ဒီနေ့မနက်၌ ကောင်းကင်ကြီးက အုံ့မှိုင်းနေပြီး မွန်းလွဲပိုင်းမှာတော့ နှင်းတွေ ပြန်ကျလာပြန်သည်။
ကျန်းနျန်သည် အိမ်မှာပဲအောင်းနေပြီး အပြင်မထွက်ဖြစ်ပေ။ မွန်းလွဲပိုင်းတွင် ကွမ်လု ထပ်ရောက်လာခဲ့သည်။ နှင်းဘေးဒုက္ခက တော်တော်လေး ပြင်းထန်ပြီး အိမ်တွေပြိုကျကာ လူအချို့ သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။ ဘေးဒုက္ခဖြစ်ပွားရာဒေသမှာ ဤနေရာမှ ကားဖြင့် သွားလျှင် နာရီဝက်ခန့်သာ ဝေးပြီး လက်ထောက်တပ်ရင်းမှူးလော့က မနေ့ညက မထွက်ခွာမီ ပြောပြခဲ့သဖြင့် ကွမ်လု သိနေခြင်းဖြစ်သည်။
လုယွီ ထွက်သွားသည်မှာ လေးရက်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ ဘာသတင်းမှ မကြားရသေးပေ။
ရှု့ရွှယ်သည်လည်း ချန်ယောင်အတွက် စိုးရိမ်နေသဖြင့် ဟိုဘက်က အခြေအနေကို သိလားဟု ကျန်းနျန်ထံ လာမေးသည်။ ကျန်းနျန်က ခေါင်းခါပြလိုက်သည်။ "ကျွန်မလည်း မသိဘူး။"
သူမသည်လည်း လုယွီအတွက် စိုးရိမ်နေမိသည်။
ထိုအိပ်မက်မှာ သူမ၏ နှလုံးသားကို ဆူးဖြင့် ထိုးထားသကဲ့သို့ ခံစားရစေသည်။ ညတိုင်းတွင် ကျန်းနျန်သည် ၂၁ ရာစုက အိမ်သို့ပြန်ရောက်ပြီး 'ကျန်းနျန်' ကို တွေ့ရဖို့ မျှော်လင့်နေမိသော်လည်း လေးရက်ဆက်တိုက် ထူးဆန်းသော အိပ်မက်များကိုသာ မက်ခဲ့ရသည်။
မွန်းတည့်ချိန်ခန့်တွင် တပ်စောင့်ရောက်လာပြီး သူမအတွက် ဖုန်းလာနေကြောင်း ပြောသည်။ ကျန်းနျန် ပထမဆုံး စဉ်းစားမိသည်မှာ လုယွီပင် ဖြစ်သည်။ သူမသည် အပေါ်အင်္ကျီကို အမြန်ဝတ်ကာ ဂိတ်အစောင့်နှင့်အတူ ပြေးထွက်ခဲ့သည်။
လမ်းပေါ်ရှိ နှင်းများကို ဖယ်ရှားထားပြီးဖြစ်ကာ အဝေးသို့ လှမ်းကြည့်လိုက်လျှင် အိမ်များနှင့် သစ်ပင်များမှာ ငွေရောင်လွှမ်းနေသည်ကို တွေ့ရသည်။ နှင်းပွင့်များမှာ ကျဆင်းနေဆဲဖြစ်ပြီး အေးစက်လှသော လေပြင်းများကြောင့် သူမ၏ မျက်နှာမှာ ဓားဖြင့် အလှီးခံနေရသကဲ့သို့ ခံစားရသည်။
ကျန်းနျန်သည် ပခုံးလေးကို တွန့်ကာ တပ်ရင်းအပြင်ဘက်ရှိ ဖုန်းပြောခန်းလေးဆီသို့ ပျော်ရွှင်စွာ ပြေးသွားပြီး ထူးလိုက်သည်။ "လုယွီ ဟိုမှာ အခြေအနေ ဘယ်လိုလဲ။"
ကောမိန်၏ စနောက်သံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။ "ညည်းရဲ့ တပ်ရင်းမှူးလုကို အဲ့လောက်တောင် လွမ်းနေတာလား။"
ကျန်းနျန် - …
