ကုရှစ်ကျိုးသည် နောက်ကြည့်မှန်မှတစ်ဆင့် ကျန်းနျန်အား တစ်ချက်ကြည့်လိုက်ပြီး သူမအား စိုက်ကြည့်နေသော လုယွီကို ကြည့်ကာ မေးလိုက်သည်။ "မင်း သူ့ကို ပြောပြီးပြီလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "အင်း။"
သူ၏ လက်ချောင်းများက ကျန်းနျန်၏ ပါးလေးကို လိုက်လံပွတ်သပ်နေရင်း မှောင်ရီနေသော ကားအတွင်း၌ သူ၏ နက်ရှိုင်းသော အသံက ပေါ်ထွက်လာသည်။ "ရှစ်ကျိုး... ငါမရှိတဲ့ အတောအတွင်း သူမကို ငါ့ကိုယ်စား သေချာ စောင့်ရှောက်ပေးပါ။" သူမ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို သိရှိလိုက်ပြီးနောက် သူက ထပ်ပြောခဲ့သည်။ "တကယ်လို့ ငါ ပြန်မလာဖြစ်ခဲ့ရင်... အရင်က ငါပြောခဲ့သလိုပဲ၊ သူမကို ရှင်းကျန်းကို ခေါ်သွားပေးပါ။"
ဤကမ္ဘာပေါ်တွင် သူ့ကဲ့သို့ပင် ကျန်းနျန်အား ချစ်မြတ်နိုးသည့် အခြားတစ်ဦး ရှိနေသေးသည်။ တကယ်၍ သူသာ ဤကမ္ဘာမှ ပျောက်ကွယ်သွားခဲ့မည်ဆိုလျှင်ပင် အနည်းဆုံးတော့ သူမသည် တစ်သက်လုံး တစ်ယောက်တည်း ဖြစ်မနေတော့ပေ။ နောင်လာမည့် နေ့ရက်များတွင် သူမအား ချစ်ခင်ကာကွယ်ပေးမည့် စုန့်ပိုင် ရှိနေမည်ဖြစ်ရာ သူမအနေဖြင့် ဤခေတ်ကာလတွင် မလိုအပ်သော ဆင်းရဲဒုက္ခများကို ခံစားရမည် မဟုတ်ပေ။
လုယွီ၏ မျက်ဝန်းများတွင် ကျန်းနျန်အပေါ် ထားရှိသော ချစ်ခြင်းနှင့် မခွဲနိုင်မခွာရက်နိုင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ငါးနှစ်တစ်ကြိမ် လည်ပတ်နေသော ဤနေ့ရက်မှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။ သူ၏ လွန်ခဲ့သည့် ဘဝနှစ်ခုတွင် မည်သို့ပင် ရုန်းကန်ခဲ့ပါစေ၊ အဆုံးသတ်မှာမူ တူညီနေခဲ့သည်။ ကားမှာ တစ်ချက် လှုပ်ခါသွားပြီး ကျန်းနျန်၏ ညည်းတွားသံကြောင့် လုယွီ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် သူမ၏ နဖူးကို နမ်းရှိုက်ရင်း သူမ၏ ဘေးနား၌ အမြဲတမ်း ရှိနေလိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။
ကုရှစ်ကျိုးသည် နောက်ကြည့်မှန်ကို ကြည့်ကာ စတီယာရင်ကို လက်ဖြင့် ပုတ်လျက် ရယ်မောလိုက်သည်။ "ဒီတာဝန်က ခက်ခဲပြီး အန္တရာယ်ရှိတယ်ဆိုပေမယ့် သေရေးရှင်ရေးအထိတော့ မဟုတ်ပါဘူး။"
