အပြောင်းအလဲ ဆိုသည်မှာ လောက၏ ထာဝရ တာအိုတစ်ခု ဖြစ်ပြီး နောက်တစ်စက္ကန့်တွင် မည်သည့်အရာ ဖြစ်လာမည်ကို မည်သူမျှ ကြိုမသိနိုင်ချေ။ ကျန်းမင် ကိုယ်တိုင်ပင် တံခါးပေါက်ကို ဖျက်ဆီးလိုက်ယုံဖြင့် လုံခြုံသွားပြီဟု ထင်မှတ်ခဲ့သော်လည်း အခြေအနေများက သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သေမင်းတမန် အငွေ့အသက်များက လေထုထဲတွင် ထပ်မံ၍ ကြီးစိုးလာပြန်၏။
ကျန်းမင်က သူ့အသိစိတ်ကို ကောင်းကင်နှင့် မြေကြီးကြား ပေါင်းစပ်လိုက်သည်နှင့် တုန်ခါနေသော ကမ္ဘာလောက၏ အူတိုင်ကို ခံစားလိုက်ရသည်။ ထိုသည်မှာ ဤလောကကြီး ပျက်သုဉ်းရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ညွှန်ပြနေခြင်းပင်။ သူက ဓမ္မမျက်လုံးများကို ဖွင့်၍ အရှေ့ပိုင်း ဒေသဆီသို့ လှမ်းကြည့်လိုက်ရာ များပြားလှသော မတူညီသည့် အငွေ့အသက်များကို တွေ့ရှိလိုက်ရတော့သည်။
အခြားသူများ အနေဖြင့် ဤထူးဆန်းသော အငွေ့အသက်များ၏ အဓိပ္ပာယ်ကို နားလည်မည် မဟုတ်သော်ငြား သူကမူ ဘာတွေ ဖြစ်ပျက်နေမှန်း ရှင်းလင်းစွာ သိမြင်နေ၏။ ထိုအရာများမှာ လူဝင်စား ဗိမာန် သို့မဟုတ် နတ်ဘုရားမင်း အာကာသနယ်မြေတို့မှ စေလွှတ်လိုက်သော အကျိုးခံစားခွင့် ရရှိသူများ ဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။
အရှေ့ပင်လယ်၏ အရှေ့ဘက်ခြမ်းတွင်တော့ ကြောက်မက်ဖွယ် ကောင်းလှသော ပျက်စီးခြင်း မုန်တိုင်းကြီး တစ်ခု စတင် တိုက်ခတ်နေလေပြီ။ ထို့အပြင် သိပ်သည်းလှသော သေမင်းတမန် အငွေ့အသက်များကလည်း သမုဒ္ဒရာထဲမှ ပန်းထွက်လို့။
တောင်ပိုင်း ဒေသ၊ အနောက်ပိုင်း ဒေသနှင့် ကျုံးပြည်နယ်တို့တွင်ပင် သွေးချောင်းစီး သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်။ လေထု တစ်ခုလုံးတွင် သွေးညှီနံ့များ၊ သေမင်းတမန် အငွေ့အသက်များ၊ မိစ္ဆာဝိညာဉ်များနှင့် အဆုံးမဲ့ ရန်ငြိုးဖွဲ့မှုများဖြင့် ပြည့်နှက်နေပြီး ဤသည်မှာ လူအမြောက်အမြား သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသည့် ရလဒ် ဖြစ်ရပေမည်။
"ဒါ တော်တော် ဒုက္ခရောက်မယ့် ကိစ္စပဲ..."