သူမက လုယွီထင်နေခဲ့တာကိုး။
သူမသည် အရှက်ပြေ နှုတ်ခမ်းကို စေ့ရင်း ပြန်ဖြေလိုက်သည်။"အစ်မကော အဲ့ဒီမှာရော အခြေအနေ ဘယ်လိုလဲ။ နှင်းတွေ အများကြီး ကျနေလား။"
ကောမိန်မှာ ပြောင်းရွှေ့သွားပြီဖြစ်သော်လည်း တစ်လတစ်ကြိမ် ကျန်းနျန်ဆီ ဖုန်းဆက်တတ်သည်။ သူမ၏ အသံထဲတွင် စိတ်အေးလက်အေး ရှိလှသည်ကို ကျန်းနျန် ကြားနိုင်သည်။ မိသားစုနှင့်အတူ ရှိနေရခြင်းမှာ တကယ့်ကို ကောင်းချီးတစ်ရပ်ပင်ဖြစ်ကြောင်း ကောမိန်က ဆိုသည်။
ကောမိန် ပြောလိုက်သည်။ "ဒီမှာတော့ နှစ်ရက်လောက် နှင်းကျပြီး အခုတော့ တိတ်သွားပြီ။"
နောက်ကွယ်မှ ကလေးငိုသံ ကြားလိုက်ရသဖြင့် ကောမိန်က ချော့နေသည်။ "မငိုနဲ့၊ မငိုနဲ့... အဘွားက ယုန်ဖြူနို့သကြားလုံး ဝယ်ပေးမယ်၊ ဟုတ်ပြီလား။"
ကလေး၏ နူးညံ့သောအသံလေးက ပြန်ဖြေခဲ့သည်။ "ဟုတ်။"
ကျန်းနျန် ရယ်လိုက်သည်။ "အစ်မကော... အစ်မရဲ့သမီး ရောက်နေတာလား။"
ကောမိန် ပြန်ဖြေလိုက်သည်။ "အင်း... မိသားစုလိုက် ငါတို့ကို လာကြည့်ကြတာ။"
ကျန်းနျန်သည် အစ်မကော၏ သမီးကို သတိရသွားသည်။ ထိုနှစ်က သူမနှင့် လုယွီ အစိုးရပိုင် ပန်းထိုးဆိုင်သို့ ပထမဆုံးအကြိမ် သွားစဉ်က ကျန်းရှောင်က သူမကို ပြောပြဖူးသည်၊ အစ်မကောသည် မီးဖွားပြီးစ သမီးဖြစ်သူကို ပြုစုပေးနေရကြောင်းပင်။ အခုဆိုလျှင် အစ်မကော၏ မြေးလေးမှာ သုံးနှစ်ကျော်လောက် ရှိနေပြီ ဖြစ်သည်။
ကောမိန် မေးခဲ့သည်။ "ယွမ်မြို့မှာ နှင်းကျနေတာ လေးရက်ရှိပြီလို့ ကြားတယ်။ အဲ့ဒီမှာ အခြေအနေ ဘယ်လိုလဲ။"
ကျန်းနျန် ပြောလိုက်သည်။ "ဒီမှာတော့ အားလုံး အဆင်ပြေပါတယ်။ ဒါပေမယ့် လုယွီတို့က ကယ်ဆယ်ရေးသွားနေကြတာဆိုတော့ ပြန်လာဖို့ ရက်အနည်းငယ် လိုဦးမယ် ထင်တယ်။"
ယွမ်မြို့မှ မြို့အချို့သို့ သွားမည့် ရထားလမ်းများမှာ နှင်းများကြောင့် ပိတ်နေသည်ဟု ကြားကြောင်း ကောမိန်က ပြောပြသည်။ သူမသည် ကျန်းနျန်အတွက် စိတ်ပူသဖြင့် ဖုန်းဆက်ကြည့်ခြင်း ဖြစ်သည်။ ဖုန်းချပြီးနောက် ကျန်းနျန် အိမ်အပြန်တွင် ခြင်းတောင်းကိုင်ကာ ထွက်လာသော လန်ဟွေ့နှင့် ဆုံသည်။ ကျန်းနျန် ပြောလိုက်သည်။ "အစ်မလန် တပ်ရင်းမှူးဟဲလည်း ကယ်ဆယ်ရေး သွားတာလား။"
လန်ဟွေ့ ပြန်ဖြေလိုက်သည်။ "အင်း... ညကြီးမင်းကြီး အလျင်စလို ထွက်သွားတာလေ။ ငါသာ နောက်ကနေ လိုက်မပေးရင် ဆောင်းတွင်းအင်္ကျီတောင် ဝတ်သွားဖို့ အချိန်ရမှာ မဟုတ်ဘူး။"
