လုယွီသည် မျက်လွှာကိုချလျက် စာအိတ်ကို ပိတ်လိုက်၏။ သူ၏ လည်ဇလုတ်မှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးနောက်မှ တည်ငြိမ်စွာ မော့ကြည့်၍ ကျန်းနျန်၏ ဆံနွယ်များကို အသာအယာ ဖွပေးလိုက်သည်။ "ဒါက ကိုယ့်ရဲ့ ရဲဘော်တစ်ယောက်ဆီ ရေးတဲ့စာပါ၊ သူက ကိုယ့်ကို အကူအညီတစ်ခု တောင်းထားလို့။"
စာထဲ၌ တွေ့လိုက်ရသော "သူမကို သေချာ ဂရုစိုက်ပေးပါ" ဟူသည့် စကားလုံးများကို ကျန်းနျန် သတိရသွားကာ မေးလိုက်သည်။ "သူ့ဇနီးနဲ့ ပတ်သက်တဲ့ ကိစ္စလား။"
လုယွီမှာ ချက်ချင်း အဖြေမပေးဘဲ သူမအား တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ ကျန်းနျန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး သူမ၏ မျက်နှာကို စမ်းကြည့်ရင်း မေးလိုက်သည်။ "ကျွန်မမျက်နှာမှာ တစ်ခုခု ပေနေလို့လား။"
"မဟုတ်ပါဘူး။"
ကျန်းနျန်တစ်ယောက် စာအကြောင်းအရာ အပြည့်အစုံကို မမြင်လိုက်ရသဖြင့် လုယွီမှာ စိတ်သက်သာရာရသွားကာ စာကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ "အင်း... သူ့ဇနီးနဲ့ ပတ်သက်တာ ဟုတ်ပါတယ်။ ဒါနဲ့ မင်းက ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ရှု့ယန်ဘေးမှာ လုကောရှန်နဲ့ ကလေးတွေ ရှိနေတာနဲ့ ကျွန်မ အရင်ပြန်လာလိုက်တာ။ ဒါနဲ့ ရှင်ရော ထမင်းစားချိန်တောင် မရောက်သေးဘူး၊ ဘာလို့ စောစောပြန်လာတာလဲ။"
"ကိုယ် တပ်ရင်းမှာ အလုပ်သိပ်မရှိတာနဲ့ စောစောပြန်လာတာပါ။"
"ဪ..."
သူမသည် မီးဖိုချောင်ဘက်သို့ လှည့်၍ လျှောက်သွားသော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် လုယွီက နောက်ကွယ်မှ သိုင်းဖက်လိုက်သည်။ သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကြီးက သူမအား လွှမ်းခြုံထားပြီး သူမ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သည်။ ကျန်းနျန်မှာ အဘယ်ကြောင့် ဤသို့ ခံစားနေရသည်ကို မသိသော်လည်း ရယ်မောလျက် လုယွီအား မော့ကြည့်ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။"
လုယွီသည် ကျန်းနျန်၏ လည်ပင်းကြား၌ မျက်နှာအပ်ထားရင်း ထုံးစံအတိုင်း နက်ရှိုင်းသော သူ၏အသံမှာ ယခုအခါ အက်ရှရှ အသံတိုးတိုးလေးအဖြစ် ပြောင်းလဲသွားသည်။ "ဘာမှမဟုတ်ပါဘူး မင်းကို ဖက်ထားချင်ရုံတင်ပါ။"
