ဟဲယွဲ့ ထွက်ခွာသွားသည့်နေ့တွင် ကျန်းနျန်သည် ကွမ်လု၊ ယွဲ့ချောင်နှင့် ရှု့ရွှယ်တို့နှင့်အတူ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ကလေးများမှာလည်း တွန့်ဆုတ်စွာဖြင့် လက်ပြနှုတ်ဆက်ကြသည်။ ဤသည်မှာ ကျန်းနျန်အတွက် မိသားစုအိမ်ရာက ဇနီးတစ်ဦးကို ပထမဆုံးအကြိမ် လိုက်လံ ပို့ဆောင်ပေးခြင်းပင် ဖြစ်သည်။
အပြန်လမ်းတွင် ကင်းစောင့်တစ်ဦးက နောက်မှ ပြေးလိုက်လာပြီး ကျန်းနျန်ကို လှမ်းခေါ်သည်။ "ရဲဘော်ကျန်း... ရဲဘော်နဲ့ တပ်ရင်းမှူးလုတို့အတွက် ဖုန်းလာနေပါတယ်။"
ကျန်းနျန် လှည့်ကြည့်လိုက်သည်။ "ဘယ်သူလဲ။"
အစောင့်က ပြန်ဖြေခဲ့သည်။ "တစ်ဖက်ကဖြေတာကတော့ ဟူယန်ခရိုင် ရဲစခန်းကလို့ ပြောပါတယ်။"
ကျန်းနျန်သည် ချက်ချင်း ဗိုလ်ကြီးလုကို သတိရလိုက်တော့သည်။
ကျန်းနျန်သည် ရှု့ရွှယ်နှင့် တခြားသူများကို အရင်ပြန်နှင့်ရန် ပြောလိုက်ပြီး အစောင့်နောက်သို့ လိုက်ကာ ဖုန်းလက်ခံရန် ရုံးခန်းသို့ သွားခဲ့သည်။ ဖုန်းနားကြပ်ကို နားမှာ ကပ်လိုက်သည်နှင့် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။ "အခုကိုင်ထားတာက ကျန်းနျန်လား။"
ထိုအသံမှာ ဗိုလ်ကြီးလု၏ အသံပင် ဖြစ်သည်။
ကျန်းနျန်သည် သက်ပြင်းချလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့... ကျွန်မပါ။" ခေတ္တအကြာတွင် လုယွီ လွန်ခဲ့သော ရက်အနည်းငယ်က သူ့ထံ ဖုန်းဆက်ခဲ့ကြောင်း သူမက ပြောပြသည်။ ဗိုလ်ကြီးလု ပြန်ဖြေလိုက်သည်။ "စခန်းက လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ကို ပြောပြကြတယ်။"
"မရီး..." ဗိုလ်ကြီးလုသည် ခေါ်ပုံခေါ်နည်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး သူ၏ အသံမှာလည်း ပို၍ လေးနက်လာသည်။ "တပ်ရင်းမှူးလုကို ပြောပြဖို့ အခွင့်အရေး မရသေးတဲ့ ကိစ္စတစ်ခု ရှိတယ်။ ရှု့ယန်ကို ခေါ်သွားတာ ကျွန်တော်ပါ။ အခု သူမက ကျွန်တော့်အိမ်မှာ ကျွန်တော့်အမေ၊ ကလေးတွေနဲ့အတူ ရှိနေတယ်။"
ကျန်းနျန် - ???
