိုလိမ့်မယ်"
မြွေဝိညာဉ်မင်းက အကြီးအကဲ ချန်ကို လေးနက်စွာ ကြည့်၍ ဆိုသည်။
အကြီးအကဲ ချန်က မျက်မှောင်ကြုတ်လျက် ခဏအကြာမှ ခေါင်းညိတ်လိုက်သည်။
"မှန်တယ်၊ နန်းတော်သခင်ဆီ တင်ပြရမယ်"
"စီနီယာကြီးတို့... ဒါက ကျနော့်အပေါ် ဘာသက်ရောက်မှု ရှိနိုင်မလဲ "
ဖန့်ချန်က မေးလိုက်သည်။
"သက်ရောက်မှုကတော့ သိပ်မရှိပါဘူး၊ ယင်မသေမျိုးလမ်းစဥ်ကို လျှောက်လှမ်းလို့ မရတော့တာပဲ ရှိတယ်"
မြွေဝိညာဉ်မင်း၏ မျက်လုံးများတွင် သနားကရုဏာရိပ် အနည်းငယ် ပေါ်လာသည်။
"ဒါက ကိစ္စမရှိပါဘူး"
စီနီယာအစ်မကြီးက ရုတ်တရက် ရယ်မောကာ ဆိုလိုက်သည်။
အကြီးအကဲ ချန်က သက်ပြင်းချလိုက်ပြီး
"တကယ်တော့ သက်ရောက်မှု သိပ်မကြီးပါဘူး၊ တခြားသူရဲ့ လက်ချက်နဲ့ မသေဆုံးဖို့ပဲ လိုတာပါ။ တကယ်လို့ သေသွားရင်တော့ သာမန် လွင့်မျောနေတဲ့ ဝိညာဉ်တစ်ခုပဲ ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် မင်းရဲ့ လူသားလောက ကျင့်ကြံမှုအဆင့်က ဆက်တိုက် တိုးတက်နေသရွေ့ သက်တမ်းကတော့ ရှည်လျားနေဦးမှာပါ။ နှမြောစရာကောင်းတာကတော့ နောင်တစ်ချိန်မှာ မင်းရဲ့ သက်တမ်းကုန်ဆုံးခါနီးရင် ကျွယ်မင်ယင်လောကကို ပြန်လာပြီး နန်းတော်အတွက် ဒီနယ်မြေကို စောင့်ကြပ်ပေးနိုင်မှာ မဟုတ်တော့တာပဲ"
"ကဲ... သွားကြစို့၊ မင်းအတွက် ရာထူးတစ်ခု စီစဉ်ပေးရမယ်"
စီနီယာအစ်မကြီးက ပြုံးရွှင်စွာဖြင့် ဖန့်ချန်ကို ဆွဲခေါ်ကာ ထွက်ခွာလာခဲ့သည်။
မြွေဝိညာဉ်မင်းက အကြီးအကဲ ချန်ကို တစ်ချက်ကြည့်ကာ အသံတိုးတက်ဖြင့် ဆိုလိုက်သည်။
"ဒီလူငယ်ကို သေချာ စောင့်ကြည့်ထားဦး၊ ပုံမှန်မဟုတ်တဲ့ အရာတွေရဲ့ နောက်ကွယ်မှာ မိစ္ဆာ တစ်ကောင်ကောင် ရှိနေတတ်တယ်"
"ငါ နားလည်ပါတယ်"
အကြီးအကဲ ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။
သုံးဦးသား နတ်ဘုရားဝိညာဥ်နန်းတော် မှ ထွက်လာပြီးနောက် စီနီယာအစ်မကြီးက လမ်းတစ်လျှောက်တွင် ကျွယ်မင်ယင်လောကရှိ ဌာနအသီးသီး အကြောင်းကို ဖန့်ချန်အား မိတ်ဆက်ပေးလေသည်။
"ဒီမှာက ဌာနတွေ သိပ်မများဘူး၊ မင်း အောက်နယ်မြေ ခြောက်ခု မှာ ယင်လောကကို ဆင်းဖူးတယ်ဆိုတော့ အဲဒီက ယင်လောကငယ် တွေမှာ ဌာနအမျိုးမျိုး ရှိတာ သိမှာပေါ့ "