သူသည် ကျန်းနျန်အား တစ်ချက်ကြည့်ကာ ဆက်ပြောခဲ့သည်။ "ပြီးတော့ မင်း ငါ့ကို သတိပေးနေဖို့ မလိုပါဘူး၊ ငါ သူမကို သေချာ စောင့်ရှောက်မှာပါ။ ငါ့အတွက်တော့ သူမဟာ မုန့်ရှန်းလို ညီမလေးတစ်ယောက်ပါပဲ။ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ဘူး။"
လုယွီ ဘာမျှထပ်မပြောတော့ဘဲ တိုးညှင်းစွာ တုံ့ပြန်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ကုရှစ်ကျိုးသည် ကားကို ဝင်းအတွင်းသို့ တိုက်ရိုက် မောင်းဝင်သွားခဲ့သည်။ သူသည် ကားပေါ်မှဆင်းကာ တံခါးဖွင့်ပေးပြီး လုယွီက အိပ်ပျော်နေသော ကျန်းနျန်အား ပွေ့ချီသွားသည်ကို ကြည့်ပြီးမှ မောင်းထွက်သွားခဲ့သည်။
လှေကားထိပ်တွင် မီးလင်းနေပြီး ယွီလျန်၏ တံခါးမှာ အနည်းငယ် ပွင့်နေသည်။ အတွင်း၌ အမျိုးသမီးတစ်ဦးမှာ ဒေါသတကြီး စကားပြောနေသော်လည်း ယွီလျန်မှာမူ အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ လှေကားမှ ခြေသံများကို ကြားရချိန် သူ လှည့်ကြည့်လိုက်ရာ ဇနီးသည်အား ပွေ့ချီလာသော တပ်ရင်းမှူးလုကို မြင်တွေ့လိုက်ရသည်။
ယွီလျန်မှာ လန့်သွားကာ အထဲသို့ အမြန်ဝင်၍ သူ၏ဇနီးအား ပါးစပ်ပိတ်လိုက်သည်။ "ရှူး... တိုးတိုးနေ၊ တပ်ရင်းမှူးလု ပြန်လာပြီ။" တံခါးမှာ ပိတ်သွားပြီး အလင်းရောင်လည်း ပျောက်ကွယ်သွားခဲ့သည်။
လုယွီသည် ယွီလျန်၏ တံခါးကို တစ်ချက်ကြည့်ကာ မိမိတံခါးကို ဖွင့်၍ ကျန်းနျန်အား အထဲသို့ ပွေ့ချီသွားခဲ့သည်။ သူမအား အိပ်ရာပေါ်သို့ ချလိုက်သည်နှင့် သူမမှာ ရုတ်တရက် လန့်နိုးလာခဲ့သည်။ အိပ်ရာဘေးတွင် ရပ်နေသော လုယွီအား မြင်သောအခါ သူမသည် သူ့ကို တင်းကျပ်စွာ ဖက်ထားရင်း ဗလုံးဗထွေး ပြောလိုက်သည်။ "ရှင် ကျွန်မကို လန့်အောင် လုပ်တာပဲ၊ ချောက်ထဲ ကျသွားတယ်လို့ ထင်လိုက်တာ။"
အိပ်မက်ထဲမှ ကျဆင်းသွားသည့် ခံစားချက်နှင့် လုယွီက သူမအား အိပ်ရာပေါ် ချပေးလိုက်သည့် ခံစားချက်မှာ ရောထွေးသွားခဲ့သဖြင့် ကျန်းနျန်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ရင်းနှီးသော အခန်းလေးကို မြင်သောအခါ သူမ မေးလိုက်သည်။ "ကျွန်မတို့ အိမ်ရောက်ပြီလား။"
လုယွီ အသာအယာ ရယ်မောလိုက်သည်။ "အင်း... အခုတင် ရောက်တာပါ။ မင်း အိပ်ပျော်နေတာ ကြည့်ကောင်းနေလို့ မနှိုးလိုက်တာ။"
ကျန်းနျန် လုယွီအနားသို့ တိုးကပ်သွားလိုက်သည်။ "ကျွန်မ ဗိုက်ဆာတယ်။"
