စာပို့သူ၏ လိပ်စာမှာ ရှင်းကျန်းမှ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ တုကျန်းနှင့် ရှန်အိုက်တို့ပင် ဖြစ်သည်။
အစောင့် ထွက်သွားပြီးနောက် ကျန်းနျန်သည် တံခါးပိတ်ကာ အပြင်ဘက် ခုံတန်းလျားတွင် ထိုင်လိုက်သည်။ ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးမှ စာအိတ်ကို ဖွင့်လိုက်ရာ ပထမဆုံး စာလုံးနှစ်လုံးမှာ "ရှောင်ယွီ" ဟု ဖြစ်နေသဖြင့် ဆက်မဖတ်ရသေးခင်မှာပင် ၎င်းမှာ ရှန်အိုက် ကိုယ်စား တစ်ဦးဦးက ရေးပေးထားသော စာဖြစ်ကြောင်း သူမ သိလိုက်သည်။
တံခါးအပြင်ဘက်မှ ကလေးငိုသံ ကြားလိုက်ရသည်။ ၎င်းမှာ သူမ၏ ကလေးကို ပွေ့ချီထားသော ကွမ်လု ဖြစ်သည်။ မကြာသေးမီက ဗိုလ်ကြီးလိန်မှာ တာဝန်တစ်ခုဖြင့် ထွက်သွားရသဖြင့် ယွဲ့ချောင်သည် သူမ၏ ကလေးကိုခေါ်ကာ မိဘများအိမ်သို့ သွားနေသည်။ ကွမ်လုမှာတော့ ကလေးနှင့်တစ်ယောက်တည်း ပျင်းနေသဖြင့် ကျန်းနျန်ဆီသို့ မကြာခဏ စကားလာပြောတတ်သည်။
"အိမ်က စာလာတာလား။"
ကွမ်လုသည် အိပ်ချင်မူးတူးဖြစ်နေသော ကလေးကို ပွေ့ရင်း စားပွဲပေါ်ရှိ စာကို တစ်ချက်ကြည့်ကာ ကျန်းနျန်ကို မေးလိုက်သည်။ "ငါ ဖတ်ပေးရမလား။"
အရင်က သူမသည် ကျန်းနျန်ကို စာလုံးများ သင်ပေးဖူးသည်။ ကျန်းနျန်မှာ အချို့စာလုံးများကို သိသော်လည်း မသိသေးသည်များ များစွာရှိနေသေးသဖြင့် စာထဲမှ စကားလုံးအချို့ကို ကျန်းနျန် နားမလည်မည်ကို ကွမ်လု စိုးရိမ်နေခြင်းဖြစ်သည်။
ကျန်းနျန် ပြုံးလျက် ပြောလိုင်သည်။ "မလိုပါဘူး၊ လုယွီ ပြန်လာမှပဲ စောင့်ဖတ်ခိုင်းလိုက်မယ်။ ဒီစာက သူ့ဆီ ပို့တာဆိုတော့လေ။"
ထိုစကားကို ကြားသောအခါ ကွမ်လုသည် စာကို ဆက်မကြည့်တော့ဘဲ ကျန်းနျန်နှင့် နေ့စဉ်လူမှုရေးကိစ္စများကို စကားစမြည် ပြောကြတော့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က မိဘများဆီမှ စာရခဲ့ကြောင်း သူမ ပြောပြသည်။ ထိုအခါ ကျန်းနျန်သည် သူမ မတွေ့ရသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သော ပါမောက္ခလင်ကို သတိရသွားပြီး သူ နေကောင်းရဲ့လားဟု တွေးနေမိသည်။
"ကျန်းနျန် ငါ ဒီနှစ်သစ်ကူးမှာ လောင်လော့နဲ့အတူ အိမ်ပြန်မလို့။"
