ရှု့ယန်၏ မျက်နှာမှာ နေဝင်ချိန်က တိမ်တိုက်များကဲ့သို့ နီမြန်းသွားခဲ့သည်။ သူမက ဗိုလ်ကြီးလုကို တွန်းထုတ်ရင်း ပြောလိုက်သည်။ "ရှင် မူးနေပြီ၊ အိပ်ရာဝင်တော့... စကားတွေ အများကြီး မပြောနဲ့တော့။"
အေးအေးလူလူ ထိုင်နေသော လုယွီသည် ဗိုလ်ကြီးလုနှင့် သိလာသည်မှာ ကြာပြီဖြစ်သော်လည်း သူ ဤမျှအထိ စကားများနေသည်ကို တစ်ခါမျှ မကြားဖူးပေ။
ကျန်းနျန်က စပ်စုချင်စိတ်ဖြင့် လုယွီ၏ လက်မောင်းကို မှီကာ တိုးကပ်သွားခဲ့သည်။ သူမ ရှု့ယန်ကို ပြောလိုက်သည်။ "ဗိုလ်ကြီးလုကို မတားပါနဲ့၊ သူ ဘာပြောမလဲဆိုတာ ကျွန်မ တကယ် စိတ်ဝင်စားလို့ပါ။"
ရှု့ယန် - …
သူမသည် စိတ်ဆိုးချင်ယောင်ဆောင်ကာ ကျန်းနျန်ကို စိုက်ကြည့်လိုက်ပြီးမှ ဗိုလ်ကြီးလုကို ထူရန် ကြိုးစားခဲ့သည်။
သို့သော် မူးနေသော ထိုလူမှာ အံ့ဩစရာကောင်းလောက်အောင် ဇွတ်တရွတ်နိုင်လှသည်။ သူက သူမကို ခုံတန်းပေါ်သို့ ပြန်ဖိချလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်။ "မင်း မေ့နေရင် ကိုယ် ထပ်ပြောမယ်။ ငါ လုကောရှန်က မင်းနဲ့ လက်ထပ်လိုက်ကတည်းက မင်းအပေါ်မှာပဲ သစ္စာရှိမှာပါ။ အိမ်တွင်းရေးကိစ္စတွေရော၊ ကိုယ့်လစာကိုရော မင်းပဲ စီမံခန့်ခွဲရမယ်။ ကိုယ်တို့ ရန်မဖြစ်သရွေ့ ကိုယ့်အမေကလည်း ကိုယ်တို့ကိစ္စတွေထဲ ဝင်မစွက်ဖက်ဘူးလို့ ပြောထားတယ်။"
ကျန်းနျန် အခွင့်ကောင်းယူကာ စနောက်လိုက်သည်။ "ဒါဆိုရင် ရှု့ယန်က အိမ်ထောင်ဦးစီး ဖြစ်လာတော့မှာပေါ့။"
ဗိုလ်ကြီးလုက ကျန်းနျန်၏ စကားကို ထောက်ခံလိုက်သည်။ "ဟုတ်တယ်၊ အခုကစပြီး သူမကပဲ အိမ်ထောင်ဦးစီးပဲ။"
အတော်လေး မူးနေသော ဗိုလ်ကြီးလုကို နောက်ဆုံးတွင် လုယွီက အခန်းထဲသို့ တွဲပို့ပေးခဲ့သည်။ ရှု့ယန်က သိမ်းဆည်းချင်သော်လည်း လုယွီက တားလိုက်သည်။ "ဗိုလ်ကြီးလုကိုပဲ သွားကြည့်လိုက်ပါ၊ ဒါတွေကို ကျွန်တော် သိမ်းလိုက်ပါ့မယ်။"
ကျန်းနျန်လည်း ဝင်ပြောလိုပ်သည်။ "ဟုတ်တယ်၊ သူ အန်တာမျိုး ဖြစ်မှာစိုးလို့ သွားကြည့်လိုက်ဦး။ ဒီမှာတော့ ကျွန်မတို့ လုပ်လိုက်ပါ့မယ်။"
ရှု့ယန်မှာ အနည်းငယ် ရှက်သွားသော်လည်း ကျန်းနျန်၏ တွန်းပို့မှုကြောင့် အခန်းထဲသို့ ဝင်သွားခဲ့သည်။
အပြင်ဘက်တွင် သိမ်းဆည်းပြီးနောက် ကျန်းနျန်နှင့် လုယွီတို့သည် ရေမိုးချိုးကာ အိပ်ရာဝင်ခဲ့ကြသည်။ အခန်းထဲတွင် အမှောင်အတိ ကျနေသည်။ ကျန်းနျန်သည် လုယွီ၏ လက်မောင်းကို ခေါင်းအုံးရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ဒီ လျိုချမ့်ကတော့ တကယ်ကို တစ်ခုခုပဲ။"