လုယွီ ပြောလိုက်သည်။ "ကိုယ် သွားချက်ပေးမယ်။"
ကျန်းနျန်လည်း "ကျွန်မ ကူပါ့မယ်" ဟု ဆိုကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။ ထွားကြိုင်းသော ထိုအမျိုးသား၏ ပုံရိပ်ကို ကြည့်ရင်း ကျန်းနျန်၏ မျက်တောင်များမှာ တုန်ရီလာပြီး ငိုချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။
သူမသည် လုယွီအား တကယ်ပင် မခွဲနိုင်ပေ။ အိပ်မက်ထဲက မြင်ကွင်းများမှာ လက်တွေ့ဖြစ်လာမည်ကို သူမ အလွန်စိုးရိမ်နေမိသည်။ အိပ်မက်တစ်ခုမျှသာ ဖြစ်သော်လည်း သူမ၏ နှလုံးသားမှာမူ အပ်ဖြင့် အထိုးခံရသကဲ့သို့ စူးရှစွာ နာကျင်နေရသည်။
ထိုညတွင် ကျန်းနျန်သည် လုယွီအား မလွှတ်တမ်း တင်းကျပ်စွာ ဖက်ထားရင်း မိုးသောက်ယံသို့ ရောက်မှသာ အိပ်ပျော်သွားခဲ့သည်။ လုယွီသည် သူမ၏ နွေးထွေးသော ပါးလေးကို အသာအယာ ပွတ်သပ်ကာ နှုတ်ခမ်းကို နမ်းရှိုက်ပြီးနောက် အသာအယာ ထလိုက်သည်။ သူသည် အဝတ်အစားအချို့ကို အိတ်ထဲသို့ ထည့်ကာ စာတစ်စောင် ချန်ထားခဲ့ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ကုရှစ်ကျိုးမှာ အောက်ထပ်၌ စောင့်နေသည်။ လုယွီ ဆင်းလာသည်ကို မြင်သောအခါ မေးလိုက်သည်။ "မင်းရဲ့ဇနီးရော။"
လုယွီ ပြန်ဖြေလိုက်သည်။ "အိပ်နေတုန်းပဲ။"
အပြင်ဘက်တွင် မှောင်နေဆဲဖြစ်ပြီး လမ်းပေါ်တွင်လည်း လူမရှိလှပေ။ လုယွီနှင့် ကုရှစ်ကျိုးတို့မှာ ကားပေါ်တက်ကာ ဝင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။
ကျန်းနျန်မှာ နေ့လယ်ပိုင်းသို့ ရောက်မှ နိုးလာခဲ့သည်။ သူမသည် ဘေးဘက်သို့ စမ်းကြည့်လိုက်ရာ အေးစက်နေသည်ကိုသာ တွေ့လိုက်ရသည်။
တံခါးခေါက်သံ ကြားရသဖြင့် ကြည့်လိုက်ရာ ကွမ်လု ဖြစ်နေသည်။ ကျန်းနျန်မှာ စောင်ထဲ၌သာ ပုန်းနေပြီး ဘာမျှ ပြန်မထူးခဲ့ပေ။ အတန်ကြာမှ တံခါးခေါက်သံမှာ ရပ်တန့်သွားသည်။ သူမသည် စောင်ထဲ၌ တရှုံ့ရှုံ့ ငိုကြွေးနေမိကာ အတန်ကြာမှ စိတ်အေးသွားခဲ့သည်။ သူမသည် ရေချိုးခန်းသို့ သွားရန် ထွက်လာစဉ် ဧည့်ခန်းရှိ စားပွဲပေါ်၌ လုယွီ ရေးသားထားသော စာတစ်စောင်ကို မြင်တွေ့လိုက်ရသည်။
"အိမ်မှာ ထမင်းမှန်မှန်စားပါ၊ မငိုပါနဲ့။ ကိုယ် မကြာခင် ပြန်လာခဲ့မယ်။"