ကွမ်လုသည် လူးလွန့်နေသော သူမ၏ သားလေးကို ပုတ်ပေးရင်း စိုးရိမ်တကြီးဖြင့် ပြောပြခဲ့သည်။ "လောင်လော့ရဲ့ အမေက ငါ့ကို မကြည့်ချင်ဘူး။ ငါက သူ့သားအတွက် ဝန်ထုပ်ဝန်ပိုးလို့ သူ ထင်နေတာ။ အခု အိမ်ပြန်ရင်တော့ အဆင်မပြေတာတွေ ကြုံရဦးမှာပဲ။"
သူမ သက်ပြင်းချလိုက်သည်။ "ငါက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာတော့ အမှန်ပဲလေ။"
ကျန်းနျန် မေးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလော့က ဘာပြောလဲ။"
ကွမ်လုက ပြန်ဖြေလိုက်သည်။ "သူ့အမေ ဘာထင်ထင်၊ ဘာပြောပြော ဂရုမစိုက်ဖို့ သူ ပြောပါတယ်။ အိမ်မှာ သုံးရက်ပဲ နေမှာဆိုတော့ အောင့်အည်းသည်းခံလိုက်ပါတဲ့။"
တခြားသူတွေရဲ့ မိသားစုကိစ္စမို့ ကျန်းနျန်မှာ အများကြီး မှတ်ချက်မပေးလိုပေ။ လက်ထောက်တပ်ရင်းမှူးလော့၏ မိခင်အနေဖြင့်လည်း မိမိသား၏ အနာဂတ် ထိခိုက်သွားရသည်ကို သိလိုက်ရသောအခါ ဒေါသထွက်မိမည်မှာ နားလည်ပေးနိုင်စရာပင်။
ကျန်းနျန်သည် ကွမ်လုအတွက် နို့မှုန့်တစ်ခွက် ဖျော်ပေးပြီး နှစ်သိမ့်ခဲ့သည်။ "အဆင်ပြေသွားမှာပါ။ လက်ထောက်တပ်ရင်းမှူးလော့ ပြောသလိုပဲ သုံးရက်ဆိုတာ ပြီးသွားမှာပါ။"
ကွမ်လု မော့ကြည့်လာသောအခါ ကျန်းနျန်က ပြုံးလျက် ဆက်ပြောလိုက်သည်။ "နင်က လက်ထောက်တပ်ရင်းမှူးလော့နဲ့ ဘဝကို ဖြတ်သန်းရမှာလေ၊ သူ့အမေနဲ့မှ မဟုတ်တာ။ ဒါကြောင့် သူ့အမေရဲ့ သဘောထားကြောင့် စိတ်မချမ်းသာဖြစ်မနေပါနဲ့။ နောက်ပြီး လက်ထောက်တပ်ရင်းမှူးလော့ရဲ့ အမေလည်း ခံစားနေရမှာပဲ။ ဒီလောက်နှစ်တွေအကြာကြီး မြေးမလေးကို ပြုစုလာပြီးမှ မြေးအရင်းမဟုတ်မှန်း သိလိုက်ရတာလေ။ အခု နင်က သားလေးကို ခေါ်သွားပြမှာဆိုတော့ သူမ အရမ်းပျော်ပြီး နင့်ကို ဒုက္ခပေးဖို့တောင် အချိန်ရှိမှာ မဟုတ်ပါဘူး။"
ထိုစကားကြောင့် ကွမ်လု စိတ်သက်သာရာရသွားခဲ့သည်။ သူမ၏ အိပ်ပျော်နေသော ကလေးကို ကြည့်ကာ ပြုံးလိုက်သည်။ "ဒါဆို ဒီကလေးက ငါ့အတွက် ကံကောင်းစေတဲ့ ကြယ်လေးပေါ့။"
ကျန်းနျန် ရယ်လိုက်သည်။ "ပြန်ရောက်ရင် ကလေးကို သူ့လက်ထဲပဲ ထည့်ပေးလိုက်၊ သူ ကလေးနဲ့ အလုပ်ရှုပ်နေပြီး နင့်ကို အပြစ်တင်ဖို့ မေ့သွားလိမ့်မယ်။"
ကွမ်လုလည်း မရယ်ဘဲ မနေနိုင်တော့ပေ။ "နင့်မှာတော့ နည်းလမ်းတွေ အမြဲရှိတာပဲ။"
