မြောက်ပိုင်း နယ်မြေ...
ကောင်းကင်ယံထက်တွင် ဧရာမ ကောင်းကင် သင်္ဘောကြီးများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာ၏။ သင်္ဘောတစ်စင်းစီမှာ အနည်းဆုံး မီတာ တစ်ထောင်ခန့် ရှည်လျားပြီး ကုန်းပတ်ပေါ်တွင်တော့ များပြားလှသော ပုံရိပ်များ မတ်တပ်ရပ်လို့။ ထိုသူများ အားလုံးမှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ကျွမ်းကျင်သူများပင်။
ကောင်းကင် သင်္ဘောကြီးများ၏ အနောက်တွင်မူ နတ်ဘုရား တောင်တန်းများနှင့် နန်းတော်ကြီးများ ရှိနေသည်။ ထိုအရာများက တိမ်လွှာများကို ထိုးဖောက်ကာ နေရောင်ကိုပင် ဖုံးကွယ်ထားသဖြင့် ကြည့်ရသည်မှာ အမှောင်တိမ်တိုက် ပင်လယ်ကြီး တစ်ခုနှင့်ပင် တူနေတော့၏။
လျူချန်ကုန်း အပါအဝင် လူတိုင်း၏ မျက်နှာထက်၌ လေးနက် တည်ကြည်သော အမူအရာများ ရှိနေကြသည်။
အခြားကမ္ဘာနှင့် ဆက်သွယ်ထားသော တံခါးပေါက် ပွင့်လာပြီးနောက် အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို သူ ကောင်းကောင်း သိထားသည်။ အခြားကမ္ဘာမှ နတ်ဆိုးများ၏ ကျူးကျော်မှုကို ရင်ဆိုင်ရချိန်တွင် ဤနေရာရှိ လူတစ်ဝက်ခန့်မှာ နေရပ်သို့ ပြန်နိုင်တော့မည် မဟုတ်ကြောင်း သူ အသေအချာ ယုံကြည်ထားလေသည်။
ရုတ်တရက် မြောက်ဘက် ကောင်းကင်ယံမှနေ၍ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားတစ်ခုကို သူတို့အားလုံး ခံစားလိုက်ရ၏။ သူတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မျက်စိရှေ့၌ ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် မှင်တက်သွားကြတော့သည်။
ကောင်းကင် တစ်ခုလုံး ကြီးမားလှသော အင်မော်တယ် အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ ထိုအလင်းက ကောင်းကင်ယံကို တုန်လှုပ်စေရုံမက ကြယ်တာရာများကိုပင် တုန်ခါသွားစေ၏။
လူတိုင်းက သူတို့မျက်လုံးများကို အနည်းငယ် မှေးစင်းကြည့်လိုက်ရာ မြောက်ပိုင်း နယ်မြေ၏ ကောင်းကင်ထက်၌ ခေါင်းပေါ်တွင် ကောင်းကင် ခေါင်းလောင်းကြီး တစ်လုံး ဆိုင်းငံ့ထားသော လူရိပ် တစ်ခုအား မြင်တွေ့လိုက်ရသည်။
"အဲ့ဒါ အင်မော်တယ် လက်နက်ပဲ..." လျူချန်ကုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "သူက ဘယ်သူလဲ... အဲ့ဒီမှာ ဘာလုပ်နေတာလဲ"
"ဒီကောင်းကင် ခေါင်းလောင်းကို ကျုပ် အရင်က မြင်ဖူးတယ်... အဲ့ဒီတုန်းက အဲ့ဒီအရာကြောင့် ကျုပ် သေလုနီးပါး ဖြစ်ခဲ့ရတာ..." ချင်းဖုန်းဇီက ပြောလိုက်ပြီး သူ့ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွား၏။ "အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေကို ကျုပ် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး... ဒီကောင်းကင် ခေါင်းလောင်းက ချင်းယွင်ဂိုဏ်းနဲ့ ယင်မိစ္ဆာဂိုဏ်းကြားက စစ်ပွဲကြီးကို စတင်စေခဲ့ရုံတင် မကဘူး အရှေ့ပိုင်း နယ်မြေ တစ်ခုလုံးကိုပါ ပျက်စီးစေခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ တရားခံပဲ"
