ထိုတိုက်ပွဲမှာ အသက်သေဆုံးရမည့် တိုက်ပွဲဖြစ်သလို၊ ကောင်းကင်ဘုံအသီးသီး၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်မည့် နောက်ဆုံးတိုက်ပွဲလည်း ဖြစ်သည်။
“တကယ်လို့ ဒီတိုက်ပွဲမှာ ငါတို့တွေ ရှေးဟောင်းနတ်ဆိုးနဲ့အတူ အသေခံ တိုက်ခိုက်နိုင်မယ်ဆိုရင် ကောင်းကင်ဘုံအသီးသီးဟာ ရှင်သန်ခွင့် ရလိမ့်မယ်။ အဲလိုမှမဟုတ်ရင်တော့ ကောင်းကင်ဘုံအသီးသီးဟာ ပျက်သုဉ်းသွားရတော့မှာပဲ”
“အခု ပြန်စဉ်းစားကြည့်ရင်တော့ သူတော်စင်တွေဟာ ဒီအခြေအနေကို ကြိုမြင်လို့ စောစောစီးစီး ပုန်းအောင်းသွားကြတာ ဖြစ်ရမယ်။ သူတို့တွေက အနာဂတ်အတွက် မျိုးဆက်ကို ထိန်းသိမ်းထားတယ်ဆိုတာကလည်း ဒီတိုက်ပွဲဟာ ဘယ်လောက်တောင် ခက်ခဲပြီး မျှော်လင့်ချက် နည်းပါးတယ်ဆိုတာကို ပြနေတာပဲ”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ အကောင်းဆုံး ကြိုးစားခဲ့ကြပြီးပြီ၊ ကောင်းကင်ဘုံအသီးသီးအတွက်ရော ငါတို့ ကိုယ့်ကိုယ်ကိုယ်အတွက်ရောပေါ့”
“နယ်နိမိတ်ကျောက်တုံးကို ပြင်ဆင်ပြီးပြီလား၊ ပြီးတော့ အရင်က သတင်းစကားကိုရော ပို့ပြီးပြီလား”
“အားလုံး အဆင်သင့်ဖြစ်ပါပြီ”
“ဒီတိုက်ပွဲကို ကောင်းကင်ဘုံအသီးသီးကနေ မြင်တွေ့နေရလိမ့်မယ်။ တကယ်လို့ ငါတို့ ရှုံးနိမ့်ခဲ့ရင် မြို့တိုင်းမှာ ကျန်ရစ်ခဲ့တဲ့ တပ်မှူးတွေဟာ အရင်က ချမှတ်ထားတဲ့ ‘မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း’ အစီအစဉ်အတိုင်း အားလုံး အတူတူ သတ်သေကြလိမ့်မယ်”
သူတော်စင်တစ်ပိုင်းနယ်ပယ် ဧကရာဇ်တစ်ပါးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူ၏ စကားကြောင့် ရောက်ရှိနေသူ အများအပြား၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့သွားခဲ့သည်။
ထိုအစီအစဉ်ကို သူတို့ ကြိုတင်သိထားကြသော်လည်း အမှန်တကယ် ဖြစ်လာတော့မည့် အခိုက်အတန့်တွင် ခံစားရသော တုန်လှုပ်မှုနှင့် ကြေကွဲမှုမှာ ဖော်ပြ၍ မရနိုင်အောင်ဖြစ်သည်။
“ဒီရှေးဟောင်းနတ်ဆိုးဟာ ကျားတစ်ကောင် အသားကို စားသလိုမျိုး ဝိညာဉ်တွေကို ဝါးမြိုရတာကို နှစ်သက်တယ်။ သူ စားသမျှက သူ့အတွက် အကျိုးရှိစေတယ်။ တကယ်လို့ သူက ငါတို့ရဲ့ ဝိညာဉ်တွေကို စားချင်တယ်ဆိုရင် ငါတို့က အရင်ဆုံး သတ်သေလိုက်မယ်၊ သူ့အတွက် အလကားကျွေးတဲ့ အစာတော့ အဖြစ်မခံနိုင်ဘူး” ဟု သူတော်စင်တစ်ပိုင်း တစ်ပါးက အလွန်တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။
နတ်ဘုရားမင်းဆက် အများအပြားမှာ မျိုးသုဉ်းလုနီးပါး တိုက်ပွဲများကို ကြုံတွေ့ခဲ့ဖူးသော်လည်း ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်သေရမည့် အခြေအနေမျိုးအထိ တစ်ခါမျှ မရောက်ခဲ့ဖူးပေ။ ယခုအခါ ရှေးဟောင်းနတ်ဆိုး၏ ဖိအားကြောင့် ထိုအဆင့်အထိ ရောက်လာရခြင်းမှာ အခြေအနေ မည်မျှ ပြင်းထန်နေကြောင်း ပြသနေသည်။