ထိန်းထားသမျှ မျက်ရည်များမှာ ထပ်၍ စီးကျလာခဲ့ပြန်သည်။ သူမသည် မျက်ရည်များကို သုတ်ကာ ရေချိုးခန်းအတွင်း မျက်နှာကို အားရပါးရ ဆေးကြောလိုက်သည်။ မှန်ထဲတွင်မူ ငိုထားသဖြင့် နီမြန်းပြီး နွမ်းနယ်နေသော သူမ၏ မျက်နှာကိုသာ မြင်တွေ့လိုက်ရသည်။
'ဘာလို့ ငိုနေရတာလဲ။ ဒါတွေက အိပ်မက်တွေပဲ၊ အားလုံးက အတုတွေပါ။ သူက ဇာတ်လိုက်ပဲ၊ ဒီဇာတ်လမ်းရဲ့ အဓိကလူပဲ၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ' ကျန်းနျန်သည် သူမ၏ပါးကို တစ်ချက်ပုတ်ကာ မီးဖိုချောင်ဘက်သို့ လှည့်သွားခဲ့သည်။
လုယွီ ထွက်ခွာသွားသည်မှာ နှစ်လခန့် ကြာမြင့်ပြီဖြစ်သော်လည်း ဖုန်းတစ်ချက်ပင် မလာခဲ့ပေ။ သူမသည် ပုံမှန်အတိုင်းပင် နေထိုင်ခဲ့သည်။ နွေဦးရောက်လာပြီဖြစ်ရာ အိမ်ရှေ့က မြေကွက်လေးမှာလည်း ပေါင်းသင်ရေလောင်းရန် လိုအပ်လာသည်။
သူမသည် စောစောထကာ ဥယျာဉ်ထဲသို့ သွားရောက်ခဲ့သည်။ လုယွီ ပြန်လာသည့်အခါ ဟင်းသီးဟင်းရွက်များ ဝေဆာနေသည်ကို မြင်စေလိုပေသည်။ လုယွီက အစားအသောက် ကောင်းသူဖြစ်ရာ ဟင်းသီးဟင်းရွက်များ များများ စိုက်ထားရန် လိုအပ်သည်။
ကျန်းနျန်သည် မြေကွက်လေးဆီသို့ သွားစဉ် ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ အဖြူရောင်ရှပ်အင်္ကျီနှင့် စစ်ဘောင်းဘီကို ဝတ်ဆင်ထားပြီး လက်ကို လိပ်တင်ထားသည့် ထိုသူမှာ မြေဆီလွှာများကို လှန်ပေးနေသည်။ ခဏမျှ တွေဝေသွားစဉ် သူမ လုယွီဟု ထင်မှတ်လိုက်မိသည်။ သူမ စိုက်ကြည့်နေစဉ်မှာပင် ကုရှစ်ကျိုးက လှည့်ကြည့်လိုက်သည်။
ကုရှစ်ကျိုး၏ နဖူးထက်တွင် ချွေးများ စိုရွှဲနေရာ ပုံမှန်အတိုင်းပင် သုတ်လိုက်သည်။ သူ ကျန်းနျန်အား ပြောလိုက်သည်။ "ကျွန်တော် ပေါင်းသင်တာ ပြီးသလောက် ရှိနေပြီမလို့ မင်း ပြန်လို့ရပါပြီ။ အားတဲ့အခါကြရင် ဈေးသွားပြီး ပျိုးစေ့လေးတွေ ဝယ်လိုက်ဦး။"
ကျန်းနျန် သတိဝင်လာခဲ့ကာ ခံ့ညားသော ကုရှစ်ကျိုးကို ကြည့်ရင်း လုယွီအကြောင်းကို ထပ်စဉ်းစားမိပြန်သည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "မနက်ဖြန် ဈေးနေ့ဆိုတော့ အစ်မထျန်နဲ့ သွားဝယ်လိုက်ပါ့မယ်။"
သူမ မထွက်မသွားမီ ကုရှစ်ကျိုးကို ပြောလိုက်သည်။ "နိုင်ငံရေးအရာရှိ ကု ကျေးဇူးတင်ပါတယ်။"