နောက်တစ်စက္ကန့်တွင် ကောင်းကင် ခေါင်းလောင်းကြီး မြည်ဟည်းသွားပြီး ပျက်စီးခြင်းကို ဆောင်ကြဉ်းလာမည့် အသံလှိုင်းများ ပဲ့တင်ထပ်လာတော့သည်။
အသံလှိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို တိုက်ခတ် ဖြတ်သန်းသွားပြီးနောက် နတ်ဆိုးအုပ်ကြီးမှာ ဖုန်မှုန့် အစုအဝေးများ အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
အဝေးဆုံးရှိ နတ်ဆိုး တစ်ဆုပ်စာခန့်သာ ထိုတိုက်ခိုက်မှုမှ အသက်ရှင် ကျန်ရစ်ခဲ့၏။
ထို့နောက် ရေခဲပြင်ကြီး အက်ကွဲသွားကာ နှင်းတောင်ကြီးများ ပြိုကျလာသည်။ မြောက်ပိုင်း လွင်ပြင် တစ်ခုလုံး သူတို့ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားသဖြင့် လျူချန်ကုန်းနှင့် အခြားသူများအား ထိတ်လန့်သွားစေသည်။
"အကြို အင်မော်တယ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်တောင် အင်မော်တယ် လက်နက်ကို အသက်သွင်းပြီးရင် ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး... တကယ်လို့ သူကသာ ငါတို့ရဲ့ ရန်သူ ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ" ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူရော်နေသော ချင်းဖုန်းဇီက စိုးရိမ်တကြီး မေးလိုက်သည်။
"သူ့ရဲ့ ချီ စွမ်းအင်က အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ထက် အများကြီး ပိုများတယ်... အင်မော်တယ် လက်နက် တစ်ခုရဲ့ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ရုံမကဘူး အစောပိုင်းက တိုက်ခိုက်မှုက အင်မော်တယ် တစ်ပါးရဲ့ တိုက်ခိုက်မှုနဲ့ကို ညီမျှနေတာ... ဒါ တကယ့်ကို အံ့ဖွယ်ပဲ" လျူချန်ကုန်းက ဝင်ပြောလိုက်၏။
ဆက်လက်၍ ထိုကိုယ်ပွားက မြေပြင်ကို လက်ညှိုးညွှန်လိုက်ပြီးနောက် အခြားကမ္ဘာနှင့် ဆက်သွယ်ထားသော တံခါးပေါက်ကြီးအား ဖျက်ဆီးပစ်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"တံခါးပေါက် ဖျက်ဆီးခံလိုက်ရပြီပဲ..." လျူချန်ကုန်းက စိတ်သက်သာရာရသွားသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သာ ထိုတံခါးပေါက်ကို မဖျက်ဆီးနိုင်ခဲ့လျှင် အခြေအနေများမှာ အလွန် ဆိုးရွားသွားမည် မဟုတ်ပါလား။
ထို့နောက် ကိုယ်ပွား၏ အသံက လေထဲ လွင့်ပျံလာပြီး သူတို့နားထဲသို့ တိုးဝင်လာခဲ့လေသည်။
ချင်းဖုန်းဇီနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြပြီး သူတို့မျက်နှာထက်၌ မကျေမနပ်ဖြစ်ကာ စိတ်ပျက်သွားသည့် အမူအရာများ ပေါ်ပေါက်လာ၏။
