ထိုစကားကို ကြားသည်နှင့် နွားခေါင်းမျက်နှာဖုံးစွပ် အစောင့်က လက်ဝှေ့ယမ်းလိုက်ရာ ဆေးလုံးတစ်လုံးသည် ယွင်ယန်၏ ပါးစပ်ထဲသို့ ပျံဝင်သွားပြီး ချက်ချင်းပင် အရည်ပျော်ကာ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
မကြာမီမှာပင် ယွင်ယန်၏ ခန္ဓာကိုယ်မှ တောက်ပသော အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ပြတ်ရှဒဏ်ရာအများစုမှာ ပြန်လည်သက်သာလာကာ သတိလည်း ပြန်လည်ကြည်လင်လာခဲ့သည်။ သို့သော် ကျိုးကြေနေသော အရိုးများနှင့် ပျက်စီးသွားသော ကျင့်ကြံမှုမှာမူ ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။
"အ... အား..."
နာကျင်စွာ ညည်းတွားရင်း ယွင်ယန် ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ သူမ ခေါင်းကို အနိုင်နိုင်မော့၍ သူမကို ငုံ့ကြည့်နေသော ဝတ်စုံနက်နှင့် လူငယ်ကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ထိတ်လန့်မှုများက ဖုံးဖိ၍ မရအောင် ပေါ်လွင်နေသည်။
သူမသည် နွားခေါင်းနှင့် မြင်းခေါင်းမျက်နှာဖုံးစွပ် အစောင့်နှစ်ဦး၏ နှိပ်စက်မှုကို ပြန်လည်သတိရသွားပုံရပြီး တုန်ရင်နေသော အသံဖြင့် ပြောလိုက်၏။
"ကျွန်မ... ကျွန်မ မှားသွားပါတယ်.."
"ရှင်တို့လမ်းကို မပိတ်သင့်ဘူး.. ရှင်တို့ကို မတိုက်ခိုက်သင့်ဘူး.. ကျွန်မ မှားပါတယ်.. ကျွန်မ တကယ်ကို မှားသွားပါတယ်.."
သူမ ကြောက်လန့်နေပြီ ဖြစ်သည်။ ရှေ့တွင်ရှိနေသော လူငယ်သည် သူမ၏ အဆင့်အတန်းကိုလည်း ဂရုမစိုက်သလို လျိုလုံတက္ကသိုလ်ကိုလည်း မကြောက်ကြောင်း သူမ အမှန်တကယ် နားလည်သွားခဲ့ပြီ။ သူ တကယ် သူမကို သတ်ပစ်နိုင်ပေသည်။
ယွင်ယန်က ကြောက်လန့်တကြားဖြင့် သူမ၏လက်ကို မြှောက်ကာ ဂူချန်၏ ဘောင်းဘီအနားသတ်ကို ဆွဲကိုင်ရန် ကြိုးစားသော်လည်း ဂူချန်က သူမ၏လက်ကို တိုက်ရိုက် ကန်ထုတ်လိုက်သည်။
ဂူချန်သည် လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ သူမ၏လက်ကို နင်းထားရင်း လှပသော အမျိုးသမီးကို အထင်အမြင်သေးစွာ ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ချင်းဟယ်မြို့ထဲမှာ ငါ့ကို တိုက်ခိုက်ရဲတယ့် မင်းရဲ့သတ္တိကိုတော့ ငါ ချီးကျူးပါတယ်.."
"ငါကလည်း မင်းကို အခွင့်အရေးတစ်ခု ပေးချင်စိတ် ရှိနေတယ်.."
ယွင်ယန်၏ မှေးမှိန်နေသော မျက်လုံးများမှာ မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ တောက်ပသွားသည်။
"ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို သုံးခါ ဟောင်ပြမယ်ဆိုရင် မင်းကို ငါ လွှတ်ပေးမယ်.."
ဂူချန်၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီး ...
"ဘယ်လိုလဲ.."
နာမည်ကျော် သိုင်းတက္ကသိုလ်တစ်ခု၏ အထူးတန်းပြ ဆရာမတစ်ယောက်က လမ်းမပေါ်တွင် ဒူးထောက်ကာ ခွေးလို ဟောင်ရမည်ဆိုခြင်းမှာ သူမကို သတ်ပစ်လိုက်ခြင်းထက်ပင် ပို၍ နာကျင်စေသည်။ အထူးသဖြင့် အစောင့်နှစ်ဦး၏ အရိုက်ခံထားရသဖြင့် သူမ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဖြူဖွေးသော အသားအရေများမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ပေါ်လွင်နေသည်။
ဤသို့သော ကောင်းမှုကုသိုလ်မျိုးက စေတနာတန်ဖိုး အများကြီး ပေးနိုင်မည်ဟု ဂူချန် တွေးလိုက်မိသည်။ ဘေးမှ ကြည့်နေသူများမှာမူ ဂူချန်၏ စကားကို ကြားသောအခါ ပါးစပ်များပင် တွန့်သွားကြသည်။
"ခွေးလို... သုံးခါ ဟောင်ရမယ် ဟုတ်လား.."
