ကျန်းမင် တစ်ယောက် ထိုအဖွဲ့နှစ်ဖွဲ့လုံးအား သွားရောက် ရှင်းလင်းတော့မည့်ဆဲဆဲ ရုတ်တရက် ရပ်တန့်သွားပြီးနောက် သူ့မျက်နှာထက်၌ စိတ်ဝင်စားဖွယ် အမူအရာတစ်ခု ပေါ်ပေါက်လာ၏။
ဟောင်ယန် တောင်ထွတ်၏ ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်တစ်ယောက်မှာ အခြား တောင်ထွတ်တစ်ခုဆီသို့ ပျံသန်းသွားနေစဉ် ဤဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေသည်။ ထိုသူမှာ အုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွင် ရှိနေပြီး သူ့ လုပ်ရပ်အား ကျန်းမင် နားလည်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ချူယန် တောင်ထွတ်မှာ ယခင်ကလို မဟုတ်တော့ချေ။
သို့သော် ဤတပည့်အား ဂိုဏ်းထဲတွင် သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့အပြင် ထိုသူက သူ့ စွမ်းအား အများစုကို ချိပ်ပိတ်ထားကြောင်းကိုလည်း ကျန်းမင်က တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်၏။ အမှန်တကယ်တွင် ထိုသူမှာ သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင်။
"သုခဘုံ အဆင့် ကျွမ်းကျင်သူ..." ကျန်းမင် အံကြိတ်လိုက်သည်။
ချင်းယွင်ဂိုဏ်းမှလွဲ၍ ဤကဲ့သို့ လုပ်ဆောင်ဝံ့သော သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းရှိသော အခြား မည်သည့်ဂိုဏ်းကိုမှ သူ စဉ်းစား၍ မရချေ။
'တကယ်လို့ ချင်းယွင်ဂိုဏ်း မဟုတ်ဘူး ဆိုရင်တော့ သံသရာ ခန်းမဆောင်ပဲ ဖြစ်ရမယ်...'
ကျန်းမင် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်း ထပ်မံ ပွင့်ဟလာခဲ့၏။
အမည် - ဟိုရန်ကျဲ
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံမှုအဆင့် - အဆင့် ၈ (သုခဘုံအဆင့်)
နောက်ခံ - ရှီးရိ လောကငယ်မှ ဟိုမျိုးနွယ်စုဝင် တစ်ဦး (မှတ်ချက် ။ ။ သံသရာ ခန်းမဆောင်မှ အကျိုးခံစားခွင့် ရရှိထားသူ၊ နတ်ဘုရားမီးတောက် အဖွဲ့ဝင် တစ်ဦး)
ဆက်ဆံရေး - -၅၉
မွေးရာပါ ပါရမီ - ကြယ် ၁၀ ပွင့်
အခြေအနေ - သံသရာ ခန်းမဆောင်မှ အကျိုးခံစားခွင့် ရရှိထားသူ တစ်ဦး။ အဆင့်နှစ် မစ်ရှင် တစ်ခုကို လက်ခံရရှိထားသည် (မစ်ရှင် - အဖွဲ့ဝင်များနှင့်အတူ ကျိုယန်ဂိုဏ်းအား စုံစမ်းထောက်လှမ်းရန်)။ အဖွဲ့ငယ် ဆယ်ဖွဲ့မှာ ဤမစ်ရှင် တစ်ခုတည်းကို အတူတကွ လုပ်ဆောင်နေကြသဖြင့် သူက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ သူ့ အဖွဲ့ဝင်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့လည်း ဤမစ်ရှင်ကို လက်ခံရန် ဆုံးဖြတ်ခဲ့ကြ၏။ ဤလောကသို့ ရောက်ရှိလာပြီးနောက် ကျိုယန်ဂိုဏ်းမှာ အပြင်ပန်း မြင်ရသလို ရိုးရှင်းမနေကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အရှေ့ပိုင်း နယ်မြေ၌ ကပ်ဘေးကြီး ကျရောက်ပြီးနောက် ကျိုယန်ဂိုဏ်းကို ကျူးကျော်ခဲ့သည့် ကျွမ်းကျင်သူ အားလုံး သတ်ဖြတ်ခံလိုက်ရကြောင်းကိုလည်း သူ သိရှိခဲ့သည်။ ထို့နောက် အခြားကမ္ဘာမှ နတ်ဆိုးတပ်ကြီး ဤလောကကို ကျူးကျော်လာတော့မည့် အကြောင်း ကြားသိလိုက်ရချိန်တွင် သူ ပို၍ပင် ဆွံ့အသွားခဲ့ရ၏။ ဘေးကင်းလုံခြုံစေရန် သူက ကျိုးယန်ဂိုဏ်းမှ တပည့်တစ်ယောက်ကို ကျွန်ပြုကာ နေရာယူခဲ့ပြီးနောက် အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် ကျိုယန်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ချူယန် တောင်ထွတ်မှလွဲ၍ ကျိုယန်ဂိုဏ်းနှင့် ပတ်သက်သမျှ အရာအားလုံးကို သူ သိထားလေသည်။ ချူယန် တောင်ထွတ်နှင့် ပတ်သက်၍ သူ သိထားသမျှမှာ ထိုနေရာတွင် လူသုံးယောက်နှင့် အဆင့် ၉ ကျွမ်းကျင်သူ တစ်ယောက် နေထိုင်ကြောင်းသာ။
ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။
'အဖွဲ့ ဆယ်ဖွဲ့တောင်လား... အားလုံးက ကျိုးယန်ဂိုဏ်းကို စုံစမ်းထောက်လှမ်းဖို့တဲ့လား... သံသရာ ခန်းမဆောင်က ဘာတွေများ လိုချင်နေတာလဲ... မင်းတို့က ကျိုယန်ဂိုဏ်းကို ထောက်လှမ်းနေတာလား ဒါမှမဟုတ် ငါ့ကို ထောက်လှမ်းနေတာလား... သံသရာ ခန်းမဆောင်က စနစ်နဲ့ လူသားလမ်းစဉ် မှတ်တမ်းတွေကြောင့် ငါနဲ့ ပတ်သက်ပြီး ဘာမှ မသိနိုင်တာများလား'
မရေမတွက်နိုင်သော မေးခွန်းများက ကျန်းမင်၏ ခေါင်းထဲ ဖြတ်ပြေးသွားတော့၏။
"ဘာဖြစ်လို့လဲ အစ်ကိုကြီး..." တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည့် လင်းလုံက ရှေ့သို့ တိုးလာပြီး သူ့လက်မောင်းအား ဖက်တွယ်ရင်း မေးလာသည်။
မည်သို့ပင်ဖြစ်စေ သူတို့မှာ အတူတကွ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး ကုတင်တစ်လုံးတည်း အတူအိပ်ခဲ့ဖူးသည်ကိုပင် ထည့်ပြောနေစရာ မလိုတော့ပေ။ ထို့ကြောင့် သူ့ အနည်းငယ်မျှသော အမူအရာ အပြောင်းအလဲကိုပင် သူမက အလွယ်တကူ ရိပ်မိနိုင်စွမ်း ရှိလေသည်။
"အင်း... ငါတို့ ဂိုဏ်းထဲကို ပိုးကောင်လေး တချို့ ခိုးဝင်လာလို့ပါ" ကျန်းမင်က မျက်နှာထက်၌ အပြုံးတစ်ခု ပွင့်လန်းလာရင်း ပြန်ဖြေသည်။ "စိတ်မပူပါနဲ့... ဒါက ကိစ္စသေးသေးလေးပါ"
"ကျွန်မ သူတို့ကို သွားရှင်းပေးရမလား"
"မလိုပါဘူး"
ရိုးရိုးသားသား ပြောရလျှင် ကျန်းမင်မှာ သူတို့အတွက် လုံးဝ စိုးရိမ်ပူပန်နေခြင်း မရှိချေ။ မည်သို့ပင်ဖြစ်စေ ထိုသူများမှာ သူ့အား ပြဿနာပေးနိုင်လောက်အောင် စွမ်းအား မကြီးမားကြပေ။
သို့တိုင် ဘေးကင်းစေရန်အတွက် သူ့ စွမ်းအားတချို့ကို ဟင်းလင်းပြင်သို့ ပေါင်းစပ်လိုက်ပြီး ကျိုးယန်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။ ထိုအခါ သူ မှင်တက်သွားတော့၏။
ကျိုးယန်ဂိုဏ်းထဲသို့ ခိုးဝင်လာသူ စုစုပေါင်း (၁၀) ယောက်တောင် ရှိနေခြင်းပင်။
လူသားလမ်းစဉ် မှတ်တမ်းကို လှန်လှောကြည့်လိုက်ချိန်တွင် သူ စိတ်ဝင်စားဖွယ် ကောင်းသောအရာ တစ်ခုကို တွေ့ရှိလိုက်ရသည်။