ကွမ်လုသည် မွန်းတည့်ချိန်အထိ နေပြီးမှ ပြန်သွားခဲ့သည်။ မကြာမီမှာပင် လုယွီ ပြန်ရောက်လာခဲ့သည်။
တံခါးဖွင့်သံ ကြားသည်နှင့် ကျန်းနျန် မီးဖိုချောင်ထဲမှ ထွက်လာရာ လုယွီ၏ ပခုံးနှင့် ခေါင်းပေါ်တွင် နှင်းများ တင်နေသည်ကို တွေ့လိုက်ရသည်။ "အပြင်မှာ နှင်းကျနေတာလား။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ တော်တော်လေး ကျနေတယ်။"
သူသည် ကိုယ်ပေါ်မှ နှင်းများကို ခါချကာ အပေါ်အင်္ကျီကို ချိတ်တွင် ချိတ်လိုက်သည်။ သူက ကျန်းနျန်ကို ဖက်ရန် ပြင်လိုက်သော်လည်း သူမက ဘေးသို့ ရှောင်လိုက်သဖြင့် သူက မျက်ခုံးများ ပင့်တင်လျက် ပြုံးရင်း မေးလိုက်သည်။ "ဘာလို့ ရှောင်နေတာလဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ရှင်က အေးနေတာကိုး။"
လုယွီ ပြောလိုက်သည်။ "အင်္ကျီချွတ်လိုက်ပြီပဲ၊ ကိုယ်ကလည်းနွေးနေပါပြီ။"
သူ လိမ်မပြောကြောင်း သက်သေပြရန် ကျန်းနျန်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ခါးကို ဖက်ထားလိုက်ရာ သူမမှာ ရုန်းမရတော့ပေ။ "တွေ့လား ကိုယ် မလိမ်ပါဘူး။"
သူ့ကိုယ်ငွေ့မှာ နွေးထွေးနေပြီး သူ၏ သန်မာသော လက်မောင်းများကို ကျန်းနျန် မတွန်းလှန်နိုင်ပေ။ သူမ မော့ကြည့်လိုက်သောအခါ ဆွယ်တာကော်လာအောက်မှ သူ၏ လည်ဇလုတ်ကို မြင်လိုက်ရသည်။ သူမ ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ခြေဖျားထောက်ကာ ဆွယ်တာကော်လာကို ဆွဲချပြီး အသာအယာ ကိုက်လိုက်သည်။
ပြီးနောက် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ပြုံးလိုက်သည်။ "ရှင် တကယ် နွေးတာပဲ။"
လုယွီ - …
ဒါဟာ ကျန်းနျန်အနေနဲ့ လုယွီကို ပထမဆုံးအကြိမ် ပေါ်ပေါ်ထင်ထင် မြှူဆွယ်လိုက်ခြင်း ဖြစ်သည်။ သူမက နှုတ်ခမ်းကို ထပ်သပ်လိုက်ပြီး သူ၏ လည်ပင်းကို ဖက်ကာ လည်ဇလုတ်ကို ထပ်နမ်းလိုက်ပြန်သည်။
သူ၏ လည်ဇလုတ်မှာ အကြိမ်ကြိမ် လှုပ်ရှားသွားပြီး သူမ၏ ခါးကို ပိုတင်းကျပ်စွာ ဖက်လိုက်သည်။ လုယွီက သူမကို ပွေ့ချီကာ အခန်းထဲသို့ ခေါ်သွားသောအခါ ကျန်းနျန်မှာ အသက်ရှူမှားသွားရသည်။ သူ၏ ပူနွေးသောသော အသက်ရှူသံမှာ သူမ၏ နားစည်နားတွင် ပဲ့တင်ထပ်နေတော့သည်။ "နျန်နျန်..."