တော်ဝင်မြေမှ လူများ ဖြစ်ကြသည့် အားလျော်စွာ သူတို့မှာ ယခင်က ဤကဲ့သို့ ခြိမ်းခြောက်ခံရခြင်းမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။
ထို့အပြင် ထိုသူက သူတို့ကိုပင် သတ်ဖြတ်မည်ဟု ပြောဆိုရဲသည်တဲ့လော။
သို့သော် အစောပိုင်းက မြင်ကွင်းကို ပြန်လည် သတိရလိုက်ချိန်တွင်မူ သူတို့အားလုံး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။ မည်သို့ဖြစ်စေ ထိုသူတွင် တော်ဝင်မြေ တစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်သော စွမ်းအား အမှန်တကယ် ရှိနေသည် မဟုတ်လော။
"သူက အကြီးမားဆုံး ပြဿနာ ဖြစ်တဲ့ တခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက်ကြီးကို ဖယ်ရှားပေးခဲ့ပြီ... အခုဆိုရင် နတ်ဆိုးတွေက တံခါးပေါက်ကနေ တစ်ဆင့် ငါတို့လောကထဲကို ဝင်လာနိုင်တော့မှာ မဟုတ်ဘူး... ဒါတင်မကသေးဘူး နတ်ဆိုး ၉၀ ရာခိုင်နှုန်းလောက်ကိုလည်း သတ်ဖြတ်ပေးခဲ့သေးတယ်... တကယ်လို့ ငါတို့ကသာ ကျန်တဲ့ကောင်တွေကို အပြတ်မရှင်းနိုင်ဘူး ဆိုရင်တော့ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်သူတွေ အဖြစ်ကနေ လက်လျှော့လိုက်သင့်ပြီ..." လျူချန်ကုန်းက အသံကိုမြှင့်၍ ဆက်ပြောသည်။ "ဒီနေ့ ထျန်းယွမ်ကျောင်းတော် ကိုယ်စား ကျုပ် အမိန့်တစ်ခု ထုတ်ပြန်မယ်... တကယ်လို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်သာ အစွမ်းကုန် မတိုက်ခိုက်ဘဲ နတ်ဆိုးတွေကို ထွက်ပြေးခွင့် ပေးလိုက်မယ် ဆိုရင် ထျန်းယွမ်ကျောင်းတော်က ခင်ဗျားတို့ကို လိုက်လံ နှိမ်နင်းလိမ့်မယ်"
ချင်းဖုန်းဇီနှင့် အခြားသူများ၏ ရင်ထဲ လေးလံသွားသော်လည်း ခေါင်းညိတ် သဘောတူယုံမှလွဲ၍ တခြား ဘာမှ မလုပ်နိုင်ခဲ့ချေ။
ထို့နောက် သူတို့ ကြိုတင် ရေးဆွဲထားသည့် စီမံကိန်းအတိုင်း မြောက်ပိုင်း နယ်မြေ တစ်ခုလုံးကို ဝိုင်းရံလိုက်ကြသည်။ နယ်မြေ တစ်ခုလုံးအား ချိပ်ပိတ်လိုက်ပြီး မည်သူမှ အပြင်သို့ ထွက်ခွာသွား၍ မရနိုင်တော့ပေ။
အခြား တစ်ဖက်တွင်မူ... နတ်ဘုရားသခင်မှ အကျိုးခံစားခွင့် ရရှိထားသူများမှာ မှင်တက်နေကြလေပြီ။
ဇီဖာ အဖွဲ့၏ ခေါင်းဆောင်က မြောက်ပိုင်း ကောင်းကင်ယံအား ထိတ်လန့်တကြား ကြည့်ကာ…"ဘယ်လို... ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒါက သာမန် လောကငယ်လေး တစ်ခုပဲ မဟုတ်ဘူးလား... အဲ့ဒီလူက ဘယ်လိုလုပ် ဒီလောက် ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်ရတာလဲ... သူက နတ်ဆိုးတပ် တစ်ခုလုံး နီးပါးကို ရှင်းလင်းလိုက်ပြီး တခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက်ကိုပါ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာ... သူက အဆင့် ၁၁ ကျွမ်းကျင်သူ တစ်ယောက်ထက်တောင် ပိုပြီး စွမ်းအားကြီးနေသေးတယ်"