သူမသည် မှောက်လျက်အနေအထားသို့ ပြောင်းလိုက်ပြီး လရောင်မှိန်မှိန်အောက်တွင် လုယွီ၏ ထင်ရှားသော မျက်နှာသွင်ပြင်ကို စိုက်ကြည့်နေမိသည်။ သူမက သူ့ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုးကာ ပြောလိုက်သည်။ "ရှင်သာ လျိုချမ့်လို လုပ်ရဲရင်လုပ်ကြည့်လေ၊ ကျွန်မ ရှင်နဲ့ ကွာရှင်းပြီး အဝေးဆုံးကို ထွက်သွားမှာ။ ရှင့်ကို ကျွန်မ…အင်းးးးး"
ကျန်းနျန်၏ နှုတ်ခမ်းလေးမှာ လုယွီ၏ အနမ်းများအောက်တွင် တိတ်ဆိတ်သွားခဲ့ရသည်။
သူမသည် အနီးကပ် မြင်နေရသော သူ့မျက်ဝန်းများကို ကြည့်ရင်း မျက်တောင်လေးများ ခတ်နေမိသည်။ လုယွီက အပြစ်ပေးသည့်အနေဖြင့် သူမ၏ လျှာကို ကိုက်လိုက်သဖြင့် နှုတ်ခမ်းလေးမှာ နာကျင်သွားရသည်။ "ကိုယ့်ကို အဲ့လိုလူစားမျိုးနဲ့ မနှိုင်းနဲ့။"
"ပြီးတော့…" သူ၏ နှုတ်ခမ်းများက သူမ၏ နားရွက်နားသို့ တိုးကပ်သွားလိုက်ရာ သူ၏ ပူနွေးသော ထွက်သက်ကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ သူက တိုးတိုးလေး ကပ်ပြောသည်။ "ကွာရှင်းမယ်ဆိုတဲ့ စကားကို ဘယ်တော့မှ မပြောနဲ့။ ကိုယ်နဲ့ လက်ထပ်ပြီးပြီဆိုရင် ထွက်သွားဖို့ လုံးဝ မစဉ်းစားနဲ့တော့။"
ကျန်းနျန် ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်း မသိတော့ပေ။ မအိပ်ခင်မှာတော့ သူမ သင်ခန်းစာတစ်ခု ရလိုက်သည်။ လုယွီရှေ့မှာ 'ကွာရှင်းခြင်း' ဆိုသည့် စကားလုံးကို ဘယ်တော့မှ မပြောမိဖို့ပင်။ သူ အတည်ပြောပြီဆိုလျှင် တကယ်ကို ကြောက်စရာကောင်းလှသည်။
နောက်တစ်နေ့ နေ့လယ်စာစားချိန်တွင် အစောင့်တစ်ဦး ရောက်လာပြီး ကျန်းနျန်အတွက် ဖုန်းလာနေကြောင်း ပြောသည်။ ဖုန်းဆက်သူမှာ ကျန်းရှောင် ဖြစ်သည်။ ကျန်းနျန်နှင့် ရှု့ယန်တို့သည် ဖုန်းပြန်ဖြေရန် တပ်ရင်းအပြင်ဘက်ရှိ ရုံးခန်းသို့ သွားခဲ့ကြသည်။
တစ်ဖက်မှ လုရှောင်ချင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။ "ကျန်းနျန်လား။"
ကျန်းနျန် အံ့ဩသွားခဲ့သည်။ "အစ်မလုလား။"
လုရှောင်ချင်းက စကားများကို တရစပ် ပြောတော့သည်။ "ငါ ဒီမနက်စောစော မြို့ကနေ ကားစီးလာတာ၊ လေးနာရီလောက်ကြာမှ ကျန်းရှောင်နဲ့ တွေ့ရတယ်။ နင့်ဆီ ဖုန်းဆက်ဖို့က တကယ်ကို ခက်ခဲလွန်းတယ်။ ငါ့မင်္ဂလာဆောင်အကြောင်း ပြောခိုင်းဖို့ ကျန်းရှောင်ကို အကူအညီ တောင်းရတယ်။ နင် မေ့သွားမှာစိုးလို့ ထပ်သတိပေးတာ၊ လာဖို့ မမေ့နဲ့နော်။ မင်္ဂလာဆောင်က နောက်လ ၃ ရက်နေ့၊ ငါ စောင့်နေမယ်။"
ကျန်းနျန် ပြုံးလျက် ပြောလိုပ်သည်။ "မှတ်မိပါတယ်၊ နောက်ထပ် ခြောက်ရက် ကျန်သေးတယ်နော်။"