အနီရောင် စောင်ပေါ်တွင် လဲလျောင်းနေရင်း သူမ၏ လက်များကို ခေါင်းပေါ်မြှောက်ထားကာ လုယွီ၏ လက်ချောင်းများနှင့် ထိန်းထားသည်။ သူ၏ မျက်ဝန်းများမှာ နက်မှောင်နေသည်။ သူမ၏ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသော သူ၏ အသက်ရှူသံများကြောင့် သူမ၏ အသက်ရှူသံများပါ မြန်လာခဲ့သည်။
လုယွီကို အစပြု မြူဆွယ်မိလိုက်ခြင်း၏ ရလဒ်မှာ အိပ်ရာထဲတွင်သာ ကျန်ရစ်ခဲ့တော့သည်။ နောက်ဆုံးတွင် လုယွီသာ နေ့လယ်စာ ချက်ရတော့သည်။ မီးဖိုချောင်ထဲ ဝင်သွားသောအခါ ကျန်းနျန် ပြင်ဆင်ထားသော ဟင်းချက်စရာများကို တွေ့လိုက်ရသည်။ သူ ဟင်းချက်ပြီး စားပွဲပေါ်သို့ ယူလာချိန်တွင် ဖွင့်ထားသော ရှန်အိုက်၏ စာကို သတိထားမိသွားသည်။
လုယွီ၏ နှုတ်ခမ်းမှာ တင်းသွားသည်။ အိပ်ခန်းတံခါးကို လှမ်းကြည့်လိုက်သောအခါ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ကျန်းနျန်မှာ သူ့အတွက် စိုးရိမ်နေပြီး သူမ၏ နည်းလမ်းဖြင့် နှစ်သိမ့်ပေးနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
စာမှာ ရှန်အိုက် ကိုယ်စား တပ်ဖွဲ့ထဲမှ တစ်စုံတစ်ဦးက ရေးပေးထားခြင်း ဖြစ်ဟန်တူသည်။ စိုးရိမ်ကြောင်း စကားများစွာ ပါရှိပြီး နောက်ဆုံးတွင် နှစ်သစ်ကူးတွင် ရှင်းကျန်းသို့ လာနိုင်မလားဟု မေးထားသည်။ ထို့ပြင် တုလျန်မှာ ကြီးပြင်းလာပြီဖြစ်၍ ညီအစ်ကိုနှစ်ယောက် တစ်ဦးကိုတစ်ဦး စောင့်ရှောက်နိုင်ရန်အတွက် သူ့ကို ယွမ်မြို့သို့ ခေါ်လာပြီး စစ်ထဲသွင်းပေးနိုင်မလားဟုလည်း ပါရှိသည်။
စာတစ်လုံးချင်းစီကို ဖတ်ပြီးနောက် လုယွီ၏ မျက်ဝန်းများမှာ စက်ဆုပ်ရွံရှာမှုကြောင့် ပို၍ နက်မှောင်လာခဲ့သည်။
သူသည် စာကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ နောက်ဘက်မှ ခြေသံသဲ့သဲ့ ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းထဲမှ စက်ဆုပ်ရွံရှာမှုများ ပျောက်ကွယ်သွားပြီး အလိုလိုက်ချင်သော အမူအရာများဖြင့် အစားထိုးသွားသည်။
သူ လှည့်ကြည့်လိုက်သောအခါ တံခါးကြားမှ ချောင်းကြည့်နေသော စိုးရိမ်စိတ်အပြည့်နှင့် ကျန်းနျန်ကို တွေ့လိုက်ရသည်။ မျက်လုံးချင်း ဆုံသွားသောအခါ သူမက အလိုအလျောက် ထွက်ပြေးရန် ကြိုးစားသော်လည်း လုယွီ၏ ရယ်မောသံနှင့်အတူ လျင်မြန်သော ခြေလှမ်းများက သူမ အိပ်ရာပေါ် ပြန်မရောက်ခင် ဖမ်းမိသွားခဲ့သည်။
"ဘာလို့ ပြေးနေတာလဲ။"
လုယွီက သူမကို အိပ်ရာနားမှာ ထိုင်ခိုင်းလိုက်ပြီး နွေးထွေးသော တဘက်ဖြင့် ခြေထောက်ကို သုတ်ပေးကာ ဖိနပ်စီးပေးလိုက်သည်။ "ကိုယ် မင်းကို စားမပစ်ပါဘူး။"
ကျန်းနျန် - ....