ကျန်းနျန်မှာ လည်ပင်း၌ ယားကျိကျိ ဖြစ်လာသဖြင့် အနည်းငယ် ရှောင်တိမ်းလိုက်သော်လည်း လုယွီက ပို၍ တိုးကပ်လာကာ သူမ၏ နူးညံ့သော အသားအရေထက်၌ ပွတ်သီးပွတ်သပ် ပြုလုပ်နေသည်။ "ဘာလို့ ရှောင်နေတာလဲ။"
ကျန်းနျန် အော်ဟစ်လိုက်သည်။ "ယားလို့ပါဆို။"
"ဟုတ်လို့လား။ ဒါဆို ထပ်စမ်းကြည့်ရတာပေါ့။"
လုယွီမှာ အခွင့်ကောင်းယူလျက် ကျန်းနျန်၏ အင်္ကျီကော်လာ ကြယ်သီးများကို ဖြုတ်လိုက်ရာ အနည်းငယ် ထွက်နေသော ညှပ်ရိုးလေးနှစ်ခု ပေါ်လွင်လာခဲ့သည်။
ကျန်းနျန် - …
"လူဆိုးကြီး။"
"ဘယ်သူ့ကို ပြောတာလဲ။"
"ရှင့်ကို ပြောတာပေါ့။"
သူတို့နှစ်ဦး အတန်ကြာအောင် ကျီစယ်ပြီးနောက်တွင် လုယွီမှာ နေ့လယ်စာ ပြင်ဆင်ရန် သွားရောက်ခဲ့သည်။ အစားအသောက်များ စားသုံးပြီးနောက်တွင်မူ သူသည် တပ်ရင်းသို့ ထွက်ခွာသွားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ကျန်းနျန်သည် ပြီးစီးသွားသော ပန်းထိုးထည်ကို ဒါရိုက်တာထံ အပ်နှံရန် မြို့သို့ သွားရောက်ကာ သူမ၏ အခြေအနေကို ရှင်းပြခဲ့သည်။ နေ့လယ်စာ စားနေစဉ်တွင် စုန မေးလိုက်သည်။ "နင် တကယ်ပဲ တစ်နှစ်ကို တစ်ထည်ပဲ ထိုးတော့မလို့လား။"
ကျန်းနျန် ခေါင်းညိတ်လိုင်သည်။ "အင်း။"
တစ်နှစ်လျှင် တစ်ထည်သာ ထိုးခြင်းမှာ အရည်အသွေးကို အလေးထားခြင်းဖြစ်ပြီး ပို၍လည်း တန်ဖိုးရှိစေပေသည်။ သူမ၏ ကျော်ကြားမှုမှာ ပျံ့နှံ့နေပြီဖြစ်ရာ လာရောက်အပ်နှံသူများမှာလည်း တိုးပွားလာမည်သာ ဖြစ်သည်။ ထို့အပြင် နောက်ထပ် နှစ်အနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ယခုထက် ပိုတိုးတက်လာမည့် အလားအလာရှိပေသည်။
ကျန်းနျန်သည် ပန်းထိုးဆိုင်မှ လူများနှင့်အတူ နေ့လယ်စာ စားသုံးရန် ကျန်ရစ်ခဲ့သည်။ ထိုစဉ် ကျားယွမ်နှင့် ထုန်ကန်းတို့၏ ပြဿနာမှာ ပြေလည်သွားပြီဖြစ်ကြောင်း သူမ သိရှိလိုက်ရသည်။ ယခုအခါ အောင်သွယ်မှတစ်ဆင့် စားသောက်ကုန်စက်ရုံမှ အလုပ်သမားတစ်ဦးနှင့် ဆုံတွေ့နေပြီ ဖြစ်သည်။ ထိုအမျိုးသားမှာ ကလေးနှစ်ဦးရှိသော အိမ်ထောင်ကွဲတစ်ဦးဖြစ်သော်လည်း ကျားယွမ် ကလေးရနိုင်ခြင်း ရှိမရှိကို ဂရုမစိုက်ဘဲ အဆင်ပြေစွာ ပေါင်းသင်းနေထိုင်နိုင်ရန်သာ အဓိကထားသူ ဖြစ်သည်။
