"နေပါဦး အစ်ကိုကြီး... မလုပ်ပါနဲ့..ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပါ့မယ်.."
လူအုပ်ကြီး၏ ရှေ့ဆုံးမှ တစ်ဦးသည် သူ့ထံ ပြေးဝင်လာသော လူရိပ်ကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားကာ လက်ကာပြရင်း အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး... ကျွန်တော် မှားသွားပါပြီ.. မလုပ်..."
"နောက်ကျသွားပြီ..."
ဂူချန်က ထိုသူ၏ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ ပူပြင်းလှသော လိမ္မော်ရောင် နေမင်းစကြာယန်ချီ များသည် သူ၏ နီမြန်းနေသော ညာဘက်လက်မောင်းတွင် နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်စီးဆင်းနေ၏။
လက်ဝါးတစ်ချက် ရိုက်ချလိုက်သည့်အခါ ရင်ဘတ်ရှေ့ရှိ လေထုမှာ တိုက်ရိုက် ပေါက်ကွဲသွားပြီး အဖြူရောင် ချီလှိုင်းများသည် ရန်သူ၏ လက်နှစ်ဖက်ဆီသို့ တိုးဝင်သွားတော့သည်။
ဂျွတ်...
အရိုးကျိုးသံနှင့်အတူ အရှိန်အဟုန်ပြင်းသော အားလှိုင်းသည် ထိုသူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ လက်နှစ်ဖက်စလုံး သုံးခေါက်ချိုးပုံစံ ကျိုးသွားပြီး ရင်ဘတ်မှ သွေးများ ပန်းထွက်ကာ အမြောက်ဆန်ကဲ့သို့ လွင့်ထွက်သွားတော့သည်။ သူ၏နောက်မှ လူတစ်ဒါဇင်ကျော်ကိုပါ ဆင့်ကဲတိုက်မိပြီးနောက် လူသားနံရံကြီးပေါ်တွင် သတိလစ်သွား၏။
လှုပ်ရှားမှုတိုင်းသည် ခဏချင်းအတွင်း ပြီးဆုံးသွားခြင်း ဖြစ်သည်။ လူတိုင်း သတိဝင်လာချိန်တွင် ထိုသူမှာ သွေးအိုင်ထဲ၌ သတိလစ်နေလေပြီ။ ရှမ်းဟိုင် အမှတ် (၂) မှ နှစ်ဦးကဲ့သို့ပင် တစ်ချက်တည်းဖြင့် အပြတ်အသတ် အနိုင်ယူခံလိုက်ရခြင်း ဖြစ်သည်။
ဂူချန်၏ မျက်နှာမှာ တည်ငြိမ်နေပြီး မည်သည့်တုံ့ဆိုင်းမှုမျှ မရှိပေ။ သူ၏ ခန္ဓာကိုယ်အတွင်းမှ နေမင်းစကြာယန်ချီ များကို အကန့်အသတ်မရှိ ထုတ်လွှတ်နေသည်။ သူ၏ ခရမ်းရောင်မျက်လုံးများမှာ တောက်ပနေပြီး ဝတ်စုံနက်ကြီးမှာ လေထဲတွင် လွင့်ပျံနေရင်း လူအုပ်ကြီးထဲသို့ နတ်ဆိုးတစ်ကောင်ကဲ့သို့ ထပ်မံ တိုးဝင်သွားပြန်သည်။
ကျန်းနန်ပြည်နယ်၏ ပါရမီရှင်များသည် ထိုဝတ်စုံနက်နှင့် လူငယ် ထပ်မံတိုက်ခိုက်လာသည်ကို မြင်သောအခါ ကြောက်လန့်တကြား ထွက်ပြေးရန် ပြင်လိုက်ကြသည်။ ထိုအချိန်တွင် မျက်မှန်နှင့် ကျောင်းသားတစ်ဦး ရှေ့ထွက်လာပြီး ပညာရှိဟန်ဖြင့် အော်ဟစ်လိုက်၏။
"ဂူချန်... ငါတို့ကို အတင်းအကျပ် မလုပ်နဲ့.."
"မင်း အခုမှ တတိယအဆင့်ကို ချိုးဖောက်ထားတာဆိုတော့ မင်းရဲ့ စစ်မှန်သောချီက သိုင်းကွက် တစ်ဒါဇင်လောက် သုံးပြီးရင် ကုန်သွားမှာပဲ.. အဲဒီအခါကျရင် မင်း ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး.."
"ငါ အကြံပေးချင်တာကတော့ လက်လျှော့လိုက်ပါ..ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် မလုပ်နဲ့.."
ထိုသို့ အော်ဟစ်ပြောဆိုနေရင်းနှင့် သူကိုယ်တိုင်မှာမူ လူအုပ်ကြီး၏ နောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်။
"ဟုတ်တယ်..ငါတို့က အများကြီးရှိတာ..သူ တတိယအဆင့် ဖြစ်နေရင်တောင် ငါတို့ကို မယှဉ်နိုင်ပါဘူး.."
