လီဟောင်သည် အင်မော်တယ်နတ်ဘုရား အမွေအနှစ်နယ်မြေမှ ထွက်ခွာလာပြီး နတ်ဘုရားနေလုံးကြီး အတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံအသီးသီး၏ ပြင်ပရှိ လောကငယ်လေးများမှာမူ ဖရိုဖရဲ ဖြစ်နေကြသည်။
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးသည် ‘ငွေရောင်သက်တံ လောကငယ်’ သို့ ကျူးကျော်ဝင်ရောက်လာပြီး နတ်ဘုရားမင်းဆက် တစ်ခုချင်းစီမှ ဝိညာဉ်များကို ဝါးမြိုကာ မြင့်မြတ်နယ်မြေများကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ အခြားသော နတ်ဘုရားမင်းဆက်များမှ ‘တာအိုနားလည်ခြင်းနယ်ပယ်’ ကျင့်ကြံသူ အများအပြားမှာ သတင်းကို ကြားသည်နှင့်အမျှ ထိုလောကငယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးကမူ သူတို့ကို ဂရုမစိုက်ပေ။ ၎င်းသည် ကောင်းကင်ဘုံအသီးသီး တစ်ခုလုံးကို ၎င်း၏ အမဲလိုက်ကွင်းအဖြစ် သတ်မှတ်ထားရာ ထိုပုရွက်ဆိတ်ငယ်များမှာ မည်သည့်နေရာသို့မျှ လွတ်အောင် ပြေးနိုင်မည်မဟုတ်ပေ။
အခြားနေရာသို့ ထွက်ပြေးနိုင်လျှင်ပင် သေဆုံးမည့်အချိန်ကို ခဏတာ ဆွဲဆန့်ရုံသာ ရှိမည်ဖြစ်သည်။ အကြောင်းမှာ ၎င်း၏ မျက်စိရှေ့တွင် မြိန်ရှက်စွာ စားသုံးရန်အတွက် အစာများစွာ ရှိနေသောကြောင့် ဖြစ်သည်။
ထွက်ပြေးသွားကြသော တာအိုနားလည်ခြင်းနယ်ပယ် ကျင့်ကြံသူများသည် ငွေရောင်သက်တံ လောကငယ်၏ သတင်းကို ကောင်းကင်ဘုံအသီးသီးသို့ ချက်ချင်း ပျံ့နှံ့သွားစေခဲ့သည်။
ကောင်းကင်ဘုံအသီးသီး တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားပြီး အဓိက အင်အားစုများမှာလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် သူတော်စင်များနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့ကြသော်လည်း ကောင်းကင်ဘုံအသီးသီး မြင့်မြတ်နယ်မြေရှိ သူတော်စင်များမှာ ပျောက်ကွယ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအချက်သည် များစွာသော အင်အားစုများကို မလုံခြုံသလို ခံစားရစေပြီး ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ရရှိစေခဲ့သည်။
သူတို့သည် မဟာမိတ်များဖွဲ့ရန် အလျင်အမြန် ဆက်သွယ်ကြပြီး ထိုရှေးဟောင်းနတ်ဆိုးကို ခုခံရန်အတွက် လူအင်အားများကို စုစည်းခဲ့ကြသည်။ အကျိုးသက်ရောက်မှု နည်းပါးနိုင်သော်လည်း သူတို့သည် သေမည့်နေ့ကို ထိုင်စောင့်မနေနိုင်ကြပေ။
‘နယ်နိမိတ်ကျောက်တုံး’ များမှတစ်ဆင့် သတင်းစကားများ ပေးပို့ကြပြီး လောကငယ်အသီးသီးမှာ ယခင်က မရှိဖူးသော စည်းလုံးမှုကို ရရှိလာခဲ့သည်။ ယခင်က ရန်ဘက်ဖြစ်ခဲ့ကြသော နတ်ဘုရားမင်းဆက် အများအပြားမှာပင် ဧကရာဇ်များ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် နှစ်ဖက်စစ်တပ်များသည် နယ်စပ်များကို ဖြတ်ကျော်ကာ အခြားသော အင်အားစုများနှင့် နတ်ဘုရားမင်းဆက်များကို သွားရောက် ဆက်သွယ်ခဲ့ကြသည်။