ယခုနှစ် နွေရာသီမှာ လွန်ခဲ့သော နှစ်နှစ်ကထက် ပိုပူပြင်းလှသည်။
ကျန်းနျန်မှာ လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်ကို ဖွင့်ထားလိုက်သည်။ စားပွဲပေါ်တွင်မူ လုယွီ လတ်တလော ဝယ်ယူပေးထားသည့် လျှပ်စစ်ပန်ကာလေး ရှိနေသည်။ ဤပစ္စည်းမှာ ၂၁ ရာစုတွင် တန်ဖိုးမရှိလှသော်လည်း ဤခေတ်ကာလတွင်မူ ရှားပါးလှသော ပစ္စည်းတစ်ခုပင်။ လောလောဆယ် ပန်းထိုးအလုပ် မရှိသေးသဖြင့် ကျန်းနျန်မှာ အားလပ်နေသောကြောင့် လုယွီအတွက် အဝတ်အစား နှစ်စုံချုပ်ရန် အထည်အလိပ်များ သွားရောက်ဝယ်ယူခဲ့သည်။
မွန်းတည့်ချိန် နေပူရှိန်မှာ ပြင်းထန်လွန်းလှသဖြင့် ကျန်းနျန်မှာ ထိုင်ခုံ၌ မှီရင်း အိပ်ငိုက်လာကာ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲတွင်မူ သူမသည် အေးစက်သော လေပြင်းများ တိုက်ခတ်နေသည့် မှောင်မည်းသော ကမ်းပါးယံတစ်ခုထက်သို့ ရောက်ရှိနေသည်။ ထိတ်လန့်ဖွယ် ကောင်းလှသော တောအုပ်နက်ကြီးအတွင်း ပြေးလွှားနေရင်း သူမ၏ ရှေ့မှ ထွားကြိုင်းသော ပုံရိပ်တစ်ခုနောက်သို့ ကမ်းပါးယံ အစွန်းအထိ လိုက်ပါသွားခဲ့သည်။
အေးစက်သော လေပြင်းမှာ သူမ၏ မျက်နှာအား ဓားနှင့်မွှန်းနေသကဲ့သို့ ခံစားရစေသည်။ ကမ်းပါးစွန်း၌ ဒူးထောက်နေသော လုယွီအား သူမ မြင်တွေ့လိုက်ရသည်၊ သူ၏ စစ်ဝတ်စုံမှာ နေရာအနှံ့ စုတ်ပြဲနေပြီး ခံ့ညားသော မျက်နှာထက်တွင်လည်း နာကျင်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
ကျန်းနျန်အနေဖြင့် လုယွီထံမှ သေခြင်းတရား၏ အငွေ့အသက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
ခြောက်လခန့် ကြာမြင့်ပြီးနောက်တွင် အဘယ်ကြောင့် လုယွီအား ဤကဲ့သို့ အခြေအနေဖြင့် ထပ်၍ အိပ်မက်မက်ရသနည်းဟု သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ထိုခြောက်လအတွင်း သူမသည် ၂၁ ရာစုရှိ သူမ၏ အိမ်သို့ ပြန်ရောက်သည့် အိပ်မက်မျိုး မမက်ခဲ့ပေ။ သူမသည် ဇာတ်လမ်း၏ နောက်ဆက်တွဲကို သိလိုသည်၊ စာအုပ်ထဲရှိ လုယွီ၏ ကံကြမ္မာကို ဖော်ထုတ်လိုပြီး ဤပဟေဠိများကို ဖြေရှင်းလိုပေသည်။ ညစဉ် အိပ်ရာမဝင်မီတွင်လည်း 'ကျန်းနျန်' ကို နောက်ထပ်တစ်ကြိမ် အိပ်မက်မက်ခွင့်ရရန် ကောင်းကင်ဘုံ၌ ဆုတောင်းနေမိသည်။
"လုယွီ..."