သူမ ချောင်းကြည့်တာ မိခံလိုက်ရသဖြင့် ရှက်နေမိသည်။
"ရှက်နေတာလား။"
လုယွီ ရုတ်တရက် မေးလိုက်သည်။
ကျန်းနျန် - …
လုယွီ ပြောလိုက်သည်။ "နျန်နျန်။"
သူမ၏ မျက်နှာမှာ နီမြန်းသွားခဲ့သည်။ လုယွီ၏ ချစ်ခင်ယုယသော အကြည့်ကို ကြည့်ရင်း သူမ တုံ့ဆိုင်းနေမိသည်။ သူက သူမကို ဖက်လိုက်ပြီး မေးစေ့ကို သူမ၏ ပခုံးပေါ်တင်ကာ ပြောလိုက်သည်။ "ကိုယ် အဆင်ပြေပါတယ်။ ကိုယ့်အတွက် စိုးရိမ်မနေနဲ့။"
"တကယ်လား။"
ကျန်းနျန် မယုံသင်္ကာ ဖြစ်နေမိသည်။ ရှန်အိုက်၏ စာကို ဖတ်ပြီးနောက် သူမ တကယ်ကို ဒေါသထွက်နေမိသည်။
သားအရင်းကို စွန့်ပစ်ခဲ့တဲ့ အမေတစ်ယောက်က ဘယ်လိုအခွင့်အရေးနဲ့ သူ့ရဲ့ တခြားသားကို စစ်ထဲသွင်းပေးဖို့ လုယွီကို အကူအညီတောင်းရတာလဲ။
တစ်နှစ်ပတ်လုံး အဆက်အသွယ်မလုပ်ဘဲ နှစ်သစ်ကူးခါနီးမှ သူမ၏ အငယ်ဆုံးသားအတွက် အာရုံစိုက်ပြီး စာရေးလိုက်ခြင်းပင် ဖြစ်သည်။ ကျန်းနျန်သည် သူမ၏ မိသားစုကို မုန်းသော်လည်း မိခင်မေတ္တာကို အသုံးချကာ လုယွီကို ကြိုးကိုင်ချင်သော ရှန်အိုက်ကို ပို၍ပင် ရွံရှာမိသည်။
အကယ်၍ ရှန်အိုက်သာ သူမရှေ့မှာ ရှိနေလျှင် ကျန်းနျန် ဆဲဆိုမိလိမ့်မည် ထင်သည်။
သူမ၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါ လုယွီ ပြုံးလျက် ပြောလိုက်သည်။ "ကိုယ် တကယ် အဆင်ပြေပါတယ်။"
ကျန်းနျန် မေးလိုက်သည်။ "ရှင် သူ့ကို စာပြန်ဦးမှာလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "အင်း... စာပြန်လိုက်မယ်၊ နောက်ဆို ကိုယ်တို့ကို မနှောင့်ယှက်ဖို့ ပြောလိုက်မယ်။ တုလျန် ကိစ္စက ကိုယ်နဲ့ မဆိုင်ဘူးလေ။"
ကျန်းနျန် သူမ၏ နှုတ်ခမ်းကို စေ့လိုက်ပြီး သူ၏ လည်ပင်းကို ဖက်ကာ တိုးကပ်လိုက်သည်။ "ရှင့်ကိုယ်စား ကျွန်မပဲ စာရေးပေးရမလား။"
သူမ၏ မျက်ဝန်းထဲမှ အေးစက်မှုကို မြင်သောအခါ လုယွီ စိတ်ထဲ နွေးထွေးသွားသည်။ သူသည် ခေါင်းငုံ့ကာ သူမ၏ နဖူးလေးကို နှာခေါင်းဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။ "ကောင်းပြီလေ။"
နေ့လယ်စာစားပြီးနောက် လုယွီ ထွက်သွားခဲ့သည်။ ကျန်းနျန် အိမ်ကို သန့်ရှင်းရေးလုပ်ပြီး ပြတင်းပေါက်နားတွင် ထိုင်ကာ နှင်းကျနေသည်ကို ကြည့်နေရင်း စာစရေးတော့သည်။ သူမ အရှည်ကြီး မရေးသလို နှစ်တွေအကြာကြီး ရှန်အိုက်က လုယွီကို စွန့်ပစ်ခဲ့တာတွေကိုလည်း ထည့်မပြောပေ။ ရိုးရှင်းသော မေးခွန်းအချို့ကိုသာ ရေးလိုက်သည်။