သူမသည် လုကောရှန်၏ စကားကို နားလည်အောင် ကြိုးစားရင်း ခေတ္တမျှ မှင်သက်သွားခဲ့သည်။ "ရှင်ပြောတာ... ရှင်နဲ့ ရှု့ယန်နဲ့ လက်ထပ်လိုက်ကြပြီ ဟုတ်လား။"
ဗိုလ်ကြီးလု ပြောလိုက်သည်။ "အင်း... လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ကျွန်တော် ထွက်မလာခင်မှာ ရှု့ယန်နဲ့ အသေအချာ ဆွေးနွေးခဲ့တာပါ။ ကျွန်တော့်အလုပ်တွေ ပြီးသွားရင် သူမကို ယွမ်မြို့ဆီ ခေါ်လာပြီး မရီးတို့၊ တပ်ရင်းမှူးလုတို့နဲ့ ပေးတွေ့ဖို့ စဉ်းစားထားတာ၊ ဒါပေမယ့် တပ်ရင်းမှူးလုက အရင်ဖုန်းဆက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ဗိုလ်ကြီးလုနှင့် ဖုန်းပြောပြီးနောက်တွင်လည်း ကျန်းနျန်မှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးဟု ထင်ထားသော လူနှစ်ယောက် ပေါင်းဖက်သွားလိမ့်မည်ဟု သူမ လုံးဝ မတွေးမိခဲ့ပေ။ ရှု့ယန်ကို ဘယ်သူခေါ်သွားတာလဲဆိုပြီး ဆယ်ရက်ကျော်တိုင်တိုင် ခန့်မှန်းနေခဲ့ရသမျှ နောက်ဆုံးတော့ ဗိုလ်ကြီးလု ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူမ အံ့ဩသွားခဲ့ရသည်။
ကျန်းနျန်သည် တပ်ရင်းနှင့် မိသားစုအိမ်ရာကြားက လမ်းဆုံသို့ ရောက်ခါနီးတွင် အပြင်သို့ ထွက်လာသော လုယွီနှင့် အစောင့်တို့ကို တွေ့လိုက်ရသည်။
ကျန်းနျန် ပြောလိုက်သည်။ "ကျွန်မ ဗိုလ်ကြီးလုနဲ့ ဖုန်းပြောပြီးပြီ။"
လုယွီ သူမအနားသို့ လျှောက်ပြီး မေးခဲ့သည်။ "သူ ဘာပြောလဲ။"
ကျန်းနျန်က အသာ ပြုံးကာပြောလိုက်သည်။ "ခန့်မှန်းကြည့်လေ။"
လုယွီ - …
ကျန်းနျန် အရိပ်အမြွက် ပေးလိုက်သည်။ "ရှု့ယန် ဘယ်မှာလဲဆိုတာ သူသိတယ်။"
လုယွီသည် မျက်ခုံးပင့်လိုက်ကာ ချက်ချင်း နားလည်သွားသည်။ "ရှု့ယန်က သူ့ဆီမှာပေါ့။" သူက ကျန်းနျန်၏ အံ့ဩနေသော မျက်နှာလေးကို ကြည့်ပြီး ဆက်မေးခဲ့သည်။ "သူတို့ လက်ထပ်လိုက်ကြပြီလား။"
ကျန်းနျန် - …
လုယွီသည် တကယ်ကို ထက်မြက်ပြီး အမြင်စူးရှသည်ဟု ဆိုရပေလိမ့်မည်။ ကျန်းနျန် ပြောလိုက်သည်။ "သူတို့နှစ်ယောက် ပေါင်းဖက်သွားလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး။"
ယခုအခါ လူတိုင်း၏ အခြေအနေမှာ မူရင်းစာအုပ်ထဲက ရလဒ်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီဖြစ်သည်။ ရှု့ယန်တွင် ပျော်ရွှင်စရာ အဆုံးသတ်တစ်ခု ရှိလာပြီဖြစ်သလို အစ်မဖန့်တို့ မိသားစုသည်လည်း အလွန်ပင် ပျော်ရွှင်နေကြသည်။ သူမ ပတ်ဝန်းကျင်က လူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာနေကြသည်။ ကျန်းနျန်က လုယွီကို ကြည့်ပြီး ပြောလိုက်သည်။ "လကုန်ကြရင် ရှု့ယန်ကို ယွမ်မြို့ဆီ ခေါ်လာခဲ့မယ်လို့ ဗိုလ်ကြီးလုက ပြောတယ်။"
