“တစ်လုတ်စားရတာက ကံကောင်းမှု တစ်ခုနဲ့ ညီမျှတယ်... ဒီတစ်နပ်စာကို ချေဖျက်ဖို့တောင် တစ်နှစ်လောက် အချိန်ယူရမယ် ထင်တယ်” ပထမအကြီးအကဲ ယင်ယွဲ့က တစ်လုတ် စားကြည့်ပြီးနောက် ပို၍ပင် အံ့အားသင့်သွားတော့သည်။ သူမ အံ့အားသင့်ရခြင်းမှာ ပထမဆုံး တစ်လုတ်မှာပင် အဆုံးအစမဲ့သော သက်စောင့် အဆီအနှစ်များ ခန္ဓာကိုယ် အနှံ့ စီးဆင်းသွားပြီး သူမ၏ ရုပ်ကလာပ်ကို သန့်စင်ပေးကာ ချီနစွမ်းအင်နှင့် ဝိညာဉ်ကိုပါ မြှင့်တင်ပေးလိုက်ကြောင်း ခံစားလိုက်ရသောကြောင့်ပင်။
ဂူဟိုင်က အာမေဍိတ်သံဖြင့်…“ဘယ်သူက ငြင်းနိုင်မှာလဲ... ဒီကောင်လေး ဘယ်လောက်တောင် ဇိမ်ကျနေလဲ ကြည့်ပါဦး... တော်ဝင်မြေတွေက သန့်စင်သော သခင်တွေကလွဲရင် သူ့လောက် ဇိမ်ကျကျ နေနိုင်တဲ့သူ ရှိမယ် မထင်ဘူး”
“မတူဘူး... လုံးဝ နှိုင်းယှဉ်လို့ မရဘူး... ကျွန်မတို့ ရီယွဲ့ဂိုဏ်းက ဂိုဏ်းသခင်တောင် နှစ်တစ်ရာ နေလို့ ဒီလောက် ကောင်းတဲ့ အစားအစာမျိုး စားရမှာ မဟုတ်ဘူး” ရှီယောင်က သဘောမတူဟန်ဖြင့် ခေါင်းခါယမ်းမိသည်။
“တကယ်လား... ဘာပဲဖြစ်ဖြစ် သူက တော်ဝင်မြေ တစ်ခုရဲ့ သန့်စင်သော သခင်လေ” ဂူဟိုင် တစ်ယောက် အံ့အားသင့်သွားသည်။
“ဦးလေး... ဒီထဲမှာ ဘာတွေ ပါလဲ ကြည့်ပါဦး... ပါဝင်ပစ္စည်းတွေက မိစ္ဆာကြီးတွေ ဆီကနေ ရလာတာ မဟုတ်ရင် ဝိညာဉ် ပစ္စည်းတွေချည်းပဲလေ... ဒီထက် ပိုပြီး ဇိမ်ကျနိုင်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ... ဂိုဏ်းသခင်ဆိုရင်တောင် နှစ်တစ်ရာမှာ တစ်ခါလောက် ဒီလို ဇိမ်ကျကျ စားပြီးရင် အချိန် အတော်ကြာတဲ့အထိ စိတ်မလုံမလဲ ဖြစ်နေဦးမှာ” ရှီယောင်က ကောက်ကျစ်စွာ ပြုံးပြ၏။
“ဒီလိုဆိုမှတော့ ငါက တော်ဝင်မြေရဲ့ သခင်နဲ့ ယှဉ်နိုင်နေပြီပေါ့” ဂူဟိုင် အလွန် စိတ်လှုပ်ရှားသွားတော့သည်။
ကျန်းမင်က ရယ်မောရင်း...
“မဟုတ်ပါဘူး... ဆရာက တော်ဝင်မြေ သခင်တွေထက်တောင် ပိုကြီးမြတ်ပါသေးတယ်... ဆရာက နေ့တိုင်း ဒီလို ဇိမ်ခံတာကို တော်ဝင်မြေ သခင်တွေက မခံစားနိုင်ဘူးလေ”
“အေး... မင်းပြောတာ မှန်တယ်” ဂူဟိုင်က မုတ်ဆိတ်ကို သပ်ကာ ပထမအကြီးအကဲ ယင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး တူများကို ချလိုက်သည်။ ထို့နောက် ကျန်းမင်ထံ အာရုံစိုက်လိုက်ပြီး... “အမင်... မင်းကို ပြုစုပျိုးထောင် ပေးခဲ့တာ ငါမဟုတ်လား”
“ဟုတ်ပါတယ်... ဆရာက ကျွန်တော့်ကို ပြုစုပျိုးထောင်ပြီး ပညာသင်ပေးခဲ့တာပါ... ဆရာ လိုချင်တာ ရှိရင် တိုက်ရိုက်သာ ပြောပါ... မဟုတ်ရင် ကျွန်တော် လန့်လာပြီ” ကျန်းမင်က ပြန်ဖြေလိုက်၏။
ဂူဟိုင် တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သူက လေးနက်သော လေသံဖြင့်...