“တကယ်လို့ ငါတို့ ရှေးဟောင်းနတ်ဆိုးကို ‘နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်း’ ထဲကို အောင်အောင်မြင်မြင် မျှားခေါ်နိုင်မယ်ဆိုရင် နယ်နိမိတ်ကျောက်တုံးကတစ်ဆင့် လူတွေ မြင်ကြရလိမ့်မယ်၊ ဒါဟာ သူတို့အတွက် မျှော်လင့်ချက် ပေးတာပဲ။ ကောင်းကင်ဘုံအသီးသီးရဲ့ အသက်သွေးကြောတွေ အကြီးအကျယ် ထိခိုက်သွားပေမဲ့ ငါတို့ ချန်ထားခဲ့တဲ့ ကျင့်စဉ်ရတနာတွေဟာ နောက်ထပ် ကျွမ်းကျင်သူတွေ ပေါ်ထွက်လာဖို့အတွက် လုံလောက်ပါတယ်”
“ရှေးဟောင်းနတ်ဆိုး လာနေပြီ၊ ပြင်ဆင်ကြ”
နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်း၏ ရှေ့တွင် နတ်ဆိုးနှိမ်နင်းရေး မဟာမိတ် တပ်ဖွဲ့ကြီး စုဝေးနေကြသည်။
ယခုအခါ တစ်ချိန်က ထိတ်လန့်ဖွယ်ကောင်းသော ထို ‘ပထမဆုံး တားမြစ်နယ်မြေ’ မှာ သူတို့အတွက် ရှင်သန်ရေး မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အကောင်းနှင့် အဆိုးဟူသော အဓိပ္ပာယ်သတ်မှတ်ချက်များမှာ အရေးမပါတော့ပေ။
နယ်နိမိတ်ကျောက်တုံးများ၏ ရောင်ပြန်ဟပ်မှုကြောင့် ကောင်းကင်ဘုံအသီးသီးရှိ လောကငယ်များမှ လူတိုင်းသည် ထိုမြင်ကွင်းကို မြင်တွေ့နေရသည်။
လောကငယ်အသီးသီး၏ ကောင်းကရှိ တိမ်တိုက်များမှာ နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်း၏ ထိတ်လန့်ဖွယ် ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
သာမန်ပြည်သူ အများအပြားမှာ ကျင့်ကြံသူများပင် ကြောက်ရွံ့ရသော ထို ‘ပထမဆုံး တားမြစ်နယ်မြေ’ ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။ အံ့အားသင့် တုန်လှုပ်ရုံတင်မကဘဲ တားမြစ်နယ်မြေ အပြင်ဘက်တွင် စုဝေးနေသော လူသားမျိုးနွယ်၏ ဧရာမ တပ်ဖွဲ့ကြီးကိုလည်း သူတို့ မြင်တွေ့လိုက်ရသည်။
တပ်ဖွဲ့၏ ရှေ့ဆုံးတွင် သူတော်စင်တစ်ပိုင်း အပါး တစ်ထောင်ကျော် ရပ်နေကြပြီး ဧကရာဇ် တစ်ပါးပြီးတစ်ပါး ခန့်ညားစွာ ရပ်တည်နေကြသည်။ ပြည်သူ အများအပြားမှာ သူတို့၏ နတ်ဘုရားမင်းဆက်မှ ဧကရာဇ်များကို မှတ်မိကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် တပ်ဖွဲ့၏ ရှေ့ဆုံး၌ ရပ်နေသော သူတို့၏ ဧကရာဇ်များမှာ အခြားသော ခန့်ညားထည်ဝါသည့် ဧကရာဇ်များစွာနှင့်အတူ ရှိနေကြခြင်း ဖြစ်သည်။
“နတ်ဘုရားမင်းဆက် အသီးသီးက ဧကရာဇ်တွေနဲ့ သူတော်စင်တစ်ပိုင်းတွေဟာ ရှေးဟောင်းနတ်ဆိုးကို အသက်ကိုရင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ”
“ငါတို့ ဒီတိုက်ပွဲမှာ အနိုင်ရပါ့မလား”
ကောင်းကင်ဘုံအသီးသီးတွင် စိုးရိမ်ပူပန်နေသော မျက်နှာများစွာသည် တိမ်တိုက်များထဲမှ နယ်နိမိတ်ကျောက်တုံး ရောင်ပြန်ပုံရိပ်များကို စိုက်ကြည့်နေကြသည်။
