ထိုနေ့မွန်းလွဲပိုင်းတွင် ဂူချန်နှင့် ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများသည် ကျန်းနန်ပြည်နယ်၏ အဝေးလံဆုံးအရပ်ဖြစ်သော ဝူတန်မြို့ကလေးဆီသို့ ရောက်ရှိလာကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖွံ့ဖြိုးတိုးတက်မှု အလွန်နောက်ကျခဲ့သဖြင့် လူငယ်အများအပြားသည် အခြားမြို့ကြီးများသို့ ငွေရှာရန် ထွက်ခွာသွားကြရာမှ လူဦးရေ လျော့နည်းလာပြီး စီးပွားရေး ကျဆင်းသွားခဲ့သည်။ ကြာလာသည်နှင့်အမျှ အဆောက်အအုံများမှာ ဟောင်းနွမ်းပျက်စီးလာပြီး လူသူကင်းမဲ့လာတော့၏။
ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီသည် ဤအခြေအနေကို သတိပြုမိကာ ဒေသခံများကို ပြောင်းရွှေ့ကြေး အမြောက်အမြားပေး၍ ဝူတန်မြို့ကို ဖျက်သိမ်းလိုက်သည်။ ထို့နောက် လူအင်အားနှင့် အရင်းအမြစ်များစွာ အသုံးပြု၍ မြို့ကို ချဲ့ထွင်ကာ မဟာမိတ်အဖွဲ့၏ လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
သိုင်းစစ်ဆေးမှုများ မပြုလုပ်မီ နှစ်စဉ်နှစ်တိုင်း ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီသည် ဤနေရာကို ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းသားများ ပုံစံတူ စစ်ဆေးမှု ပြုလုပ်ရန် သတ်မှတ်ပေးထားသည်။
ဝူတန်မြို့၏ ပတ်ပတ်လည်ကို သံနက်လျှပ်စစ်ခြံစည်းရိုးအမြင့်ကြီးများဖြင့် ဝန်းရံထားပြီး လက်နက်ကိုင် ကင်းလှည့်အဖွဲ့များက အဆက်မပြတ် စောင့်ကြပ်နေကြသည်။ အကယ်၍ ထူးဆန်းသော သားရဲတစ်ကောင်ကောင် ထွက်ပြေးရန် ကြိုးစားပါက ပြင်းထန်သော ပစ်ခတ်မှုဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
ခြံစည်းရိုးအတွင်းရှိ အဆောက်အအုံပုံစံများမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ရှေးဟောင်းပုံစံများဖြစ်ပြီး တိုက်ပွဲဒဏ်ရာဒဏ်ချက်များကို ယနေ့တိုင် မြင်တွေ့နေရဆဲ ဖြစ်သည်။ အတွင်းပိုင်းမှ သားရဲများ၏ ဟိန်းဟောက်သံများကိုလည်း ခပ်သဲ့သဲ့ ကြားနေရသည်။
ကျောင်းသားများသည် ဘတ်စ်ကားပေါ်မှနေ၍ ထိုရှေးဟောင်းအဆောက်အအုံများကို ကြည့်ကာ အံ့သြနေကြသည်။
"ဝါး... ဒါ ဝူတန်မြို့လား.."
"ပျက်စီးနေတဲ့ ပုံစံကြီးက ဓာတ်ပုံရိုက်ရင် တကယ့်ကို မိုက်မှာပဲ.."
"ငါ့ရဲ့ နတ်ဘုရားလမ်းစဉ်က ဒီကနေ စတော့မှာ.."
"မနှစ်က ပါရမီရှင်တစ်ယောက်က သားရဲတွေအကုန်လုံးကို သတ်ပစ်လိုက်လို့ ဒီနှစ်မှာ တတိယအဆင့် သားရဲတွေကိုပါ ထည့်ထားတယ်လို့ ကြားတယ်.."
ဝူတန်မြို့ကို ဖြတ်ကျော်ပြီးနောက် ကျောင်းဘတ်စ်ကားသည် အနီးအနားရှိ နားနေဆောင်သို့ ဆိုက်ရောက်လာသည်။ ကျောင်းသားအားလုံးသည် မနက်ဖြန် နံနက် ၈ နာရီတွင် စတင်မည့် စစ်ဆေးမှုအတွက် ဤနေရာတွင် တစ်ညအိပ် အနားယူကြရမည် ဖြစ်သည်။
နားနေဆောင်ကို အဆောက်အအုံ သုံးခုဖြင့် ဖွဲ့စည်းထားပြီး တစ်ယောက်ခန်း၊ နှစ်ယောက်ခန်းနှင့် လေးယောက်ခန်းဟူ၍ ခွဲခြားထားသည်။ ဂူချန်သည် ကားပေါ်မှ ဆင်းသည်နှင့် သူ၏ လက်ပါးစေများကို ခေါ်ကာ တစ်ယောက်ခန်းရှိရာ အဆောက်အအုံဆီသို့ ဦးတည်လိုက်သည်။
ထိုအချိန်တွင် ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် အပြင်းအထန် ငြင်းခုံနေကြသည်။
"ရွှီခိုင်... မင်းက ငါတို့ ရှမ်းဟိုင် အမှတ် (၂) အထက်တန်းကျောင်းကို အနိုင်ကျင့်ရလွယ်တယ် ထင်နေတာလား.."