လုရှောင်ချင်း နှာခေါင်းရှုံ့လိုက်သည်။ "ငါက လက်ထပ်ဖို့ အနှစ် ၃၀ တောင် စောင့်ခဲ့ရတာ။ နင် ငါ့ကို ဘာလက်ဆောင် ပေးမှာလဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ကျွန်မ လာရင် သိရမှာပေါ့။"
လုရှောင်ချင်းနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ကျန်းရှောင်က ဖုန်းကို လွှဲယူကာ ကျန်းနျန်နှင့် ခေတ္တမျှ စကားပြောခဲ့သည်။
လုရှောင်ချင်း၏ မင်္ဂလာဆောင်မှာ နောက်လ ၃ ရက်နေ့တွင် ဖြစ်သည်။ ရှု့ယန်သည် ကျန်းနျန်နှင့်အတူ သွားရန် စီစဉ်ထားသည်။ လမ်းမှာ အဖော်ရရုံတင်မကဘဲ ကျန်းရှောင်ဆီကိုလည်း သွားလည်ချင်နေခြင်း ဖြစ်သည်။
မိသားစုအိမ်ရာက လူတွေက သူမ၊ လျိုချမ့် သို့မဟုတ် လုကောရှန်တို့အကြောင်း ဘာတွေပြောနေကြမလဲဆိုတာကို သူမ ဂရုမစိုက်တော့ပေ။ တစ်ယောက်ယောက်က တစ်ခုခု ပြောလာခဲ့လျှင်လည်း သူမကိုယ်တိုင် ပြန်လည် တုံ့ပြန်မည်သာ ဖြစ်သည်။
ရှု့ယန်တွင် ယခုအခါ ယုံကြည်မှုများ ရှိနေပြီဖြစ်ပြီး ဤသည်မှာ လုကောရှန်ကြောင့်ပင် ဖြစ်သည်။ လျိုချမ့်နှင့် နှစ်အတော်ကြာ နေခဲ့ရစဉ်က အရာအားလုံးကို သူမတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရပြီး ယောင်္ကျားရှိသော်လည်း မုဆိုးမတစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။
ယခု လုကောရှန်နှင့်ကြမှသာ သူမသည် တန်ဖိုးထားခံရပြီး ဂရုစိုက်ခံရသည်ဟု ခံစားရခြင်း ဖြစ်သည်။ တစ်ခါတရံတွင် သူမသည် ကျန့်ဟုန်အကြောင်းကို တွေးမိပြီး ကျန့်ဟုန်မှာ မည်မျှအထိ ကျေးဇူးကန်းခဲ့လဲဆိုသည်ကို နားလည်သွားခဲ့သည်။
ထိုညနေတွင် ကျန်းနျန်သည် လုယွီနှင့် ဤအကြောင်းကို ဆွေးနွေးဖြစ်ကြသည်။ သူ၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တိတ်ဆိတ်နေခဲ့သည်။
လုယွီ သူမအတွက် စိုးရိမ်နေသည်ကို ကျန်းနျန် သိနေသည်။ သူမ ပြုံးလျက် မေးလိုက်သည်။ "ရှင်ကိုယ်တိုင် ကျွန်မနဲ့ ရှု့ယန်ကို ရထားဘူတာအထိ လိုက်ပို့ပေးရင်ရော။ ကျူးကျွင်းက ဟိုဘက်ကနေ လာကြိုလိမ့်မယ်။ မင်္ဂလာဆောင်ပြီးရင်လည်း ကျူးကျွင်းကပဲ ပြန်လိုက်ပို့ပေးမှာပေါ့၊ အဲ့ကြရင် ရှင်က ဘူတာကို လာကြိုပေးလေ။ ဘယ်လိုလဲ။"
သူမ လုယွီကို နမ်းလိုက်သည်။
လုယွီ - …
သူသည် ကျန်းနျန်၏ ခါးကို ဖက်လိုက်ပြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ "မလှုပ်နဲ့တော့။"
ကျန်းနျန်သည် အလိုလိုက်ခံချင်သလိုပုံစံဖြင့် မေးလိုက်သည်။ "အဲ့ဒါ အဆင်ပြေရဲ့လား ဟမ်"