လီဟောင်သည် နတ်ဘုရားနေလုံးကြီအတွင်းသို့ ဝင်ရောက်သွားပြီး ရက်အနည်းငယ်အတွင်းမှာပင် ထိုအရာအားလုံး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လီဟောင်သည် နတ်ဘုရားနေလုံးကြီးမှ ထွက်လာခဲ့ပြီးနောက် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ အနီးနားရှိ လောကငယ်တစ်ခုသို့ သွားရောက်ကာ ပြင်ပရှိ အခြေအနေကို စုံစမ်းရန် ဖြစ်သည်။
ထိုလောကငယ်သို့ ရောက်သည်နှင့် လီဟောင်သည် ကောင်းကင်တွင် ရောင်ပြန်ဟပ်နေသော မြင်ကွင်းကို တွေ့လိုက်ရသည်။
လီဟောင်မှာ မှင်သက်သွားပြီး သူ၏ မျက်မှောင်များမှာ ကျုံ့သွားခဲ့သည်။ ၎င်းမှာ ‘နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်း’ လား။ ပထမဆုံး တားမြစ်နယ်မြေလား။
တားမြစ်နယ်မြေ အပြင်ဘက်ရှိ မရေမတွက်နိုင်သော တပ်ဖွဲ့ကြီးကို မြင်လိုက်ရသောအခါ လီဟောင်၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။ တစ်ကိုယ်လုံးမှာ အေးစက်ခြင်းနှင့် ပူလောင်ခြင်း ခံစားချက်တို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး ထိုတပ်ဖွဲ့များ နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်းရှေ့တွင် စုဝေးနေရခြင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။
အပြင်သို့ ထွက်လာလျှင် ငရဲခန်းကဲ့သို့သော လောကငယ်များကို မြင်ရမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုလောကငယ်များသည် ရှေးဟောင်းနတ်ဆိုးကို ပြန်လည်တိုက်ခိုက်ရန် စည်းလုံးသွားကြခြင်းဖြစ်သည်။
တားမြစ်နယ်မြေကို အသုံးပြုကာ ရှေးဟောင်းနတ်ဆိုးကို ပိတ်လှောင်ရန် ကြံစည်ခြင်းမှာ မရေမတွက်နိုင်သော စတေးမှုများကို သားကောင်အဖြစ် အသုံးပြုရသဖြင့် အလွန် ကြေကွဲဖွယ် ကောင်းသည်။
လီဟောင်၏ မျက်နှာမှာ သုန်မှုန်သွားခဲ့သည်။ တကအကယ်၍ သူတော်စင်များသာ ထိုအခြေအနေကို သိခဲ့ပါက သူတို့ ရှက်စိတ်ဝင်ကြမည်လား မပြောတတ်ပေ။
ရွှစ်...။
လီဟောင်သည် ချက်ချင်း လှည့်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်အတွင်း၌ အဆက်မပြတ် ကူးပြောင်းကာ နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာခဲ့သည်။
နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်း၏ ရှေ့တွင်မူ စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ ပုံရိပ်မှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
၎င်း၏ ရောက်ရှိလာမှုမှာ ရုတ်တရက် ဖြစ်သဖြင့် တားမြစ်နယ်မြေ အရှေ့ရှိ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ အသက်များစွာဖြင့် ပေးဆပ်ရရှိထားသော သတင်းများအရ ရန်သူမှာ လမ်းတစ်ဝက်တွင်သာ ရှိသေးသည်ဟု သူတို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုပုရွက်ဆိတ်များ၏ ထိတ်လန့်နေသော မျက်နှာများကို မြင်သောအခါ စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးမှာ စိတ်ထဲမှ လှောင်ပြုံးလိုက်သည်။