ကျိုးယန်ဂိုဏ်းမှာ အပြင်ပန်း မြင်ရသလို ရိုးရှင်းမနေကြောင်း သိရှိသွားပြီးနောက် ခေါင်းဆောင်များက အပြင်ဘက်တွင် ရှိနေချိန် အတူတကွ လှုပ်ရှားကြရန်နှင့် ဂိုဏ်းအတွင်း ရောက်ရှိချိန်တွင်မူ ခွဲထွက်၍ စုံစမ်းထောက်လှမ်းကြရန် ဆုံးဖြတ်ချက် ချခဲ့ကြ၏။
ကျန်းမင်က သူတို့အကြောင်း သေချာ မသိသော်လည်း ဤသည်မှာ အတော်လေး လျော့ရဲသော မဟာမိတ် ဖွဲ့စည်းမှုမျိုးဟု ခံစားနေရသည်။
ထို့နောက် ကျန်းမင်က ကံကြမ္မာ တာအိုကို အသုံးပြု၍ သူတို့အား စစ်ဆေးကြည့်လိုက်ရာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် သူတို့၏ အကြောင်းတရား ကြိုးတန်းအချို့မှာ အပြင်ဘက်တွင် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြောင်း တွေ့လိုက်ရလေသည်။
"သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာလား... ဒါမှမဟုတ် ကျိုယန်ဂိုဏ်းကိုပဲ အထင်သေးနေကြတာလား" ကျန်းမင် တစ်ယောက် တိတ်တဆိတ် ရယ်မောလိုက်မိသည်။
သူက ထိုအကံကြမ္မာ ကြိုးများကို ဆွဲယူလိုက်သည်နှင့် ကျိုယန်ဂိုဏ်းထဲ ခိုးဝင်လာသော သုခဘုံ အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်စလုံး သူ့ရှေ့မှောက်သို့ ရောက်ရှိလာကြတော့သည်။ သူတို့၏ ချီစွမ်းအင်များ ချိပ်ပိတ်ခံလိုက်ရပြီး လက်တစ်ချောင်းပင် မလှုပ်ရှားနိုင်ကြတော့ချေ။
"အစ်ကိုကြီး... သူတို့က..." လင်းလုံက ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော လူဆယ်ယောက်ကို ကြည့်မိသည်။ သူမက ခဏတာ တွေးတောနေပြီးနောက် တွေဝေစွာဖြင့် "သူတို့ရဲ့ အငွေ့အသက်တွေက ငါတို့လောကနဲ့ မကိုက်ညီဘူးလို့ ခံစားနေရတယ်... ဘာတွေ ဖြစ်နေတာလဲ"
"အဲ့ဒါက သူတို့တွေ ငါတို့လောကက မဟုတ်လို့ပဲ" ကျန်းမင်က ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေ၏။
ယခုအခါ သံသရာ ခန်းမဆောင်နှင့် စုပရင်း နတ်ဘုရားသခင် လောကတို့ ပေါ်လာပြီ ဖြစ်သောကြောင့် နောင်တွင် ဤကဲ့သို့သော သူများ ပိုမို ထွက်ပေါ်လာဦးမည်ဟု သူ ယူဆထားသည်။ ထို့ကြောင့် သူ့ဂိုဏ်းတူညီမလေး ကြိုတင် ပြင်ဆင်ထားနိုင်ရန် အမှန်တရားကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
လင်းလုံက ရင်ထဲ လေးလံသွားသည့်နှယ် အာမေဋိတ်သံဖြင့်"သူတို့က ငါတို့လောကက မဟုတ်ဘူးလား…ဘာ... နတ်ဆိုး တပ်မတော်ကြီး ရှိနေတဲ့အပြင် အခု တခြားလောကက ကျူးကျော်သူတွေပါ ရှိနေသေးတာလား... သူတို့က ဘယ်လောကက လာကြတာလဲ... ဒါနဲ့ ဂိုဏ်းတူအစ်ကိုက ဒီကိစ္စတွေကို အစောကြီး ကတည်းက သိနေခဲ့တဲ့ ပုံပေါက်နေပါလား... ဟင်း... ငါက ပိုပိုပြီး အသုံးမကျ ဖြစ်လာနေပြီပဲ... ကိုယ်ပွား တာအိုကို ကျင့်ကြံခဲ့တာများ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်နေမလားပဲ'
"အင်း..." ကျန်းမင်က ခေါင်းညိတ်၍ ပြန်ဖြေသည်။ "ငါတို့လောကရဲ့ အလွန်မှာ စကြာဝဠာ လောကတစ်ခု ရှိတယ်... ဒါပေမဲ့ အဲ့ဒီ စကြာဝဠာရဲ့ အလွန်မှာလည်း တခြားလောကတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်... ဒီလူတွေက အဲ့ဒီကနေ လာကြတာပဲ... ကောင်မလေး... နောင်ကျရင် အပြင်ထွက်တဲ့အခါ မျက်စိရှင်ရှင် ထားဖို့ လိုမယ်နော်"