ကျန်းနျန်သည် လုယွီ၏ ပခုံးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "လုယွီ... အဆင်ပြေလား။"
လုယွီ၏ နားထင်မှာ အကြောတွေ လှုပ်သွားပြီး ကျန်းနျန်၏ ရှေ့တွင် သူ၏ ထိန်းချုပ်နိုင်စွမ်းများအားလုံး ပြိုလဲသွားပုံရသည်။ ကျန်းနျန်၏ လက်ကလေးက သူ့အင်္ကျီထဲသို့ တိုးဝင်လာသောအခါ လုယွီသည် အနေအထားကို ပြောင်းပြန်လှန်လိုက်ကာ သူမခါးကို တင်းတင်းဖက်ပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ "မနက်ဖြန် ကိုယ် ကျူးကျွင်းဆီ ဖုန်းဆက်လိုက်မယ်။"
ကျန်းနျန်၏ မျက်ဝန်းများမှာ ကျေနပ်အားရမှုကြောင့် လခြမ်းကွေးလေးလို ဖြစ်သွားခဲ့သည်။ "ကောင်းပြီ။"
ဗိုလ်ကြီးလုသည် အလုပ်ရှိ၍ ပြန်သွားရသည်။ ယွမ်မြို့တွင် နှစ်ရက်ကြာ နေထိုင်ပြီးနောက် သူ ထွက်ခွာသွားခဲ့သည်။ ရှု့ယန်ကတော့ နောက်ရက်အနည်းငယ်တွင် ကျန်းနျန်နှင့်အတူ ကျန်းရှောင်တို့ဆီ သွားရန်အတွက် မိသားစုအိမ်ရာမှာပဲ နေခဲ့သည်။
ဟူယန်ခရိုင်သည် ယွမ်မြို့မှ ကားဖြင့်သွားလျှင် နှစ်နာရီသာ ကြာသည်။ ကျန်းနျန်နှင့် ရှု့ယန်တို့ ရထားစီးမည့်နေ့တွင် ဗိုလ်ကြီးလုကိုယ်တိုင် လာရောက် ပို့ဆောင်ပေးခဲ့သည်။ သူသည် ရှု့ယန် ဝတ်ဆင်ရန်အတွက် အဝတ်အစားသစ်နှင့် ဖိနပ်သစ်တစ်စုံကို ဝယ်ပေးခဲ့သေးသည်။
တစ်ညလုံး ရထားစီးပြီးနောက် နောက်တစ်နေ့မနက် ၉ နာရီတွင် ဘူတာသို့ ရောက်ရှိခဲ့ကြသည်။ ကျူးကျွင်း၊ လုရှောင်ချင်းနှင့် သူမ၏ လက်တွဲဖော်တို့က ကျန်းနျန်နှင့် ရှု့ယန်တို့ကို လာကြိုကြသည်။
ကျန်းနျန်သည် လုရှောင်ချင်း၏ လက်တွဲဖော်နှင့် ပထမဆုံးအကြိမ် ဆုံဖူးခြင်း ဖြစ်သည်။ သူသည် အရပ်မရှည်လှဘဲ လုရှောင်ချင်းထက် ခေါင်းတစ်ဝက်စာခန့်သာ ပိုမြင့်သည်။ သူသည် ရိုးသားပြီး သန့်သန့်ရှင်းရှင်း ရှိပုံရကာ ကျန်းနျန်နှင့် ရှု့ယန်ကို ပြုံးလျက် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ခဲ့သည်။ လုရှောင်ချင်းက ကျန်းနျန်၏ လက်ကို ချိတ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ဘယ်လိုလဲ၊ မဆိုးဘူးမလား။"
ကျန်းနျန်က တမင်တကာ နောက်လှည့်ကြည့်လိုက်ရာ သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြပြီး အကြည့်လွှဲသွားသည်ကို တွေ့လိုက်ရသည်။ သူမ လုရှောင်ချင်းကို နောက်လိုက်သည်။ "အစ်မနဲ့ နှိုင်းယှဉ်ရင် သူက တော်တော်လေး ရိုးပုံရတယ်။ လက်ထပ်ပြီးရင်တော့ အစ်မရဲ့ လက်ခုပ်ထဲက ရေပဲ ဖြစ်တော့မှာပါ။"
လုရှောင်ချင်းက ရယ်မောပြီး တိုးတိုးပြောလိုက်သည်။ "အဲ့ဒါ ငါဖြစ်ချင်တဲ့ ပုံစံအတိအကျပဲ။"