ယခင်က သတ်ဖြတ်မှုများအတွင်း ၎င်းသည် တစ်ဖက်လူမှာ ၎င်းလာနေသည်ကို ကြိုသိနေသကဲ့သို့ ခံစားခဲ့ရသဖြင့် ၎င်းမှာ အဓိပ္ပာယ်မရှိဟု ယူဆခဲ့သည်။
အကြောင်းမှာ မိုင်ပေါင်းသောင်းချီကို ဖြတ်ကျော်နိုင်သော ၎င်း၏ အရှိန်မှာ ထိုပုရွက်ဆိတ်များ၏ အာရုံခံနိုင်စွမ်းထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့် ဖြစ်သည်။ ၎င်းရောက်လာချိန်တွင် သူတို့မှာ ယခုကဲ့သို့ ထိတ်လန့်တုန်လှုပ်နေကြရမည် ဖြစ်သည်။
နောက်ပိုင်းတွင် ၎င်း ပြန်စဉ်းစားကြည့်ရာ လမ်းတစ်လျှောက် ၎င်းဝါးမြိုခဲ့သော ပုရွက်ဆိတ်များက သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ၎င်းသည် လမ်းတစ်ဝက် ဝါးမြိုခြင်းကို ရပ်တန့်ကာ ပြန့်ကျဲနေသော သားကောင်များကို ကျော်ဖြတ်ပြီး ထိုနေရာသို့ တိုက်ရိုက် ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ထိုပုရွက်ဆိတ်များ မည်သည့်အရာကို ကြံစည်နေသလဲဆိုသည်ကို ၎င်း မြင်ချင်နေသည်။
ဆင်းသက်လာပြီးနောက် စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ ‘လောကဦးနတ်ဝိညာဉ်’ အသိစိတ်မှာ မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုပုရွက်ဆိတ်များထဲတွင် ၎င်းကို ခြိမ်းခြောက်နိုင်မည့်သူ တစ်ဦးမျှ မပါဝင်ကြောင်း ၎င်း ချက်ချင်း သတိထားမိလိုက်သည်။ ၎င်း၏ လက်ထဲမှ လွတ်မြောက်သွားသော ထိုပုရွက်ဆိတ်မှာလည်း ထိုနေရာတွင် မရှိပေ။ ထိုစဉ်က ကြောက်လန့်သွားသဖြင့် ပြန်ရှာတွေ့ရန် ခက်ခဲနိုင်သည်။
သို့သော် ၎င်းအနေဖြင့် မစိုးရိမ်ပေ။ ထိုလောကရှိ ကျန်ရှိနေသူများကို ရှင်းလင်းပြီးနောက် အေးအေးဆေးဆေး ရှာဖွေနိုင်ပြီး ရှာမတွေ့ပါကလည်း အင်မော်တယ်ဧကရာဇ်၏ အမွေအနှစ်ရတနာကို ယူဆောင်ကာ ရှေးဟောင်းနတ်ဆိုး တပ်ဖွဲ့ကို ဝင်ရောက် ရှာဖွေခိုင်းရုံသာ ရှိသည်။
“ဟမ်”
ရုတ်တရက် စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးသည် ထိုလူသားမျိုးနွယ်များ၏ နောက်ကွယ်ရှိ တားမြစ်နယ်မြေကို သတိထားမိလိုက်သည်။
နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်းသည် အောက်ခြေမမြင်ရသော နက်မှောင်သည့် အက်ကြောင်းကြီး နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးသည် အာရုံစိုက် ကြည့်လိုက်ရာ ၎င်းအတွင်းမှ ထွက်ပေါ်နေသော ထူးခြားသည့် ‘အင်မော်တယ်တာအို နိယာမ’ ကို ချက်ချင်း အာရုံခံမိလိုက်သည်။ ၎င်းမှာ ‘အင်မော်တယ်ဘုရင်’ အဆင့်ရှိသူများသာ စုစည်းနိုင်သော အရာမျိုး ဖြစ်သည်။
***