တစ်ရက်အတွင်းမှာပင် ငွေရောင်သက်တံ လောကငယ်မှာ စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
၎င်းအတွင်း၌ ဝိညာဉ်ကင်းမဲ့နေသော ရုပ်အလောင်းများ သို့မဟုတ် စောစီးစွာ ထွက်ပြေးသွားသူများသာ ကျန်ရှိတော့ပြီး လောကငယ်တစ်ခုလုံးမှာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးသည် ဘေးနားရှိ ‘နှင်းခဲဖြူ လောကငယ်’ သို့ ချက်ချင်း ဦးတည်လိုက်သည်။
ထိုလောကငယ်များအားလုံးမှာ ၎င်းအတွက် အမဲလိုက်ကွင်းများသာ ဖြစ်သည်။
၎င်းသည် အေးအေးဆေးဆေး လမ်းလျှောက်နေပြီး အလျင်လိုခြင်းမရှိပေ။ ၎င်း၏ ခေါင်းဆောင် ပြောပြခဲ့သော ‘အင်မော်တယ်ဧကရာဇ်၏ ရတနာ’ ကို မရှာဖွေမီ ထိုနယ်မြေရှိ သက်ရှိအားလုံးကို စားသုံးပစ်ရန် အစီအစဉ် ရှိသည်။
ထိုအချိန်တွင် ၎င်းသည် ခေါင်းဆောင်တစ်ဦးအဖြစ် ပြောင်းလဲသွားနိုင်ပြီး ရရှိလာမည့် အင်မော်တယ်ဧကရာဇ်၏ ရတနာကိုလည်း လွှဲပြောင်းပေးရန် လိုအပ်မည်မဟုတ်ပေ။
ထိုအချိန်တွင် နှင်းခဲဖြူ လောကငယ်ရှိ ကျွမ်းကျင်သူ အများအပြားမှာ ထွက်ပြေးသွားကြပြီဖြစ်သော်လည်း သာမန်အရပ်သား အများအပြားမှာမူ မပြေးနိုင်ကြဘဲ စိတ်ပျက်အားလျော့စွာဖြင့် သေမည့်နေ့ကို စောင့်ဆိုင်းနေကြရသည်။
လူသားမျိုးနွယ်အပြင် လောကငယ်အတွင်းရှိ အခြားသော သတ္တဝါများဖြစ်သည့် သားရဲများနှင့် ပိုးမွှားများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးသည် ‘မျိုးနွယ်စုတစ်သောင်း’ ၏ ရန်သူဖြစ်သည်။ ၎င်းသည် ‘အစစ်အမှန်နယ်မြေ’ ရှိ မျိုးနွယ်စုတစ်သောင်းကိုပင် တိုက်ခိုက်ချေမှုန်းခဲ့ရာ ထိုပုရွက်ဆိတ်ငယ်များအပေါ် ကရုဏာထားလိမ့်မည် မဟုတ်ပေ။
အခြားသော လောကငယ်တစ်ခု ထပ်မံ ကျဆုံးသွားသည်ကို မြင်ရပြီး သူတော်စင်များမှာလည်း ပေါ်မလာကြသဖြင့် ကောင်းကင်ဘုံအသီးသီးမှာ စိတ်ပျက်အားလျော့နေကြသည်။ သို့သော် အများစုမှာမူ တန်ပြန်တိုက်စစ် ဆင်နွှဲရန်အတွက် မဟာမိတ်များ ဖွဲ့စည်းလိုက်ကြသည်။ ‘သူတော်စင်တစ်ပိုင်း’ များ တစ်ဦးပြီးတစ်ဦး စုဝေးလာကြပြီး ‘နတ်ဆိုးနှိမ်နင်းရေး အစည်းအဝေး’ တစ်ခုကို ကျင်းပခဲ့ကြသည်။ ၎င်းတွင် နတ်ဘုရားမင်းဆက် ဧကရာဇ်များစွာနှင့် ရှေးဟောင်း လျှို့ဝှက်ကျင့်ကြံနေသော သူတော်စင်တစ်ပိုင်းများ ပါဝင်ခဲ့ကြသည်။
ထိုကပ်ဘေးကြီးအတွင်း၌ သူတို့သည် တန်ပြန်တိုက်စစ်ဆင်ရန် ရွေးချယ်လိုက်ကြသည်။ အချို့ကို စတေးပြီး ရှေးဟောင်းနတ်ဆိုး၏ အာရုံကို ဆွဲဆောင်ရန်နှင့် ကျန်ရှိသူများကို ဘေးကင်းသော နေရာများသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်တွင် နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့၏ အစည်းအဝေးအတွင်း၌-
၎င်းမှာ လျှို့ဝှက်သော နေရာတစ်ခုရှိ ဧရာမ ခန်းမကြီးတစ်ခု ဖြစ်သည်။ သူတော်စင်တစ်ပိုင်းကျွမ်းကျင်သူ အပါး တစ်ထောင် (၁၀၀၀) ခန့် ရပ်နေကြပြီး ကောင်းကင်ဘုံအသီးသီးရှိ ကျန်ရှိနေသော သူတော်စင်တစ်ပိုင်း အားလုံးနီးပါး ရောက်ရှိနေကြခြင်း ဖြစ်သည်။