“တကယ်လို့ ဒီတစ်နပ်စာကိုသာ ဂိုဏ်းကို ပေးလိုက်ရင် ဂိုဏ်းရဲ့ အင်အားက အဆင့်တစ်ဝက်လောက် တက်သွားမှာ... ရှောင်မင်... မင်း ဂိုဏ်းကို အကူအညီ တချို့ ပေးနိုင်မလား”
ပထမအကြီးအကဲ ယင်ယွဲ့လည်း တူများကို ချထားလိုက်ပြီး မျှော်လင့်တကြီးဖြင့် နားထောင်နေမိသည်။
“ဆရာကလည်း... ဆရာ ဒီလို ယဉ်ယဉ်ကျေးကျေး ပြောနေတော့ ကျွန်တော် နေရခက်လာပြီ... ဆရာ လိုချင်တာသာ ပြောပါ... တကယ်တော့ ဆရာ မတောင်းဆိုရင်တောင် ကျွန်တော် ကူညီပေးဖို့ စဉ်းစားထားပြီးသားပါ... အရင်တုန်းကတော့ ကျင့်ကြံတာရယ်၊ ဟိုကိစ္စတွေ ဖြေရှင်းနေရတာရယ်နဲ့ အလုပ်ရှုပ်နေလို့ မလုပ်ပေးဖြစ်တာပါ”
“အခု ဆရာကလည်း စကားစလာပြီ ဆိုတော့... ဆရာကတော်လည်း ရှိနေတာနဲ့ အခုချက်ချင်း ကတိတစ်ခု ပေးလိုက်မယ်... ကျွန်တော်တို့ ဂိုဏ်းကို တော်ဝင်မြေတွေနဲ့ ယှဉ်နိုင်တဲ့ အထိ ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်... ဘယ်လိုလဲ... သဘောကျရဲ့လား” ကျန်းမင်က ပြုံးလျက် ပြောလိုက်သည်။
“ကောင်းတာပေါ့... မင်း ဘယ်လို လုပ်မလဲ ဆိုတာ အသေးစိတ်လေး ပြောပြပါဦး” ဂူဟိုင်မှာ ဝမ်းသာလုံးဆို့ သွားတော့သည်။
“ဂိုဏ်းရဲ့ နယ်မြေ အတွင်းမှာ တာအို လှိုင်းဂယက်တွေကို ဆယ်ဆ မြှင့်တင်ပေးပြီး ဝိညာဉ် အဆီအနှစ်ကို အဆ တစ်ရာအထိ မြှင့်တင်ပေးဖို့ စဉ်းစားထားတယ်... ပြီးတော့ ဆေးလုံး အမျိုးအစား ဆယ်မျိုး၊ သိုင်းကျင့်စဉ် အမျိုးအစား တစ်ရာ၊ အထူး စွမ်းအား အမျိုးအစား တစ်ထောင်နဲ့ တာအို လက်နက် တစ်သောင်းကို ဂိုဏ်းအတွက် ပေးမယ်... ဆရာ ဘယ်လို ထင်လဲ” ကျန်းမင်က ရှင်းပြလိုက်၏။
“ဒါ... ဒါက... အမင်... ဒါက နည်းနည်း များလွန်းမနေဘူးလား... ငါက မင်းကို ဂိုဏ်းအတွက် အကူအညီလေး ပေးဖို့ပဲ တောင်းဆိုတာပါ... မင်း လူမွဲစာရင်း ခံရတဲ့ အထိတော့ မဟုတ်ပါဘူး” ဂူဟိုင်မှာ ကျန်းမင်၏ ကတိစကားကြောင့် အံ့အားသင့် မင်သက်သွားသည်။
ရှီယောင်လည်း ဇဝေဇဝါ ဖြစ်နေမိ၏။ တာအို လှိုင်းဂယက်များကို ဆယ်ဆအထိ မြှင့်တင်နိုင်ကြောင်း သူမ မသိခဲ့ချေ။ ထို့ပြင် အထူး စွမ်းအား အမျိုးအစား တစ်ထောင်နှင့် တာအို လက်နက် တစ်သောင်း ပေးမည်ဟူသော ကျန်းမင်၏ ကတိကြောင့် သူမ လွန်စွာ ထိတ်လန့်သွားခဲ့သည်။ သို့သော် ယခုအချိန်အထိ ကျန်းမင် လုပ်ဆောင်ခဲ့သမျှ အရာများကို ပြန်လည် စဉ်းစားကြည့်လိုက်ချိန်တွင်တော့ ကျန်းမင်၏ ကတိမှာ လက်ခံနိုင်ဖွယ် ရှိကြောင်း ခံစားလိုက်ရသည်။ တစ်ဖက်တွင်မူ ပထမအကြီးအကဲ ယင်ယွဲ့မှာ အံ့အားသင့်လွန်းသဖြင့် ထိုင်ခုံမှပင် မတ်တပ် ရပ်မိမတတ် ဖြစ်သွားရ၏။ ကလေးလေး တစ်ယောက်ဟု သူမ ထင်မှတ်ထားခဲ့သော ကျန်းမင်ကို ကြည့်ရင်း အရာအားလုံးမှာ အိပ်မက်တစ်ခုလိုပင်။
ဇီလင်းလုံကမူ တည်ငြိမ်စွာပင် ဆက်လက် စားသောက်နေသည်။ ဤအရာများ အားလုံးမှာ သူမ အစ်ကိုကြီး အတွက် ဘာမှ မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားပြီး ဖြစ်၏။ အကယ်၍သာ သူမ အစ်ကိုကြီး ဖန်တီးထားသော ဝိညာဉ် စိုက်ခင်းကိုသာ သူတို့ မြင်တွေ့လိုက်ရပါက အားလုံး ရူးသွပ် သွားနိုင်သည်ဟုပင် တွေးနေမိသည်။
ကျန်းမင်က ရယ်မောလိုက်ပြီး...