မိုးပြာရောင် သိုင်းဝတ်စုံဝတ်ထားသော အသားညိုညိုနှင့် လူငယ်တစ်ဦးက ရှေ့မှ လူငယ်ကို ဒေါသတကြီး ဆဲဆိုနေသည် ။
"ချီးလား... ငါတို့ ရှမ်းဟိုင် အမှတ် (၂) က လူတွေ နေရာယူပြီးသားကို မင်းတို့က လာလုချင်တာလား.."
မျက်နှာချင်းဆိုင်မှ ရွှီခိုင်ကလည်း မလျှော့ဘဲ ပြန်ပြောလိုက်သည်။
"ငါတို့ လင်းထျန်း အမှတ် (၁) က ဒီမှာ ပစ္စည်းတွေ အရင်ချထားပြီးသား.. မင်းတို့က ဘာလို့ လာလုနေတာလဲ"
"အိုးအလွတ်တစ်လုံး တံခါးဝမှာ ချထားတာက နေရာဦးတာလား.. အဲဒီလိုဆိုရင် မင်းအိမ်ရှေ့မှာ ငါ အိုးအလွတ်သွားချထားရင် မင်းအိမ်က ငါ့အိမ် ဖြစ်သွားမှာလား.."
သူတို့နှစ်ဦးသည် အချင်းချင်း မျက်နှာချင်းဆိုင်ကာ ဒေါသတကြီး ငြင်းခုံနေကြ၏။ အသားညိုညိုနှင့် လူငယ်သည် သူ၏ ဒုတိယအဆင့် ၇ ကျင့်ကြံမှုကို ထုတ်ဖော်ကာ လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။
"ရွှီခိုင်... မင်း ဒီအခန်းကို လိုချင်ရင် ငါတို့ ရှမ်းဟိုင် အမှတ် (၂) ကို အရင်နိုင်အောင် တိုက်လိုက်.."
ရွှီခိုင်ကလည်း လက်ကို အားဖြင့် ရိုက်ချကာ သွေးနှင့် ချီစွမ်းအားများကို စုစည်း၍ ပြန်လည် စိုက်ကြည့်လိုက်သည်။ အကယ်၍ ယခု တိုက်ခိုက်ရင်း ဒဏ်ရာရသွားပါက မနက်ဖြန် စစ်ဆေးမှုအတွက် နစ်နာမည် ဖြစ်သော်လည်း ကျောင်း၏ ဂုဏ်သိက္ခာအတွက် မည်သူမှ နောက်မဆုတ်ကြ။
နှစ်ဖက်စလုံးမှာ တိုက်ခိုက်တော့မည့် အနေအထားသို့ ရောက်ရှိနေစဉ်မှာပင် တစ်ယောက်ခန်း အဆောက်အအုံ အပြင်ဘက်မှ အလွန်မောက်မာလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဖယ်ကြစမ်း.. ဖယ်ကြစမ်း.. ငါ့ဘောစ့်ရဲ့ လမ်းကို မပိတ်နဲ့.."
"မင်းတို့က ဘာကောင်မို့လို့ ငါ့ဘောစ့်ရဲ့ နာမည်ကို သိချင်နေတာလဲ.."
"ချီးး... လမ်းလျှောက်တာကလည်း နှေးလိုက်တာ.. သေချင်နေတာလား..ဖယ်ကြစမ်း.."
ထိုအသံကြောင့် တင်းမာနေသော အခြေအနေမှာ ပျက်ပြယ်သွားပြီး အားလုံးက ထိုမောက်မာလှသော အသံရှင်ကို လှည့်ကြည့်လိုက်ကြသည်။
လင်းထျန်း အမှတ် (၁) နှင့် ရှမ်းဟိုင် အမှတ် (၂) တို့ကြားရှိ လူအုပ်ကြီးမှာ ဘေးသို့ အလိုအလျောက် ဖယ်ပေးလိုက်ကြရာ လမ်းတစ်ခု ပေါ်လာသည်။ ထိုလမ်းအတိုင်း ဝတ်စုံနက်နှင့် ချောမောသော လူငယ်တစ်ဦးသည် တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။
သူသည် လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ တစ်လှမ်းချင်း လျှောက်လာသော်လည်း သူ၏ ခရမ်းရောင် မျက်လုံးများမှ ထွက်ပေါ်နေသော ဖိအားမှာ လူတိုင်းကို အသက်ရှူကျပ်စေသည်။ သူ လျှောက်လှမ်းလာသော အရှိန်အဝါမှာ တောင်ကြီးတစ်လုံးက ဥတစ်လုံးကို ဖိချလိုက်သကဲ့သို့ ပြင်းထန်လှသည်။
' အရမ်း သန်မာတာပဲ..'