ကျန်းနျန်သည် သတိထား၍ အနားသို့ တိုးသွားကာ သူ့အား ထိတွေ့ရန် လက်ကမ်းလိုက်သော်လည်း သူမ၏ လက်ချောင်းများမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြန်သည်။ သူမ လက်ကို ပြန်ရုတ်လိုက်စဉ်မှာပင် အေးစက်သော ကျည်ဆန်တစ်ခုက လုယွီ၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည်ကို မြင်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ကြွေလွင့်သွားသော သစ်ရွက်ခြောက်ကဲ့သို့ ချောက်ကမ်းပါးအတွင်းသို့ ကျဆင်းသွားခဲ့သည်။ ကျန်းနျန်လည်း သူ့နောက်သို့ လိုက်ပါကာ ချောက်ထဲသို့ ခုန်ချလိုက်လေတော့သည်။
"လုယွီ။"
ရုတ်တရက် ခံစားလိုက်ရသော ဟာလာဟင်းလင်း ဖြစ်သွားသည့် ခံစားချက်ကြောင့် ကျန်းနျန် လန့်နိုးလာခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အခါ လည်ပတ်နေသော ပန်ကာနှင့် စက်သံများကို ကြားလိုက်ရသည်။
ကျန်းနျန်သည် မျက်လုံးကို ခေတ္တမျှ ပြန်မှိတ်ထားစဉ် တံခါးဖွင့်သံ ကြားလိုက်ရသည်။ သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါ အထဲသို့ လျှောက်လှမ်းလာသော လုယွီအား မြင်တွေ့လိုက်ရသည်။
ထွားကြိုင်းသော ထိုအမျိုးသားမှာ မတ်မတ်ရပ်နေပြီး တည်ကြည်သော မျက်နှာထက်၌ အပြုံးအရိပ်အယောင်လေး ရှိနေသည်၊ အိပ်မက်ထဲမှ အသက်မဲ့နေသော လုယွီနှင့် လားလားမျှ မဆိုင်ပေ။ ကျန်းနျန်၏ မျက်တောင်များမှာ တုန်ရီလာပြီး ထိန်းထားသည့်ကြားမှ မျက်ရည်များမှာ ကျဆင်းလာခဲ့သည်။
လုယွီမှာ တံခါးပိတ်နေရင်းမှ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဘာလို့ ငိုနေတာလဲ။"
ကျန်းနျန်မှာ ကိုင်ထားသည့် အထည်များကို ပစ်ချကာ လုယွီ၏ ရင်ခွင်ထဲသို့ ပြေးဝင်၍ သူ၏ ခါးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ လုယွီက သူမ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးရင်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။ "ဘယ်သူက မင်းကို ငိုအောင် လုပ်တာလဲ။"
ကျန်းနျန်မှာ ရှိုက်ကြီးတငင်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်မ အိပ်မက်ဆိုး မက်လို့ပါ။"
လုယွီမှာ စိတ်သက်သာရာရသွားကာ ပြုံးလျက် ပြောလိုက်သည်။ "ဘယ်လို အိပ်မက်ဆိုးမို့လို့လဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ရှင် သေနတ်မှန်သွားတယ်လို့ အိပ်မက်မက်လို့ပါ။"