“ကျွန်တော်က ဂိုဏ်းရဲ့ တပည့် တစ်ယောက်လေ... ဒါကြောင့် ကိုယ် ချမ်းသာလာတဲ့ အချိန်မှာ ဂိုဏ်းကို ပြန်လည် ပေးဆပ်ရမှာပေါ့ မဟုတ်ဘူးလား... ဆရာ စိတ်မပူပါနဲ့... ဒါတွေက ကျွန်တော့်အတွက် ဘာမှ မဟုတ်ပါဘူး... တကယ်တော့ အင်မော်တယ် လက်နက် တချို့ ပေးမလို့ တွေးထားသေးတာ... ဒါပေမဲ့ အစွမ်းအထက်ဆုံး ခေါင်းဆောင်က မူလဝိညာဉ် အဆင့်မှာပဲ ရှိသေးတော့ သူတို့ အဲ့ဒါတွေကို သုံးနိုင်ဦးမှာ မဟုတ်ဘူးလေ”
“မင်းက ကြွားနေပြန်ပြီ” ဂူဟိုင်က မှတ်ချက်ပေးသည်။ ထို့နောက် သူ မရယ်ဘဲ မနေနိုင်တော့ချေ။ “ဒီလို တပည့်မျိုး ရထားမှတော့ ငါက ဘာများ ထပ်တောင်းဆိုစရာ လိုဦးမှာလဲ... ရှောင်မင်... ငါ ဂိုဏ်းချုပ်ကို ဒီခေါ်လိုက်ရမလား”
“မလိုပါဘူး” ကျန်းမင်က ဂူဟိုင်ထံ လက်စွပ် တစ်ကွင်း ပစ်ပေးလိုက်ရင်း... “အရာအားလုံး ဒီထဲမှာ ပါပါတယ်... ဝိညာဉ် အဆီအနှစ်နဲ့ တာအို လှိုင်းဂယက်တွေ ကိစ္စကိုတော့ နောက်နှစ်ရက်လောက် နေရင် ကျွန်တော် စီစဉ်ပေးပါ့မယ်”
“ကောင်းပြီ... ကောင်းပြီကွာ” ဂူဟိုင်က ရယ်မောလိုက်သော်လည်း သူ့မျက်လုံးများမှာ နီရဲလာခဲ့လေပြီ။
အစားအသောက် ဝိုင်းလေးမှာ သဟဇာတ ဖြစ်စွာဖြင့် အဆုံးသတ် သွားတော့သည်။
[ဒင်… သဟဇာတ ဖြစ်သော အစားအသောက် ဝိုင်းတစ်ခုကို ပြင်ဆင်ပြီး စားသောက်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူပါသည်… ဆုလာဘ် အနေဖြင့် အဆင့်မြှင့်တင်ထားသော တော်ဝင် ပြည်နယ် တာအိုရင်ပြင်ကို ချီးမြှင့်ပါသည်]
[မူလ တာအိုရင်ပြင်မှာ လက်ခံသူ နေထိုင်သည့် တောင်ထွတ် တစ်ခုတည်းကိုသာ လွှမ်းခြုံထားခြင်း ဖြစ်သည်… တောင်ထွတ်ပေါ်ရှိ တာအို လှိုင်းဂယက်များမှာ အပြင်ဘက် ဧရိယာထက် အဆတစ်ရာ ပိုမို အားကောင်းပါသည်… ထို့ကြောင့် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ဝင်ရောက်ရန်နှင့် ကောင်းကင်နှင့် မြေကြီး၏ တာအိုများကို နားလည် သဘောပေါက်ရန် ပိုမို လွယ်ကူပါသည်… ထို့အပြင် သင်သည် လက်ခံသူ ဖြစ်သည့် အလျောက် တာအိုရင်ပြင် အတွင်း၌ သင့်ထက် အဆတစ်ရာ ပိုမို စွမ်းအား မကြီးမားသူ မည်သူ့ကိုမဆို လွယ်ကူစွာ ဖိနှိပ် ချေမှုန်းနိုင်စွမ်း ရှိပါသည်]