လုယွီသည် အလုပ်ရှိ၍ တပ်ရင်းသို့ ပြန်သွားရသဖြင့် ကျန်းနျန်သည် မိသားစုအိမ်ရာသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ စင်္ကြံလမ်းတွင် ချန်ပင်နှင့် သူမ၏ ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ ချန်ပင်ထံမှတစ်ဆင့် အစ်မလန်သည် ထိုနေ့မနက်က စာတတ်မြောက်ရေးတန်းသို့ အသွား လှေကားပေါ်မှ ပြုတ်ကျပြီး ခါးထိခိုက်သွားကြောင်း သိခဲ့ရသည်။ သူမသည် ယခုအခါ ခရိုင်ဆေးရုံတွင် တက်နေရသည်။ ချန်ပင်သည် ဆေးရုံမှ ခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်သည်။
ကျန်းနျန်သည် ရှု့ရွှယ်ကို အခြေအနေများ ပြောပြလိုက်သည်။ သူတို့နှစ်ယောက်သည် သမဝါယမဆိုင်သို့ သွားကာ ပစ္စည်းအများအပြား ဝယ်ယူပြီး ခရိုင်ဆေးရုံရှိ အစ်မလန်ထံ သွားရောက် ကြည့်ရှုခဲ့ကြသည်။
အစ်မလန် ပြုတ်ကျပြီးနောက် သူမကို ပြုစုပေးမည့်သူ မရှိသဖြင့် ကျန်းနျန်သည် ထိုမိသားစုအတွက် ထမင်းချိုင့်များ ပို့ပေးခဲ့သလို ကလေးများအတွက်လည်း တပ်ရင်းမှူးဟဲနှင့် အစ်မလန်တို့ထံ သယ်သွားနိုင်ရန် ထမင်းဘူးများ ပြင်ဆင်ပေးခဲ့သည်။ ရှု့ရွှယ်သည်လည်း အားမနေဘဲ ဆရာဝန်၏ အကြံပေးချက်အတိုင်း အစ်မလန်၏ ခါးကြွက်သားများကို နှိပ်နယ်ပေးခဲ့သည်။
ကျန်းနျန်၏ အာဟာရပြည့်ဝသော ပြုစုမှုနှင့် ရှု့ရွှယ်၏ နှိပ်နယ်ပေးမှုများကြောင့် အစ်မလန်သည် အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့သည်။
အစ်မလန် ဆေးရုံမှ ဆင်းသည့်နေ့တွင် သူမသည် ကျန်းနျန်နှင့် ရှု့ရွှယ်တို့၏ လက်များကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်ဝန်းများ နီမြန်းနေခဲ့သည်။ သူမ ထိခိုက်ဒဏ်ရာ ရပြီးနောက် စစ်ုည်ဇနီးအချို့ လာကြည့်ကြသော်လည်း အများစုမှာ လာကြည့်ရုံသာ ကြည့်ပြီး ပြန်သွားကြခြင်းဖြစ်သည်။
ကျန်းနျန်နှင့် ရှု့ရွှယ်တို့ကဲ့သို့ မည်သူမျှ ဂရုတစိုက် မပြုစုခဲ့ကြပေ။ အထူးသဖြင့် ကျန်းနျန်သည် သူမကို ပြုစုရုံတင်မကဘဲ သူမ၏ မိသားစုကိုပါ စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။
အစ်မလန်က ကျန်းနျန်၏ လက်ကို ပုတ်ပေးရင်း ပြောလိုက်သည်။ "လုယွီရဲ့ ဘဝမှာ အကြီးမားဆုံး ကောင်းချီးကတော့ ညည်းနဲ့ လက်ထပ်လိုက်ရတာပဲ။"
ကျန်းနျန် ရယ်မောလျက် ပြောလိုက်သည်။ "ဒီစကားကို လုယွီကို သေချာပေါက် ပြောပြလိုက်ပါ့မယ်။"
အစ်မလန် ပြုံးလိုက်သည်။ "ဒါ ငါပြောတာလို့ပဲ ပြောလိုက်။ အကယ်လို့ သူက ညည်းအပေါ် မကောင်းတာ လုပ်ရဲရင် လောင်ဟဲနဲ့ ငါနဲ့က သူ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။"
ရှု့ရွှယ် ရယ်မောလိုပ်သည်။ "အစ်မလန် အကယ်လို့ ချန်ယောင်က ကျွန်မအပေါ် မကောင်းရင်ရော.."
