ချူယန်တောင်ထွတ်ပေါ်တွင်…
ကျန်းမင်က လွှဲကုလားထိုင်ပေါ်တွင် ယိမ်းထိုးရင်း စာအုပ်တစ်အုပ်ကို တိတ်ဆိတ်စွာ ဖတ်ရှုနေ၏။
ညနေဆည်းဆာ နေဝင်ချိန်က တောင်တန်းများထက် တွဲခိုနေပြီး လေပြေအေးလေးက သာယာစွာ တိုက်ခတ်နေသည်။ မဏ္ဍပ်ပတ်လည်တွင်တော့ နွယ်ပင်များ ယှက်နွယ်ပေါက်ရောက်လို့။ ထိုနွယ်ပင်များထက်တွင် တောက်ပသော ပန်းရောင်စုံတို့ ဖူးပွင့်နေပြီး လေပြေနှင့်အတူ ပန်းရနံ့များ သင်းပျံ့နေလေပြီ။ ထိုမြင်ကွင်းမှာ ရိုးရှင်းစွာပင် အေးချမ်းပြီး လှပလွန်းလှ၏။
ရှီယောင်က မဏ္ဍပ်ထဲတွင် ထိုင်ရင်း သူမ၏ ဖဲကြိုးလေးများ လေထဲ လွင့်မျောသွားသည်အထိ ခြေထောက်များကို လွှဲယမ်းကာ…
"ပထမဆုံး အကြိမ် တွေ့တုန်းကတော့ အစ်ကိုကျန်းက တိတ်ဆိတ်အေးချမ်းပြီး ပြိုင်ဘက်ကင်းလောက်အောင် ချောမောတဲ့ လူတစ်ယောက်ပဲ"
သူမက အောက်ဘက်နှင့် သူမရှေ့ရှိ လူကို ကြည့်ရင်း အကြောင်းပြချက် မရှိဘဲ သက်ပြင်းချကာ…
"နင်နဲ့ ရင်းနှီးလာပြီးတဲ့နောက်မှာတော့ နင်က ဘာတက်ကြွမှု၊ ဘာရည်မှန်းချက်မှ မရှိတဲ့ အဘိုးကြီး တစ်ယောက်လိုပဲ ဆိုတာ ရှာဖွေတွေ့ရှိသွားတယ်… နင်က တိုက်ခိုက်ဖို့လည်း စိတ်မဝင်စားဘူး… ကျင့်ကြံဖို့လည်း မလုပ်ဘူး… နေ့တိုင်း နေပူဆာလှုံရတာကိုပဲ သဘောကျနေတာ"
ကျန်းမင်က လက်ထဲရှိ စာအုပ်ကို ပိတ်လိုက်ပြီး ဘေးနားရှိ လက်ဖက်ရည်ပန်းကန်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်၏။ ထို့နောက် လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားရင်း အဝေးရှိ တောင်တန်းများဆီသို့ ငေးကြည့်ကာ…
"ဒီလိုလေးက မကောင်းဘူးလား… သတ်ဖြတ်ခြင်းတွေ မရှိဘဲ အချိန်တွေ ကုန်လွန်သွားတာကို ပန်းချီကား တစ်ချပ်လို ထိုင်ကြည့်နေရတာလေ"
သံသရာ ခန်းမဆောင်မှ အကျိုးအမြတ် ရရှိသူများကို သတ်ဖြတ်ပြီးနောက် သူက မြောက်ပိုင်းဒေသသို့ သွားရောက်ကာ နတ်ဘုရားသခင်၏ အကျိုးအမြတ် ရရှိသူ အားလုံးကိုလည်း ရှင်းလင်းခဲ့သည်။ ထိုကိစ္စများ ပြီးဆုံးပြီးနောက် ချူယန်တောင်ထွတ်သို့ ပြန်လာကာ တိတ်ဆိတ်စွာ နေထိုင်နေခဲ့ခြင်းပင်။ သို့သော် သူ့ အတွင်းကမ္ဘာမှာမူ လျင်မြန်စွာ ပြောင်းလဲ တိုးတက်နေခဲ့ပေသည်။
ရှီယောင်ကတော့ ကျန်းမင် တစ်ယောက် အရာအားလုံးအပေါ် ဂရုမစိုက်ဘဲ နေနေသည်ဟု ထင်မှတ်ထား၏။ အမှန်တကယ်တွင်မူ သူက အတင်းအကြပ် ဖိအားပေးခံရသဖြင့် အရူးအမူး ကျင့်ကြံနေခဲ့ခြင်းသာ။
ရှီယောင်က လှမ်းဆင်းလာပြီး လေထဲတွင် လဲလျောင်းလိုက်သည်။ သူမ လဲလျောင်းလိုက်သည်နှင့် လေဟာနယ်ထဲမှ အလိုအလျောက် ထွက်ပေါ်လာသော တိမ်တိုက်တစ်ခုက ပင့်မထားသဖြင့် အောက်သို့ ပြုတ်ကျသွားခြင်း မရှိချေ။