သူမသည် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့၊ ဒီနှစ် ယွမ်မြို့မှာ နှင်းတွေ အများကြီးကျပြီး ဘေးဒုက္ခဖြစ်နေတာဆိုတော့ ဆယ်ရက်လောက်နေရင် သူတို့ ပြန်ရောက်လာမှာပါ။"
အစ်မလန် ပြောသကဲ့သို့ပင် လုယွီသည် လဝက် ကြာပြီးနောက် ပြန်ရောက်လာခဲ့သည်။
သူသည် ညနေပိုင်းတွင် ပြန်ရောက်လာသည်။ ကျန်းနျန် မျက်နှာသစ်ပြီးခါစတွင် စင်္ကြံလမ်းမှ ဗိုလ်ကြီးလိန်နှင့် ယွီလျန်တို့၏ ကျယ်လောင်သောအသံများကို ကြားလိုက်ရသည်။
သူမသည် ဝမ်းသာအားရ ပြေးသွားပြီး တံခါးဖွင့်လိုက်သော်လည်း မိမိတို့အိမ်အသီးသီးသို့ ပြန်နေကြသော ဗိုလ်ကြီးလိန်နှင့် ယွီလျန်တို့ကိုသာ တွေ့ရပြီး လုယွီ၏ အရိပ်အယောင်ကို မတွေ့ရပေ။ တံခါးဖွင့်သံကြောင့် ယွီလျန် လှည့်ကြည့်လိုက်ရာ စင်္ကြံလမ်းကို လှမ်းကြည့်နေသော ကျန်းနျန်ကို တွေ့သဖြင့် ပြောလိုက်သည်။ "မရီး... တပ်ရင်းမှူးလုနဲ့ နိုင်ငံရေးမှူးကုတို့က တပ်ရင်းမှာ ကျန်ခဲ့သေးတယ်။ ခဏနေရင် ပြန်လာမှာပါ၊ မစိုးရိမ်ပါနဲ့။"
ကျန်းနျန် ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပါပြီ။"
ယွီလျန်၏ စစ်ယူနီဖောင်းမှာ ရွှံ့များပေကျံနေသဖြင့် မူလအရောင်နှင့် ပုံစံကိုပင် ခွဲခြား၍မရတော့ပေ။ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မုတ်ဆိတ်မွေးများလည်း ဖားလျားကျနေသည်။ သူ၏အသံကိုသာ မကြားရလျှင် ကျန်းနျန်က သူ့ကို လေလွင့်နေသူတစ်ဦးဟု ထင်မိပေလိမ့်မည်။ လွန်ခဲ့သော လဝက်အတွင်း သူတို့ မည်မျှပင်ပန်းဆင်းရဲစွာ စားသောက် နေထိုင်ခဲ့ရမည်ကို သူမ ခန့်မှန်းကြည့်နိုင်သည်။
လုယွီရော ထိုသို့ပင် ဖြစ်နေမလားဟု သူမ တွေးနေမိသည်။
တစ်ဖက်အိမ်မှ ယွီလျန်နှင့် သူ့ဇနီးတို့ စကားပြောနေသံကို နားထောင်ရင်း ကျန်းနျန်သည် တံခါးပိတ်ကာ မှီထားလိုက်ပြီး အထီးကျန်သလို ခံစားလိုက်ရသည်။ ချိတ်တွင် ချိတ်ထားသော လုယွီ၏ အင်္ကျီကို မြင်ရသည်မှာ သူ့ကို ပို၍ပင် လွမ်းဆွတ်စေသည်။
လုယွီ ဗိုက်ဆာနေမှာစိုးသဖြင့် သူမသည် စိတ်ကိုစုစည်းကာ မီးဖိုချောင်ထဲဝင်၍ ခေါက်ဆွဲနှင့် အသားဟင်းနှစ်ပွဲကို ပြင်ဆင်လိုက်သည်။ ပြီးနောက် အိပ်ရာထဲတွင် လုယွီကို စောင့်ရင်းနှင့် သူပြန်မရောက်ခင်မှာပင် အိပ်ပျော်သွားတော့သည်။