[အဆင့်မြှင့်တင် ပြီးနောက် တာအိုရင်ပြင်မှာ ဂိုဏ်း၏ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံနိုင်သည် အထိ ကျယ်ပြန့် သွားမည် ဖြစ်သည်… ပြီးလျှင် သင်သည် လက်ခံသူ အနေဖြင့် တာအို လှိုင်းဂယက်များ၏ အားကောင်းမှုနှင့် ဉာဏ်အလင်းပွင့်နိုင်မှု ရာခိုင်နှုန်းကို စိတ်ကြိုက် ချိန်ညှိနိုင်စွမ်း ရှိပါသည်… တာအိုရင်ပြင် အတွင်းတွင် မည်သည့် ကောင်းကင်နှင့် မြေကြီး၏ တာအိုများမှ သက်ရောက်မှု ရှိမည် မဟုတ်ပါ… ကျန်သည့် အချက်များ အားလုံးမှာ မူလအတိုင်းပင် ဖြစ်သည်]
ဆုလာဘ်ကြောင့် ကျန်းမင် အလွန် စိတ်လှုပ်ရှားသွားပြီး မျက်လုံးများ တောက်ပလာသည်။ တာအိုရင်ပြင် ကျယ်ပြန့်သွားခြင်းကို သူ သိပ်ဂရုမစိုက်သော်လည်း တာအိုရင်ပြင် အတွင်းတွင် ကောင်းကင်နှင့် မြေကြီး တာအိုများ သက်ရောက်မှု မရှိတော့ဟူသော အချက်က လွန်စွာ အရေးပါလှ၏။ ဆိုလိုသည်မှာ သူသာ တာအိုရင်ပြင် အတွင်း၌ ရှိနေမည် ဆိုပါက အကြို အင်မော်တယ် ဆင့်ကို ကျော်လွန် သွားခဲ့လျှင်ပင် ဤကမ္ဘာလောက၏ ဖယ်ကြဉ်ခြင်းကို ခံရမည် မဟုတ်တော့ချေ။ တစ်နည်း အားဖြင့် သူက ချူယန် တောင်ထွတ်ပေါ်တွင် အချိန် အကြာဆုံး ဆက်လက် နေထိုင်နိုင်ပြီ ဖြစ်သည်။
‘စနစ်က ငါ့ကို နှစ်တစ်သောင်းလောက် တံခါးပိတ် ကျင့်ကြံမယ့်သူ အဖြစ် ပြင်ဆင်ပေးချင် နေတာလား’ ကျန်းမင် စိတ်ထဲ တွေးလိုက်မိသည်။
ထို့နောက် စိတ်လှုပ်ရှားမှုများ အဆုံးတွင် သူ အနည်းငယ် စိတ်ပျက်သွားပြန်၏။ အဆင့်မြှင့်တင် လိုက်သော တော်ဝင် ပြည်နယ် တာအိုရင်ပြင်၏ အကျိုးကျေးဇူးများမှာ သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သူ့ထက် အဆ တစ်ထောင်ခန့် ပိုမို စွမ်းအား ကြီးမားသူများကိုပါ ဖိနှိပ်နိုင်စွမ်း ရှိလာမည်ဟု သူ ထင်မှတ်ထားခဲ့ခြင်းပင်။
ဂူဟိုင်က အားပါးတရ စားသောက်ပြီးနောက် ထိပ်တန်း ခေါင်းဆောင် ယင်ယွဲ့နှင့် အတူ ထွက်ခွာသွားတော့သည်။
သူတို့ နှစ်ယောက် လေထဲတွင် ပျံသန်း သွားနေစဉ်...
“ဒီမှာ... ဟိုကောင်လေးဆီက ကန်တော့လက်ဆောင်တဲ့” ဂူဟိုင်က ပထမအကြီးအကဲ ယင်ယွဲ့ထံ သိုလှောင်ကွင်း တစ်ကွင်း ကမ်းပေးလိုက်ရင်း... “မင်းက လက်မခံဘဲ နေမှာစိုးလို့ သူ့ကိုယ်စား ငါ့ကို ပေးခိုင်းလိုက်တာ”
“တကယ်ဆို ငါကတောင် သူ့ကို တစ်ခုခု ပြန်ပေးရဦးမှာ” ပထမအကြီးအကဲ ယင်ယွဲ့က ကောက်ကျစ်စွာ ပြုံးမိသွား၏။
ဂူဟိုင်က ရယ်မောလိုက်ပြီး...