ကျန်းမင် ခေါင်းကိုက်သွား၏။ လက်ရှိ သူ့ စွမ်းအင်ဖြင့် သံသရာခန်းမဆောင်နှင့် နတ်ဘုရားသခင် နှစ်ခုလုံးကို ဖြိုခွင်းနိုင်စွမ်း မရှိသေးပေ။ သူက အမြဲတမ်း ခံစစ်အနေအထားဖြင့်သာ မနေလိုသော်လည်း လက်ရှိ စွမ်းရည်အပေါ် မူတည်၍ တုံ့ပြန်ရုံမှလွဲပြီး ပိုကောင်းသော နည်းလမ်း မရှိချေ။ ကျန်းမင်က လေဟာနယ်ကို ဆွဲဖြဲ၍ မြောက်ပိုင်း ဒေသဆီသို့ မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိသွားသည်။ ထိုအခါ မြောက်ပိုင်း ဒေသ တစ်ခုလုံးမှာ အကြို အင်မော်တယ်အဆင့် ပညာရှင်များ၏ ဖိနှိပ်မှုအောက် ကျရောက်နေပြီး လေဟာနယ်မှာ ပိတ်လှောင်ခံထားရသဖြင့် ဝင်ရန်သာ လွယ်ကူပြီး ထွက်ရန် မဖြစ်နိုင်သော အကျဉ်းထောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲနေကြောင်း တွေ့လိုက်ရ၏။
စစ်ပွဲမှာ စတင်နေလေပြီ။ တော်ဝင်မြေ အများအပြားမှ ကြောက်မက်ဖွယ် ကောင်းလှသော အကြို အင်မော်တယ်အဆင့် ကျွမ်းကျင်သူ သုံးဆယ်ခန့်ကို စေလွှတ်ထားပြီး အန္တိမအဆင့် ကျွမ်းကျင်သူများမှာမူ ပို၍ပင် များပြားလှသည်။
သို့တိုင် နိုင်ငံခြား မိစ္ဆာများစွာ အသက်ရှင်နေဆဲပင်။ ထို့ကြောင့် ထိုသူများ အားလုံးကို သတ်ဖြတ်ရန် အချိန်အတော်ကြာ ယူရပေလိမ့်မည်။
'လောကကြီးက အရမ်း ကျယ်ဝန်းလွန်းပေမဲ့ ငါက တစ်ယောက်တည်း... ဒါကြောင့် ဒီနေရာမှာ အချိန် အရမ်း အဖြုန်းခံလို့ မရဘူး...'
ဤသည်မှာ ကျန်းမင်၏ အစီအစဉ်ပင်။
ထိုအချိန်တွင် သူ့ကိုယ်ပေါ်၌ ကောင်းကင် ငှက်မွှေးအင်္ကျီကို ဝတ်ဆင်ထားပြီး ၎င်းမှာ ကာကွယ်မှု အားကောင်းသော စစ်မှန်သည့် အင်မော်တယ် လက်နက် စစ်ဝတ်စုံ တစ်စုံ ဖြစ်သည်။ မထင်မှတ်ထားသော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်၍ ကြိုတင် ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်၏။ တောက်ပနေသော အင်မော်တယ် ဝတ်စုံကြီးက သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းထားသဖြင့် မည်သူမျှ သူ့မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သူ့အထက်တွင်လည်း ကောင်းကင်ဝိညာဉ် ခေါင်းလောင်းကို ချိတ်ဆွဲထားသေးသည်။ ထိုခေါင်းလောင်းလေး တစ်ချက် လှုပ်ခတ်သွားယုံဖြင့် တာအိုများကိုပင် ပုံပျက်သွားစေနိုင်စွမ်း ရှိ၏။
သူ ပေါ်လာသည်နှင့် တပြိုင်နက် ခန့်ညား ထည်ဝါသော ဟန်ပန်ကို ဖော်ဆောင်လိုက်သည်။ သူ့ပတ်လည်တွင် အင်မော်တယ် အလင်းတန်းများ ဝန်းရံနေပြီး သူ့ ကြီးမြတ်သော အရှိန်အဝါက မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် လူအများအား လှမ်းပြောလိုက်၏။