လဝက်ခန့် ကြာပြီးနောက်တွင် သူမ၏ အိမ်သို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့သည်၊ သူမမှာ လင်မုန့်ရှန်း ဖြစ်သည်။ သူမ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် ကျန်းနျန်မှာ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ လင်မုန့်ရှန်းသည် သူမနှင့်အတူ ပါမောက္ခလင်အကြောင်း အနည်းငယ် စကားစမြည် ပြောဆိုခဲ့ပြီးနောက် ကျောင်းတွင် ဆရာမတစ်ဦးအဖြစ် သူမ လုပ်ကိုင်နေရသော အလုပ်အကြောင်းများကို ပြောပြခဲ့သည်။
ဤသည်မှာ ကျန်းနျန်အနေဖြင့် လင်မုန့်ရှန်းနှင့် ပထမဆုံးအကြိမ် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံဖူးခြင်း ဖြစ်သည်။ သူမ၏ မျက်ခုံးနှင့် မျက်လုံးများမှာ ပါမောက္ခလင်နှင့် ဆင်တူလှပြီး သူမ၏ မျက်နှာသွင်ပြင်တွင် ဆရာကြီးလင်၏ အရိပ်အယောင်များကို မြင်တွေ့နိုင်သည်။
လင်မုန့်ရှန်း၏ စကားပြောဟန်မှာ အေးဆေးပြီး နားထောင်ကောင်းလှရာ ကွမ်လုနှင့် ဆင်တူလှသည်။ ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင်ပင် ကွမ်လုမှာလည်း လင်မုန့်ရှန်းကို မြင်သဖြင့် ကလေးနှင့်အတူ ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ဦးမှာ ဝင်းကြီးတစ်ခုတည်း၌ အတူတူ ကြီးပြင်းလာခဲ့ကြသူများဖြစ်ပြီး သူတို့၏ မိဘများမှာလည်း အသိဟောင်းများ ဖြစ်ကြသည်။
ဤအခန်းလေးထဲတွင် သူတို့မှာ အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။ နေ့လယ်စာ စားပြီးနောက်တွင်မူ ကုရှစ်ကျိုးမှာ အောက်ထပ်၌ စောင့်နေသဖြင့် သူမ ပြန်သွားခဲ့သည်။ ကျန်းနျန်က လိုက်ပို့ရင်း ကုရှစ်ကျိုးအား တိုးတိုးလေး မေးလိုက်သည်။ "လုယွီဆီက သတင်းတစ်ခုခု ကြားရသေးလား။"
ကုရှစ်ကျိုး ပြုံးလိုက်သည်။ "အင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က စစ်ဒေသမှာ တပ်မှူးကြီးနဲ့ ဆုံခဲ့တယ်၊ သူ လုယွီနဲ့ ခုတင်ပဲ တွေ့ခဲ့တယ်တဲ့၊ သူ အဆင်ပြေပါတယ်။"
ကျန်းနျန်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိကာ ထိုစကားများမှာ အမှန်ဖြစ်မဖြစ်ကို ကုရှစ်ကျိုး၏ မျက်နှာတွင် ရှာဖွေဖတ်ယူနေမိသည်။
ကုရှစ်ကျိုးက နူးညံ့စွာ ပြုံးလျက် သူ၏ နက်မှောင်သော မျက်လုံးများဖြင့် ကျန်းနျန်၏ စူးစမ်းသောအကြည့်ကို တုံ့ပြန်လိုက်သည်။ "ဘာဖြစ်လို့လဲ။ ခယ်မလေးက ကျွန်တော့်ကို မယုံလို့လား။"
ကျန်းနျန်က အားနာစွာ ရယ်မောလိုက်သည်။ "မဟုတ်ပါဘူး။"