“ငါတို့က မိသားစုတွေပဲ... အဲ့ဒါတွေ ပြောမနေပါနဲ့... ဒါ့အပြင် သူ ငယ်ငယ်တုန်းက မင်းလည်း သူ့ကို စောင့်ရှောက်ပေးခဲ့တာပဲလေ... သူက ဘာမှ ဂရုမစိုက်တတ်တဲ့ ပုံပေါက်နေပေမဲ့ တကယ်တော့ တော်တော်လေး အသိတရား ရှိတဲ့ကောင်ပါ”
“အင်း... သဘောတူတယ်... အရင်တုန်းကတော့ သူ့ရဲ့ သာမန် ပါရမီလေးနဲ့ တောင်ထွတ် တစ်ခုကို ဦးဆောင်ဖို့ ခက်ခဲလှချည်ရဲ့လို့ စိုးရိမ်နေခဲ့တာ... မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူက ဒီလောက် အဆင့်ထိ ကြီးထွားလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... အရာအားလုံးက အိပ်မက် တစ်ခုလိုပဲ... တကယ်ကို မယုံနိုင်စရာပဲ” ပထမအကြီးအကဲ ယင်ယွဲ့က ခေါင်းညိတ် ထောက်ခံသည်။
“သူ့စရိုက်နဲ့ အသိတရားက အရင်လိုပဲ မပြောင်းလဲဘဲ ငါ့ရှေ့မှာ တုံ့ဆိုင်းမနေဘဲ ဒူးထောက်လေ့ ရှိတာသာ မဟုတ်ရင် သူက တခြား ဝိညာဉ် တစ်ခုခု ဝင်စားနေတာလားလို့တောင် ငါ ထင်မိမှာ” ဂူဟိုင်က ဆက်ပြောလာ၏။ “ဘာပဲဖြစ်ဖြစ် ဒါက ငါတို့နဲ့ ငါတို့ဂိုဏ်း အတွက်တော့ ကောင်းချီး တစ်ခုပါပဲ... ဒါနဲ့ မင်း အရင် ပြန်နှင့်လိုက်... ငါ ဂိုဏ်းချုပ်ဆီ သွားလိုက်ဦးမယ်... ဒီတစ်ခါတော့ အဲ့ဒီ အဘိုးကြီး ကိုယ်တိုင် ငါ့ကို ကျေးဇူးတင်လာအောင် လုပ်ရမယ်”
“အရမ်းကြီးတော့ အလွန်အကျွံ မလုပ်နဲ့ဦးနော်”
“စိတ်မပူပါနဲ့... မလုပ်ပါဘူး”
ထို့နောက် သူတို့ နှစ်ယောက် လမ်းခွဲ သွားကြတော့သည်။
ထိုက်ယန် တောင်ထွတ်၏ ခန်းမဆောင်ကြီး အတွင်းတွင်...
ဂူဟိုင်က လက်နောက်ပစ်ကာ မေးငေါ့၍ မောက်မောက်မာမာ လျှောက်ဝင်လာ၏။
“ဟော... ဘယ်က ဘဲအိုကြီး ရောက်လာတာလဲ... ဟေ့ကောင် မိစ္ဆာ... မင်းက လူမှ မဟုတ်တာ... အခုချက်ချင်း မင်းရဲ့ မူလ ရုပ်သွင်ကို ဖော်ပြစမ်း” ဂိုဏ်းချုပ် ယန်က အော်ဟစ်လိုက်သည်။
ဂူဟိုင် တစ်ယောက် ခြေခလုတ်တိုက်မိပြီး နောက်သို့ လန်ကျမတတ် ဖြစ်သွား၏။ သူက နှုတ်ခမ်းစူလိုက်ပြီး...
“ခွေးကောင်... မင်းက ငါ့ကို ဆဲရဲတယ်ပေါ့... မင်းကို ကြီးမားတဲ့ ကံကောင်းမှုကြီး တစ်ခု ပေးမလို့ တွေးထားတာ... အခုတော့ မပေးတော့ဘူး”
ပြောပြီးသည်နှင့် ဂူဟိုင်က လှည့်ထွက်သွားတော့သည်။
ဂိုဏ်းချုပ် ယန်၏ မျက်လုံးများ တောက်ပသွားပြီး ဂူဟိုင် နောက်သို့ အပြေးအလွှား လိုက်သွားကာ...
