စစ်မှန်သောချီ ...
သိုင်းပညာရှင်တစ်ဦးသည် တတိယအဆင့်သို့ တက်လှမ်းနိုင်ပါက ခန္ဓာကိုယ်အတွင်းရှိ ချီများမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ပြင်ပတွင် မိမိ၏ ခြေလက်များကဲ့သို့ လွယ်ကူစွာ ထိန်းချုပ်နိုင်သည့် စစ်မှန်သောချီ အဖြစ် ပြောင်းလဲသွားသည်။
ဤသည်က တတိယအဆင့် စစ်မှန်သောသိုင်းအဆင့် နှင့် အထက်ရှိသူများသာ ပိုင်ဆိုင်နိုင်သော အရာ ဖြစ်သည်။
ရှေ့တွင်ရှိနေသော ဝတ်စုံနက်နှင့် လူငယ်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော စစ်မှန်သောချီများ ထွက်ပေါ်နေသည်ကို ကြည့်ပြီး လူတိုင်းတုန်လှုပ်နေကြ၏ ။
သူတို့နှင့် သက်တူရွယ်တူဖြစ်သော ဤလူငယ်သည် အမှန်တကယ် တတိယအဆင့် စစ်မှန်သောသိုင်းအဆင့်သို့ ရောက်ရှိနေပြီလော ။ ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
အသက် ၁၈ နှစ်အရွယ်မှာပင် တတိယအဆင့်ကို ချိုးဖောက်နိုင်သော ပါရမီရှင်မျိုး ကျန်းနန်ပြည်နယ်တွင် မည်သည့်အချိန်က ပေါ်ပေါက်ခဲ့ပါသနည်း ။ မည်သည့်အတွက်ကြောင့် သူတို့ မကြားဖူးရပါသနည်း ။
ဘေးမှ ကြည့်နေသူများသာမက ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများပင်လျှင် ကြောင်အသွားကြသည်။ ဂူချန်ကို သိကြသော ကျန်းနန်ပြည်နယ်မှ ချမ်းသာသော မိသားစုဝင် သခင်လေးများမှာမူ သူတို့ကိုယ်သူတို့ပင် ပြန်လည် သံသယဝင်လာကြ၏။
' နောက်ဆုံးတွေ့တုန်းက ငါတို့အားလုံး ပထမအဆင့် အထွက်အထိပ်မှာပဲ ရှိကြသေးတာလေ.. အခုမှ ဘယ်လောက်ကြာသေးလို့လဲ..'
'ငါတို့က ဒုတိယအဆင့်ကို အနိုင်နိုင် တက်နေရချိန်မှာ မင်းက တတိယအဆင့်ကို ရောက်သွားပြီလား..'
' ငါတို့တွေ အတူတူ အပျော်အပါးမက်ကြမယ်လို့ သဘောတူထားပြီးမှ မင်း နောက်ကွယ်မှာ ခိုးပြီး ကျင့်ကြံနေတာလား..'
လီကျီရန် တစ်ယောက်သာလျှင် အားရဝမ်းသာ ဖြစ်နေပြီး အားကိုးတကြီး ကြည့်နေသည်။
' ဘောစ့်က တကယ် စစ်မှန်သောသိုင်းအဆင့်ကို ရောက်နေတာပဲ..'
သို့သော် သူသည် စိတ်လှုပ်ရှားမှုကို ထိန်းကာ သူလုပ်ရမည့်အလုပ်ကို သတိရသွားသည်။ သူသည် အသံချဲ့စက်ကို ကိုင်ကာ လူအုပ်ကြီးကို အော်ပြောလိုက်သည်။
"နှစ်မိနစ်ခွဲပဲ ကျန်တော့တယ်.."
ထိုစကားကြောင့် လူအုပ်ကြီး သတိပြန်ဝင်လာကြသည်။ အုပ်စုတစ်စုသည်တော့ လွင့်ထွက်သွားသည့် ရှမ်းဟိုင် အမှတ် (၂) ခေါင်းဆောင်နှင့် ဂူချန်၏ အစွမ်းကို သတိရကာ တုန်လှုပ်ခြောက်ခြားသွားပြီး အထုတ်အပိုးများ သိမ်းရန် အခန်းထဲသို့ အပြေးအလွှား ပြန်သွားကြသည်။
နောက်ထပ် အုပ်စုတစ်စုကတော့ ဝေခွဲမရ ဖြစ်နေကြ၏။ တစ်ယောက်ခန်း အဆောက်အအုံ၏ အခြေအနေက အခြားနေရာများထက် အများကြီး သာလွန်သည်။ ထို့ပြင် သူတို့ နေရာယူပြီးသားကို အခုမှ ဖယ်ပေးရမည်ဆိုပါက သိက္ခာကျစရာ ဖြစ်သွားမည်ပင်။
"သူက ဘာကောင်မို့လို့လဲ..ဒီအဆောက်အအုံက အများပိုင်ပဲဟာ..သူက ဘာလို့ သူ့အိမ်လိုမျိုး ငါတို့ကို နှင်ထုတ်နေရတာလဲ.."