"ဒါပေမဲ့ ဒီလိုဘဝကြီးက အရမ်း ပျင်းစရာ မကောင်းလွန်းဘူးလား"
ကျန်းမင်က လက်ဖက်ရည် နောက်တစ်ငုံ သောက်လိုက်ပြန်သည်။
"ပျင်းစရာကောင်းတာက ဘာလဲ… ပျော်စရာကောင်းတာကကော ဘာလဲ… ကိုယ်သဘောကျတဲ့ အရာမှန်သမျှ အကုန်ကောင်းတာချည်းပဲ မဟုတ်ပါလား… မကြာခင် မြောက်ပိုင်းဒေသလည်း တည်ငြိမ်သွားတော့မယ်… မင်း သွားပြီး အကျိုးအမြတ် တချို့တလေ မယူချင်ဘူးလား"
ရှီယောင်က နေဝင်ဆည်းဆာကို ငေးကြည့်ရင်း…"ဘယ်လောက်ပဲ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှိနေပါစေ ကျွန်မကတော့ ဒီမှာပဲ နေချင်တယ်… ဒီနေရာမှာက နေ့တိုင်းနီးပါး ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကို အလွယ်တကူ ရောက်သွားနိုင်တယ်လေ… လောကကြီးမှာ ဒီလိုလုပ်နိုင်တဲ့ တခြားနေရာမှ မရှိတော့တာ"
ကျန်းမင် မျက်ခုံးပင့်လိုက်ကာ…"မင်းပဲ ပျင်းစရာကောင်းတယ် ဆို"
"နင် နေ့တိုင်း ဒီလိုပဲ အချိန်ဖြုန်းနေတာကို ကြည့်ပြီး ခံစားချက် တချို့ ဖြစ်လာလို့ ပြောလိုက်ရုံပါ"
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ဓာတ်ကြီးငါးပါး လင်းလုံက လေထဲမှတဆင့် လျှောက်လှမ်းလာသည်။ သူမ၏ အနောက်တွင်တော့ ဟော့ဟွာနှင့် အခြား နတ်သမီး သုံးပါးက သစ်သီးများနှင့် သောက်စရာများ တင်ထားသော ဗန်းများကိုယ်စီ ကိုင်ဆောင်၍ လိုက်ပါလာကြ၏။
ရှီယောင် ခဏတာ တွေဝေသွားသော်လည်း မြောက်ဘက်သို့ လက်ညှိုးထိုးပြကာ…
"ဟိုဘက်မှာ ဖြစ်ခဲ့တာက… ရှင်ပဲလား"
ကျန်းမင် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ရှီယောင် အံ့အားသင့်သွာရ၏။
"ရှင်က ဒီလောက်တောင် စွမ်းအားကြီးနေမှတော့ ဒီလောကကြီးက ရှင့်ကို လက်ခံထားနိုင်သေးတာလား"
အရှေ့ပိုင်းဒေသရှိ ယင်မိစ္ဆာဂိုဏ်းအား တစ်ညတည်းနှင့် ရှင်းလင်းပစ်ခဲ့သူမှာ ကျန်းမင် ဖြစ်ကြောင်း သူမ သိထားသည်။ သို့တိုင် မြောက်ပိုင်းဒေသရှိ မိစ္ဆာများကို သတ်ဖြတ်ခဲ့သူမှာလည်း သူပင်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် မယုံနိုင်အောင် ဖြစ်နေမိဆဲပင်။
သန်းနှင့်ချီသော ကျူးကျော်သူများ မြောက်ပိုင်းဒေသသို့ ဝင်ရောက်လာခဲ့သော်ငြား ကျန်းမင်က ထိုမျှများပြားသော လူများကို သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်းမင်က အမှန်တကယ်ပင် လူသားမဆန်လှချေ။
ကျန်းမင်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။
"ငါက အန္တိမအဆင့်ပဲ ရှိသေးတာပါ…"