ကျန်းနျန်၏ ဆံနွယ်များကို ပွတ်သပ်ပေးနေသော လက်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လုယွီက သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်သည်။ "အိပ်မက်ဆိုတာ လက်တွေ့နဲ့ ဆန့်ကျင်ဘက် ဖြစ်တတ်တာပါ။ အများကြီး မတွေးနဲ့နော်။ ကိုယ်တို့ နေ့လယ်စာ ဘာစားကြမလဲ။"
အခြားသူများအတွက်မူ အိပ်မက်မှာ ဆန့်ကျင်ဘက် ဖြစ်နိုင်သော်လည်း ကျန်းနျန်အတွက်မူ ထိုအရာများမှာ လက်တွေ့ ဖြစ်လာနိုင်ပေသည်။
'ကျန်းနျန်' နှင့် ရှု့ချန်တို့သည် စာအုပ်ပြင်ပကမ္ဘာသို့ သွားနိုင်ခဲ့ကြသည်ဆိုလျှင် အကယ်၍ လုယွီသာ သေနတ်မှန်၍ သေဆုံးသွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
ကျန်းနျန်မှာ လုယွီအား ဆုံးရှုံးသွားရမည်ကို မတွေးရဲအောင် ဖြစ်နေမိသည်။
သူမသည် လုယွီအား မလွှတ်တမ်း တင်းကျပ်စွာ ဖက်ထားရင်း မေးလိုက်သည်။ "ရှင် မကြာခင်မှာ တာဝန်နဲ့ အပြင်သွားရဖို့ ရှိလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "ဒီနှစ်ထဲမှာတော့ ဘာတာဝန်မှ မရှိပါဘူး။"
"ဒါဆို နောက်နှစ်ကြရင်ရော" သူမက မော့ကြည့်၍ ထပ်မေးခဲ့သည်။
လုယွီ ပြုံးလိုက်သည်။ "နောက်နှစ်အတွက်ကတော့ အဲဒီအချိန်ရောက်မှ သိရမှာပေါ့။"
ကျန်းနျန်၏ မျက်ဝန်း၌ မျက်ရည်များ ဝဲလာခဲ့သည်။ "ရှင် တာဝန်နဲ့ အပြင်သွားရမယ်ဆိုရင် ကျွန်မကို ကြိုပြီး ပြောပြရမယ်နော်။"
လုယွီသည် သူမ၏ တုန်ရီနေသော မျက်တောင်လေးများကို ငုံ့၍ နမ်းရှိုက်လိုက်သည်။ "ကိုယ် မင်းကို သေချာပေါက် ပြောပြမှာပါ။"
နေ့လယ်စာ စားပြီးနောက်တွင် လုယွီမှာ တပ်ရင်းသို့ သွားရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင်မူ ရှု့ရွှယ်နှင့် ကွမ်လုတို့သည် ကလေးများကို ခေါ်၍ အလည်အပတ် ရောက်ရှိလာခဲ့ကြသည်။
သူတို့ မသိလိုက်ခင်မှာပင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန်းနျန်သည် နောက်ဆုံးအကြိမ် လုယွီ သေနတ်မှန်သည့် အိပ်မက် မက်ပြီးကတည်းက ထိုကဲ့သို့ ထပ်၍ အိပ်မက် မမက်တော့သော်လည်း သူမ စိတ်ကို လုံးဝ လျှော့မထားနိုင်သေးပေ။
နှစ်သစ်ကူးအကြိုညတွင် ကုရှစ်ကျိုးမှာ ပစ္စည်းအချို့ ယူဆောင်လာခဲ့သည်။ ကျန်းနျန်က ဟင်းလျာအချို့ ပြင်ဆင်ပေးပြီးနောက် လုယွီနှင့် ကုရှစ်ကျိုးတို့မှာ တပ်ရင်းကိစ္စရပ်များကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသည်။ ကျန်းနျန် အိပ်ငိုက်နေသည်ကို သတိပြုမိသဖြင့် လုယွီက သူမအား အခန်းဘက်သို့ အသာအယာ တွန်းပို့လိုက်သည်။ "မင်း အရင် သွားအိပ်နှင့်တော့၊ ကိုယ် ရှစ်ကျိုးကို လိုက်ပို့ရင်း လမ်းလျှောက်လိုက်ဦးမယ်။"