"ဘယ်သူမှ ဘာမှမလုပ်ကြဘူးလား.."
"ငါတို့တွေ သူ့ကို သွားပြီး ညှိနှိုင်းကြည့်သင့်တယ်.. ငါက တစ်ယောက်ခန်းမဟုတ်ရင် အိပ်လို့မရဘူး.."
"ငါ့ကိုမေးရင်တော့ ဘာကြောက်စရာ ရှိလို့လဲ.. သူက တတိယအဆင့် ဖြစ်နေရင်တောင် ငါတို့က ရာနဲ့ချီရှိတာ.. သူတို့က ၁၀ ယောက်ပဲ ရှိတာလေ.. ငါတို့ဘက်က အင်အားသာတယ်.."
"ဟုတ်တယ်..သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ.."
တစ်စုံတစ်ယောက်က ကြောက်စိတ်ကို မျိုသိပ်ကာ ဂူချန်ကို သွားရောက် ပြောဆိုရန် ပြင်လိုက်သော်လည်း လီကျီရန်၏ အေးစက်သော အချိန်မှတ်သံကိုသာ ကြားလိုက်ရသည်။
"တစ်မိနစ်ပဲ ကျန်တော့တယ်.."
စက္ကန့်များ ကုန်ဆုံးသွားသည်နှင့်အမျှ လူများစွာ ထွက်ခွာသွားကြသော်လည်း ရာနှင့်ချီသော လူများမှာမူ အောက်ထပ်တွင် မလှုပ်မယှက် စောင့်နေကြဆဲ ဖြစ်သည်။ ထိုသူများထဲတွင် ဂူချန်၏ ခြိမ်းခြောက်မှုကို လှောင်ပြောင်နေသော ကျန်းနန်ပြည်နယ်မှ သိုင်းမိသားစုကြီးများ၏ သခင်လေးများလည်း ပါဝင်၏။ သူတို့သည် ဂူချန်က သူတို့ကို တကယ် လက်ဖျားနှင့် ထိဝံ့မည်ဟု မယုံကြည်ကြပေ။
"ကြည့်ရတာ... မင်းတို့တွေ ထွက်သွားဖို့ အစီအစဉ် မရှိကြဘူး ထင်တယ်.."
ဂူချန်သည် လက်ကို ဘောင်းဘီအိတ်ထဲထည့်၍ လူမိုက်စတိုင်ဖြင့် လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။ သူ အမိန့်မနာခံတက်သော လူများကို သဘောကျ၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်မှသာ သူတရားဝင် ကူညီပေးခွင့် ရမည်ဖြစ်ချေသည် ။
"ဂူချန်... မင်း ဒီနေ့ ဆေးမှားသောက်လာတာလား.."
အရပ်ရှည်ပြီး ဗလကောင်းသော ကျောင်းသားတစ်ဦး ရှေ့ထွက်လာကာ ဒေါသတကြီး ပြောလိုက်သည်။
"ဒီလို အဆင့်မရှိတဲ့ ကောင်တွေကို မင်းနှင်ထုတ်တာက ထားပါတော့.. ငါတို့အားလုံးက ကျန်းနန်ပြည်နယ်က သိုင်းမိသားစုဝင်တွေပဲ.... မင်းလုပ်တာက နည်းနည်း မလွန်လွန်းဘူးလား.."
"မင်း တတိယအဆင့်ကို ရောက်သွားတာကတော့ အထင်ကြီးစရာပဲ..ဒါပေမဲ့ မနက်ဖြန်မှာ စစ်ဆေးမှု ရှိသေးတယ်..မင်းလုပ်စရာရှိတာ သွားလုပ်စမ်းပါ..လူကြားထဲမှာ ကြွားလုံးထုတ်ပြီး အချိန်မဖြုန်းစမ်းနဲ့.."
ပြောပြီးသည်နှင့် ထိုသူက ဂူချန်၏ သဘောထားကိုပင် မစောင့်ဘဲ သူ၏ သူငယ်ချင်း သခင်လေးများကို အထဲသို့ ဝင်ရန် လက်ဝေ့ယမ်းပြလိုက်သည်။ သို့သော် သူ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ သူငယ်ချင်းများမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် သူ့နောက်ကို ကြည့်ကာ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
"ဘာဖြစ်နေကြတာလဲဟ..သွားမယ်.."
ထိုကျောင်းသားက စိတ်မရှည်စွာဖြင့် ပြန်လှည့်ကြည့်လိုက်ရာ ဝတ်စုံနက်နှင့် လူငယ်သည် သူ့ရှေ့တည့်တည့်သို့ မည်သည့်အချိန်က ရောက်နေမှန်းမသိ ရောက်နေသဖြင့် လန့်သွားသည်။
"သောက်ခွေး.. မင်း..."