ယုတ္တိတန်တန် စဉ်းစားကြည့်မည် ဆိုလျှင် သူ့စွမ်းအားများက လောကကြီး၏ ကန့်သတ်ချက်များကို ကျော်လွန်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ့ကျင့်ကြံခြင်း အခြေခံမှာ အလွန် နိမ့်ကျနေသေးခြင်း ဖြစ်သည်။
ရှီယောင်က စားပွဲဆီသို့ လျှောက်သွားပြီး ခရမ်းရောင် သစ်တော်သီး တစ်လုံးကို ယူစားလိုက်ရင်း…"ဒါက တကယ်ကို ယုံနိုင်စရာ မရှိဘူး"
လင်းလုံက ကျန်းမင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အခွံနွှာထားသော စပျစ်သီး တစ်လုံးကို သူ့ပါးစပ်ထဲ ခွံ့ကျွေးသည်။ ကျန်းမင် စားလိုက်သည်ကို ကြည့်ပြီးနောက် နောက်တစ်လုံးကို ဆက်နွှာရင်း…
"အစ်ကိုကြီးက ကျွန်မတို့ရဲ့ သာမန် တွေးခေါ်နိုင်စွမ်းတွေကို ချိုးဖျက်နိုင်တဲ့သူလေ"
ရှီယောင်က နှုတ်ခမ်းဆူ၍ ခြံစည်းရိုးဘက်သို့ လျှောက်သွားပြီး တောင်တန်းများကြား မျောလွင့်နေသော တိမ်တိုက်များကို ကြည့်ကာ ပြောလာ၏။
"အစ်ကိုကျန်း ဘာလို့ ဒီလောက် ပျင်းရိနေရလဲ ဆိုတာကို ကျွန်မ သိသွားပြီ ထင်တယ်… နင်က သူ့ကို အရမ်း အလိုလိုက်ထားလို့ပဲ"
လင်းလုံက ပြုံး၍…"ငါ သဘောကျတယ်လေ… ပြီးတော့ ငါ့ သဘောဆန္ဒအရ လုပ်ပေးနေတာ"
ရှီယောင်မှာ ဆွံ့အသွားတော့သည်။
…
သံသရာခန်းမဆောင် လေဟာနယ် အတွင်း၌…
အဖွဲ့ ဆယ်ဖွဲ့ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ဧရာမ မြင်ကွင်းပေါ်တွင် ပြသလိုက်ချိန်၌ ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီး ပေါ်ပေါက်သွား၏။ အဆင့်နှစ် စုံစမ်းထောက်လှမ်းရေး မစ်ရှင်တစ်ခုက အဖွဲ့ဆယ်ဖွဲ့လုံးကို အလုံးစုံ ပျက်သုဉ်းသွားစေခဲ့ခြင်းမှာ အတော်လေး ဒေါသထွက်ဖွယ် ကောင်းလှသည်။
"ဒင်… ထွတ်အထိပ်အဆင့် မစ်ရှင် ထုတ်ပြန်ခြင်း - ပြီးပြည့်စုံသော လောက တစ်ခုဖြစ်သည့် ထျန်ယွမ်လောက၊ အရှေ့ပိုင်းဒေသရှိ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးပါ။"
"ကန့်သတ်ချက် - အနည်းဆုံး ထိပ်သီးအဆင့် အဖွဲ့များသာ ပါဝင်ခွင့်ရှိပြီး အဖွဲ့ဆယ်ဖွဲ့ အထိသာ လက်ခံမည်။ အချိန်ကန့်သတ်ချက် တစ်နှစ်။"
"ဆုလာဘ် - ပါဝင် ကူညီနိုင်မှု ပမာဏအပေါ် မူတည်၍ ခွဲဝေပေးမည်။ အမြင့်ဆုံးသူမှာ အင်မော်တယ် တက်လှမ်းခြင်း ဆေးလုံး၊ အဆင့် ၁၁ အင်မော်တယ် လက်နက်၊ အထူး ခန္ဓာကိုယ် စသည်တို့ကို ရရှိနိုင်ပြီး အနိမ့်ဆုံးသူမှာ အဆင့် ၁၀ ပစ္စည်း တစ်ခုကို ရရှိမည်။"
ထိုအသိပေးချက် အသံက သုံးကြိမ်တိုင်တိုင် ထွက်ပေါ်လာခဲ့သည်။