မြေကွက်ထဲရှိ ပျိုးပင်များမှာ အကုန်စိုက်ပြီးပြီဖြစ်ရာ ရက်အနည်းငယ်ခြားတစ်ခါ ရေလောင်းရန် လိုအပ်ပေသည်။ ချန်ယောင်နှင့် ကုရှစ်ကျိုးတို့က ဝိုင်းဝန်းကူညီပေးကြသဖြင့် ကျန်းနျန်က သူတို့အား ထမင်းအကြီးအကျယ် ဖိတ်ကျွေးခဲ့သည်။ ထမင်းစားပွဲတွင် ချန်ယောင်မှာ အရက်အနည်းငယ် မူးလာကာ ကုရှစ်ကျိုးအား မေးခဲ့သည်။ "နိုင်ငံရေးမှူးကု မင်း ဘယ်တော့ လက်ထပ်မှာလဲ။"
ကုရှစ်ကျိုး - …
သူသည် အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ရင်း "ငါ မလောသေးပါဘူး။"
ကျန်းနျန်သည် ရှု့ရွှယ်နှင့် အအေးခွက်ချင်း တိုက်လိုက်ပြီးမှ ချောမောသော ကုရှစ်ကျိုးဘက်သို့ လှည့်ကာ မေးလြိက်သည်။ "နိုင်ငံရေးမှူးကု စိတ်ဝင်စားနေတဲ့ မိန်းကလေးရော ရှိလား။ ရှင်နဲ့ ရင်းနှီးတဲ့သူထဲမှာပေါ့။"
လွန်ခဲ့သည့်တစ်ခေါက်က လင်မုန့်ရှန်း လာလည်စဉ်က အောက်ထပ်၌ ဆုံကြသောအခါ သူမ၏ အကြည့်များမှာ ကုရှစ်ကျိုးအပေါ် မတူညီသည်ကို ကျန်းနျန် သတိထားမိခဲ့သည်။ လင်မုန့်ရှန်း၏ မိသားစုမှာ ဆင်းရဲဒုက္ခများ ကြုံတွေ့ခဲ့ရသည်။ သူမ၏ မိခင်မှာ ကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း အဖမ်းခံခဲ့ရသည်။ ကုရှစ်ကျိုးက သူမအား နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့ရာ မည်သူမဆို သူ့အပေါ် သံယောဇဉ် ရှိသွားနိုင်ပေသည်။ ကုရှစ်ကျိုးမှာလည်း ကျန်းနျန်၏ အဓိပ္ပာယ်ကို နားလည်သွားကာ ချောင်းဟန့်လျက် ပြောလိုက်သည်။ "မရှိပါဘူး။"
ကျန်းနျန် - ???
ချန်ယောင်လည်း အံ့အားသင့်သွားခဲ့သည်။ "နိုင်ငံရေးမှူးကုအနားမှာ ဘယ်လို အပျိုလေး ရှိနေလို့လဲ။ ငါတောင် မသိပါလား။"
ကျန်းနျန် - …
ထိုညတွင် သူတို့နှစ်ဦးစလုံးမှာ အရက်အနည်းငယ် မူးသွားခဲ့ကြသည်။ ရှု့ရွှယ်မှာ သူမအား ဝိုင်းကူပေးရန် ကျန်ရစ်ခဲ့သည်။ သန့်ရှင်းသွားသော ဧည့်ခန်းကို ကြည့်ရင်း ယခင်ကဆိုလျှင် လုယွီသာလျှင် ထိုအရာများကို ပြုလုပ်ပေးလေ့ရှိသည်ကို သူမ သတိရသွားမိသည်။
မသိမသာပင် ဟင်းသီးဟင်းရွက်များမှာ နှစ်ကြိမ်တိုင်တိုင် ထွက်ရှိခဲ့ပြီ ဖြစ်သည်။ ကျန်းနျန်မှာ အိမ်နီးချင်းများကိုလည်း ဝေငှပေးခဲ့သည်။ သို့မဟုတ်ပါက မြေကွက်ထဲ၌ ပုပ်ကုန်ပေလိမ့်မည်။ ထိုနေ့နံနက်တွင် သူမသည် စောစောထကာ ပြက္ခဒိန်ပေါ်၌ ထိုနေ့ရက်ကို ခြစ်လိုက်သည်။