အစ်မလန် ပြောလိုက်သည်။ "အဲ့ဒီကောင်လေးကသာ ညည်းအပေါ် မကောင်းရင်တော့ ငါ တုတ်နဲ့ ဆုံးမပစ်မယ်။"
ရှု့ရွှယ်သည် အစ်မလန်ကို တွဲပေးရင်း ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြခဲ့သည်။ "အစ်မလန်ရဲ့ ဒီစကားတွေကြောင့် ကျွန်မ စိတ်အေးသွားပြီ။"
အမျိုးသမီးနှစ်ယောက်သည် အစ်မလန်ကို ဆေးရုံမှ ထွက်နိုင်ရန် ကူညီပေးခဲ့ကြသည်။ သူမသည် ယခုအခါ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်ပြီ ဖြစ်သော်လည်း အားစိုက်ရသော အလုပ်များကို ရှောင်ကြဉ်ရန်နှင့် ဆက်၍အနားယူရန် လိုအပ်နေသေးသည်။
လကုန်တွင် ဗိုလ်ကြီးလုနှင့် ရှု့ယန်တို့ ရောက်လာကြသည်။ သူတို့သည် ကလေးများကို ခေါ်မလာခဲ့ကြပေ။ မလာခင်မှာပင် သူတို့သည် လုယွီထံ အထူးတလည် ဖုန်းဆက်ခဲ့သဖြင့် လုယွီက သူတို့ ရောက်လာချိန်တွင် အချိန်ပိုပေးနိုင်ရန် ကြိုတင် စီစဉ်ထားခဲ့သည်။
ခြောက်လအကြာတွင် ကျန်းနျန်သည် ရှု့ယန်ကို ပြန်တွေ့ခဲ့ရသည်။ သူမသည် လွန်ခဲ့သည့် ခြောက်လကထက် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ အင်္ကျီများမှာ ဖာထေးထားသော မီးခိုးရောင် အင်္ကျီများ မဟုတ်တော့ပေ၊ ဆံပင်ကိုလည်း အတိုညှပ်ကာ ပန်းလေးများဖြင့် အလှဆင်ထားသည်။ သူမ၏ အသားအရေမှာ အရင်ကထက် ပိုကောင်းမွန်လာသလို မျက်ဝန်းထဲက စိုးရိမ်ပူပန်မှုတွေအစား တောက်ပပြီး ပျော်ရွှင်စရာကောင်းသော အပြုံးများဖြင့် အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ကျန်းနျန်သည် ရှု့ယန်ကို စတင်သိခဲ့ကတည်းက သူမထံမှ ယခုကဲ့သို့ လှပသော အပြုံးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုအပြုံးမှာ စိတ်ရင်းအမှန်မှ ထွက်ပေါ်လာသော အပြုံးပင် ဖြစ်သည်။ သူမဘေးတွင် ရပ်နေသော ဗိုလ်ကြီးလုက ရှု့ယန်ကို တိုးတိုးလေး စကားပြောနေခြင်းက သူမကို ပို၍ပင် ပြုံးပျော်စေခဲ့သည်။
"ရှု့ယန်။"
ကျန်းနျန်သည် လှမ်းခေါ်လိုက်ကာ တပ်ရင်းထဲမှ အမြန်ပြေးထွက်သွားသည်။ လုယွီက သူမ လဲကျမှာစိုးသဖြင့် နောက်မှ ကပ်လိုက်လာသည်။
"ကျန်းနျန်။" ရှု့ယန်သည်လည်း ကျန်းနျန်ကို ဖက်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်လအတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ သူမသည် လျိုချမ့်နှင့် ကွာရှင်းရန် ငြင်းခုံနေစဉ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ စဉ်းစားခဲ့ဖူးသော်လည်း သူမ၏ ကလေးနှစ်ယောက် တစ်ယောက်တည်း ကျန်ရစ်မှာကို တွေးမိပြီး မလုပ်ဖြစ်ခဲ့ပေ။