ကျန်းနျန်သည် အနမ်းတစ်ခုကြောင့် နိုးလာခဲ့သည်။
မသဲမကွဲမြင်ကွင်းထဲတွင် သူမရှေ့မှ နက်မှောင်သော ခေါင်းတစ်ခုကို တွေ့လိုက်ရသည်။ သွားများဖြင့် အသာအယာ ထိတွေ့လိုက်မှုကြောင့် သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ကျန်းနျန်သည် ထိုလူ၏ သန်မာသော လက်မောင်းများကို ကိုင်ကာ တုန်ရီသောအသံဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။ "လုယွီ..."
"ကိုယ် ဒီမှာရှိတယ်" လုယွီ ပြန်ဖြေလိုက်သည်။
သူသည် ခေါင်းကိုမော့ကာ သူမကို နမ်းရှိုက်လိုက်သည်။
လွန်ခဲ့သည့် လဝက်အတွင်းတွင် သူသည် ကျန်းနျန်ကို အမြဲတမ်း လွမ်းဆွတ်နေခဲ့ပြီး သူမ တစ်ယောက်တည်း အထီးကျန်ကာ ကြောက်နေမှာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
အနမ်းများကြောင့် ကျန်းနျန်၏ စကားလုံးများမှာ ပျောက်ကွယ်သွားရသည်။
သူမသည် သူ၏ လပေါင်းများစွာ ကြာမြင့်ခဲ့သော လွမ်းဆွတ်မှုနှင့် ရူးသွပ်မှုများကို လက်ခံလိုက်တော့သည်။
ဘယ်အချိန်ရှိပြီလဲ၊ သို့မဟုတ် လုယွီ၏ ရူးသွပ်မှုမှာ မည်မျှကြာခဲ့သည်ကို ကျန်းနျန် မသိတော့ပေ။ လုယွီ၏ အက်ရှရှအသံက သူမ၏ နားထဲသို့ တိုးတိုးလေး ဝင်လာသည်။ "နျန်နျန် မင်း ပိန်သွားတယ်။"
ကျန်းနျန်၏ လက်မှာ လုယွီ၏ ခါးပေါ်တွင် ရှိနေသည်။ မျက်ရည်များ ဝဲနေသော သူမ၏ မျက်ဝန်းများမှာ တောက်ပနေသည်။ သူမ တိုးတိုးလေး ပြောလိုက်သည်။ "ရှင်လည်း တော်တော် ပိန်သွားတာပဲ။"
အခန်းထဲမှာ မှောင်နေသော်လည်း ကျန်းနျန်၏ မျက်လုံးများမှာ မှောင်ထဲတွင် ကျင့်သားရနေပြီဖြစ်သည်။ သူမသည် လုယွီ၏ ချောင်ကျနေသော မျက်နှာနှင့် မုတ်ဆိတ်မွေးများကို ကြည့်ကာ သူ၏ အေးစက်မာကြောသော နဖူးပြင်ကို အသာအယာ ထိလိုက်သည်။ "ရှင့်ရဲ့ ကျသွားတဲ့ ဝိတ်တွေကို ပြန်တက်အောင် ကျွန်မ လုပ်ပေးရမယ်။"
လုယွီက အနည်းငယ် လှုပ်ရှားလိုက်ရာ ကျန်းနျန်မှာ တုန်သွားရသည်။ သူမ၏ အသံမှာ နူးညံ့နေသလို ဆွဲဆောင်မှုလည်း ရှိနေသည်။
ထိုလူက တိုးတိုးလေး ရယ်လိုက်သည်။ "ကောင်းပါပြီ။"
နောက်ဆုံးတွင် သူမ မည်သည့်အချိန်တွင် ပြန်အိပ်ပျော်သွားသည်ကို မသိသော်လည်း နောက်တစ်နေ့ မွန်းတည့်ချိန်တွင်မှ နိုးလာခဲ့သည်။