“ညီလေးဂူ... အစ်ကိုဂူ... အစ်ကိုကြီး... ကျွန်တော့် မျက်စိတွေ မှုန်သွားလို့ပါဗျာ”
သူက တပည့်ဖြစ်သူအား အမိန့်ပေးကာ… “လက်ဖက်ရည် တည်ခင်းစမ်း... အကောင်းစား လက်ဖက်ရည် သွားယူခဲ့”
သို့သော် ရုတ်တရက် စိတ်ပြောင်းသွားပြီး … “နေ နေ... ငါ့ဘာသာပဲ လုပ်လိုက်မယ်”
သူက ဂူဟိုင်၏ လက်မောင်းကို ဆွဲ၍ ထိုင်ခုံတွင် နေရာချပေးပြီးနောက် လက်ဖက်ရည် စတင် ကျိုချက်တော့သည်။
“မဆိုးဘူး” ဂူဟိုင်က ခြေချိတ်ထိုင်လိုက်၏။ ထို့နောက် ဂိုဏ်းချုပ် ကမ်းပေးသော လက်ဖက်ရည်ခွက်ကို လှမ်းယူသည်။ တစ်ငုံ သောက်လိုက်သည်နှင့် ချက်ချင်း ပြန်ထွေးထုတ်လိုက်ပြီး ရွံရှာဖွယ် အရာ တစ်ခုလို လက်ဖက်ရည်ခွက်ကို ဘေးရှိ စားပွဲပေါ် ချလိုက်ရင်း... “ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေပြီး ဒီလို အရသာ မရှိတဲ့ လက်ဖက်ရည်မျိုးကို ဘယ်လိုများ သောက်နိုင်ရတာလဲ”
ဂိုဏ်းချုပ်က ဂူဟိုင် ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့်...
“ကျွန်တော်က အစ်ကိုဂူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ပြောပါဦး... ခုနက ပြောတဲ့ ကြီးမားတဲ့ ကံကောင်းမှု ဆိုတာ ဘာလဲ... ကျွန်တော်တို့က အတူတူ ကြီးပြင်းလာပြီး ဂုဏ်သိက္ခာရော အရှက်တကွဲ ဖြစ်တာတွေကိုပါ အတူတူ ဖြတ်သန်းလာခဲ့ကြတာလေ... ဒါကြောင့် လျှို့ဝှက် မနေပါနဲ့တော့... ဘာလဲ ဆိုတာသာ မြန်မြန် ပြောပြစမ်းပါ”
ဂူဟိုင်က ပြန်မဖြေဘဲ လက်ဖက်ရည်အိုး တစ်လုံးကို ထုတ်ယူကာ ဝိညာဉ် အရည်များ ထည့်လိုက်ပြီး လက်ဖဝါး နှစ်ဖက်ကို ပူး၍ ဆူပွက်လာအောင် လုပ်လိုက်သည်။ ထို့နောက် လက်ဖက်ခြောက် တစ်ရွက်ကို ထုတ်ယူ၍ လက်ဖက်ရည်ခွက် အလွတ် တစ်လုံးထဲ ထည့်ကာ ရေနွေးများ အပြည့် လောင်းထည့်လိုက်၏။
ရေစီးကြောင်းနှင့်အတူ လက်ဖက်ခြောက်ရွက်လေး လည်ပတ်နေစဉ် တာအို လှိုင်းဂယက်များနှင့် သက်စောင့် စွမ်းအင်များ ဖြာထွက်လာပြီး တောက်ပလာခဲ့သည်။
“တကယ့်ကို ထူးခြားတဲ့ လက်ဖက်ရည်ပဲ” ဂိုဏ်းချုပ်မှာ လက်ဖက်ခြောက်၏ ခြားနားမှုကို ကောင်းကောင်း သိမြင်နိုင်စွမ်း ရှိသူပီပီ လျင်မြန်စွာ မေးလာသည်။ “ဒါ ကျွန်တော့်အတွက်လား”
“မြည်းကြည့်လိုက်”
“သေချာပေါက်ပေါ့”
ဂိုဏ်းချုပ်က လက်ဖက်ရည် ပူနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လက်ဖက်ရည်ခွက်ကို ချက်ချင်း ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်ရာ မျက်လုံးများ အလိုလို မှိတ်ကျ သွားတော့သည်။
အတန်ကြာမှသာ သူက မျက်လုံး ပြန်ဖွင့်လာပြီး အံ့အားသင့်သည့် အမူအရာဖြင့်...