ကျန်းနျန်မှာ အံ့ဩသွားပြီး လုရှောင်ချင်းက ဆက်ပြောခဲ့သည်။ "ငါ့အတွက်တော့ ယောင်္ကျားထက် ပိုက်ဆံက ပိုအရေးကြီးတယ်။ သူက ရိုးသားတယ်၊ ကလိမ်ကကျစ် မရှိဘူး။ သူ့ကလေးကိုလည်း ငါ တွေ့ပြီးပြီ၊ သူတို့ သားအဖနှစ်ယောက်လုံးက ရိုးရိုးအေးအေးတွေပဲ။ ငါသာ သူ့ကို လက်ထပ်လိုက်ရင် အိမ်က ပိုက်ဆံတွေကို ငါပဲ စီမံမှာဖြစ်သလို ကလေးကိုလည်း ပြုစုပေးမှာပါ။ ငါသာ သူတို့ကို မထိန်းထားရင် နောက်ပိုင်း ငါ့ဘဝက ဘယ်လိုလုပ် ကောင်းနိုင်ပါ့မလဲ။ နောက်ပြီး သူ့မှာ မြို့ပြအိမ်ထောင်စုစာရင်း ရှိတယ်လေ။ ငါသာ သူ့ကို လက်ထပ်လိုက်ရင် ငါလည်း မြို့သူ ဖြစ်သွားပြီပေါ့။ ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲ။"
လုရှောင်ချင်းသည် သူမ၏ အကျိုးစီးပွားကို အမြဲတမ်း ဦးစားပေးသူဖြစ်ကြောင်း ကျန်းနျန် သိထားသည်။ ရှု့ယန်ကတော့ လုရှောင်ချင်း၏ စကားကြောင့် အနည်းငယ် လန့်သွားခဲ့သည်။ သူမသည် လုကောရှန်နှင့် သူမ၏ အခြေအနေကို လုရှောင်ချင်းနှင့် နှိုင်းယှဉ်ကြည့်မိသည်။ ဆင်တူသော်လည်း သူမတွင် ကလေးနှစ်ယောက် ရှိနေခြင်းက လုကောရှန်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေပေလိမ့်မည်။
တပ်ထဲသို့ ပြန်သွားလျှင် အတင်းအဖျင်းများ ရှိလာနိုင်မှန်း လုရှောင်ချင်း သိသဖြင့် သူမသည် ကျန်းနျန်အတွက် ပန်းထိုးဆိုင်၏ အဆောင်တွင် နေထိုင်ရန် စီစဉ်ပေးထားသည်။ ထိုနေရာတွင် နေခြင်းက ပို၍ တိတ်ဆိတ်အေးချမ်းပေလိမ့်မည်။
လုရှောင်ချင်း၏ လက်တွဲဖော်မှာ စက်ရုံမှ ဌာနခွဲမှူးတစ်ဦးဖြစ်ပြီး သီးသန့်အဆောင် ရှိသည်။ မင်္ဂလာဆောင်မှာ နောက်တစ်နေ့တွင် ဖြစ်သည်။ ပန်းထိုးဆိုင်အဆောင်မှ စက်မှုစက်ရုံအဆောင်သို့ လမ်းနှစ်လမ်းသာ ကွာဝေးသဖြင့် သိပ်မဝေးလှပေ။
မွန်းလွဲပိုင်းတွင် ကျူးကျွင်းက ကျန်းရှောင်နှင့် ကလေးများကို ခေါ်လာခဲ့သည်။ ကျိုက်ဖေးဖေးက ညစာချက်ကျွေးပြီး အားလုံးက ကလေးများကို တစ်လှည့်စီ ချော့ရင်း စကားတွေ အကြာကြီး ပြောဖြစ်ခဲ့ကြသည်။ ညဘက်တွင် ကျန်းရှောင်နှင့် ကလေးများက ကုတင်တစ်ခု၊ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့က ကုတင်တစ်ခု၊ ရှု့ယန်နှင့် ကျန်းနျန်တို့ကတော့ တစ်ယောက်တစ်ကုတင်စီ အိပ်ခဲ့ကြသည်။
လုရှောင်ချင်း နောက်လိုက်သည်။ "ကျန်းနျန် နင့်ရဲ့ တပ်ရင်းမှူးလုကိုရော နင် ကုတင်ပေါ်ကနေ ကန်ချဖူးလား။"
ကျန်းနျန် - …
ကျန်းရှောင်လည်း ဝင်နောက်ခဲ့သည်။ "အစ်မကျန်း ညဘက်ကြရင် တပ်ရင်းမှူးလုကို အသက်ရှူကျပ်အောင် လုပ်တတ်လား။"
ကျန်းနျန် - ....