သူ၏ စကားပင် မဆုံးလိုက် ။ ပူပြင်းလှသော အပူလှိုင်းများနှင့်အတူ လက်ဖဝါးတစ်ဖက်သည် သူ့မျက်နှာပေါ်သို့ ကျရောက်လာ၏။
ရှဲ... ရှဲ...
ဆီပူအိုးထဲသို့ ရေလောင်းလိုက်သကဲ့သို့ အသံများ ထွက်ပေါ်လာပြီး သူ့မျက်နှာပေါ်ရှိ အရေပြားများမှာ ချက်ချင်းပင် ကျက်သွားကာ မီးလောင်နံ့များ ထွက်ပေါ်လာတော့သည်။
"အားးးးး.."
ထိုကျောင်းသားသည် အသတ်ခံရသော ဝက်တစ်ကောင်အလား စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူက သွေးနှင့်ချီကို အသုံးပြု၍ ခုခံရန် ကြိုးစားသော်လည်း နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရသည်။
ဗုန်း...
ဖုန်မှုန့်များ လွင့်ပျံသွားပြီး မြေပြင်မှာလည်း သိသိသာသာ တုန်ခါသွားသည်။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဘေးမှ ကြည့်နေသူများပင် နာကျင်မှုကို ခံစားလိုက်ရ၏။
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော်တစ်ဦးကို အခမဲ့ မျက်နှာပေါင်းတင်ပေးခဲ့သည်။ စေတနာတန်ဖိုး +၅၀]
ဒုန်း...
ဂူချန်က မည်သည့်ခံစားချက်မှ မရှိဘဲ ထိုသူ၏ ခေါင်းကို မြေပြင်ထဲသို့ ခြေထောက်ဖြင့် နင်းချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်းက ဘာကောင်မို့လို့ ငါနဲ့ အဆင့်အတူတူပဲလို့ ပြောရဲတာလဲ.."
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော်တစ်ဦးကို အိပ်မပျော်ခြင်းနှင့် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားအောင် အမြန်အိပ်ပျော်စေရန် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၅၀]
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက တံတွေးကို အနိုင်နိုင် မျိုချနေကြသည်။ သူတို့သည် ကျန်းနန်ပြည်နယ်၏ ထိပ်တန်းသိုင်းမိသားစုဝင်များ ဖြစ်ကြပါလျက်နှင့် ဂူချန်က ဘာလို့ သူတို့ကို လက်ဖျားနှင့် ထိဝံ့ရပါသနည်း။
ပုံမှန်အားဖြင့် သိုင်းမိသားစုကြီးများအကြား အားပြိုင်မှုများ ရှိသော်လည်း စီးပွားရေးအရ ဆက်ဆံမှုများလည်း ရှိကြသဖြင့် အပြင်လောကတွင် တိုက်ရိုက် ရန်ဖြစ်လေ့ မရှိကြပေ။ သို့သော် ဤချင်းဟယ်မြို့မှ ဂူချန်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်။ လက်သီးနှင့် အရင်ထိုးပြီး ခြေထောက်နှင့် ထပ်နင်းတတ်သော လူစားမျိုး ဖြစ်သည်။
ဤနေရာတွင် ရှိနေသော လူများမှာ ကြောက်စိတ်များ လွှမ်းမိုးလာကြပြီး နောက်ဆုတ်ရန် ပြင်လိုက်ကြသည်။ ဂုဏ်သိက္ခါထက် အသက်က ပိုအရေးကြီးသည်မဟုတ်ပါလော။ သူတို့ အထုတ်အပိုများ သိမ်းရန် ပြင်လိုက်စဉ်မှာပင် လီကျီရန်၏ အသံက အသံချဲ့စက်မှ ထွက်ပေါ်လာသည်။
"သုံးမိနစ် ပြည့်သွားပြီ.."
ထိုအသံကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ ရင်ထဲ၌ မကောင်းသော ခံစားချက်များ ပေါ်လာကြပြီး ဝတ်စုံနက်နှင့် လူငယ်ကို ကြည့်လိုက်ကြသည်။
တည်ငြိမ်နေသော ထိုလူငယ်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ လက်နှစ်ဖက်တွင် ထူးဆန်းသော နီမြန်းသည့် အစင်းကြောင်းများ ပေါ်လာကာ ကြွက်သားများမှာလည်း သံမဏိတုံးများအလား ဖောင်းကြွလာသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပူပြင်းလှသော အငွေ့များ ထွက်ပေါ်နေပြီး သူ ခြေတစ်လှမ်း နင်းလိုက်ရုံဖြင့် မြေပြင်မှာ အက်ကွဲသွားကာ လူအုပ်ကြီးထဲသို့ နတ်ဆိုးတစ်ကောင်အလား တိုးဝင်သွားတော့သည်။
လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ထိတ်လန့်သွားကြ၏ ။
ချီး.......
ငါတို့တော့ သွားပြီ...
***