ယွင်ယန် ဆွံ့အသွား၏။ အခြားသူများမှာလည်း စိတ်ဝင်တစားဖြင့် ဖုန်းများထုတ်ကာ ဗီဒီယိုရိုက်ရန် ပြင်နေကြပြီ ဖြစ်သည်။ အကယ်၍ သူမသာ တကယ်လုပ်လိုက်ပါက သူမ၏ ဘဝတစ်ခုလုံး ဤအရှက်ရမှုအောက်တွင် နေထိုင်သွားရပေလိမ့်မည်။ သို့သော်လည်း သူမသည် အရင်စတင်တိုက်ခိုက်ခဲ့သူဖြစ်သဖြင့် အင်တာနက်ပေါ်တွင်လည်း ဘယ်သူမှ သူမဘက်က ရပ်တည်ပေးမည်မဟုတ်ပေ။
ယွင်ယန်သည် စိတ်ထဲတွင် အတော်ကြာအောင် ဝေခွဲမရ ဖြစ်နေပြီးမှ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"သခင်လေးဂူ... တခြားတောင်းဆိုချက်တစ်ခု ပြောင်းပေးလို့ မရဘူးလား.."
ဂူချန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး လက်ဝှေ့ယမ်းလိုက်သည်။
"နွားခေါင်း.. သူ့ကို သတ်ပစ်လိုက်တော့.."
အမိန့်ရသည်နှင့် နွားခေါင်းက ဘာမှပြန်မပြောဘဲ လက်ဖြင့် ရိုက်ချလိုက်ရာ လေနံရံတစ်ခုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယွင်ယန်ဆီသို့ လျင်မြန်စွာ ဖိနှိပ်လာသည်။ သူမ၏ ခန္ဓာကိုယ်မှာ နိဗ္ဗာနနယ်ပယ်အဆင့် ဖြစ်သော်လည်း သွေးနှင့် ချီစွမ်းအားများ ကုန်ခမ်းနေသဖြင့် ဤတိုက်ခိုက်မှုကို ခံရပါက သေချာပေါက် သေဆုံးပေလိမ့်မည်။
"နေဦး..နေဦး.. ကျွန်မ ဟောင်ပါ့မယ်.."
ယွင်ယန်က ပြာပြာသလဲ အော်ဟစ်လိုက်၏။ အရှက်ရခြင်းထက် အသက်ရှင်သန်ရေးက ပို၍ အရေးကြီးသည်မဟုတ်ပါလော။
ဂူချန်၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာပြီး လေနံရံကို ရပ်တန့်ရန် အချက်ပြလိုက်၏။ သူက လက်ကို အိတ်ထဲ ပြန်ထည့်ကာ စိတ်ဝင်တစားဖြင့် ကြည့်ရင်း ပြောလိုက်သည်။
"ကဲ... မင်းရဲ့ ဖျော်ဖြေမှုကို စတင်လို့ ရပါပြီ.."
ယွင်ယန်သည် တုန်ရင်နေသော ခန္ဓာကိုယ်ကို အားယူ၍ လူငယ်၏ခြေရင်းတွင် ဒူးထောက်လိုက်သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ ဖြူဖျော့နေသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း လူပေါင်းတစ်ရာကျော်၏ ရှေ့မှောက်တွင် အရှက်တရားကို မျိုသိပ်ကာ အော်လိုက်သည်။
"ဝုတ်.. ဝုတ်..ဝုတ်.."
ပြီးသည်နှင့် သူမ ခေါင်းကို ရင်ဘတ်ထဲအထိ ငုံ့ထားလိုက်တော့၏။ သူမ၏ မျက်နှာမှာ သွေးများကြောင့်လား သို့မဟုတ် အလွန်အမင်း အရှက်ရသွား၍လား မသိရဘဲ နီမြန်းနေတော့သည်။
[စနစ် - အိမ်ရှင်သည် အစားအသောက်ကာကွယ်တတ်သော ခွေးမလေးတစ်ကောင်ကို အောင်မြင်စွာ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သဖြင့် တိရစ္ဆာန်လောက၏ ငြိမ်းချမ်းရေးကို ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၄၀၀]
'ဒီစနစ်ကတော့ တကယ့်ကို ထူးဆန်းတဲ့ ဝါသနာရှိတာပဲ ..'