"မိတ်ဆွေတို့... နိုင်ငံခြားသားတွေ အများကြီးက မသိနိုင်တဲ့ နည်းလမ်းတွေ သုံးပြီး လောကကြီးရဲ့ နေရာအနှံ့ကို ဆင်းသက်လာပြီး တွေ့သမျှ လူတိုင်းကို သတ်ဖြတ်နေကြပြီ... မြောက်ပိုင်း ဒေသမှာရှိတဲ့ မိစ္ဆာတွေကို ကျုပ်ပဲ ရှင်းလင်းလိုက်မယ်... ခင်ဗျားတို့ အားလုံး ကိုယ့်နေရာကိုယ် အမြန်ပြန်ပြီး ဒီနိုင်ငံခြားသားတွေကို ရှာဖွေ သတ်ဖြတ်ကြတော့... ဒီနိုင်ငံခြားသားတွေက အထူးနည်းလမ်းတွေ သုံးပြီး ငါတို့လောကနဲ့ ပေါင်းစပ်ဖို့ ကြိုးစားနေပေမဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ငြင်းပယ်မှုကို ခံနေရတုန်းပဲ... ဒါကြောင့် သေချာ အကဲခတ်ရင် သူတို့ကို ခွဲခြားသိနိုင်လိမ့်မယ်... သူတို့ထဲက အများစုက အနည်းဆုံး မူလဝိညာဉ် အဆင့် ပညာရှင်တွေ ဖြစ်ပြီး တချို့ဆို အကြို အင်မော်တယ် အဆင့်တောင် ရှိတာမို့လို့ သတိတော့ ထားကြ..."
စကားဆုံးသည်နှင့် သူက တိုက်ခိုက်ရေး ရုပ်သေးရုပ်ကို ဆွဲယူလိုက်သည်။ ထို့နောက် ကျုံးယန် ဂိုဏ်းအား ယာယီ ကာကွယ်ပေးနိုင်ရန် လေဟာနယ်ကို ဆွဲဖြဲ၍ ချူယန် တောင်ထွတ်ဆီသို့ ပြန်လည် ပစ်လွှတ်လိုက်၏။
နောက်တစ်ခဏတွင် လျှို့ဝှက်ဆန်းကြယ် အလင်းဓား တစ်လက် သူ့လက်ထဲ ထွက်ပေါ်လာသည်။ ထိုသည်မှာ ထျန်းစစ်ထံမှ လုယူခဲ့သော အင်မော်တယ် လက်နက် တစ်ခုပင်။ သူက ဓားကို ဝှေ့ယမ်းကာ လေဟာနယ်ကို ခုတ်ပိုင်းလိုက်သည်နှင့် ရာနှင့်ချီသော ဓားချီစွမ်းအင် အမျှင်တန်းများက လေဟာနယ်ထဲသို့ တိုးဝင် ထိုးဖောက်သွားတော့သည်။
ကျန်းမင်က အန္တိမ အဆင့်နှင့်အထက် ရှိသော မိစ္ဆာများစွာကို မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်ပစ်လိုက်၏။
သို့သော် ကျန်းမင်မှာ ဓားဝှေ့ယမ်းခြင်းကို ရပ်တန့်မသွားပေ။ မြက်ပင်များကို ရိတ်သိမ်းနေသကဲ့သို့ မိစ္ဆာများကို ဖြတ်တောက်နေသည့် အဆုံးမဲ့ ဓားအလင်းတန်းများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
သတ်ဖြတ်မှုများ ပြုလုပ်နေသော လျူချန်ကုန်းနှင့် အခြားသူများ အားလုံး ရပ်တန့်သွားကြသည်။ သူတို့က ကျန်းမင်၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်ငြား သူ့အထက်ရှိ ကောင်းကင်ဝိညာဉ် ခေါင်းလောင်းကို မြင်လိုက်ရသဖြင့် ဤလူမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သူ တစ်ဦး ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်ကြ၏။
ကျန်းမင်၏ စကားများကို ကြားပြီးနောက် သူတို့ကိုယ်တိုင် လောကကြီးကို အာရုံခံကြည့်လိုက်ရာ အားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ လေထုထဲရှိ ထူးကဲစွာ သိပ်သည်းနေသော သေမင်းတမန် အငွေ့အသက်များကို သူတို့ ခံစားလိုက်ရသည်။ သွေးချောင်းစီး စစ်ပွဲထဲ ကိုယ်တိုင် ပါဝင်နေချိန်တွင် ဤအရာများကို သတိမထားမိခဲ့သော်လည်း ယခုလို တမင်တကာ ရပ်တန့်၍ အာရုံခံကြည့်ချိန်တွင်မူ အနည်းငယ်မျှ ခံစားသိရှိသွားကြလေပြီ။
"ဒါ လောကကြီး ပျက်သုဉ်းတော့မယ့် ဘေးအန္တရာယ်ကြီးပဲ..."