သူမသည် ယနေ့အထိ နာကျင်မှုများကို နေ့စဉ် ကြံ့ကြံ့ခံလာခဲ့ခြင်း ဖြစ်သည်။ အကယ်လို့ ထိုနေ့က ဗိုလ်ကြီးလုသာ သူမကို လာမရှာခဲ့လျှင် သူမသည် ကလေးများနှင့်အတူ ကြွက်သတ်ဆေး သောက်ခဲ့မိလောက်ပြီ ဖြစ်သည်။
ဗိုလ်ကြီးလုသည် အမျိုးသမီးနှစ်ယောက် ဖက်ထားသည်ကို ကြည့်နေပြီးမှ လျှောက်လာသော လုယွီကို ပြုံးလျက် ကြည့်လိုက်သည်။ "တပ်ရင်းမှူးလု မတွေ့ရတာ ကြာပြီနော်။"
လုယွီ၏ မျက်ခုံးများမှာလည်း အပြုံးဖြင့် ပင့်တက်သွားသည်။ "မတွေ့ရတာ ကြာပြီ။"
သူသည် လုံခြုံရေးစားပွဲတွင် လက်မှတ်ထိုးလိုက်ပြီး ဗိုလ်ကြီးလုနှင့် ရှု့ယန်တို့ကို မိသားစုအိမ်ရာထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် လုယွီက ဗိုလ်ကြီးလုနှင့် စကားပြောနေပြီး ရှု့ယန်ကတော့ ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်ကာ လွန်ခဲ့သည့် ခြောက်လက အတွေ့အကြုံများကို ဝေမျှနေခဲ့သည်။
မကြာမီမှာပင် အိမ်သို့ ရောက်လာကြသည်။ ဗိုလ်ကြီးလုသည် အဘွားလုကိုယ်တိုင် လုပ်ပေးလိုက်သည့် ချဉ်ဖတ်များ အပါအဝင် ပစ္စည်းအများအပြား ယူဆောင်လာခဲ့သည်။
လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့သည် ယခုအခါ အဘွားအိုလုနှင့်အတူ ရှိနေကြပြီး ခရိုင်မြို့ရှိ ကျောင်းတွင် တက်နေကြပြီ ဖြစ်သည်။
ဒီနေ့ ဗိုလ်ကြီးလု လာမည်ကို သိသောကြောင့် ကျန်းနျန်သည် ကောင်းမွန်သော ဟင်းလျာများကို အထူးတလည် ပြင်ဆင်ထားခဲ့သည်။ ထမင်းစားပွဲတွင် ကျန်းနျန် မမေးမီမှာပင် ရှု့ယန်က လျိုချမ့်နှင့် ကွာရှင်းခဲ့ရပုံကို စတင်ပြောပြလေတော့သည်။
လျိုချမ့် ပထမဆုံးအကြိမ် ပြန်လာပြီး ရှု့ယန်နှင့် ရန်ဖြစ်ရခြင်းမှာ သူက သူမကို မပြောဘဲ ပိုက်ဆံအားလုံးကို သူ့အိမ်ကို ပို့လိုက်သောကြောင့် ဖြစ်သည်။ ထိုအချိန်မှာပင် လျိုကျန့်ယဲ့က အဖျားတက်ကာ နေမကောင်း ဖြစ်နေခဲ့သည်။
ရှု့ယန်တွင် ဆေးဖိုးဝါးခ မရှိသော်လည်း လျိုချမ့်က မကူညီခဲ့ပေ။ သူတို့ အကြီးအကျယ် ရန်ဖြစ်ကြရာ ဗိုလ်ကြီးလုနှင့် ကျူးကျွင်းတို့က ကြားထဲက ဝင်တားခဲ့ရသည်။
ရှု့ယန်က လျိုချမ့်ကို ပိုက်ဆံတောင်းသော်လည်း သူက ငါးယွမ်သာ ပေးခဲ့ပြီး အိမ်မှာ ပိုက်ဆံ အရေးပေါ် လိုနေကြောင်းနှင့် သူသည် မိဘအပေါ် မသိတတ်သော သားတစ်ယောက် မဖြစ်နိုင်ကြောင်း ပြောခဲ့သည်။