ဂူချန် စိတ်ထဲမှ တွေးလိုက်သည်။
"သခင်လေးဂူ... ကျွန်မကို အခု လွှတ်ပေးလို့ ရပြီလား.."
ယွင်ယန်သည် လေသံပြောင်းကာ အသနားခံလာသည်။
"သခင်လေးဂူ..ကျွန်မ ဒီနေ့ စိတ်ရူးပေါက်သွားလို့ ရှင့်ကို ရန်စမိတာပါ..ကျွန်မ မှားမှန်း တကယ် သိသွားပါပြီ.. နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး..ကျွန်မကို လွှတ်ပေးပါနော်..တောင်းပန်ပါတယ်.."
"ဟဲဟဲ.."
ဂူချန်သည် သူ၏ ဖိနပ်ဖဝါးဖြင့် သူမ၏ လှပသော မျက်နှာကို ခပ်ဖွဖွ ပုတ်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"မင်း အစက မောက်မာနေတဲ့ ပုံစံကို ငါ ပိုသဘောကျတယ်.. အဲဒီပုံစံအတိုင်း ပြန်လုပ်ပါဦးလား.."
[စနစ် - အိမ်ရှင်သည် နှစ်နှစ်ခွဲကြာ လိုက်ခဲ့သော နတ်ဘုရားမ၏ ဆရာမကို မျက်နှာပေါ်ရှိ အညစ်အကြေးများ သန့်စင်ပေးရန် ကူညီခဲ့သည်။ စေတနာတန်ဖိုး +၅၀]
"ဝူး..မလုပ်ပါနဲ့တော့.."
ယွင်ယန်သည် ရှိုက်ကြီးတငင် ငိုကြွေးရင်း အသနားခံနေတော့သည်။ ဘေးမှ ကြည့်နေသူအချို့မှာ သူမ၏ သနားစရာပုံစံကြောင့် စာနာစိတ်များ ပေါ်လာကြသော်လည်း ဂူချန်ဘေးမှ အစောင့်နှစ်ဦးကို ကြောက်သဖြင့် မည်သူမှ ရှေ့မထွက်ရဲကြ။
ဂူချန်က လက်ဝေ့ယမ်းလိုက်ရာ နွားခေါင်းမျက်နှာဖုံးစွပ် အစောင့်က ယွင်ယန်ကို လေထဲသို့ မြှောက်လိုက်သည်။
ဂူချန်က ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။
"နှမြောစရာပဲ.."
"မင်း ငါ့ကို ဘယ်လောက်ပဲ အသနားခံပါစေ.. ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး.."
သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။
"သူ့ကို ဂူမိသားစုဆီ ပို့လိုက်.. လျိုလုံတက္ကသိုလ်က လူတွေ လာတောင်းတဲ့အထိ စောင့်နေလိုက်.."
သူမသည် အထူးတန်းပြ ဆရာမတစ်ယောက်ဖြစ်သဖြင့် သတ်ပစ်လိုက်ရုံထက် လျိုလုံတက္ကသိုလ်ဆီကနေ အကျိုးအမြတ်တစ်ခုခု ပြန်တောင်းခြင်းက ပို၍ အသုံးဝင်ပေလိမ့်မည်။
"ဟုတ်ကဲ့.."
"မလုပ်နဲ့.. မလုပ်နဲ့.."
ယွင်ယန်သည် လေထဲတွင် အားနည်းစွာ ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။
"ဂူချန်.. နင် အစောနကပဲ ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးခဲ့တာလေ.."
"အစောနက ဟုတ်လား.."
ဂူချန်က မျက်ခုံးပင့်ကာ လှောင်ပြောင်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါက အစောနကပဲ လွှတ်ပေးမယ်လို့ ကတိပေးခဲ့တာလေ..အခုနဲ့ ဘာဆိုင်လို့လဲ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ယွင်ယန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသကြောင့် သတိလစ် မေ့မျောသွားတော့သည်။
[စနစ် - အိမ်ရှင်သည် နှစ်နှစ်ခွဲကြာ လိုက်ခဲ့သော နတ်ဘုရားမ၏ ဆရာမကို ကလေးငယ်တစ်ဦးကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် ကူညီပေးခြင်းဖြင့် သူမ၏ စိတ်ထဲရှိ ဝမ်းနည်းမှုနှင့် ဒေါသများကို ဖယ်ရှားပေးခဲ့သည်။ စေတနာတန်ဖိုး +၂၀၀]
***