လျူချန်ကုန်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ မိစ္ဆာ အားလုံးနီးပါးကို သတ်ဖြတ်လိုက်သည့် ကျန်းမင်၏ အဆုံးမဲ့ ဓားအလင်းတန်းများကို မြင်လိုက်ရချိန်တွင် သူ့မေးရိုးများပင် ပြုတ်ကျမတတ် ဖြစ်သွားရ၏။
လျူချန်ကုန်း စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။
'သေစမ်း... တော်ဝင်မြေတွေ အားလုံးက ကျွမ်းကျင်သူတွေ စုပေါင်း သတ်ဖြတ်နေတဲ့ အရှိန်က ဒီလူ တစ်ယောက်တည်း လုပ်နေတာထက်တောင် နှေးနေသေးတယ်... မဟုတ်ဘူး... အများကြီးကို ပိုနှေးနေတာ... ဒီလူက ဘယ်လောက်တောင် ရူးသွပ်ဖို့ ကောင်းလိုက်လဲ... သူက အင်မော်တယ် တစ်ပါးများလား...'
ရုတ်တရက် ထိုလူ၏ လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ် အလင်းဓားကို သူ မှတ်မိသွားကြောင်း လျူချန်ကုန်း သတိပြုမိလိုက်သည်။ ထိုအရာမှာ ထျန်းစစ်ကို လိုက်လံ ဖမ်းဆီးစဉ်က သူ့စိတ်ထဲမှ ထွက်ပေါ်လာခဲ့သော အင်မော်တယ် လက်နက်ပင် မဟုတ်ပါလား။
ဤဓားက အဘယ်ကြောင့် ဤလူထံ ရောက်နေရသနည်းဟု သူ သံသယ ဝင်သွားမိသည်။ ဤလူကများ ထိုအရာကို...
သူ ဆက်၍ မတွေးရဲတော့ပေ။
'ကံကောင်းတာက ဒီလူက လူသားတစ်ယောက် ဖြစ်နေတာပဲ... သူက လောကကြီးကို ကာကွယ်ဖို့ ဆန္ဒရှိနေတယ် ဆိုတာနဲ့တင် လုံလောက်ပါပြီ... အတိတ်က ကိစ္စတွေလား... မဟုတ်ဘူး... အတိတ်ဆိုတာ မရှိတော့ဘူး... အနာဂတ်ပဲ ရှိတယ်...'