သူသည် မိခင်ဖြစ်သူ၏ မတော်တဆမှုကို လျစ်လျူမရှုနိုင်ဟု ဆိုကာ သူကိုယ်သူ သိတတ်သော သားတစ်ယောက်အဖြစ် ပုံဖော်ခဲ့ပြီး နေမကောင်းဖြစ်နေသော လျိုကျန့်ယဲ့ကို ထားရစ်ကာ နောက်တစ်နေ့မှာပင် ထွက်သွားခဲ့သည်။
လျိုကျန့်ယဲ့၏ အဖျားမှာ အဆုတ်ရောင်ရောဂါအထိ ဖြစ်သွားခဲ့သည်။ ရှု့ယန်သည် အဘွားအိုထံမှ ပိုက်ဆံ ချေးမရသဖြင့် အဘွားအိုက ဗိုလ်ကြီးလုကို လျိုကျန့်ယဲ့အား ခရိုင်ဆေးရုံသို့ ပို့ခိုင်းလိုက်ရသည်။ ရှု့ယန်ကတော့ အိမ်မှာနေကာ လျိုကျန့်ဝူနှင့် လုကျစ်ကျွင်းတို့ကို ပြုစုခဲ့ရသည်။ ဤဖြစ်ရပ်က ဗိုလ်ကြီးလုကို ရှု့ယန်အပေါ် သနားစာနာစိတ် ဖြစ်လာစေခဲ့ပြီး သူမနှင့် သူမ၏ ကလေးများကို စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် သနားစရာအဖြစ်မှသည် နက်ရှိုင်းသော ဂရုစိုက်မှုအဖြစ်သို့ ပြောင်းလဲလာကာ နောက်ဆုံးတွင် ဗိုလ်ကြီးလုသည် ရှု့ယန်အပေါ် သံယောဇဉ် ဖြစ်လာခဲ့သည်။ သူသည် ရှု့ယန်၏ သိက္ခာကို ထိခိုက်မှာစိုးသဖြင့် သူ့အမေကိုသာ အိမ်ကိစ္စတွေ ကူညီခိုင်းခဲ့ခြင်း ဖြစ်သည်။
လအနည်းငယ်အကြာတွင် လျိုချမ့် ပြန်ရောက်လာသောအခါ ရှု့ယန်က ဗိုလ်ကြီးလုကို ပိုက်ဆံ ပြန်ဆပ်ရန် ပြောသော်လည်း လျိုချမ့်က သူ့အဖေ နေမကောင်းသဖြင့် ဆေးကုဖို့ ပိုက်ဆံမရှိဟု ဆိုသည်။ သူသည် လစာအားလုံးကို အိမ်သို့ ပို့လိုက်ပြီဖြစ်ပြီး ဆောင်းဦးအစပိုင်းသာ ရှိသေးသည်။
အိမ်တွင် ဟင်းသီးဟင်းရွက်လည်း မရှိဘဲ စားမည့်သူ သုံးယောက် ရှိနေသော်လည်း လျိုချမ့်က ရှု့ယန်ကို ဆယ်ယွမ်သာ ပေးခဲ့သည်၊ ထိုပိုက်ဆံမှာ ဗိုလ်ကြီးလုကို ပြန်ဆပ်ရန်ပင် မလောက်ပေ။
ရှု့ယန်သည် ဆက်၍ မအောင့်အီးနိုင်တော့ပေ။ လျိုချမ့်နှင့် အကြီးအကျယ် ရန်ဖြစ်ပြီးနောက် သူမ ကွာရှင်းဖို့ ပြောလိုက်ရာ လျိုချမ့်က ချက်ချင်း သဘောတူလိုက်သည်။ ထိုနေ့မှာပင် သူသည် အထက်သို့ ကွာရှင်းခွင့် လျှောက်လွှာ တင်လိုက်တော့သည်။
ရှု့ယန်က ကလေးနှစ်ယောက်ကို ခေါ်သွားရန်နှင့် လျိုချမ့်က သူမကို ငါးဆယ်ယွမ် ပေးခဲ့ပြီး ဤသည်မှာ သူ့တွင်ရှိသမျှ ပိုက်ဆံအားလုံး ဖြစ်သည်ဟု ဆိုခဲ့သည်။ ကွာရှင်းပြီး နောက်တစ်နေ့မှာပင် သူသည် ရှု့ယန်နှင့် ကလေးများကို သူမ၏ မိဘအိမ်သို့ ပို့လိုက်ပြီး ဘယ်တော့မှ လာမကြည့်တော့ပေ။