ထိုကဲ့သို့ တစ်ခါမျှ မဖြစ်ဖူးပေ။ လုယွီနှင့်အတူ အိပ်ကတည်းက သူမသည် ညတိုင်း သူ့ရင်ခွင်ထဲမှာသာ ရှိနေခဲ့သည်။ ကုတင်ပေါ်က ပြုတ်ကျခြင်း သို့မဟုတ် လက်ခြေတွေ လှုပ်ယမ်းခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
နောက်တစ်နေ့မနက် မိုးမလင်းခင်မှာပင် အဆောင်ရှိ လူတိုင်း နိုးနေကြပြီ ဖြစ်သည်။ ကျန်းနျန်သည် လုရှောင်ချင်းအတွက် လက်ဆောင်အဖြစ် ပိုးပဝါတစ်ထည်ကို ထုတ်ပေးလိုက်သည်။ သူမသည် လုရှောင်ချင်း၏ ဆံပင်ကို သေသေသပ်သပ် ပြင်ပေးကာ ကတ္တီပါပန်းနီလေးနှစ်ပွင့် ပန်ပေးလိုက်ပြီး အနီရောင် ဝတ်စုံကို ဝတ်ပေးလိုက်သည်။
လုရှောင်ချင်းသည် မှန်ထဲတွင် သူမကိုယ်သူမ အကြာကြီး ကြည့်နေပြီးမှ ရေရွတ်လိုက်သည်။ "ကျန်းနျန်... နင်ဝယ်ပေးတဲ့ ပဝါက တကယ်ကို လှတာပဲ။ ဒါ အတော်လေး ဈေးကြီးမှာပဲနော်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ဒါက အစ်မရဲ့ ပထမဆုံး မင်္ဂလာဆောင်လေ။ လက်ဆောင်က ပေါ့ပျက်ပျက် မဖြစ်သင့်ဘူး၊ မဟုတ်ရင် အစ်မက ကျွန်မကို ပြန်ခွင့်ပေးမှာ မဟုတ်ဘူး။"
လုရှောင်ချင်း နှာခေါင်းရှုံ့လိုက်သည်။ "မဖြစ်နိုင်တာ။"
ဆယ်နာရီခန့်တွင် အဆောင်အပြင်ဘက်၌ ဆူညံသံများဖြင့် စည်ကားလာခဲ့သည်။ စက်မှုစက်ရုံမှ အလုပ်သမား အများအပြား ရောက်လာကြသည်။ ကျိုက်ဖေးဖေးနှင့် ရှု့ယန်တို့က သူတို့ကို တားဆီးထားပြီး အနီရောင်စာအိတ်များ တောင်းပြီးမှ အတွင်းသို့ ပေးဝင်ခဲ့သည်။ သတို့သားက သူတို့ကို ဇွတ်မဝင်ရန် သတိပေးထားပုံရသဖြင့် မင်္ဂလာပွဲမှာ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။
မင်္ဂလာခန်းဆောင်ထဲ ရောက်သောအခါ လုရှောင်ချင်းသည် ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်ထားပြီး မျက်ဝန်းတွင် မျက်ရည်များ ဝဲလျက် ပြုံးလည်းပြုံး ငိုလည်းငိုရင်း ပြောခဲ့သည်။ "ဆိုတော့ ဒါက လက်ထပ်ရတဲ့ ခံစားချက်ပေါ့။ ငါ နောက်တစ်ခါ ထပ်လုပ်ချင်သေးတယ်။"