ကျန်းနျန်က သူမ၏ မျက်လုံးများကို ပွတ်သပ်ရင်းပြောလိုက်သည်။ "ဒါဆို မြန်မြန်ပြန်လာခဲ့နော်။"
လုယွီ ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
သူသည် မထွက်ခွာမီ သူမ၏ နှုတ်ခမ်းများကို ငုံ့နမ်းသွားခဲ့သည်။ ကျန်းနျန်သည် အိပ်ရာပေါ်တွင် လဲလျောင်းရင်း တံခါးပိတ်သံကို နားထောင်နေမိကာ မကြာမီပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
မှောင်မည်းသော ပုံရိပ်များမှာ ၂၁ ရာစုရှိ သူမ၏ အိမ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျန်းနျန်သည် တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာ ရပ်နေပြီးမှ တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ အတွင်း၌မူ သူမ၏ မိသားစုမှာ စားပွဲတွင် ထိုင်လျက် စကားပြောနေကြဆဲပင်။ ကျန်းနျန်မှာ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် ပြေးတက်သွားခဲ့ရာ ခန့်မှန်းထားသည့်အတိုင်းပင် 'ကျန်းနျန်' ၏ အခန်းတံခါးမှာ ပိတ်ထားဆဲ ဖြစ်သည်။
သူမသည် အပြင်ဘက်တွင် ခေတ္တမျှ ရပ်နေပြီးမှ မိဘများ၏ အိပ်ခန်းထဲသို့ ပြေးဝင်ကာ စက္ကူတစ်ရွက်ကို ဆုတ်ယူ၍ စာတစ်စောင် ရေးသားလိုက်သည်။ ထို့နောက် ထိုစာကို 'ကျန်းနျန်' ၏ တံခါးအောက်မှတစ်ဆင့် ထိုးထည့်ပေးလိုက်သည်။ ထိုစာကို သူမ မြင်တွေ့နိုင်မည်လား မသိရသော်လည်း ဤနည်းလမ်းမှာ သူမနှင့် ဆက်သွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
ညဉ့်နက်ပိုင်းတွင် လုယွီ ပြန်လည်ရောက်ရှိလာချိန်မှာပင် ကျန်းနျန်မှာ အိပ်မက်မှ နိုးလာခဲ့သည်။
သူမသည် တစ်ဖက်သို့ လှည့်ကာ အနည်းငယ် အေးစက်နေသည့် လုယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ဗလုံးဗထွေး မေးမြန်းခဲ့သည်။ "ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာတာလဲ။"
လုယွီက သူမအား စောင်သေချာ ခြုံပေးလိုက်သည်။ "ရှစ်ကျိုးနဲ့ ကိစ္စအချို့ ဆွေးနွေးနေလို့ပါ။"
ကျန်းနျန်မှာ ဘာကိစ္စလဲဟု ထပ်မမေးတော့ဘဲ သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိသော နေရာတစ်ခုရှာကာ ပြန်အိပ်ပျော်သွားခဲ့သည်။
နှစ်သစ်ကူးရန် တစ်လမျှသာ လိုတော့သည့် ထိုလမှာ ထုံးစံအားဖြင့် လုယွီအတွက် အလုပ်အရှုပ်ဆုံး အချိန်ဖြစ်သော်လည်း ယခုနှစ်တွင်မူ သူသည် ပို၍ အားလပ်နေသည်။ သူသည် တပ်ရင်းမှ ထွက်သည်နှင့် အိမ်သို့ ချက်ချင်း ပြန်လာလေ့ရှိပြီး အချိန်တိုင်းကို သူမနှင့်အတူ ကုန်ဆုံးစေသည်။