ကျန်းနျန်သည် လျိုချမ့်၏ လုပ်ရပ်များကြောင့် ဒေါသအလွန်ထွက်သွားခဲ့သည်။ ဗိုလ်ကြီးလုသည် သူတို့ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသော်လည်း သူ့နဖူးပေါ်က အကြောများမှာ ဒေါသကြောင့် တင်းနေခဲ့သည်။
လုယွီသည် ဗိုလ်ကြီးလုကို ကြည့်လိုက်ရာ သူက ရှု့ယန်၏ ဇာတ်လမ်းကို ဆက်ပြောပြခဲ့သည်။ "လျိုချမ့်က ရှု့ယန်ကို ပို့လိုက်ပြီးနောက် သူက မိသားစုအိမ်ရာကို ပြန်လာခဲ့တယ်။ ကျွန်တော်က ကျွန်တော့်အမေကို ရှု့ယန်တို့ မိဘအိမ်ဆီ အကြိမ်အနည်းငယ် သွားကြည့်ခိုင်းခဲ့တယ်။ အမေက ပြောတယ်၊ ရှု့ယန်နဲ့ ကလေးတွေက တော်တော်လေး ဆင်းဆင်းရဲရဲ နေနေရတယ်တဲ့။ ရွာသားတွေကလည်း ပြောကြတယ်၊ ရှု့ယန်ရဲ့ အမေအရင်းက သူမကို ရွာထဲက လူပျိုအိုကြီးတစ်ယောက်နဲ့ လက်ထပ်ပေးပြီး ကလေးတွေကိုပါ မောင်းထုတ်ချင်နေတာတဲ့။"
သူသည် မျက်ရည်များ ဝဲနေသော ရှု့ယန်ကို မော့ကြည့်လိုက်ပြီးမှ ခေါင်းငုံ့ကာ ဆက်ပြောခဲ့သည်။ "နောက်တစ်နေ့မနက်မှာ ကျွန်တော် ရှု့ယန်တို့ မိဘအိမ်ကို သွားခဲ့တယ်၊ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပြီး သူတို့ကို တစ်ရာယွမ် ပေးခဲ့တယ်။ အဲ့ဒီနောက် ဒေသခံအဖွဲ့ဝင်တွေကို သက်သေအဖြစ် ထားခဲ့ပြီး ရှု့ယန်ရဲ့ မိသားစုက သူမကို နောက်ထပ် နှောင့်ယှက်လို့ မရအောင် လုပ်ခဲ့တယ်၊ ပြီးမှ ရှု့ယန်နဲ့ ကလေးတွေကို ခေါ်ထုတ်လာခဲ့တာ။"
ရှု့ယန်၏ မိဘအိမ်တွင် သူမကို ပထမဆုံး မြင်လိုက်ရသည့် ပုံစံကို ပြန်တွေးမိတိုင်း သူ ရင်နာရသည်။ သူမသည် မိသားစုအိမ်ရာမှာ ရှိစဉ်ကထက်ပင် ပို၍ နွမ်းနယ်နေခဲ့သည်။
ရှု့ယန်၏ မိခင်အရင်းက ယခုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်နိုင်သည်မှာ တုန်လှုပ်စရာပင်၊ မိထွေးတစ်ယောက်ပင်လျှင် ဤသို့ လုပ်လိမ့်မည် မဟုတ်ပေ။ သူတို့ လက်ထပ်သည့်ညတွင် ရှု့ယန်က သူမကို ထိုနေ့က လာမရှာခဲ့လျှင် ကလေးနှစ်ယောက်နှင့်အတူ အပြင်မှာ အဆုံးစီရင်ဖို့ စီစဉ်ထားကြောင်း ငိုလျက် ပြောပြခဲ့သည်။
ကျန်းနျန်သည် စိတ်မကောင်းဖြစ်စွာဖြင့် ရှု့ယန်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အသံများ တုန်ရီလျက် ပြောလိုက်သည်။ "ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခုကစပြီး အရာအားလုံး ပိုကောင်းလာမှာပါ။"