"ဟုတ်ကဲ့... ဆင်းဖူးပါတယ်၊ ယင်လောကငယ်မှာ ပြီးခဲ့တဲ့နှစ်တွေက ဌာနတွေ တော်တော်များလာတာ သတိထားမိတယ်"
"အင်း... အဲဒီဘက်မှာ အရင်က ဦးဆောင်သူ မရှိခဲ့ပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က ရှေ့ထွက်ပြီး အုပ်ချုပ်နေပြီ၊ ကြည့်ရတာ ကောင်းကောင်း အခြေချဖို့ ပြင်နေပုံပဲ။ ဒါပေမဲ့ မင်း စိတ်ထဲ ထည့်မထားပါနဲ့၊ အဲဒါတွေက အဆင့်မရှိတဲ့ နေရာတွေပါ။ ငါတို့ ကျွယ်မင်ယင်လောကမှာတော့ စုစုပေါင်း ဌာနကြီး ခြောက်ခု ရှိတယ်။ ၎င်းတို့ကတော့... ယင်စစ်သည်ဌာန ၊ တရားသူကြီးဌာန ၊ မိစ္ဆာလေ့ကျင့်ရေးဌာန ၊ ဝိညာဉ်ဖမ်းဆီးရေးဌာန ၊ သံသရာဌာန နဲ့... အာဏာအရှိဆုံးဖြစ်တဲ့ ဗဟိုဌာန တို့ပဲ။ မင်း ကြိုက်တဲ့ ဌာနမှာ တာဝန်ထမ်းဆောင်လို့ ရတယ်၊ ဒါပေမဲ့ မင်းက အခုမှ စဝင်တာဆိုတော့ ရာထူးအဆင့်အတန်းကတော့ သိပ်မမြင့်နိုင်သေးဘူးပေါ့"
"ကြိုက်တဲ့ ဌာနမှာ လုပ်လို့ရတယ် ဟုတ်လား "
ဖန့်ချန်က အံ့အားသင့်စွာ မေးလိုက်သည်
"လုပ်ထုံးလုပ်နည်းတွေ ဘာတွေ မလိုဘူးလား "
"ရှဲ့အာမန်က ဗဟိုဌာနရဲ့ ဌာနချုပ်မှူး လေ၊ လုပ်ထုံးလုပ်နည်း အားလုံးက သူ့လက်ထဲက ဖြတ်ရတာ။ ပုံမှန်အားဖြင့် သူ မရှိရင် နောက်ထပ် ယင်အရှင် တစ်ယောက်က စီမံတယ်၊ အဲဒီ ယင်အရှင် ကိုလည်း မင်း တွေ့ပြီးပြီပဲ၊ ငါတို့ကတော့ နံပါတ်ခုနစ်လို့ ခေါ်ကြတယ်"
အကြီးအကဲ ချန်က ရယ်မော၍ ဆိုသည်။
"ဒါကြောင့် မင်း အခု ကြိုက်တဲ့ ဌာနကို စိတ်ကြိုက် ရွေးလို့ရတယ်"
ဖန့်ချန်သည် ထိုစီနီယာအစ်မကြီးမှာ ယင်လောကတွင် ဤမျှ ရာထူးကြီးမားကာ အာဏာအရှိဆုံးဖြစ်သည့် ဗဟိုဌာန၏ ဌာနချုပ်မှူး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဝမ်ချုံစန်း ၏ နည်းလမ်းမှာ သူမထံမှတစ်ဆင့် စတင်ရန် ဖြစ်နေသလော။
'မဖြစ်နိုင်လောက်ပါဘူး... စီနီယာအစ်မကြီးက ဝမ်ချုံစန်းနဲ့ ဆက်ဆံရေး ကောင်းပေမဲ့ ဒီကိစ္စမှာ ပါဝင်ပုံမရဘူး၊ ဝမ်ချုံစန်းရဲ့ ကိုယ်ပွားကို ဒီနေရာမှာ ပုန်းအောင်းဖို့ ခွင့်ပြုမှာလည်း မဟုတ်ဘူး'
အတွေးများကို ဖယ်ထုတ်လိုက်ရင်း ဖန့်ချန်က သဘာဝကျကျပင် ပြောလိုက်သည်။
"ကျနော် သံသရာဌာန မှာ တာဝန်ထမ်းဆောင်ချင်ပါတယ်"
"သံသရာဌာနလား အဲဒါကတော့ လွယ်ပါတယ်"
စီနီယာအစ်မကြီးက အသာအယာ ခေါင်းညိတ်လိုက်လေတော့သည်။
***