ဤလူ၏ အစွမ်းမှာ ဤနေရာရှိ လူအားလုံးထက် သိသိသာသာ သာလွန်နေသည်ဟု အားလုံးက တစ်ပြိုင်နက်တည်း တွေးလိုက်မိကြသည်။
အသားညိုညိုနှင့် လူငယ်သည် ထိုဝတ်စုံနက်နှင့် လူငယ် အနီးသို့ ရောက်လာသည်ကို ကြည့်ကာ ချွေးစေးများ ပြန်လာသော်လည်း လူအများရှေ့တွင် ဖြစ်နေ၍ အရှက်မရစေရန် အားတင်းပြီး အော်ဟစ်လိုက်သည်။
"ဟေ့... ကောင်လေး.."
"ဒီမှာ အခန်းတွေ ပြည့်သွားပြီ..မင်း လာစရာမလိုတော့ဘူး.."
သို့သော် ထိုလူငယ်က လှောင်ပြောင်သော အပြုံးတစ်ခုကိုသာ ပြသလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ပူပြင်းလှသော နေမင်းစကြာယန်ချီ များသည် မြားတစ်စင်းအလား ထွက်ပေါ်လာပြီး အသားညိုညိုနှင့် လူငယ်ထံသို့ တည့်တည့် တိုးဝင်သွားသည်။
"ဒါ ဘာလဲ.. ဘာလို့ ဒီလောက် မြန်ရတာလဲ.."
ထိုလူငယ်သည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ချော်ရည်ကဲ့သို့ ပူပြင်းသော အားလှိုင်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။
ဗုန်း..
နောက်တစ်စက္ကန့်တွင် ထိုလူငယ်၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်အလား နောက်သို့ လွင့်ထွက်သွားတော့သည်။ လေထဲတွင် သွေးလမ်းကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားပြီး မြေပြင်ပေါ်တွင် မီတာ ဒါဇင်နှင့်ချီကာ လိမ့်သွားပြီးမှ ရပ်တန့်သွားတော့သည်။
[စနစ် - အိမ်ရှင်သည် ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ကာ အတန်းဖော်များကြားရှိ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးခဲ့သည်။ စေတနာတန်ဖိုး +၁၅၀]
"ခေါင်းဆောင်.."
ရှမ်းဟိုင် အမှတ် (၂) မှ မိန်းကလေးတစ်ဦးသည် သူမ၏ ခေါင်းဆောင် လွင့်ထွက်သွားသည်ကို ကြည့်ကာ စိုးရိမ်စွာဖြင့် စူးစူးရှရှအော်ဟစ်လိုက်၏။
"မင်းလည်း ပျံသွားလိုက်တော့.."
ဂူချန်သည် ထိုအသံကို စိတ်ပျက်သွားကာ လက်ပြန်တစ်ချက် ရိုက်ချလိုက်ရာ ထိုမိန်းကလေးမှာလည်း လေထဲသို့ လွင့်ပျံသွားပြီး သူမ၏ ခေါင်းဆောင်ဘေးသို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။
[စနစ် - အိမ်ရှင်သည် မန်ဒရင်းဘဲတစ်စုံကို အတူတူ အေးချမ်းစွာ အိပ်စက်နိုင်အောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၂၀၀]
'မဆိုးဘူး ..'
ဂူချန် စိတ်ထဲမှ ချီးကျူးလိုက်သည်။ ထို့နောက် သူ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာသည်။
ပူပြင်းလှသော နေမင်းစကြာယန်ချီ များသည် လှိုင်းလုံးများအလား ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားရာ အနီးနားရှိ ကျောင်းသားများမှာ အပူချိန် ဒါဇင်နှင့်ချီ၍ မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။
အားလုံး၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် ဂူချန်သည် ခေါင်းကို အနည်းငယ် မော့ကာ အေးစက်စွာဖြင့်..
"အခုကစပြီး ဒီအဆောက်အအုံက ချင်းဟယ် အမှတ် (၁) အပိုင်ပဲ.."
"သုံးမိနစ်အတွင်း မထွက်သွားတဲ့သူမှန်သမျှ..."
"ငါ အကုန်လုံးကို လေပေါ်ပျံရအောင် လုပ်ပေးမယ်.."
***