ဗိုလ်ကြီးလုသည် သူ့မျက်နှာကို သုတ်လိုက်ကာ ရှု့ယန်ကို ပြုံးကြည့်ရင်း ပြောလိုက်သည်။ "ကိုယ် ပြောခဲ့တဲ့ စကားအတိုင်းပါပဲ… ကိုယ့်မှာ စားစရာရှိရင် မင်းနဲ့ မင်းရဲ့ ကလေးတွေအတွက်လည်း ရှိမှာပါ။ မင်းတို့ကို အအေးခံစေတာမျိုး၊ ဆာတာမျိုး လုံးဝ မဖြစ်စေရဘူး။ အတိတ်ကို ပြန်မတွေးပါနဲ့တော့၊ အခုဘဝကိုပဲ အတူတူ အကောင်းဆုံး ဖြတ်သန်းကြရအောင်။"
ရှု့ယန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့။"
ဗိုလ်ကြီးလုနှင့် သူ့မိသားစုမှာ စိတ်ထားကောင်းပြီး အကျိုးအကြောင်း သိတတ်သူများ ဖြစ်ကြောင်း ကျန်းနျန် အမြဲ သိထားခဲ့သည်။ ရှု့ယန်သည် ဗိုလ်ကြီးလုနှင့် လက်ထပ်လိုက်ရခြင်းမှာ တကယ်ကို ကံကောင်းသော ဖူးစာပင် ဖြစ်သည်။
ညစာစားပြီးနောက် လုယွီသည် ဗိုလ်ကြီးလုကို တပ်ရင်းထဲသို့ လိုက်လံပြသရန် ဖိတ်ခေါ်ခဲ့သဖြင့် ကျန်းနျန်နှင့် ရှု့ယန်တို့ နှစ်ယောက်တည်း စကားပြောရန် အချိန်ရသွားခဲ့သည်။ အမျိုးသမီးနှစ်ယောက်သည် ရင်ထဲရှိသမျှ စကားများကို ပြောဖြစ်ကြပြီး နှစ်သစ်ကူးကိုတော့ အရှေ့ပိုင်းမြို့တော်ရှိ အစ်မဖန်တို့အိမ်မှာ အတူတူ ကုန်ဆုံးရန် သဘောတူခဲ့ကြသည်။
လုယွီနှင့် ဗိုလ်ကြီးလုတို့သည် မိုးချုပ်မှသာ ပြန်ရောက်လာကြသည်။ လုယွီက ရိက္ခာဆိုင်မှ အသားများ ဝယ်လာခဲ့ပြီး ကျန်းနျန်က ညစာချက်ရာတွင် ရှု့ယန်က ကူညီပေးခဲ့သည်။ ထိုညတွင် ဗိုလ်ကြီးလုသည် ဝိုင်အနည်းငယ် ပိုသောက်မိသွားခဲ့သည်။
ထမင်းစားပွဲတွင် သူက လုယွီနှင့် ကျန်းနျန်ကို ပြောသည်မှာ သူသည် ရှု့ယန်ကို တစ်သက်လုံး ကောင်းကောင်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ သူမကို ဘယ်တော့မှ ဒုက္ခမရောက်စေရကြောင်းနှင့်၊ လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့ကိုလည်း သူ့သားအရင်းများကဲ့သို့ သဘောထားကာ ပညာသင်ပေးပြီး အိမ်ထောင်ချပေးမည် ဖြစ်ကြောင်းပင် ဖြစ်သည်။
ဗိုလ်ကြီးလုသည် စကားနည်းသူဖြစ်ကြောင်း ကျန်းနျန် သိထားသော်လည်း ဒီညတွင်တော့ သူသည် ပုံမှန်ထက် စကားများနေခဲ့သည်။
ညနက်လာသောအခါ သူသည် ရှု့ယန်အနားသို့ တိုးသွားကာ သူမ၏လက်ကို ဆုပ်ကိုင်ပြီး သူမ၏ လက်ဖဝါးလေးကို နမ်းလိုက်သည်။ ရှု့ယန်မှာ ပါးလေးတွေ နီမြန်းသွားခဲ့ရသည်။ သူမလက်ကို ပြန်ဆွဲရန် ကြိုးစားသော်လည်း မရခဲ့ပေ။ ဗိုလ်ကြီးလုသည် ဝိုင်ရှိန်ဖြင့် လေချဉ်တက်ရင်း မေးလိုက်သည်။ "ယန်အာ… ကိုယ်တို့ လက်ထပ်တဲ့ညက ကိုယ်ဘာပြောခဲ့လဲဆိုတာ မင်းမှတ်မိလား။"
***