လုယွီအတွက်မူ ကုန်ဆုံးသွားသော နေ့ရက်တိုင်းမှာ ကျန်းနျန်နှင့်အတူ နေထိုင်ရမည့်အချိန် တစ်ရက် လျော့နည်းသွားခြင်းပင် ဖြစ်သည်။ သူသည် သူမ၏ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေရုံဖြင့်ပင် အတူရှိနေလိုပေသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ကျန်းနျန်ထံသို့ စစ်သည်တစ်ဦးမှတစ်ဆင့် စာတစ်စောင်နှင့် ပစ္စည်းထုတ်တစ်ခု တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
စာအိတ်ကို ဖွင့်လိုက်သည့်အခါ တုကျန်းထံမှ စာတစ်စောင်ကို တွေ့လိုက်ရသည်၊ ထိုစာထဲ၌ သူမနှင့် လုယွီတို့ တစ်ဦးကိုတစ်ဦး သေချာ ဂရုစိုက်ကြရန် အကြံပေးထားသည်။ ပစ္စည်းထုတ်ထဲတွင်မူ တုကျန်း ပို့ပေးလိုက်သည့် ရှင်းကျန်းဒေသထွက် အစားအစာများ ပါဝင်သည်။ ထိုစာထဲတွင် ရှန်အိုက်အကြောင်းကိုလည်း ဖော်ပြထားရာ လွန်ခဲ့သည့်နှစ်က ရှန်အိုက် ရေးသားခဲ့သည့် စာအတွက် စိတ်မခုကြရန်နှင့် သူနှင့် ရှန်အိုက်တို့သည် သူတို့၏ဘဝကို ထပ်မံ နှောင့်ယှက်မည်မဟုတ်ကြောင်း အာမခံထားလေသည်။
ရှန်အိုက်သည် လုယွီ၏ ဖခင်နှင့်ပင် မထိုက်တန်သလို တုကျန်းကဲ့သို့သောသူနှင့်လည်း မထိုက်တန်ဟု ကျန်းနျန် ခံစားမိသည်။
သူမသည် ထိုအစားအစာများကို ပြန်မပို့တော့ဘဲ အပိုအခန်းထဲတွင် သိမ်းဆည်းထားလိုက်ကာ လုယွီ ပြန်လာသည့်အခါမှ ထိုစာကို ပြရန် ဆုံးဖြတ်လိုက်သည်။
ယခုနှစ်တွင် ကျန်းနျန်နှင့် လုယွီတို့သည် စစ်အခြေစိုက်စခန်း၌ပင် ချန်ယောင်၊ ရှု့ရွှယ်၊ ကုရှစ်ကျိုးတို့နှင့်အတူ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။
မျက်နှာချင်းဆိုင်ရှိ ယွီလျန်တို့ ဇနီးမောင်နှံမှာမူ ၂၉ ရက်နေ့ကတည်းက နေရပ်သို့ ပြန်သွားခဲ့ကြသည်။ နှစ်သစ်ကူးအကြိုညတွင် ချန်ယောင်က ကလေးများကို ကြည့်ရှုပေးနေစဉ် ကျန်းနျန်နှင့် ရှု့ရွှယ်တို့က မီးဖိုချောင်အတွင်း ဟင်းလျာများ ပြင်ဆင်နေကြသည်။
ရှု့ရွှယ်က ကျန်းနျန်အား ပြောခဲ့သည်။ "အစ်မကျန်း အစ်မနဲ့ တပ်ရင်းမှူးလုရော ဘယ်တော့ ကလေးယူဖို့ စဉ်းစားထားလဲ။ လက်ထပ်တာလည်း နှစ်အတော်ကြာပြီဆိုတော့ ကလေးယူဖို့ စဉ်းစားသင့်ပြီနော်။"
ကျန်းနျန်မှာ ဟင်းသီးဟင်းရွက် လှီးဖြတ်နေရင်းမှ ရပ်တန့်သွားကာ ပြောလိုက်သည်။ "မကြာခင်ပေါ့။"
လုယွီ သုံးနှစ်ဟု ပြောဆိုထားခဲ့ရာ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ထိုအချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ရုတ်တရက်ဆိုသလို သူမ၏ အိပ်မက်ထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ဝန်းရံလျက် သေနတ်မှန်ခဲ့သည့် လုယွီကို သူမ သတိရသွားခဲ့သည်။ ထိုအရာမှာ သေအံ့ဆဲဆဲ လူတစ်ဦးထံတွင် တွေ့ရတတ်သည့် နိမိတ်တစ်ခုဖြစ်ကြောင်း သူမ၏ အဘိုးဖြစ်သူထံတွင် သူမ မြင်တွေ့ခဲ့ဖူးသည်။