ရေတွက်ကြည့်လျှင် လုယွီ ထွက်ခွာသွားသည်မှာ ငါးလရှိပြီ ဖြစ်သည်။ သူက အကြာဆုံး ခြောက်လထက်မပိုဘဲ အနည်းဆုံး လေးလဟု ပြောခဲ့ရာ ယခု ငါးလနှင့် ဆယ်ရက် ရှိနေပြီဖြစ်သဖြင့် အများဆုံး ရက် ၂၀ အတွင်း သူ ပြန်လာပေလိမ့်မည်။
မုန့်စားပြီးစတွင် စစ်သည်တစ်ဦး ရောက်လာကာ ဖုန်းလာနေကြောင်း ပြောကြားခဲ့သည်။ ဤငါးလအတွင်း သူမသည် ဖုန်းအကြိမ်အချို့ ရရှိခဲ့ဖူးပြီး အမြဲတမ်း စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သော်လည်း စိတ်ပျက်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင်လည်း သူမ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။ သူမ ဖုန်းကို ကိုင်လိုက်သည်နှင့် ရင်းနှီးလှသော အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ "ဖြည်းဖြည်းလာပါ၊ ချော်မလဲစေနဲ့ဦး။"
ကျန်းနျန်မှာ စိတ်ထဲမှ ခံစားချက်များကို မဖော်ပြနိုင်အောင် ဖြစ်သွားခဲ့သည်။ သူမသည် သူမငိုသံကို လုယွီ မကြားစေရန် ပါးစပ်ကို ပိတ်ထားသော်လည်း သူ ရိပ်မိသွားခဲ့သည်။ "နျန်နျန် ကိုယ် အဆင်ပြေပါတယ်။ မင်းကိုလည်း အများကြီး လွမ်းနေတယ်။"
ကျန်းနျန်မှာ ထပ်၍ မထိန်းနိုင်တော့ဘဲ ပါးစပ်ကို ပိတ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ စိုးရိမ်ပူပန်နေခဲ့ရသော သူမ၏ နှလုံးသားမှာ ယခုမှပင် အေးချမ်းသွားခဲ့ရသည့် ခံစားချက်ကို မည်သူမျှ နားလည်နိုင်မည်မဟုတ်ပေ။ ငါးလတိုင်တိုင် သူမသည် အိပ်မပျော်သော ညပေါင်းများစွာကို ကုန်ဆုံးစေခဲ့ရပြီး လုယွီကိုသာ အမြဲတမ်း တွေးနေခဲ့သည်။ သူ့အသံမှာ သူမ၏ နားထဲ၌ ပဲ့တင်ထပ်နေသော်လည်း ယခုမှပင် အစစ်အမှန်အဖြစ် ခံစားလိုက်ရသည်။ ကျန်းနျန်မှာ ပျော်လွန်းသဖြင့် စကားပင် မဆိုနိုင်အောင် ဖြစ်နေမိသည်။
လုယွီမှာ တစ်ဖက်မှ တိတ်ဆိတ်စွာပင် သူမ၏ စိတ်တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းပေးခဲ့သည်။ ထို့နောက် သူ ရယ်မောလိုက်သည်။ "မင်း ဒီအတောအတွင်း ပန်းတွေရော ထိုးဖြစ်ရဲ့လား။"
ကျန်းနျန်၏ အသံထဲတွင် ငိုရှိုက်သံများဖြင့် စွဲကျန်နေဆဲပင်။ "ကျွန်မ ဘာမှမထိုးဖြစ်ဘူး။"