"အခုဆိုရင် မစ်ရှင်အဆင့်က အနည်းဆုံး အထွတ်အထိပ် အဆင့်ကို ရောက်သွားလောက်ပြီ မဟုတ်လား... ငါတို့တွေ အသက်ရှင်နိုင်ပါ့မလား ဆိုတာတောင် မသေချာတော့ဘူး... ဒါကို ဒီလောကကြီးကို ဘယ်လိုလုပ် အောင်နိုင်တော့မှာလဲ... ငါတို့က နတ်ဆိုးတွေနဲ့ တစ်ဖက်တည်း ဖြစ်နေမှတော့ ဒီလောကက လူတွေ ငါတို့ကို လွယ်လွယ်နဲ့ ထွက်သွားခွင့် ပေးမှာ မဟုတ်ဘူး ဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး... ခေါင်းဆောင်... ငါတို့ ဘာလုပ်ကြမလဲ"
"ငါ... ငါ..." ခေါင်းဆောင်မှာ စကားများပင် ထစ်ငေါ့နေ၏။ "ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ် ငါတို့ အဓိက လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် အသက်ရှင်အောင် အစွမ်းကုန် ကြိုးစားဖို့ပဲ... ဒါကြောင့် အရင်ဆုံး သွားပုန်းနေကြရအောင်... စစ်ပွဲပြီးသွားတဲ့ အချိန်ကျမှ ငါတို့ လုပ်နိုင်မယ့်အရာ တစ်ခုခု ရှိမရှိ ပြန်ကြည့်ကြတာပေါ့"
"ငါတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ခေါင်းဆောင်... ပုန်းနေယုံနဲ့တော့ ငါတို့အတွက် ဘာအကျိုးမှ ရှိလာမှာ မဟုတ်ဘူး... အခု အခြေအနေကို ကြည့်ရသလောက်ဆိုရင် ငါတို့ မစ်ရှင် ကျရှုံးဖို့ ရာခိုင်နှုန်း များနေပြီ... တကယ်လို့ လုံလောက်တဲ့ ရမှတ်တွေသာ မရှာနိုင်ဘူး ဆိုရင် ငါတို့တွေ ဖယ်ရှားခံရလိမ့်မယ်... ဒါကြောင့် ကျွမ်းကျင်သူ တချို့ကို လိုက်လံ သတ်ဖြတ်ပြီး ဘေးထွက် မစ်ရှင်တချို့ကို ရှင်းလင်းရင်း ရမှတ်တွေ ရှာဖွေဖို့ ကျုပ် အကြံပြုချင်တယ်"
သူတို့အားလုံး ထိတ်လန့် ဗျာများနေကြလေပြီ။
သူတို့တင် မကပေ... အက်စထရယ် အဖွဲ့မှာလည်း မှင်တက်နေကြ၏။ သို့သော် သူတို့ သတိပြန်ဝင်လာချိန်တွင်မူ အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်သွားကြတော့သည်။
"သူ တစ်ယောက်တည်းနဲ့တင် နတ်ဆိုးတပ် ၉၀ ရာခိုင်နှုန်း နီးပါးကို သတ်ဖြတ်လိုက်တယ်ပေါ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါများ ပုံရိပ်ယောင်ထဲ ရောက်နေတာလား"
"ငါလည်း ပုံရိပ်ယောင် မြင်နေတာ နေမှာပါ"
"ဒါ ပုံရိပ်ယောင် မဟုတ်ဘူး... တကယ့် အစစ်အမှန်ကြီးကွ... အိုး... ဘုရားရေ... ကံကြမ္မာ နတ်သမီးက နောက်ဆုံးတော့ ငါတို့ကို ပြုံးပြလာခဲ့ပြီပဲ... ငါတို့ ဘာမှတောင် မလုပ်ရသေးဘူး ရန်သူတွေက တစ်ဝက်လောက် လျော့သွားခဲ့ပြီ... အခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက်ကြီးတောင် ဖျက်ဆီးခံလိုက်ရပြီတဲ့"
"တရားမျှတမှုကြီး သက်တော်ရာကျော် ရှည်ပါစေကွာ"
သူတို့အားလုံး ဝမ်းသာအားရ အော်ဟစ် အောင်ပွဲခံရင်း မြောက်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။
ချူယန် တောင်ထွတ်ထက်တွင်မူ...