“တစ်ငုံလေး သောက်လိုက်တာနဲ့ ချက်ချင်းကို ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကို ရောက်သွားတယ်... ဒါ့အပြင် ငါ့မာနစွမ်းအင်တွေ လန်းဆန်းသွားပြီး မူလဝိညာဉ်ပါ မြင့်တက်သွားတယ်... ဒါက အင်မော်တယ် လက်ဖက်ရည်လား”
သူက ခွက်ထဲရှိ လက်ဖက်ခြောက်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိ၏။
ဂူဟိုင်က ပြုံး၍ မေးသည်။
“ခပ်ဆင်ဆင်ပါပဲ... မင်းဟာနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ”
“လုံးဝ ယှဉ်လို့ မရဘူးလေ” ဂိုဏ်းချုပ်က ချက်ချင်း ပြန်ဖြေ၏။ “အစ်ကိုဂူ... ခုနက ကျွန်တော့်ကို ပေးမယ်ဆိုတဲ့ ကံကောင်းမှုက ဒါလား... အစ်ကိုက တကယ့်ကို ကောင်းတဲ့ အရာတွေကို ဝေမျှပေးတတ်တဲ့ ကျွန်တော့် အစ်ကို အရင်းပါပဲဗျာ”
“ဒါက ဘာမှ မဟုတ်သေးဘူး... တကယ့် ကံကောင်းမှု အစစ်အမှန်နဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှကို မဟုတ်တာ” ဂူဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။
“အစ်ကိုဂူ... ခင်ဗျားကတော့ ကြွားနေပြန်ပြီ... အင်မော်တယ် လက်ဖက်ရည်ကိုတောင် ကံကောင်းမှု တစ်ခုလို့ မသတ်မှတ်ဘူး... ဘာမှ မဟုတ်ဘူး ဟုတ်လား” ဂိုဏ်းချုပ်က မယုံကြည်နိုင်စွာဖြင့် မေးလာ၏။
“ဆံပင်ရှည်တဲ့ လူတွေက အမြင်တိုတတ်တယ် ဆိုတာ မင်းကို ပြောတာပဲ... ဂိုဏ်းထဲက ဝိညာဉ် အဆီအနှစ် သိပ်သည်းဆကို အဆ တစ်ရာအထိ မြှင့်တင်ပေးတော့မှာကွ” ဂူဟိုင်က ရှင်းပြလိုက်သည်။
“အစ်ကိုဂူ... သေချာလို့လား... လင်းလုံ နောက်ကွယ်က လူက အခု ကျွန်တော်တို့ ဂိုဏ်းကို ထောက်ပံ့ပေးဖို့ စဉ်းစားနေပြီလား” ဂိုဏ်းချုပ် တစ်ယောက် အံ့ဩတကြီး ရေရွတ်လိုက်၏။
“အို... ယန်ယန်... တည်တည်ငြိမ်ငြိမ် နေစမ်းပါ... တည်တည်ငြိမ်ငြိမ် နေပါ... အများကြီး ကျန်သေးတယ်... ဆေးလုံး အမျိုးအစား ဆယ်မျိုး... အဲ့ဒီ ဆေးလုံးတွေက မူလဝိညာဉ် အထွတ်အထိပ် အဆင့်ကို ရောက်နေတဲ့ သူတွေကို သုခဘုံ အဆင့်ထိ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တယ်”
“သေစမ်း... အစ်ကိုကူ... ကျွန်တော့်ကို နောက်နေတာလား... သုခဘုံ အဆင့်ထိ တက်လှမ်းအောင် ကူညီပေးနိုင်တဲ့ ဆေးလုံး အကြောင်း တစ်ခါမှကို မကြားဖူးပါဘူး”
“သိုင်းကျင့်စဉ် အမျိုးအစား တစ်ရာ... အထူး စွမ်းအား အမျိုးအစား တစ်ထောင်”
“အစ်ကိုကူ... တကယ် ပြောနေတာလား”
“တာအို လက်နက် တစ်သောင်း”
“သေစမ်း... ကျွန်တော့် နှလုံးသားလေး ဒါထက် ပိုပြီး ခံနိုင်ရည် ရှိပါ့မလား မသိတော့ဘူး”
“ဂိုဏ်းထဲက တာအို လှိုင်းဂယက်တွေကို ဆယ်ဆ မြှင့်တင်ပေးမယ်”
“အိုဘုရားရေ... တာအို လှိုင်းဂယက်တွေကို ဆယ်ဆ မြှင့်တင်လို့ ရမှန်း ကျွန်တော် တစ်ခါမှ မသိခဲ့ဘူး”
ဂိုဏ်းချုပ် ယန် တစ်ယောက် လုံးဝ ဆွံ့အ မင်သက်သွားတော့သည်။
ဂူဟိုင်က ပြုံးကာ…“မင်း လိုချင်လား”
“တကယ်တွေချည်းပဲလား” ဂိုဏ်းချုပ် ယန်၏ မျက်လုံးများ နီရဲလာပြီး သူ့ နှလုံးခုန်နှုန်းများ မြန်ဆန်လာကာ မိတ်လိုက်ချိန် ရောက်နေသော နွားသိုးအို တစ်ကောင်လို ဖြစ်နေလေပြီ။