ဤကဲ့သို့ အထွတ်အထိပ်အဆင့် မစ်ရှင်မျိုး မထွက်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် သံသရာခန်းမဆောင်မှ အကျိုးအမြတ် ရရှိသူ အများအပြားမှာ အံ့အားသင့်သွားကြ၏။ ထိုမစ်ရှင်မျိုး တစ်ကြိမ် ထွက်ပေါ်လာတိုင်း ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခု ဖြစ်လာစမြဲပင်။
အဖွဲ့ပေါင်း ဆယ်နှစ်ဖွဲ့လုံး ကျဆုံးသွားခြင်းမှာ အမှန်တကယ်ပင် ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခု မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် နတ်ဘုရားသခင် အတွင်း၌…
"ဒင်… အဖွဲ့ နှစ်ဆယ်လုံး ပြီးပြည့်စုံသော ပြင်ညီလောက တစ်ခုတွင် ယခုလေးတင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ်တို့၏ နတ်ဘုရားသခင်ကို ရန်စစိန်ခေါ်လိုက်ခြင်းပင်။"
"ဒင်… အကန့်အသတ်မဲ့ အဆင့်ရှိ လောကဖျက်ဆီးခြင်း မစ်ရှင်ကို ယခု ထုတ်ပြန်လိုက်သည်။ ထျန်းယွမ်လောကကို အပြီးတိုင် ဖျက်ဆီးပါ။"
"ဒင်… လောက၏ ကိုယ်ပိုင် ကန့်သတ်ချက်များကြောင့် အဖွဲ့ပေါင်း တစ်ရာ အများဆုံး ပါဝင်နိုင်သည်။ ယခုပင် စာရင်းပေးသွင်းပါ… နှစ်နာရီ အတွင်း အဖွဲ့များ၏ အဆင့်သတ်မှတ်ချက် အပေါ် မူတည်၍ စတင် စီစဉ်ပေးမည်။"
အသိပေးချက်များနှင့် အတူ နတ်ဘုရားသခင် အတွင်း၌ ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီး ပေါ်ပေါက်သွားခဲ့လေပြီ။
ကျန်းမင်က သံသရာခန်းမဆောင်နှင့် နတ်ဘုရားသခင် အတွင်း ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ မသိခဲ့ပေ။ သူသိလျှင်ပင် ဂရုစိုက်နေမည် မဟုတ်ချေ။
သူ မတ်တပ်ထရပ်လိုက်ပြီး အကြောဆန့်လိုက်ကာ…"ကောင်မလေး… ခဏနေ ဘာစားချင်လဲ"
"အစ်ကိုကြီး… ကျွန်မ ဟော့ပေါ့ စားချင်တယ်"
ကျန်းမင် ခဏတာ စဉ်းစားလိုက်ပြီးနောက်…"ကောင်းပြီလေ… ငါ ပါဝင်ပစ္စည်း တချို့ ပြင်ဆင်လိုက်ဦးမယ်"
ပြောပြီးသည်နှင့် သူ လေဟာနယ်ထဲ ပျောက်ကွယ်သွားတော့သည်။
အချိန်တိုအတွင်းမှာပင် သူ့ဘေးတွင် မျောလွင့်နေသော ပါဝင်ပစ္စည်း အချို့နှင့်အတူ ပြန်ရောက်လာခဲ့၏။
လင်းလုံ အံ့အားသင့်သွားပြီး…
"အစ်ကိုကြီး… ဒါတွေက ဘာတွေလဲ… တော်တော်လေး လတ်ဆတ်နေတဲ့ ပုံပဲ"
ရှီယောင်က အနီးသို့ လျှောက်လာရင်း…"ဒါဘာလဲဆိုတာ ကျွန်မ သိတယ်… ရွှေရောင် အမဲကလီစာပဲ… ဒါပေမဲ့ သူ့ဆီက ထွက်ပေါ်နေတဲ့ ခမ်းနားလှတဲ့ သက်စောင့်စွမ်းအင်ကို ကြည့်ရသလောက် အနည်းဆုံး မူလဝိညာဉ် အဆင့်မှာ ရှိရမယ်… အစ်ကိုကျန်း ဒါတွေကို ဘယ်ကရလာတာလဲ"
ကျန်းမင်က စတင် ပြင်ဆင်နေရင်း…"တောင်ပိုင်းဒေသကို သွားပြီး မိစ္ဆာတချို့ကို သတ်လာတာ"