လုယွီ ပြောလိုက်သည်။ "ကုရှစ်ကျိုးကိုပဲ မြေကွက်ထဲက အလုပ်တွေကို လုပ်ခိုင်းလိုက်ပါ၊ ကိုယ် ပြန်လာရင် သူ့ကို သေချာလေး ကျေးဇူးတင်လိုက်မယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကူညီပေးကြတဲ့ သူနဲ့ ချန်ယောင်တို့ကိုပဲ ကျေးဇူးတင်ရမယ်။ ကျွန်မ ထမင်းကျွေးပြီးပါပြီ။ ရှင် ပြန်လာမှပဲ အသေအချာ ကျေးဇူးတင်ကြတာပေါ့။"
လုယွီ - "ကောင်းပါပြီ။"
သူတို့သည် နေ့စဉ်လူမှုဘဝ အသေးအဖွဲ အကြောင်းအရာများကို ပြောဆိုဖြစ်ခဲ့ကြသည်။ ကျန်းနျန်သည် ဖုန်းကို တင်းတင်းဆုပ်ကိုင်လျက် သူမ အကြာကြီး အောင့်ထားခဲ့သော မေးခွန်းကို မေးလိုက်သည်။ "လုယွီ ရှင် ဘယ်တော့ ပြန်လာမှာလဲ။"
တစ်ဖက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေခဲ့သည်။ "ကိုယ် ရှေ့လမှာ ပြန်လာမယ်။"
သူမ ပြက္ခဒိန်ပေါ်၌ ခြစ်လိုက်သော ရက်စွဲအရ ရှေ့လရောက်ရန် ရက်ပေါင်း ၂၀ မျှသာ လိုတော့သည်။ သူမသည် နှုတ်ခမ်းကို ကိုက်လျက် အသက်ရှူပင် ကျပ်လာသကဲ့သို့ ခံစားရသည်။ "ကျွန်မ ရှင် ပြန်လာတာကို စောင့်နေမယ်။"
လုယွီ နူးညံ့စွာ ရယ်မောလိုက်သည်။ "ကောင်းပါပြီ။"
ဖုန်းချပြီးနောက်တွင် ကျန်းနျန်မှာ ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး အတန်ကြာအောင် ငိုင်ရပ်နေမိသည်။ လုယွီ၏ အသံမှာ သူမ၏ နားထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ သူမသည် သက်ပြင်းတစ်ချက်ချကာ ဖုန်းချထားလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး၊ နောက်ဘက်မှ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
"ခယ်မလေး…"
ကျန်းနျန် လှည့်ကြည့်လိုက်ရာ ကုရှစ်ကျိုး ရောက်လာသည်ကို မြင်သဖြင့် သူမက အသာအယာ ပြုံးပြလိုက်သည်။ "နိုင်ငံရေးမှူးကု ကျွန်မ ခုတင်ပဲ လုယွီနဲ့ ဖုန်းပြောပြီးတာ၊ သူ အဆင်ပြေတယ်တဲ့။"
ကုရှစ်ကျိုး ပြုံးလိုက်သည်။ "အင်း သူ မကြာခင် ပြန်လာတော့မှာပါ။"
သူက ကျန်းနျန်ထံသို့ အိတ်တစ်အိတ် ကမ်းပေးရင်း ပြောလိုက်သည်။ "ဒါလေး ယူသွားဦး။"
ကျန်းနျန် မျက်တောင်ခတ်လိုက်သည်။ "ဒါ ဘာလဲဟင်။" ထိုသို့ မေးကာ ငုံ့ကြည့်လိုက်ရာ အထဲတွင် စပျစ်သီးအကြီးကြီးများ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး ကုရှစ်ကျိုးကို မော့ကြည့်လိုက်သည်။ ထိုအမျိုးသားက ပြောလိုက်သည်။ "လယ်သမားတစ်ယောက်ဆီကနေ အခုတင် ဝယ်လာတာပါ၊ အိမ်ယူသွားပြီး စားလိုက်ပါ။"
"ဟင့်အင်း ရပါတယ်။"
***