“ဒီလို ကိစ္စမျိုးကို ငါက ဘယ်လိုလုပ် လိမ်ရဲမှာလဲ” ဂူဟိုင်က ဂိုဏ်းချုပ်ကို အနည်းငယ် ဒေါသထွက်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“အစ်ကိုက ကျွန်တော့် အစ်ကိုကြီးပဲ... အခုကစပြီး ကျွန်တော့်ရဲ့ အစ်ကို အရင်းကြီးပဲ” ဂိုဏ်းချုပ်က နောက်သို့ ခြေနှစ်လှမ်း ဆုတ်ကာ လက်သီးဆုပ်၍ အရိုအသေ ပေးလိုက်ပြီးနောက် ဆက်ပြောလာ၏။ “အစ်ကိုကြီး... ကျွန်တော်တို့ ဂိုဏ်းအတွက် တော်တော်လေး စိတ်ပူနေခဲ့ရတာ... ချင်းပြည်နယ် မဟာမိတ်အဖွဲ့ရဲ့ နှိပ်ကွပ်မှု၊ ချင်းယွင်ဂိုဏ်းရဲ့ ဖိနှိပ်မှုနဲ့ ဖိုဂိုဏ်းရဲ့ ဖိအားတွေကို ရင်ဆိုင်ခဲ့ရတုန်းက ဘယ်လောက်တောင် စိတ်ဖိစီးခဲ့ရလဲ အစ်ကို သိလား... အခု ကျွန်တော့်ကို ကြည့်ပါဦး... မူလဝိညာဉ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတာတောင် ဆံပင်တွေ ဖြူနေပြီ... လင်းလုံလေးက ကြီးမားတဲ့ ကံကောင်းမှုတွေ ကြုံတွေ့ခဲ့ရလို့ ရတနာတွေ အများကြီး ရှိနေတယ် ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ သူတို့ကို စော်ကားမိသလို ဖြစ်သွားမှာ စိုးလို့ ကျွန်တော် ဘာမှ မတောင်းဆိုရဲခဲ့ဘူးလေ”
ဂိုဏ်းချုပ်က မျက်ရည်များကို သုတ်လိုက်ပြီး သူ့ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားရင်း...
“အစ်ကိုကြီး... အစ်ကိုက ဂိုဏ်းကို အိမ်တစ်လုံးလို သဘောထားပြီး ဂိုဏ်းအတွက် အများကြီး စွန့်လွှတ် အနစ်နာခံ ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကိုယ့်တပည့်ကို အတင်းအကျပ် မလုပ်မိပါစေနဲ့... သူမ ရှိနေရင်ကို ဂိုဏ်းက အဆင်ပြေပြီး တဖြည်းဖြည်း တိုးတက်လာမှာပါ... ဒါကြောင့် သူမကို စိတ်ပျက်ပြီး စိတ်ခုစေမယ့် တောင်းဆိုမှုမျိုးတွေ အများကြီး မလုပ်သင့်ဘူး”
“အဘိုးကြီး... မင်းက တော်တော်လေး သဘောထား ပြည့်ဝတာပဲ” ဂူဟိုင်က နှာမှုတ်လိုက်ပြီး သိုလှောင်ကွင်းကို ဂိုဏ်းချုပ်ထံ ပစ်ပေး၏။ “စိတ်ချပါ... ဒါက ကလေးတွေ သူတို့ဘာသာသူတို့ အသိတရား ရှိလို့ ပေးတာပါ... အတင်းအကျပ် လုပ်ထားတာ မဟုတ်ဘူး... ပြီးတော့ ဝိညာဉ် အဆီအနှစ် သိပ်သည်းဆနဲ့ တာအို လှိုင်းဂယက်တွေ တိုးမြှင့်ပေးမယ့် ကတိကတော့ အကောင်အထည် ဖော်ဖို့ နှစ်ရက် သုံးရက်လောက် ကြာလိမ့်မယ်”
“ဒါဆိုရင် အရမ်း ကောင်းတာပေါ့... အရမ်း ကောင်းတာပေါ့ဗျာ” ဂိုဏ်းချုပ်က သိုလှောင်ကွင်းကို ဖမ်းယူလိုက်ပြီး အတွင်းရှိ ပစ္စည်းများကို သူ့ အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ရာ အံ့အားသင့် မင်သက်သွားရတော့သည်။ အတန်ကြာမှသာ သတိပြန်ဝင်လာပြီး အသက်ပြင်းပြင်း ရှူရင်း... “အစ်ကိုကူ... ဒီလောက် ကြီးမားတဲ့ လက်ဆောင်ကြီးကြောင့် ကျွန်တော် နေရခက်လာပြီ... ကျေးဇူးတင်တဲ့ အနေနဲ့ အစ်ကို့ရှေ့မှာ ဒူးထောက်လိုက်ရမလား”
“ထွက်သွားစမ်းပါ” ဂူဟိုင်က လက်စွပ်ကို ခါယမ်း၍ ထွက်ခွာသွားတော့သည်။ မထွက်ခွာမီ သူက ထပ်ပြောခဲ့သေး၏။ “အဲ့ဒီမှာ တိတ်တိတ်ဆိတ်ဆိတ် နေဖို့ လိုတယ်နော်”
“သေချာပေါက်ပါဗျာ”
ဂိုဏ်းချုပ် ယန်က လက်စွပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ပြုံးနေသော်လည်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့လေပြီ။
End
***