စက်မှုစက်ရုံရှိ မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် ကျန်းနျန်နှင့် တခြားသူများ ပြန်လာခဲ့ကြသည်။ အထည်အလိပ်စက်ရုံကို ဖြတ်သွားသောအခါ ကျန်းနျန်သည် နောက်ဆုံးတွေ့ခဲ့ရစဉ်က စွင်းချောင်၏ လိုက်လံနှောင့်ယှက်ခြင်း ခံနေရသော စွင်းယင်အကြောင်းကို တွေးမိသွားသည်။ သူမ အခု ဘယ်လိုနေမလဲဆိုတာကို သူမ သိချင်နေမိသည်။
ဒီနေ့ အတော်လေး နောက်ကျနေပြီဖြစ်၍ ကျန်းနျန်နှင့် တခြားသူများသည် ထိုညကို အဆောင်မှာပဲ နေခဲ့ကြပြီး နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ယွမ်မြို့သို့ ပြန်မည့် ရထားလက်မှတ်များကို ဝယ်ခဲ့ကြသည်။
ကျန်းရှောင်သည်လည်း ကလေးနှင့်အတူ အဆောင်မှာပဲ နေခဲ့သည်။ နောက်တစ်နေ့ သူတို့ ထွက်သွားကြလျှင် ကျိုက်ဖေးဖေး တစ်ယောက်တည်းသာ ကျန်ရစ်တော့မည် ဖြစ်သည်။ ကျိုက်ဖေးဖေးက သက်ပြင်းချရင်း ပြောလိုက်သည်။ "အခု နင်တို့ အားလုံး ထွက်သွားကြတော့မှာဆိုတော့ ငါလည်း တကယ်ကို အေးအေးဆေးဆေး နေရတော့မယ်။"
ကျန်းရှောင် ရယ်မောလိုက်သည်။ "အစ်မလုက အစ်မနဲ့ လမ်းနှစ်လမ်းပဲ ဝေးတာလေ။ ညီမလည်း မြို့ထဲလာတိုင်း အစ်မဆီ လာလည်မှာပါ။"
ကျိုက်ဖေးဖေး ပြုံးလိုက်သည်။ "လာရင် ကလေးကိုပါ ခေါ်လာခဲ့ဦးနော်၊ အဖော်ရတာပေါ့။" ကလေးလေးက ကျိုက်ဖေးဖေးကို ကြည့်ပြီး ပြုံးပြကာ လက်ကလေးတွေ လှုပ်ယမ်းပြနေသဖြင့် ကျိုက်ဖေးဖေးမှာ ပျော်ရွှင်သွားခဲ့ရသည်။ "ဒီကောင်လေးက တကယ်ကို ချောတာပဲ၊ သူ့အဖေထက်တောင် ပိုချောသေးတယ်။"
နောက်တစ်နေ့မနက်စောစောတွင် ကျိုက်ဖေးဖေးက အားလုံးအတွက် မနက်စာ ပြင်ဆင်ပေးခဲ့သည်။ မွန်းတည့်ချိန်တွင် လုရှောင်ချင်းနှင့် သူမ၏ ခင်ပွန်းတို့က ပန်းထိုးဆိုင်သို့ လာလည်ကြပြီး ကျူးကျွင်းကလည်း နေ့လယ်စာစားချိန် အမီ ရောက်လာခဲ့သည်။
စားပြီးနောက် ကျူးကျွင်းက ကျန်းနျန်နှင့် ရှု့ယန်တို့ကို ဘူတာသို့ လိုက်ပို့ပေးပြီး ပြောသည်။ "မရီး... မရီးရှု့... ကျွန်တော် မနေ့က တပ်ကို ပြန်ရောက်တော့ လျိုချမ့်နဲ့ ဆုံခဲ့တယ်။ သူ့ဆီမှာ တစ်ခုခု ဖြစ်နေပြီ။"
***