သူ၏ ခန္ဓာကိုယ်မှာ တည်နေရာပြောင်းရွေ့ခြင်းဖြင့် ထွက်ခွာသွားသောအခါ စစ်မှန်သော ရှေးဟောင်းနတ်ဆိုး အင်မော်တယ်၏ လောကဦးနတ်ဝိညာဉ် မှာလည်း တည်နေရာပြောင်းရွေ့ခြင်းဖြင့် ရောက်ရှိလာခဲ့သည်။ ၎င်းသည် အင်မော်တယ်စွမ်းအင်များမှတစ်ဆင့် ၁၅မိုင်နယ်ပယ် အကန့်အသတ်အဆင့်၏ လှုပ်ရှာမှုများကို မြင်တွေ့နိုင်ခဲ့ပြီး ၎င်း၏ လောကဦးနတ်ဝိညာဉ်မှာ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ လီဟောင်၏ လောကဦးနတ်ဝိညာဉ်ကို ရုတ်တရက် လွှမ်းခြုံလိုက်သည်။
ထိုအနက်ရောင် မြူခိုးများအတွင်း၌ ပြင်းထန်သော အက်ဆစ်ကဲ့သို့ ခံစားရပြီး လီဟောင်၏ လောကဦးနတ်ဝိညာဉ်ကို တိုက်စားနေခဲ့သည်။
ထိုအခြေအနေမှာ ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ်က သူ့ကို ဝါးမြိုလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း လီဟောင် သိလိုက်သည်။
“ကိုးလွှာအသူရာ မဟာအိပ်မက်ဓား၊ အင်မော်တယ်လမ်းညွှန်ချက်”
လီဟောင်သည် သူ၏ လောကဦးနတ်ဝိညာဉ်ကို ဓားတစ်လက်ကဲ့သို့ အသုံးချကာ ထိုအင်မော်တယ် တာအို ဓားသိုင်း၏ အစဦးပုံသဏ္ဌာန်ကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
အစဦးပုံသဏ္ဌာန်ဆိုသည်မှာ ထိုဓားသိုင်း၏ အခြေခံလည်း ဖြစ်သည်။ ဗလာနတ္တိဓားတာအိုအတွက် ပါရမီရှိ၊ မရှိကို ထိုအခြေခံပုံသဏ္ဌာန်အားဖြင့် သိမြင်နိုင်သည်။
ဓားတာအို၏ အဆင့်၁၀တွင် ရှိနေသော လီဟောင်သည် ထိုဓားသိုင်း၏ အဆင့်သုံးခုဖြစ်သည့် စိတ်ဆန္ဒ၊ မူလအစ၊ အဆုံးစွန်တို့အနက် ယခင်က မူလအစအဆင့်၏ အရိပ်အယောင်ကိုသာ ထိတွေ့နိုင်ခဲ့သော်လည်း ယခုအခိုက်အတန့်တွင်မူ ‘မူလအစအဆင့်’ ကို အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
မူလအစ ဆိုသည်မှာ ထိုဓားသိုင်း၏ မြစ်ဖျားခံရာ အရင်းအမြစ်ပင် ဖြစ်သည်။
ဘုန်း
ဓားတစ်လက်ကဲ့သို့ ဖြစ်နေသော လောကဦးနတ်ဝိညာဉ်သည် ရှေ့သို့ ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။ ၎င်းမှာ ကြမ်းတမ်းသော အားအင်များ မပါဘဲ ညင်သာပုံပေါ်သော်လည်း ကြီးမားသော အလေးချိန်ကို လွယ်ကူစွာ ကိုင်တွယ်နိုင်သည့် ခံစားချက်မျိုး ရှိနေသည်။
ဓားသွားမှာ အင်မော်တယ်တစ်ပါး၏ လက်ညှိုးကဲ့သို့ ညင်သာစွာ ညွှန်ပြလိုက်ခြင်းဖြစ်ပြီး မည်သည့်အရာကမျှ တားဆီး၍ မရနိုင်သော အရာတစ်ခု ဖြစ်သည်။ လောကဦးနတ်ဝိညာဉ်သည် အနက်ရောင် မြူခိုးများကို ဖောက်ထွက်သွားပြီး တောက်လောင်နေသော နတ်ဘုရားသွေးကြောများ၏ အကူအညီဖြင့် စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။
“မဖြစ်နိုင်တာ”
စစ်နှန်သော အင်မော်တယ် ရှေးဟောင်းနတ်ဆိုးမှာ အော်ဟစ်မိသည်အထိ ထိတ်လန့်သွားခဲ့သည်။ သူတော်စင်အဆင့်သာ ရှိသေးသော်လည်း ထိုမျှ သန့်စင်သော အင်မော်တယ် တာအို ဓားသိုင်းကို ထုတ်ဖော်နိုင်ရုံသာမက မူလအစအဆင့်ကိုပါ ထိတွေ့နိုင်သည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ဓားစိတ်ဆန္ဒဆိုသည်မှာ နှလုံးသား၏ ဆန္ဒနှင့် တူညီသည်။ လီဟောင်သည် အနက်ရောင် မြူခိုးများထဲမှ ထွက်လာပြီး ဓားတာအိုကို အသုံးပြုကာ လောကဦးနတ်ဝိညာဉ်ကို တွန်းအားပေးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထပ်ဖြည့်ပေးလိုက်သည်။