လင်းလုံက မျက်ဝန်းများ နီရဲလာကာ…"အစ်ကိုကြီး ကျွန်မကို နှင်ထုတ်နေတာလား"
"မင်းက ဘာတွေ လျှောက်ပြောနေတာလဲ... ငါက မင်းကို ဘယ်တော့မှ နှင်ထုတ်မှာ မဟုတ်ဘူး" ကျန်းမင်က သူမ ပါးလေးကို ဆွဲလိမ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက "ငါ အရင်ဆုံး သူတို့ကို ရှင်းလိုက်ဦးမယ်"
"သတိထားနော် အစ်ကိုကြီး"
"စိတ်မပူပါနဲ့... သူတို့က ငါ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး"
စကားပြောနေစဉ်မှာပင် ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို လှမ်းကြည့်နေခဲ့ပြီး အမည်သစ် တစ်ခုကို တွေ့ရှိလိုက်ရသည်။
အခြေအနေ - 'ငါ ဖမ်းခံလိုက်ရတာလား... သေစမ်း... ငါ့ရှေ့က လူငယ်လေးက ချူယန် တောင်ထွတ်ရဲ့ ခေါင်းဆောင်တပည့် ကျန်းမင် မဟုတ်လား... အချက်အလက်တွေအရဆို သူက ဒီနှစ်မှ အသက် ၂၈ နှစ်ပဲ ရှိသေးတာလေ... ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအား ကြီးမားနေရတာလဲ...
'မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ဘာ... သူ အခုလေးတင် ဘာပြောလိုက်တာလဲ... ငါတို့က တခြားလောကက လာတယ်ဆိုတာကို သူ သိနေတာလား... ဒါပေမဲ့... ဒါပေမဲ့ သူက အဲ့ဒါကို ဘယ်လိုလုပ် သိနေရတာလဲ...
'ဘယ်လိုပဲဖြစ်ဖြစ်... ငါ့အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ဖို့ တာအို လက်နက်ကို သုံးပြီး ခေါင်းဆောင်ကို လာကယ်ခိုင်းမှ ဖြစ်တော့မယ်...
'ခဏလေး... သတင်းစကားက ဘာလို့ ပို့လို့ မရတာလဲ... ဘာ... ငါ့ရဲ့ အရောင်စုံ ရောင်ပြန်မှန်ကို သူ ဘယ်အချိန်ကတည်းက ယူသွားတာလဲ...'
ဟိုရန်ကျဲ တစ်ယောက် မှင်တက်သွားတော့သည်။
ကျန်းမင်က သူ့ထံမှ ရယူထားသော မှန်အား လက်ဖြင့် ကစားရင်း သူ့ကို ကြည့်၍ ပြုံးလိုက်၏။
မှန်အား လေ့လာကြည့်ပြီးနောက် သူ ခေါင်းညိတ်၍ 'ဒီအထဲမှာ မှော်ဝင် စီရင်စုတစ်ခု ရှိနေပြီး အဲ့ဒါကို အသက်သွင်းလိုက်တာနဲ့ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်သွယ်လို့ ရနိုင်တယ်... ဒါက အတော်လေး ကောင်းမွန်တဲ့ မှော်လက်နက် တစ်ခုပဲ... ဒါပေမဲ့ တစ်ခုတည်းသော အားနည်းချက်က နှစ်ဖက်စလုံး အရမ်း ဝေးကွာနေရင် သတင်းစကား ပို့လို့ မရတာပဲ' ဟု တွေးလိုက်သည်။
ထိုအတွေး ခေါင်းထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့ရှိ လူဆယ်ယောက်စလုံးအား တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက်တော့၏။
ထိုသူများက လူကောင်းလား၊ လူဆိုးလား ဆိုတာကို သူ ဂရုမစိုက်ပေ။ ကျိုးယန်ဂိုဏ်းသို့ လာရောက်သရွေ့ သူတို့အား ရန်သူအဖြစ်သာ သတ်မှတ်ပြီး အကုန်လုံးကို ရှင်းလင်းပစ်မည်သာ။
"ကောင်မလေး... ငါ အခုချက်ချင်း ပြန်လာခဲ့မယ်" ဟု ကျန်းမင်က ပြောလိုက်ပြီးနောက် လေထုထဲ ပျောက်ကွယ်သွားတော့သည်။
End
***