သူတော်စင်တစ်ပိုင်းများအပြင် အားကောင်းသော တာအိုနားလည်ခြင်းနယ်ပယ် ကျွမ်းကျင်သူများ၊ အဓိက အင်အားစုများမှ ဂိုဏ်းချုပ်များ၊ နတ်ဘုရားမင်းဆက် ဧကရာဇ်များနှင့် ကောင်းကင်ဘုံအသီးသီး၏ ထင်ရှားကျော်ကြားသူများလည်း စုဝေးနေကြသည်။
ထိုနေရာရှိ အခြေအနေမှာ အလွန်လေးနက်နေပြီး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။
“သူတော်စင်တွေ အားလုံး မရှိတော့ဘူး၊ ကပ်ဘေးကြီး ဆင်းသက်လာပြီ၊ ဒါဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ကောင်းကင်ဘုံကပ်ဘေးဒုက္ခပဲ၊ ကောင်းကင်ပြင်ပက ရှေးဟောင်းနတ်ဆိုး ကျူးကျော်လာပြီ”
“ငါတို့ စစ်သည်တော်တွေအနေနဲ့ ဒီအချိန်မှာ သတ္တဝါအားလုံးအတွက် ကံကြမ္မာသစ်တစ်ခုကို ထူထောင်ပေးရမယ်”
“နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့ရဲ့ ပထမတပ်ဖွဲ့်ကို ‘နှင်းခဲကောင်းကင် နတ်ဘုရားမင်းဆက်’၊ ‘ရွှေရောင်ရေကန် နတ်ဘုရားမင်းဆက်’၊ ‘ကခုန်နေသောမီးလျှံ နတ်ဘုရားမင်းဆက်’ တို့နဲ့ ဖွဲ့စည်းမယ်... ပြီးတော့ ခင်ဗျားတို့ သူတော်စင်တစ်ပိုင်း (၃၀၀) က တပ်မှူးတွေအဖြစ် တပ်ဖွဲ့ကို တည်ဆောက်ရမယ်”
“စစ်သေနာပတိအဖြစ် ‘မူဘိုးဘေး’ကို ခန့်အပ်မယ်၊ သူဟာ တစ်ခါက သူတော်စင်တာအိုကို ကျင့်ကြံခဲ့ဖူးပြီး တာအိုဆွေးနွေးပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် စစ်ဘက်ဆိုင်ရာသူတော်စင်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး စစ်သူရဲသူတော်စင် နဲ့လည်း ယှဉ်ပြိုင်ခဲ့ဖူးသူမို့လို့ စစ်ဗျူဟာပိုင်းမှာ တော်တော် ကျွမ်းကျင်သူဖြစ်တယ်”
“ဒုတိယတပ်ဖွဲ့ကို ‘ကောင်းကင်မွေးတောင် နတ်ဘုရားမင်းဆက်’၊ ‘အမှောင်ည နတ်ဘုရားမင်းဆက်’၊ ‘လင်ရှီး နတ်ဘုရားမင်းဆက်’ တို့နဲ့ ဖွဲ့စည်းမယ်...”
အစည်းအဝေးအတွင်း၌ ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်နေကြပြီး တပ်ဖွဲ့်များကို ဖွဲ့စည်းကာ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို သတ်မှတ်လိုက်ကြသည်။
ကောင်းကင်ဘုံအသီးသီးရှိ အင်အားစုများသည် ရှင်သန်ရေးအတွက် ထိုအခိုက်အတန့်တွင် စည်းလုံးညီညွတ်သွားကြသည်။
“ငါတို့ စည်းလုံးနေရင်တောင် အဲဒီနတ်ဆိုးကို သတ်ဖို့အတွက် လုံလောက်ချင်မှ လုံလောက်လိမ့်မယ်၊ ဟောင်ထျန်းသူတော်စင်က အင်မော်တယ်တံခါးကို (၁၂) နှစ်တိုင်အောင် ပိတ်ဆို့ထားခဲ့တယ်၊ သူတော်စင်တွေက ဒီနတ်ဆိုးကို ခေါ်ဆောင်လာခဲ့ပြီး အခုတော့ ပျောက်ကွယ်သွားကြပြီ၊ သူတော်စင်တွေတောင် အနိုင်မယူနိုင်တဲ့ အရာကို ငါတို့တွေ ဘယ်လောက်ပဲ စုစည်းပါစေ... ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ပို့နေတာနဲ့ အတူတူပဲ”