ဘုန်း ဘုန်း
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ်မှာ တိုက်ခိုက်ခံနေရပြီး လီဟောင်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် တောက်လောင်နေသော အနက်ရောင် မြူခိုးများမှာလည်း ကွဲအက်သွားကာ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားစေခဲ့သည်။
ဝူး
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထိုကဲ့သို့သော အရာမျိုးမှာ ၎င်း၏ နားလည်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က အင်ပါယာ ကျရှုံးခြင်း စစ်ပွဲတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ထိုတောက်ပသော စစ်မှန်သော စစ်မှန်သော အင်မော်တယ် ပါရမီရှင်များမှာ ထိုတိုက်ပွဲအတွင်း အင်အားစုအသီးသီး၏ ကာကွယ်မှုကို ခံကြရပြီး မျှော်လင့်ချက်မျိုးစေ့များအဖြစ် သတ်မှတ်ခံခဲ့ရသည်။ စစ်မြေပြင်သို့ အတင်းအကျပ် ဝင်ရောက်ခဲ့ရသူများမှာလည်း အလွန် ကြောက်မက်ဖွယ်ကောင်ပြီး ထိုနယ်မြေတစ်ခုတည်းရှိ ရှေးဟောင်းနတ်ဆိုးများထက်ပင် သာလွန်ခဲ့သည်။
သို့သော် ထိုသူများမှာ စစ်မှန်သော အင်မော်တယ်များဖြစ်ကြသည်။ ယခု သူ၏ရှေ့မှ လူမှာ သူတော်စင်အဆင့်မျှသာ ရှိသေးသည်။
“သေပေတော့”
လီဟောင်၏ လောကဦးနတ်ဝိညာဉ်မှာ အစွမ်းကုန် မြှင့်တင်လိုက်ပြီး ‘တစ်ဦးတည်းသောငါ’ ဓားသိုင်း နှင့် ပေါင်းစပ်ကာ ကောင်းကင်ဘုံအသီးသီးကို လင်းထိန်သွားစေသော ပြိုင်ဘက်ကင်း ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
တောက်ပသော ရွှေရောင်ဓားအလင်းမှာ မှောင်မိုက်နေသော ဟင်းလင်းပြင်ကို လင်းထိန်သွားစေရုံသာမက ကောင်းကင်ဘုံအသီးသီး တစ်ခုလုံးကိုပါ လင်းထိန်စေခဲ့သည်။ အဝေးတွင် ပုန်းအောင်းနေသော နတ်ဆိုးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်ကာ မှင်သက်နေကြပြီး သူတို့၏ ရင်ခုန်သံများမှာ လည်ချောင်းဝအထိ ရောက်နေခဲ့သည်။
နယ်နိမိတ်ကျောက်တုံး၏ ထင်ဟပ်မှုအောက်တွင် လောကအသီးသီးနှင့် မြို့အသီးသီးမှ နေထိုင်သူများအားလုံးမှာ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲရှိ ရွှေရောင်ဓားအလင်းမှာ ဟင်းလင်းပြင်အတွင်း ပွင့်ထွက်သွားသော ရွှေရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ လွယ်လွယ်နှင့် ပျောက်ကွယ်မသွားဘဲ တည်ရှိနေခဲ့သည်။
အနက်ရောင် မြူခိုးများမှာ ဆုတ်ဖြဲခံလိုက်ရပြီး ရွှေရောင်အလင်းအောက်တွင် စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ်မှာ ကွဲကြေသွားခဲ့သည်။ ကြီးမားသော မုန်းတီးမှုများ ထွက်ပေါ်နေသော လောကဦးနတ်ဝိညာဉ် အရှိန်အဝါမှာ လျင်မြန်စွာ အားနည်းလာကာ ကျုံ့ဝင်သွားပြီး ပျောက်ကွယ်တော့မည့်အလား ဖြစ်သွားခဲ့သည်။
ထိုအပြောင်းအလဲကို ခံစားမိလိုက်သောအခါ သူတော်စင်တစ်ပိုင်းနယ်ပယ် တစ်ထောင်ကျော်တို့မှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။ သူတို့၏ ရင်ခုန်သံများမှာ ဗုံတီးနေသကဲ့သို့ ပြင်းထန်နေပြီး တစ်ကိုယ်လုံးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