ပထမအနေနဲ့ ရှန်အိုက်အနေနဲ့ လုယွီရဲ့ ဖခင်အရင်းဖြစ်သူ လုထျန်းရှောင်အပေါ် တာဝန်ကျေခဲ့ရဲ့လားဟု မေးသည်။
ဒုတိယအနေနဲ့ သူမသည် ရှု့မိသားစု သားအဖအပေါ် တာဝန်ကျေခဲ့ရဲ့လားဟု မေးသည်။
တတိယအနေနဲ့ လုယွီအပေါ်မှာရော တာဝန်ကျေခဲ့ရဲ့လားဟု မေးလိုက်သည်။
လူတွေအများကြီးကို တာဝန်မကျေခဲ့ဘဲနဲ့ အမေတစ်ယောက်အနေနဲ့ ဘယ်လိုမျက်နှာမျိုးနဲ့ တုလျန်ကို စစ်ထဲသွင်းပေးဖို့ လုယွီကို အကူအညီတောင်းရတာလဲဟု မေးခွန်းထုတ်ကာ အဆုံးသတ်လိုက်သည်။
"ရှင်က အရည်အချင်းရှိတဲ့ အမေတစ်ယောက် မဟုတ်သလို ဇနီးကောင်းတစ်ယောက်လည်း မဟုတ်ဘူး။ နောက်ကို ကျွန်မနဲ့ လုယွီကို မနှောင့်ယှက်ပါနဲ့တော့။ ဒါဟာ ကျွန်မရဲ့ ဆန္ဒတင်မကဘဲ လုယွီရဲ့ ဆန္ဒလည်း ဖြစ်တယ်။"
စာကို မွန်းလွဲပိုင်းတွင် ပို့လိုက်သည်။
ရှန်အိုက် စာရတဲ့အခါ ဘာဖြစ်သွားမလဲဆိုတာ ကျန်းနျန် ဂရုမစိုက်ပေ။ သူမ၏ မျက်လုံးထဲတွင်တော့ အရေးကြီးဆုံးအရာမှာ တစ်ခုတည်းသာ… ဘယ်သူမှ လုယွီကို မထိခိုက်စေရဘူး။
နှင်းမုန်တိုင်းမှာ သုံးရက်၊ သုံးညတိုင်တိုင် ကြာမြင့်ခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး နှင်းကျမှု ဖြစ်သည်။ အချို့ဒေသများတွင် နှင်းဘေးဒုက္ခများ ကြုံတွေ့ရသဖြင့် လုယွီ၏ တပ်ရင်းနှင့် အခြားတပ်ရင်းများမှာ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထွက်သွားကြရသည်။ လုယွီသည် သန်းခေါင်ယံအချိန်တွင် ထွက်သွားခဲ့သည်။ တိတ်ဆိတ်နေသော စင်္ကြံလမ်းတွင် ဗိုလ်ကြီးလိန်နှင့် လက်ထောက်တပ်ရင်းမှူးလော့တို့၏ အသံများကို ကျန်းနျန် ကြားနေရသည်။
လုယွီ ထွက်သွားစဉ်က အဆင်ပြေလျှင် ခုနစ်ရက်၊ ရှစ်ရက်အတွင်း ပြန်လာမည်ဟု ပြောခဲ့သည်။
မိုးလင်းခါနီးတွင် ကျန်းနျန် ပြန်အိပ်ပျော်သွားခဲ့သည်။ ဒီတစ်ခါတော့ သူမသည် ၂၁ ရာစုမှ 'ကျန်းနျန်' ကို အိပ်မက်မမက်တော့ပေ။ ၎င်းအစား မှောင်မည်းနေသော တောအုပ်တစ်ခုထဲတွင် စုတ်ပြဲနေသော စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ယိုင်နဲ့စွာ လမ်းလျှောက်နေသော လုယွီကို အိပ်မက်မက်ခဲ့သည်။
"လုယွီ။"
ကျန်းနျန် ရင်ထဲ နာကျင်သွားရသည်။ သူမသည် လုယွီနောက်သို့ လိုက်ကာ သူ၏ လက်ကောက်ဝတ်ကို ဆွဲရန် ကြိုးစားသော်လည်း သူမ၏ လက်မှာ ဟိုတစ်ခေါက် အခန်းထဲမှာလိုပင် သူ၏ ကိုယ်ထဲမှ ဖောက်ထွက်သွားခဲ့သည်။ သူမ ထိတ်လန့်တကြားဖြင့် သူ့နာမည်ကို အော်ခေါ်လိုက်သော်လည်း တောအုပ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော လေအေးသံများသာ ပြန်ကြားရသည်။