ထိုအဖြေကြောင့် ရှီယောင် အံ့အားသင့်သွားပြီးမှ လောကတစ်ခွင်လုံးကို သူ့ကိုယ်ပိုင် အမဲလိုက်ကွင်း အဖြစ် သဘောထားနေသော ကျန်းမင်၏ လုပ်ရပ်ကြောင့် ပါးနပ်စွာ ပြုံးလိုက်မိသည်။
လင်းလုံကမူ အလွန် စိတ်လှုပ်ရှားနေပြီး…"ရွှေရောင် အမဲကလီစာက စားလို့ကောင်းလား"
ရှီယောင်က သွားရည်ကျမတတ် ဖြစ်သွားပြီး ဆက်ပြောလာ၏။"ကောင်းတာပေါ့… အရင်တုန်းက ကျွန်မတို့ ဂိုဏ်းရဲ့ ပွဲတော်တစ်ခုမှာ ရွှေရောင် အမဲကလီစာကို စားခဲ့ရဖူးတယ်… အဲ့တုန်းက သတ်ခဲ့တာ ခရမ်းရောင်နန်းတော် အဆင့်ရှိတဲ့ နွားမိစ္ဆာ တစ်ကောင်လေ… တကယ်ကို အရသာ ရှိလွန်းတယ်… ဒါပေမဲ့ ရွှေရောင်နွားတွေက အရမ်း ရှားပါးပြီး တောင်ပိုင်းဒေသမှာပဲ အများဆုံး နေထိုင်ကြတော့ အမဲလိုက်ဖို့ အရမ်း ခက်ခဲတာ… ဒီနေ့ ဒီလို ပြန်စားရဖို့ ကံကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး… ပြီးတော့ ဒါက မူလဝိညာဉ် အဆင့်ကောင်ဆိုတော့ ပိုတောင် ကောင်းဦးမယ်"
သူတို့ စကားပြောနေစဉ်မှာပင် ကျန်းမင်က မီးဖိုတစ်ခုကို ထုတ်ယူ၍ စစ်မှန်သော သမာဓိမီးတောက်ဖြင့် မီးမွှေးလိုက်သည်။ ဝိညာဉ်အရည်များ ဆူပွက်လာပြီးနောက် ဟင်းခတ်အမွှေးအကြိုင် အချို့ကို ထည့်လိုက်ရာ အကြို အင်မော်တယ် အလင်းတန်းများ စတင် ထွက်ပေါ်လာတော့သည်။
ဤအရာများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော်ငြား ရှီယောင်မှာ အံ့ဩနေဆဲပင်။
"ထိပ်တန်း ဝိညာဉ်ဆေးပင်တွေကို ဟင်းခတ်အမွှေးအကြိုင် အဖြစ် သုံးပြီး ဝိညာဉ်ဆေးရည်ကို အချဉ်ရည် အဖြစ် သုံးရတာက… တကယ်ကို ဇိမ်ကျလွန်းတယ်လို့ ပြောရမယ်"
ထိုစဉ် အဝေးမှ အလင်းတန်း နှစ်ခု ပြေးဝင်လာသည်။
ခုလေးတင် ပြန်ရောက်လာသော ဂူဟိုင်က…"အနံ့လေးက တော်တော် မွှေးတာပဲ… မင်… မင်း ဘာဟင်းကောင်းတွေ ချက်နေတာလဲ… ပြီးတော့ ငါ့ကို ဘာလို့ မခေါ်ရတာလဲ… မင်းက တကယ့်ကို အသိတရား မရှိတဲ့ ကောင်ပဲ"
သူ့ဘေးတွင်တော့ ပထမအကြီးအကဲ ယင်ယွဲ့ ရှိနေ၏။ သူမက အသက် သုံးဆယ်ဝန်းကျင် အရွယ်ခန့် ရှိပုံရပြီး တောက်ပသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားကာ ယခင်ကကဲ့သို့ အေးစက်စက် နိုင်မနေတော့ပေ။
ကျန်းမင်က လှမ်းနှုတ်ဆက်ကာ…"ဆရာ… ဆရာကတော်… ခင်ဗျားတို့ နှစ်ယောက် ပြန်ရောက်လာတာ အချိန်ကိုက်ပဲ… လာ လာ… ထိုင်ကြဦး… ကောင်မလေး… သူတို့ကို လက်ဖက်ရည် အရင် တိုက်လိုက်ဦး… ဆရာ… ဆရာကတော် ရှိနေတာတောင် ခင်ဗျားရဲ့ ကိုယ်ပိုင် တပည့်ကို ဒီလိုမျိုး ဆူပူ ကြိမ်းမောင်းနေသေးတာလား"