ငါတို့ နိုင်သွားပြီလား။
ဟောင်ထျန်းသူတော်စင် နိုင်သွားပြီလား။
ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယ်မှာ နှစ်ဖက်နတ်ဆိုးချိုင့်ဝှမ်း၏ တားမြစ်နယ်မြေအတွင်းသို့ ပစ်ချခံလိုက်ရစဉ်က သူတို့မှာ စိတ်လှုပ်ရှားစွာဖြင့် လက်များကို မြှောက်ကာ အော်ဟစ်လုနီးပါး ဖြစ်ခဲ့ကြသည်။ ယခုအခါ ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ်မှာ လျင်မြန်စွာ အားနည်းသွားပြီး ယခင်က ကြောက်မက်ဖွယ် အရှိန်အဝါများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံးမှာ ဝမ်းသာလွန်း၍ မျက်ရည်ကျချင်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
လီဟောင်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူ ထိုတိုက်ပွဲကို အနိုင်ရသွားခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက်ပျောက်ကွယ်တော့မည့်အလား ဖြစ်နေသော စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ် အရှိန်အဝါမှာ ပြိုကွဲပျက်စီးခြင်းမှ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထိုရပ်တန့်သွားမှုအတွင်းမှာပင် လောကဦးနတ်ဝိညာဉ် အရှိန်အဝါမှာ မယုံနိုင်စရာကောင်းသော အရှိန်အဟုန်ဖြင့် ပြန်လည် မြင့်တက်လာပြီး ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်ပြသလာခဲ့သည်။ လီဟောင်မှာ မှင်သက်သွားခဲ့ပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း တောင့်ခဲသွားခဲ့သည်။
ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ် အနက်ရောင် မြူခိုးများအတွင်း၌ ရုတ်တရက် ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ဖြန့်ကျက်ထားသော သွေးကြောများကဲ့သို့ ပျက်စီးသွားသော လောကဦးနတ်ဝိညာဉ်ကို ပြန်လည် စုစည်းလိုက်သည်။
မကြာမီတွင် ရှေးဟောင်းနတ်ဆိုး၏ လောကဦးနတ်ဝိညာဉ်မှာ မူလပုံစံသို့ ပြန်လည် ရောက်ရှိလာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ ထိုငွေရောင်အလင်းတန်းများမှာ ဦးခေါင်းထိပ်တွင် စုစည်းသွားပြီး လှည့်ပတ်နေသော ငွေရောင်အမှတ်အသား တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ မျက်လုံးတစ်လုံးကဲ့သို့လည်းကောင်း၊ အမှတ်အသားတစ်ခုကဲ့သို့လည်းကောင်း ထင်ရသည်။
လီဟောင်၏ မျက်ဆံမှာ အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။ ၎င်းမှာ အင်မော်တယ် တံဆိပ်တော်ပင် ဖြစ်သည်။
စစ်မှန်သော အင်မော်တယ်နှင့် သူတော်စင်အဆင့်တို့၏ အကြီးမားဆုံး ကွာခြားချက်မှာ စစ်မှန်သော အင်မော်တယ်သည် အင်မော်တယ်တံဆိပ်တော်ကို စုစည်းနိုင်ခြင်းဖြစ်ပြီး ထိုတံဆိပ်တော်မှာ စစ်မှန်သော အင်မော်တယ်တစ်ဦး၏ အဓိကအနှစ်သာရဖြစ်ကြောင်း နန်ကုန်းကျန့်က တစ်ခါက ပြောဖူးသည်။
ရွှစ်။
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ ပုံရိပ်မှာ ရုတ်တရက် ရှေ့သို့ တိုးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးသို့ ရောက်ရှိလာခဲ့သည်။ လှည့်ပတ်နေသော လမင်းအမှောင်ထု၏ စွမ်းအားများမှာ ပို၍များပြးလာပြီး လီဟောင်၏ လောကဦးနတ်ဝိညာဉ်ကို တဖြည်းဖြည်း ချေမှုန်းတော့မည့်အလား ဖြစ်နေသည်။