ကိုယ်ပွား ပြန်လည် ရောက်ရှိလာပြီးနောက် ကျန်းမင် မျက်မှောင်ကြုတ်သွား၏။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာခဲ့သည်။
အမည် - ဟေးယောင်
မျိုးနွယ် - နတ်ဆိုး
လိင် - ကျား
ကျင့်ကြံမှုအဆင့် - အဆင့် ၁၀ (အကြို အင်မော်တယ် အဆင့်)
နောက်ခံ - ကျောက်နီ လောကငယ်မှ အကြေးခွံနက် နဂါး မဟာဧကရာဇ် (မှတ်ချက် ။ ။ နတ်ဘုရားသခင်မှ အကျိုးခံစားခွင့် ရရှိထားသူ၊ ဇီဖာ အဖွဲ့ဝင် တစ်ဦး)
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - အင်မော်တယ်
အခြေအနေ - နတ်ဘုရားသခင်မှ အကျိုးခံစားခွင့် ရရှိထားသူများထဲမှ တစ်ဦး။ အဆင့်တစ်မစ်ရှင် တစ်ခုကို အတင်းအကျပ် လက်ခံခဲ့ရသည် (မစ်ရှင် - ထျန်းယွမ် လောကရှိ တော်ဝင်မြေားကို ဖျက်ဆီးရာတွင် ကျူးကျော်သူများကို ကူညီရန်)
သူက မူလက မျိုးရိုးဗီဇ ပြောင်းလဲနေသော အကြေးခွံနက် နဂါးတစ်ကောင် ဖြစ်သည်။ ငယ်စဉ် ကလေးဘဝတွင် မျိုးနွယ်စု၏ ပယ်ချခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။ သူ အရွယ်ရောက်လာသည်နှင့်အမျှ သူ့ မျိုးရိုးဗီဇ ပြောင်းလဲနေသော သွေးဆက်မှာ ပိုမို စွမ်းအားကြီးမားလာခဲ့ပြီး တစ်နေ့တွင်တော့ သူက မျိုးနွယ်စုဝင် အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့သည်။ နတ်ဘုရားသခင်၏ ဖိတ်ကြားချက်ကို ရရှိပြီး အကျိုးခံစားခွင့် ရရှိသူ တစ်ယောက် ဖြစ်လာပြီးနောက် သူ့ ခွန်အားမှာ ပိုမို လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော် သူ အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း သိထားသဖြင့် သူ့ သွေးဆက်ကို ထိန်းသိမ်းထားရန် အကြေးခွံနက် နဂါး မိသားစု အသစ်တစ်ခုကို ဖန်တီးခဲ့လေသည်။
ဤတစ်ကြိမ်တွင် သူက နတ်ဆိုး တပ်မတော်နှင့် ပူးပေါင်းခဲ့ရခြင်း ဖြစ်သည်။ အဖွဲ့အစည်း တစ်ခုစီတွင် အဖွဲ့ငယ် ဆယ်ဖွဲ့စီ ပါဝင်ပြီး အဖွဲ့တိုင်း၏ စွမ်းအားမှာ အကြမ်းဖျင်း တူညီကြ၏။ သူ့ပြိုင်ဘက်မှာ အထူးပစ္စည်း တစ်ခုမှတစ်ဆင့် အထွတ်အထိပ် အဆင့် မစ်ရှင် ရရှိသွားကြောင်း ကြားသိလိုက်ရချိန်တွင် သူ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ သို့သော် သူ့ ပျော်ရွှင်မှုမှာ အချိန်တိုလေးသာ ခံခဲ့၏။ မြောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီးနောက် သူ စိတ်ပျက် အားငယ်သွားတော့သည်။ သူက ပုန်းအောင်းနေပြီး သူနှင့် သူ့အဖွဲ့ တိုက်ခိုက်ရန် သင့်တော်သော အချိန်ကောင်းကို စောင့်ဆိုင်းဖို့ စီစဉ်ထားသည်။ ထို့အပြင် မစ်ရှင် မအောင်မြင်ပါက ကျခံရမည့် ပြစ်ဒဏ်အတွက် ဖြေရှင်းနိုင်ရန် ကျွမ်းကျင်သူ တချို့ကို လိုက်လံ အမဲလိုက်ဖို့လည်း ရည်ရွယ်ထားလေသည်။
ကျန်းမင် ဆွံ့အသွား၏။
"နတ်ဘုရားသခင်က အကျိုးခံစားခွင့် ရရှိထားတဲ့ ကောင်တွေတောင် ရောက်လာကြပြီပဲ"
ကျန်းမင် အနေဖြင့် ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လားပင် မသိတော့ချေ။
ထိုသူများကို သတ်ဖြတ်ပြီးနောက် သူတို့ထံမှ မူလအဆီအနှစ်များကို ရယူနိုင်မည် ဖြစ်ပြီး ထိုအရာက သူ့အတွင်းကမ္ဘာ ဆင့်ကဲပြောင်းလဲမှုကို ပိုမို လျင်မြန်စေမည် ဖြစ်သောကြောင့် သူ ဝမ်းသာနေမိသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားသခင်က သူ့အား ပစ်မှတ်ထားလာပြီ ဖြစ်သဖြင့် နောင်တွင် ဤကဲ့သို့သော ပြဿနာများ ပိုမို များပြားလာမည်ဟု ခံစားနေရသောကြောင့် စိုးရိမ်ပူပန်မှုတို့လည်း ဖြစ်ပေါ်နေတော့သည်။
End
***