တစ်ဦးက ပြောလိုက်ရာ အားလုံး၏ စိတ်ဓာတ်ကို ရေအေးလောင်းချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သို့သော် ထိုစကားမှာ အမှန်တရားဖြစ်သဖြင့် မည်သူမျှ မငြင်းဆိုနိုင်ကြပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုသူကပင် ဆက်၍ ပြောလိုက်သည်။
“စတေးရမှာကို ငါ မကြောက်ဘူး၊ ဒါပေမဲ့ အဲဒီစတေးမှုက တန်ဖိုးရှိရမယ် ငါတို့အားလုံး သေသွားရရင်တောင် အဲဒီရှေးဟောင်းနတ်ဆိုးကို ထိုက်တန်တဲ့ အဖိုးအခ ပေးဆပ်ခိုင်းရမယ်”
“ငါတို့တွေ အရူးလိုမျိုး တိုက်ခိုက်နေလို့ မရဘူး၊ တခြား အားသာချက်တွေကို အသုံးချရမယ်၊ ငါတို့က ဒီနေရာနဲ့ ရင်းနှီးတယ်၊ ကောင်းကင်ဘုံအသီးသီးမှာ အလွန် အန္တရာယ်များတဲ့ ‘တားမြစ်နယ်မြေ’ တွေ အများကြီး ရှိတာကို ဘယ်သူ မှတ်မိလဲ”
သူ၏ စကားကို ကြားသောအခါ ရောက်ရှိနေသော သူတော်စင်တစ်ပိုင်း အများအပြား၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။
တားမြစ်နယ်မြေများ။
ကောင်းကင်ဘုံအသီးသီးတွင် မည်သူမျှ အနားမကပ်ရဲသော အန္တရာယ်ရှိသည့် နေရာများစွာ ရှိသည်။ ထိုနေရာများမှာ သူတော်စင်များပင်လျှင် ပေါ့ပေါ့ဆဆ မသွားရဲကြသော နေရာများ ဖြစ်သည်။
ထိုတားမြစ်နယ်မြေများကို အန္တရာယ်ရှိမှု အဆင့်အတန်းအလိုက် ကျွမ်းကျင်သူများက အဆင့်သတ်မှတ်ထားကြသည်မှာ ကြာပြီဖြစ်သည်။
နတ်ဘုရားနေလုံးကြီးသည်ပင် တားမြစ်နယ်မြေများထဲတွင် အဆင့် (၅) ၌သာ ရှိသေးသည်။
“ထိပ်တန်း တားမြစ်နယ်မြေ ခုနစ်ခုထဲမှာဆိုရင် သူတော်စင်တွေတောင် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကျွန်တော့်ရဲ့ ဆရာကိုယ်တိုင် ပြောဖူးတယ်”
“အဆင့် (၃) တားမြစ်နယ်မြေဖြစ်တဲ့ ‘အသူရာကိုးလွှာ’ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နတ်ဆိုးဘုရင်ကို ချိပ်ပိတ်ထားတဲ့ နေရာပဲ”
“အဲဒီနတ်ဆိုးဘုရင်က လွတ်မြောက်နိုင်တယ်ဆိုရင် ဒီရှေးဟောင်းနတ်ဆိုးလည်း လွတ်မြောက်နိုင်မှာပဲ၊ ဒါကြောင့် ကိုးလွှာငရဲကိုတော့ မရွေးချယ်သင့်ဘူး”
“အဆင့် (၂) တားမြစ်နယ်မြေဖြစ်တဲ့ ‘ထျန်းလော့နန်းတော်’ ကတော့ သေမင်းတမန် တားမြစ်နယ်မြေလို့ ကျော်ကြားတယ်၊ အဲဒီအတွင်းထဲက ရှေးဟောင်းနန်းတော်ကို မြင်လိုက်ရတာနဲ့ (၇) ရက်အတွင်း သေရမယ်လို့ ကောလာဟလ ရှိတယ်”
“မှန်တယ်၊ မှတ်တမ်းတွေအရ သူတော်စင် (၃) ပါးဟာ ထျန်းလော့နန်းတော်ရဲ့ ကျိန်စာကြောင့် ကျဆုံးခဲ့ရတယ်၊ ထျန်းလော့နန်းတော်ရဲ့ ပုံသဏ္ဌာန်ကို မြင်လိုက်ရပြီဆိုရင် တားမြစ်နယ်မြေထဲက ထွက်သွားရင်တောင် အဲဒီနန်းတော်က ခဏခဏ ပြန်ပေါ်လာတတ်ပြီး ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေ နောက်ဆက်တွဲ ပါလာတတ်တယ်၊ သေခါနီးမှာ ဘာဖြစ်လဲဆိုတာ ဘယ်သူမှ မသိပေမယ့် ထျန်းလော့နန်းတော်ကို မြင်ဖူးသူတိုင်း (၇) ရက်အတွင်း သေကြရတာပဲ၊ သူတော်စင်တွေတောင် ချွင်းချက်မရှိဘူး”
***