ကံကောင်းသည်မှာ သူ၏ လောကဦးနတ်ဝိညာဉ်မှာ နတ်ဘုရားအရိုးကို စုစည်းထားပြီး ဖြစ်သဖြင့် ထိုအရိုး၏ အထောက်အပံ့ဖြင့် လှည့်ပတ်နေသော စွမ်းအားများ၏ တိုက်စားမှုမှ လျင်မြန်စွာ ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် အလွန်များပြားသော စွမ်းအင်များကို သုံးစွဲလိုက်ရသည်။
စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးများက လီဟောင်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုကဲ့သို့ စိတ်ပျက်အားငယ်ဖွယ် အခြေအနေမျိုးအထိ ရောက်ရှိသွားခြင်းမှာ ၎င်း၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသော်လည်း ၎င်းသည် စစ်မှန်သော အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသူ တစ်ဦး ဖြစ်သည်။ အစစ်အမှန်နယ်မြေတွင် အင်မော်တယ် တာအိုကို သက်သေပြခဲ့ပြီး ထိုအင်မော်တယ်တံဆိပ်တော်မှာ အင်မော်တယ်တာအို စွမ်းအားများ စုစည်းမှုဖြစ်သည်။ အင်မော်တယ်တာအို စွမ်းအားဖြင့်သာ ၎င်းကို ဖျက်ဆီးနိုင်မည် ဖြစ်သည်။ စစ်မှန်သော အင်မော်တယ်အောက်ရှိ လီဟောင်ကဲ့သို့ သူတော်စင်အဆင့်မှာ အင်မော်တယ်စွမ်းအားကို အသုံးပြုလျှင်ပင် ၎င်းမှာ မိုးမြေစွမ်းအင်အဖြစ်သို့သာ ပြောင်းလဲသွားမည် ဖြစ်သည်။
အင်မော်တယ်ခန္ဓာကိုယ် မရှိဘဲ၊ အင်မော်တယ်အဖြစ် မရောက်ရှိဘဲ အင်မော်တယ်စွမ်းအင်ကို မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် သူတော်စင်အဆင့်သည် စစ်မှန်သော အင်မော်တယ်ကို မည်သည့်အခါမျှ သတ်ဖြတ်နိုင်ခြင်း မရှိခြင်း ဖြစ်သည်။ နယ်ပယ်တစ်ခုတည်း ကွာခြားသော်လည်း ၎င်းမှာ ကမ္ဘာနှစ်ခုကဲ့သို့ ကွာခြားနေပြီး မည်သည့်အခါမျှ အမီလိုက်၍ မရနိုင်သော၊ အနီးကပ်၍ မရနိုင်သော အရာဖြစ်သည်။
လီဟောင်သည် အင်မော်တယ်တံဆိပ်တော် ရှိကြောင်းကို သိသော်လည်း အင်မော်တယ်တံဆိပ်တော်မှာ ရုပ်ခန္ဓာနှင့်အတူ ရှိနေခြင်း မဟုတ်ဘဲ လောကဦးနတ်ဝိညာဉ်နှင့်အတူ ရှိနေသည်ကိုမူ မမျှော်လင့်ထားခဲ့ပေ။
ထိုစဉ်က နန်ကုန်းကျန့်သည် စစ်မှန်သောအင်မော်တယ် ရှေးဟောင်းနတ်ဆိုးကို သတ်ဖြတ်စဉ်က လီဟောင်အနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို မမြင်တွေ့ခဲ့ရပေ။ ဖြစ်နိုင်သည်မှာ ပြိုင်ဘက်အသုံးပြုခဲ့သော စွမ်းအားမှာ အင်မော်တယ်တာအို စွမ်းအားဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အင်မော်တယ်တံဆိပ်တော်နှင့် လောကဦးနတ်ဝိညာဉ်ကို တစ်ပြိုင်နက်တည်း ဖျက်ဆီးလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။
နန်ကုန်းကျန့်သည်လည်း လီဟောင်အနေဖြင့် သူတော်စင်အဆင့်နှင့် စစ်မှန်သော အင်မော်တယ် အဆင့်ရှိ ရှေးဟောင်းနတ်ဆိုးကို ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ထိုကိစ္စကို အသေးစိတ် မရှင်းပြခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် လီဟောင်မှာ အမှန်တကယ် အနိုင်ရလုနီးပါး ဖြစ်ခဲ့သည်။
***