သူမ၏ အမြင်အာရုံမှာ မှောင်သွားပြီးနောက် စူးရှသော အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ ကျန်းနျန်က အလင်းရောင်ကို ကွယ်ရန် လက်ကို မြှောက်လိုက်သည်။ လက်ကို ပြန်ချလိုက်သောအခါ နားကွဲမတတ် သေနတ်သံကြီးကို ကြားလိုက်ရသည်။ ဘာဖြစ်သွားမှန်း မမြင်ရခင်မှာပင် အရာတစ်ခုမှာ လုယွီ၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့သည်။ သူမရှေ့ရှိ မြင့်မားဖြောင့်စင်းသော လူကြီးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ကျန်းနျန်၏ မျက်လုံးများ ပြူးကျသွားပြီး ရင်ထဲမှာ အပြင်းအထန် နာကျင်သွားရသည်။ "လုယွီ။"
ရင်ကွဲမတတ် အော်ဟစ်လိုက်သံနှင့်အတူ မြင်ကွင်းမှာ သူမ၏ အိပ်ခန်းထဲသို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ကျန်းနျန်သည် ထထိုင်လိုက်ပြီး သူမဘေးက နေရာလွတ်လေးကို အလိုအလျောက် စမ်းကြည့်လိုက်မိသည်။ အေးစက်နေသော အိပ်ရာက လုယွီမှာ သန်းခေါင်ယံကတည်းက ထွက်သွားပြီဖြစ်ကြောင်း သတိပေးနေသလိုပင်။
ဒါဟာ လုယွီ သေနတ်မှန်တာကို သူမ ဒုတိယအကြိမ် အိပ်မက်မက်ခြင်း ဖြစ်သည်။
သူမ ဝတ္ထုကို အဆုံးထိ မဖတ်လိုက်ရပေ။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့ လက်ထပ်ခါနီး အပိုင်းအထိသာ ဖတ်ခဲ့ဖူးသည်။ နောက်ပိုင်းမှာ ဘာဖြစ်မလဲဆိုတာ သူမ လုံးဝမသိ။ ကျန်းနျန်သည် သူမ၏ မျက်နှာကို ပွတ်သပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး လိုက်ကာကို ဖွင့်လိုက်ကာ အပြင်ဘက်က နှင်းဖုံးနေသော မြေပြင်ကို ကြည့်နေမိသည်။ အိပ်မက်ထဲက ကျန်နေခဲ့သော နောက်ထပ် 'ကျန်းနျန်' ၏ စကားများကို သူမ စဉ်းစားနေမိသည်။
၂၁ ရာစုက 'ကျန်းနျန်' က သူမအတွက် အဖြေတွေ ပေးနိုင်မလား။
သူမ အကုန်လုံး သိနေမလား။
ကျန်းနျန်သည် အိပ်မက်ထဲမှာတင် လုယွီကို ဆုံးရှုံးရမှာကို မခံစားနိုင်တော့ပေ။ နောက်တစ်ကြိမ် ၂၁ ရာစုက အိမ်ကို အိပ်မက်မက်ရင် 'ကျန်းနျန်' ကို သေချာရှာပြီး ဇာတ်လမ်းအဆုံးကို မေးကြည့်မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။ သူမ အိပ်မက်မက်နေတဲ့ အရာတွေက တကယ်ပဲ လုယွီအပေါ်မှာ ဖြစ်ပျက်ခဲ့တာလား။
***