တံခါးမှာ ပိတ်ထားပြီး အပြင်ဘက်မှ ဟင်းသီးဟင်းရွက် လှီးဖြတ်သံကို သဲ့သဲ့ကြားနေရသည်။ ကျန်းနျန် ထရန် ကြိုးစားသော်လည်း အိပ်ရာပေါ်သို့ ပြန်လဲကျသွားသည်။ မနေ့ညက ပြင်းထန်လွန်းခဲ့သဖြင့် သူမ၏ ကြွက်သားများမှာ နာကျင်ကာ ပင်ပန်းနွမ်းနယ်နေခြင်းဖြစ်သည်။
ခဏအကြာတွင် တံခါးပွင့်လာပြီး လုယွီ အိပ်ရာနားသို့ လျှောက်လာကာ သူမ၏ ခေါင်းကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။ "နေ့လယ်စာ စားဖို့ အချိန်တန်ပြီ။ စားပြီးရင် ပြန်အိပ်ချင်လည်း အိပ်လေ။"
အားစိုက်ထုတ်ခဲ့သူမှာ သူဖြစ်သော်လည်း သူကတော့ ဘာမှမဖြစ်သလို ရှိနေပြီး သူမသာ အင်မတန် ပင်ပန်းနေရသည်။
ကျန်းနျန်သည် အင်္ကျီကို ဖြည်းဖြည်းချင်း ဝတ်ကာ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။ သူမ ထမင်းစားပွဲတွင် ထိုင်လိုက်သောအခါ လုယွီ၏ မျက်လုံးအောက်ရှိ မျက်ကွင်းညိုကြီးများကို တွေ့လိုက်ရသည်။
မနေ့ညက မှောင်မှောင်မည်းမည်းထဲတွင် မမြင်ခဲ့ရသော်လည်း အခု နေ့အလင်းရောင်ထဲတွင်တော့ သူ၏ ပင်ပန်းနွမ်းနယ်မှုမှာ ထင်ရှားနေသည်။ သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ရှင် အိပ်မပျော်တာ ဘယ်လောက်တောင် ရှိပြီလဲ။"
လုယွီက ခေါက်ဆွဲကို တစ်လုတ်ကြီး ကိုက်ကာ မြိုချပြီး ပြောလိုက်သည်။ "မနေ့ညက နည်းနည်း အိပ်လိုက်ပါတယ်။"
သူ ပင်ပန်းနေပါသည်ဟု ဝန်ခံမည်မဟုတ်ကြောင်း ကျန်းနျန် သိသဖြင့် မေးလိုက်သည်။ "ဒီနေ့ နေ့လယ်ပိုင်း တပ်ရင်းမှာ အလုပ်ရှိသေးလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "မရှိပါဘူး၊ မနက်ဖြန် နေ့လယ်ကြမှ အစည်းအဝေး ရှိတာ။"
"ကောင်းပြီလေ" ကျန်းနျန် ပြောလိုက်သည်။ လုယွီ သူမကို မော့ကြည့်လိုက်သောအခါ သူမ ထပ်ပြောလိုက်သည်။ "နေ့လယ်စာစားပြီးရင် အိပ်လိုက်ဦး။ ပန်းကန်တွေကို ကျွန်မ ဆေးလိုက်မယ်၊ ညစာ အဆင်သင့်ဖြစ်ရင် လာခေါ်မယ်။"
လုယွီ ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
လုယွီမှာ တကယ်ပင် ပင်ပန်းနေခြင်းဖြစ်သည်။ နေ့လယ်စာစားပြီးနောက် သူ လဲလျောင်းလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားကာ ည ၉ နာရီအထိ နိုးမလာတော့ပေ။ ကျန်းနျန်သည် တံခါးကို အသာအယာတွန်းဖွင့်ကာ အက်ကြောင်းကြားမှ ချောင်းကြည့်လိုက်ရာ သူ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကို နိုးသွားမှာစိုးသဖြင့် သူမ တံခါးကို ပြန်ပိတ်လိုက်သည်။