ပထမနေရာသခင် ယင်ယွဲ့ မျက်နှာ အနည်းငယ် ရဲတက်သွားပြီး စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်၏။
"သူတော်စင် သမီးတော် ရှီယောင်… ဒီမှာနေရတာ အဆင်ပြေရဲ့လား"
"ရှင်က ဒီမှာ စီနီယာ တစ်ယောက်ပါ… ကျွန်မကို ရှီယောင်လို့ပဲ ခေါ်ပါ… ဒီနေရာက ကျင့်ကြံဖို့ ဘယ်တော်ဝင်မြေမဆိုထက် ပိုကောင်းနေတော့ ကျွန်မအတွက်က ကံကောင်းတဲ့ နေရာလေး တစ်ခုလိုပဲ… ဒါ့အပြင် နေ့စဉ် အစားအသောက်တွေ အဖြစ် ထူးခြားတဲ့ ဝိညာဉ်ပစ္စည်းတွေကို စားသောက်နေရတယ်လေ… ဒီရွှေရောင် အမဲကလီစာကို ကြည့်ပါဦး… အဲ့ဒါက မူလဝိညာဉ် အဆင့် နွားမိစ္ဆာ တစ်ကောင်ဆီကနေ ရလာတာ… ပြီးတော့ ဒီသစ်ကြံပိုးခေါက်နဲ့ တန်လန်ပန်းတွေကလည်း ထိပ်တန်း ဝိညာဉ်ဆေးပင်တွေချည်းပဲ… ဒီပုစွန်တွေ၊ နဂါးသားတွေ၊ ငါးတွေဆိုရင်လည်း မူလဝိညာဉ် အဆင့် ဒါမှမဟုတ် တော်ဝင်မြေမှာတောင် တစ်ခါမှ မစားဖူးတဲ့ သုခဘုံ အဆင့် မိစ္ဆာတွေဆီက ရလာတာတွေလေ"
ပထမအကြီးအကဲ ယင်ယွဲ့ ကြောင်အသွားပြီး…
"ဒါတွေက… လင်းလုံ… တကယ်ကြီးလား"
လင်းလုံက အနီးသို့ လျှောက်လာပြီး ပထမနေရာသခင် ယင်ယွဲ့၏ လက်မောင်းကို ကိုင်ကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဆရာကတော်… တကယ်ပေါ့… အစ်ကိုကြီးက တော်တဲ့ စားဖိုမှူး တစ်ယောက်လေ… ခဏနေရင် သူ့ဟင်းလျာတွေကို မြည်းကြည့်ရမယ်နော်"
ဂူဟိုင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်…
"မင်ရဲ့ ဟင်းလျာတွေက အရသာရှိပြီး ထူးခြားတယ်လို့ ငါ မင်းကို ပြောခဲ့တယ် မဟုတ်လား… အခု ငါပြောတာကို ယုံပြီလား"
ဂူဟိုင် တစ်ယောက် ကြီးကျယ်ခမ်းနားသော တပည့် နှစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့သောကြောင့် အလွန် ဂုဏ်ယူနေမိခြင်းပင်။ သူ့တပည့်အငယ်မှာ တော်ဝင် မြေမှ ပါရမီရှင်များ အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိသည့်အတွက် နာမည်ကျော်ကြားပြီး တပည့်အကြီးမှာမူ နာမည်ဆိုးဖြင့် ကျော်ကြားသော်ငြား အစားအစာ ပါဝင်ပစ္စည်းများ အဖြစ် ကြီးမားသော မိစ္ဆာများကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ လောကကြီးတွင် မည်သူက သူတို့နှင့် ယှဉ်နိုင်မည်နည်း။
ပထမအကြီးအကဲ ယင်ယွဲ့က ကျန်းမင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေဆဲဖြင့် ဝန်ခံလာ၏။ "အရင်တုန်းက ရှင် ကြွားလုံးထုတ်နေတယ်လို့ပဲ ထင်ခဲ့တာ"
ကျန်းမင် ပြင်ဆင်ပြီးသွားချိန်တွင် သူတို့အားလုံး စားပွဲတွင် ဝိုင်းထိုင်၍ စကားစမြည် ပြောဆိုရင်း ဟော့ပေါ့ကို အရသာခံ စားသောက်ကြတော့သည်။
End
***