တစ်ယောက်က ထောက်ခံလိုက်သည်။
မျက်မှန်နှင့် ကျောင်းသား၏ စကားကြောင့် လူတိုင်း သတိဝင်လာကြသည်။ သူတို့မှာ လူသုံးရာကျော် ရှိနေသည် မဟုတ်လော။ မည်သည့်အတွက်ကြောင့် တစ်ယောက်တည်းကို ဤမျှ ကြောက်နေရမည်နည်း။
ထွက်ပြေးနေသော ကျောင်းသားများသည် ချက်ချင်း ရပ်တန့်လိုက်ပြီး လူငယ်ထံသို့ ယုံကြည်မှုအပြည့်ဖြင့် ပြန်လည် ဦးတည်လိုက်ကြသည်။ သုံးရာနှင့် ဆယ်ယောက်၊ အသာစီးရသူမှာ သူတို့ပင် ဖြစ်ပေလိမ့်မည်။
"ဒါပဲ... တိုက်ကြစမ်း.."
မျက်မှန်နှင့် ကျောင်းသားက အော်ဟစ်ရင်း သူကိုယ်တိုင်မှာမူ အနောက်တွင်သာ ပုန်းနေတော့သည်။
ဒုတိယအဆင့် သိုင်းပညာရှင် ရာပေါင်းများစွာသည် သူတို့၏ သိုင်းပညာများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ပြီး ဝတ်စုံနက်နှင့် လူငယ်ကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လိုက်ကြ၏။ သို့သော်လည်း ဂူချန်၏ အရှိန်မှာ အနည်းငယ်မျှ လျော့ကျမသွားပေ။ တိုက်ခိုက်မှုများ သူ့ထံ ရောက်ခါနီးတွင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး လေထဲတွင် ရုတ်တရက် ပြန်ပေါ်လာသည်။
သူတို့မှာ ဒုတိယအဆင့်များသာ ရှိသေးသဖြင့် လေထဲတွင် တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။
ဗုန်း ..ဗုန်း ..ဗုန်း..
မြေပြင်ပေါ်တွင် လေထုပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ဂူချန်ကိုမူ တစ်ချက်မျှ မထိ။
"ဟဲဟဲ.."
ဂူချန်၏ တစ်ကိုယ်လုံးတွင် စစ်မှန်သောချီများ ဝန်းရံနေပြီး ပတ်ဝန်းကျင်မှ လေထုမှာ အပူလှိုင်းကြောင့် ပုံပျက်လာသည် ။ သူသည် အောက်မှ လူအုပ်ကြီးကို နတ်ဘုရားတစ်ပါးကဲ့သို့ ငုံ့ကြည့်ရင်း လှောင်ပြောင်လိုက်သည်။ ပုရွက်ဆိတ်များ မည်မျှပင် များပြားစေကာမူ ပုရွက်ဆိတ်သာ ဖြစ်သည်။
သူ့တွင် ထာဝရနေဝန်းကျင့်စဉ်ရှိသည့်အတွက် စစ်မှန်သောချီ ကုန်ခမ်းသွားမည်ကို စိတ်ပူစရာ မလိုပေ။
' ဝိုင်းတိုက်တာတော့ မိုက်ပါတယ်..ဒါပေမဲ့ ငါမှာ စနစ်ရှိနေလို့ စိတ်တော့ မကောင်းဘူး ဟီးဟီး ..'
ဂူချန် စိတ်ထဲမှ တွေးလိုက်သည်။
သူ လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည့်အခါ သူ၏ လက်ဖဝါးများမှာ ပို၍ နီမြန်းလာသည်။ မီးခိုးရောင် မြူခိုးများသည် သူ၏ ရင်ဘတ်ရှေ့တွင် စုစည်းသွားပြီး မီတာပေါင်းများစွာ ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
တတိယအဆင့် ရှားပါးသိုင်းပညာ - ကြေကွဲဝိညာဉ်လက်ဝါး (ပြီးပြည့်စုံခြင်းအဆင့်)
SS အဆင့် သတ်ဖြတ်ခြင်းလက်ဖဝါး ၏ ပံ့ပိုးမှုကြောင့် ဤသိုင်းမှာ စတုတ္ထအဆင့်နှင့် ယှဉ်နိုင်သော ခွန်အား ရှိနေသည်။
ဂျိန်း...
လေထုထဲမှ မိုးချိမ်းသံကဲ့သို့ လူတိုင်း၏ နားထဲတွင် နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။ ချင်းဟယ် အမှတ် (၁) မှ ကျောင်းသားများမှာမူ ဤသည်မှာ မုရုံချင်းရွှယ်ကို အနိုင်ယူခဲ့သည့် သိုင်းကွက်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။ ကွာခြားသည်က အရင်ကထက် အဆပေါင်းများစွာ ပိုမို သန်မာလာခြင်းပင်။
ဧရာမ မီးခိုးရောင် လက်ဝါးကြီးမှာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဖိချလိုက်သည်။ အားလုံးက ထိတ်လန့်တကြားဖြင့် ကြွက်များကဲ့သို့ ဟိုပြေးဒီပြေး လုပ်ကုန်ကြသော်လည်း လက်ဝါးကြီးမှာ အလွန် လျင်မြန်လွန်းလှသဖြင့် လူတစ်ဒါဇင်ကျော်မှာ မလွတ်မြောက်နိုင်ခဲ့ပေ။
ဒုန်း...
ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် မြေပြင်ကြီး အက်ကွဲသွားပြီး ကျောက်စရစ်ခဲများသည် ဓားသွားများကဲ့သို့ လွင့်ထွက်သွားသည်။ မီးခိုးရောင် မြူခိုးများသည် ပေါက်ကွဲရာ ဗဟိုချက်မှ လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားပြီး ဘေးနားမှ လူများကိုပါ လွင့်ထွက်သွားစေသည်။
မြူခိုးများ ပျောက်ကွယ်သွားသည့်အခါ သွေးအိုင်ထဲတွင် သတိလစ်နေသော လူများကို တွေ့လိုက်ရသည်။ ဂူချန်က အားလျှော့ထားသဖြင့်သာ ဖုန်မှုန့် ဖြစ်မသွားခြင်းပင်။
လူတိုင်း ကြောက်လန့်နေချိန်တွင် မျက်မှန်နှင့် ကျောင်းသားမှာ ပြန်ပေါ်လာပြီး အားပေးပြန်သည်။
"အားလုံး မကြောက်ကြနဲ့.."
"သူ ဒီလောက်အထိ သုံးထားရင် မောနေလောက်ပြီ..ငါတို့က..."
ဗုန်း...
သူ့စကား မဆုံးသေးမီမှာပင် နောက်ထပ် မီးခိုးရောင် လက်ဝါးကြီးတစ်ခု ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး သူ့ကို မြေပြင်ထဲ နစ်ဝင်သွားစေသည်။ ကျိုးပဲ့နေသော မျက်မှန်တစ်လက်သာ လွင့်ထွက် ကျန်ရစ်တော့သည်။
"ဘာကြီးလဲ..."
အားလုံး ဆွံ့အသွားကြသည်။ ပြိုင်ဘက်မှာ လေထဲတွင် ပျံသန်းနိုင်ရုံသာမက အစွမ်းထက်သော သိုင်းကွက်များကိုလည်း အဆက်မပြတ် သုံးနေလေ၏။ ဤသည်မှာ ရှင်သန်ရေးဂိမ်းအတွင်း လှေငယ်လေးများ သုံးနေချိန်တွင် အာကာသယာဉ်ကြီး ရောက်လာသကဲ့သို့ပင် ဖြစ်သည်။
အားလုံး မျှော်လင့်ချက်မဲ့သွားပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့သည်။
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော် လုံနိုင်းကို အမြန်အိပ်ပျော်စေရန် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၂၀]
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော် ကျီဖုန်းကို အမြန်အိပ်ပျော်စေရန် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၂၆]
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော် လီချင်းကို အမြန်အိပ်ပျော်စေရန် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၅၀]
"ဒီလို ရိုက်ရတာ ပျော်စရာကောင်းသားပဲ.."
ဂူချန်သည် သူ၏ နားထဲမှ စနစ်၏ အသံကို နားထောင်ရင်း နောက်ထပ် လက်ဝါးတစ်ချက်ကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။
ဗုန်း.. ဗုန်း ..ဗုန်း..
ဗုံးကြဲလေယာဉ်တစ်စင်းကဲ့သို့ လက်ဝါးရိုက်ချက်များကို လူအုပ်ထဲသို့ အဆက်မပြတ် တိုက်ခိုက်နေ၏။ အရှိန်အဝါမှာ လျော့ကျမသွားဘဲ ပိုမို ပြင်းထန်လာသည်။ ထိမိသည့်သူ မှန်သမျှ လွင့်ထွက်သွားပြီး ချက်ချင်း အိပ်ပျော်သွားကြတော့သည်။
ဤဆူညံသံကြီးကြောင့် နှစ်ယောက်ခန်းနှင့် လေးယောက်ခန်းမှ ကျောင်းသားများပါ နိုးလာကြပြီး အပြင်ထွက်ကြည့်ကြသည်။
"ဘာတွေ ဖြစ်နေတာလဲ.. မီးရှူးမီးပန်း ဖောက်နေတာလား.."
"တိုက်ပွဲ ဖြစ်နေတာ ထင်တယ်.."
"နေပါဦး... ကောင်းကင်ပေါ်မှာ ဘယ်သူ ရပ်နေတာလဲ.."
သူတို့ စိတ်ဝင်တစား ကြည့်နေချိန်တွင် နားနေဆောင်၏ မြေအောက်ခန်းရှိ စောင့်ကြည့်ရေးကောင်စီဝင်များနှင့် ဆရာများမှာမူ စခရင်ရှေ့တွင် ပါးစပ်အဟောင်းသား ဖြင့် ဆွံ့အနေကြသည် ။
***