ကျန်းနျန်သည် ပေါ့ပေါ့ပါးပါး အစားအသောက်စားပြီးနောက် အိပ်ရာထဲသို့ ပြန်ဝင်ကာ စောင်ထဲသို့ တိတ်တဆိတ် တိုးဝင်လိုက်သည်။ လုယွီ၏ အေးချမ်းသော မျက်နှာလေးကို ကြည့်ရင်း အိပ်မက်ထဲက အဖြစ်အပျက်များကို စဉ်းစားမိကာ ရင်ထဲမှာ နာကျင်လာရသည်။
သူမ အိပ်မက်မက်သော လူများနှင့် အဖြစ်အပျက်များမှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ကြောင်း သူမ သိသည်။
မူလ ကျန်းနျန်သည် သာဓကတစ်ခုဖြစ်သလို ရှု့ချန်မှာလည်း ထိုသို့ပင်ဖြစ်သည်။
အခုတော့ လုယွီ အလှည့်…
ကျန်းနျန်၏ ရင်ထဲ နာကျင်နေမိသည်။ သူမသည် လုယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ၏ သွယ်လျသော ခါးလေးကို ဖက်ထားလိုက်သည်။ လုယွီသည် သူမရှိနေသည်ကို ခံစားမိသဖြင့် သူမကို ပြန်ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်ပျော်သွားတော့သည်။ သူသည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ နိုးမလာတော့ဘဲ လွန်ခဲ့သော လဝက်အတွင်း အိပ်ရေးပျက်ခဲ့သမျှကို ပြန်ဖြည့်တင်းလိုက်တော့သည်။
ကျန်းနျန်သည် နေ့လယ်စာအတွက် ထမင်းနှင့် ဟင်းအချို့ကို ချက်ပြုတ်လိုက်သည်။ လုယွီမှာ ထမင်းနှစ်ပန်းကန်နှင့် ဟင်းပန်းကန်များကို အကုန်စားလိုက်ရာ တကယ်ပင် ဗိုက်ဆာနေမှန်း သိသာလှသည်။
နှစ်သစ်ကူးနီးလာသောအခါ လုယွီသည် တပ်ရင်းမှူးစုန့်ထံသို့ နှစ်သစ်ကူးအကြိုနေ့တွင် ရောက်လာမည်ဖြစ်ကြောင်း ကြေးနန်းရိုက်လိုက်သည်။
လုယွီသည် ရှင်းကျန်းခရီးစဉ်တုန်းက အားလပ်ရက်များကို သုံးထားသဖြင့် တစ်နှစ်ပတ်လုံး ခွင့်မယူခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် နှစ်သစ်ကူးအတွက် လဝက်ခန့် ခွင့်ရခဲ့သည်။ သူသည် လုကောရှန်ထံ ဖုန်းဆက်ကာ ၂၆ ရက်နေ့တွင် ထွက်လာမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
ကျန်းနျန် ခေတ္တရပ်လိုက်သည်။ "နှစ်သစ်ကူးအကြိုနေ့မှ ရောက်မယ်ဆိုရင် ၂၈ ရက်နေ့ ထွက်တာက အတော်ပဲပေါ့။"
လုယွီက ကျန်းနျန်၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ကိုယ်တို့ အရင်ဆုံး အိမ်ကို ပြန်ရမယ်။ ကုရှစ်ကျိုးက ပါမောက္ခလင်ကို သွားတွေ့ချင်နေလို့။"