ကျန်းနျန်၏ ရင်ဘတ်ထဲ၌ အပ်ဖြင့် ထိုးလိုက်သကဲ့သို့ စူးရှစွာ နာကျင်လာခဲ့သည်။ သူမသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိကာ အသက်ရှူသံများပင် မြန်ဆန်လာခဲ့သည်။
ရှု့ရွှယ်က သူမအား စိုးရိမ်တကြီးဖြင့် တွဲပေးလိုက်သည်။ "အစ်မကျန်း ဘာဖြစ်လို့လဲ။"
နှလုံးသားအတွင်းမှ စူးရှသော နာကျင်မှုမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့သည်။ ကျန်းနျန်သည် မျက်တောင်ခတ်လျက် ခေါင်းခါပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"
နောက်ကွယ်မှ ခြေသံများကို ကြားရသဖြင့် ကျန်းနျန်နှင့် ရှု့ရွှယ်တို့ လှည့်ကြည့်လိုက်ရာ အဖြူရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည့် ကုရှစ်ကျိုးမှာ ပန်းကန်တစ်ခုကို ကိုင်ဆောင်လျက် ဝင်ရောက်လာသည်။ သူသည် အရပ်ရှည်ပြီး မျက်နှာထက်၌ အပြုံးအရိပ်အယောင်လေး ရှိနေသည်။ ကျန်းနျန်၏ ဖြူလျော့နေသော မျက်နှာကို သတိပြုမိသောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ "ခယ်မလေး နေမကောင်းလို့လား။"
ကျန်းနျန် ခေါင်းခါလိုက်သည်။ "ငရုတ်သီးနံ့ မွှန်သွားလို့ပါ။"
ကံကောင်းထောက်မစွာဖြင့် သူမသည် ငရုတ်သီးများကို လှီးဖြတ်နေခြင်း ဖြစ်သည်။
ကုရှစ်ကျိုးမှာ ဘာမျှထပ်မပြောတော့ဘဲ စဉ်းတီတုံးအနားသို့ လျှောက်သွားကာ သူမ၏ လိမ်ညာမှုကို မဖော်ထုတ်ဘဲ သူမ၏ မျက်နှာကို ခဏမျှ စိုက်ကြည့်နေမိသည်။ "လုယွီ အရက်သွားဝယ်တယ်၊ သူ မကြာခင် ပြန်လာလိမ့်မယ်။ ခယ်မလေး... သွားပြီး မျက်နှာသစ်လိုက်ပါဦး၊ ငရုတ်သီးကို ကျွန်တော်ပဲ လှီးလိုက်မယ်။"
သူသည် ထိုသို့ပြောဆိုရင်း ကျန်းနျန်၏ လက်ထဲမှ ဓားကို လှမ်းယူလိုက်ရာ သူမအနေဖြင့် ငြင်းဆန်ရန် အခွင့်အရေးပင် မရလိုက်ပေ။
ရှု့ရွှယ်လည်း ပြောခဲ့သည်။ "ဟုတ်တယ် ဟုတ်တယ်၊ အစ်မကျန်း မြန်မြန်သွားပြီး မျက်နှာသစ်လိုက်ပါ၊ အစ်မမျက်နှာကြည့်ရတာ သိပ်မကောင်းဘူး၊ ငရုတ်သီးနံ့နဲ့ မနေပါနဲ့တော့။"
ရှု့ရွှယ်မှာ နားမလည်သော်လည်း ကျန်းနျန်ကမူ ကုရှစ်ကျိုး၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။
လုယွီ မကြာမီ ပြန်လာတော့မည်ဖြစ်ရာ သူမ၏ ထိုကဲ့သို့သော အခြေအနေကို မြင်တွေ့သွားပါက သူ ပို၍ စိုးရိမ်ပူပန်သွားမည်ကို စိုး၍ ကုရှစ်ကျိုးက သူမအား သတိပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ။"
***