ကျန်းနျန် မျက်တောင်ခတ်လိုက်သည်။ "သူက ပါမောက္ခလင်ရဲ့ တပည့်ဆိုတာ တစ်ယောက်ယောက် သိသွားရင် ဒုက္ခကြီးရောက်သွားနိုင်တယ်နော်။"
လုယွီ ပြုံးလိုက်သည်။ "မင်းက ရှု့ယန်တို့နဲ့အတူ တည်းခိုခန်းမှာ နေခဲ့ပါ။ ကိုယ်နဲ့ ကုရှစ်ကျိုးက ညဘက်ကြမှ ပါမောက္ခလင်ဆီ ခဏသွားတွေ့ပြီး တိတ်တိတ်လေး ပြန်ထွက်လာခဲ့မယ်။"
ဒါဆိုရင်တော့ အဆင်ပြေနိုင်ပါသည်။
ပထမလ ၂၆ ရက်နေ့တွင် လုယွီက ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်ပြီး မိသားစုအိမ်ရာမှ ထွက်လာစဉ် ကုရှစ်ကျိုးနှင့် ဆုံခဲ့သည်။ ကျန်းနျန်အတွက် ကုရှစ်ကျိုးကို စစ်ဝတ်စုံမဟုတ်သော အဝတ်အစားဖြင့် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် အနက်ရောင် အပေါ်အင်္ကျီရှည်အောက်တွင် အနက်ရောင် ဆွယ်တာကို ဝတ်ဆင်ထားပြီး ဆံပင်မှာ တိုတိုနှင့် သပ်ရပ်နေကာ စစ်စိမ်းရောင် ကျောပိုးအိတ်ကို လွယ်ထားသည်။
ကုရှစ်ကျိုးက ကျန်းနျန်ကို ကြည့်ကာ ပြုံးလိုက်သည်။ "ခယ်မလေး။"
ကျန်းနျန်လည်း ပြန်ပြုံးပြလိုက်သည်။ "နိုင်ငံရေးမှူးကု။"
ကယ်ဆယ်ရေးသွားခဲ့သူတိုင်း ဝိတ်ကျသွားကြရာ ကုရှစ်ကျိုးလည်း အပါအဝင်ဖြစ်သည်။ သူ၏ မျက်နှာမှာ ပို၍ပင် ထောင့်ကျလာသည်။
လုယွီ ပြောလိုက်သည်။ "သွားကြစို့။"
မိသားစုအိမ်ရာအပြင်သို့ ထွက်လိုက်သည်နှင့် နင်ရှို့နှင့် နင်ချန့်တို့နှင့် ဆုံခဲ့သည်။ နင်ချန့်သည် ပဲငပိရည်ပုလင်းကို ကိုင်ထားသည်။ သူတို့နှစ်ဦးက ကျန်းနျန်ကို နွေးထွေးစွာ နှုတ်ဆက်ခဲ့ကြသည်။ နင်ရှို့၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီး လူတွေကို မရှောင်တော့ပေ။ သူမက ကျန်းနျန်ကို ချစ်စနိုးဖြင့် ခေါ်သေးသည်။ "ဒေါ်လေးကျန်း။"
မနက်ပိုင်းရထားကို အမီသွားရမည်ဖြစ်၍ ကျန်းနျန်မှာ အလျင်စလို သွားနေရသည်။ တပ်ရင်းမှ ထွက်လာသောအခါ အဝေးရှိ သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို သူမ သတိထားမိလိုက်သည်။ သူမ၏ ဆံပင်ကို ဖဲကြိုးဖြင့် ချည်ထားပြီး အဖြူရောင် ဝတ်စုံရှည်နှင့် လည်ပင်းတွင် ပဝါတစ်ထည် ပတ်ထားသည်။ ကျန်းနျန်သည် သူမမှာ ပါမောက္ခလင်၏ သမီးဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
သူမကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
***