လျူချန်ကုန်းက တွေးတောနေရင်း လက်သီးဆုပ်၍ ကျန်းမင်အား အရိုအသေ ပေးလိုက်၏။
"ကျေးဇူးပါပဲ"
ထို့နောက် သူက မတ်တပ်ရပ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မိတ်ဆွေတို့... ကိုယ့်ဂိုဏ်း အသီးသီးကို ပြန်ပြီး နိုင်ငံခြားသား အားလုံးကို အတူတကွ ရှင်းလင်းကြရအောင်... တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်စေနဲ့... ပြီးတော့ ဘာကိုမှ ချန်မထားဘဲ တတ်နိုင်သမျှ အကုန်ထုတ်သုံးကြ... ဘာလို့လဲဆိုတော့ ဒါက တစ်လောကလုံးရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် ဘေးအန္တရာယ်ကြီးမို့လို့ပဲ... ခင်ဗျားတို့ ပြန်ရောက်ရင် ဂိုဏ်းထဲက အကြို အင်မော်တယ် အဆင့် ပညာရှင်တွေ အားလုံးကို နှိုးလိုက်ကြ... နောက်ဆုတ်တဲ့သူ ဘယ်သူမဆို ကျုပ်ကိုယ်တိုင် လာသတ်မယ်"
လျူချန်ကုန်း၏ အသံမှာ ပဲ့တင်ထပ်နေပြီး သူ့သတ်ဖြတ်လိုစိတ်များမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ လက်အင်္ကျီစကို ခါယမ်း၍ သူ လှည့်ထွက်သွားတော့၏။
ထိုစဉ် အခြားသူများမှာ အချင်းချင်း ကြောင်တောင်တောင် ကြည့်နေမိကြသည်။ သို့သော် ကျန်းမင် တစ်ယောက် သတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်နေပြီး မိစ္ဆာ အားလုံးနီးပါးကို ရှင်းလင်းပြီးကြောင်း မြင်လိုက်ရချိန်တွင် သူတို့လည်း အံ့အားသင့်စွာဖြင့် ချက်ချင်း ထွက်ခွာသွားကြတော့သည်။
"မကြာသေးခင်ကမှ ဘာလို့ ပြဿနာတွေ ဒီလောက် များနေရတာလဲ..."
ချင်ဖုန်းဇီ တစ်ယောက် ခေါင်းကုတ်ချင်စိတ် ပေါက်သွားသည်။
အရှေ့ပိုင်း စစ်ပွဲကြီးနှင့် စတင်ခဲ့ပြီးနောက် အနောက်ပိုင်း ဒေသတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ကျုံးယန်ဂိုဏ်းနှင့် ပတ်သက်သည့် ပြဿနာမှာ ဘာမှ မဟုတ်တော့ပေ။
ထို့နောက် မြောက်ပိုင်း ဒေသ၏ ကျူးကျော်မှု ပြဿနာပင် မပြေလည်သေးခင် လောကကြီးမှာ ပျက်သုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြန်ပြီ မဟုတ်ပါလား။
"သေစမ်း... ဒါက ငါတို့ကို သေအောင် ကစားနေတာပဲ"
ချင်ဖုန်းဇီက သူ့ဂိုဏ်းမှ အကြို အင်မော်တယ်အဆင့် မဟာဧကရာဇ်နှင့် အတူ နေရာရွှေ့ပြောင်းရင်း ကျိန်ဆဲလိုက်မိ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မြောက်ပိုင်း ဒေသသို့ ရောက်လာသော ကျွမ်းကျင်သူများ အားလုံး လေထဲသို့ ပျောက်ကွယ်သွားကြသည်။ အန္တိမ အဆင့်နှင့် အောက်ရှိ ကျွမ်းကျင်သူများသာ စစ်သင်္ဘော သို့မဟုတ် နတ်တောင်တော်များကို စီးနင်း၍ ပြန်သွားခဲ့ကြလေသည်။
သေချာသည်မှာ မြောက်ပိုင်း ဒေသတွင် သေဆုံးသွားသူ အရေအတွက် အတော်လေး များပြားခဲ့သည်။
ချွမ်...
ကျန်းမင်က နောက်ဆုံး ကျန်ရစ်သော မိစ္ဆာကို သတ်ဖြတ်လိုက်ပြီး ဓားအလင်းတန်းများလည်း တဖြည်းဖြည်း လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
မြောက်ပိုင်း ဒေသရှိ မိစ္ဆာများ၏ အလောင်းများမှာ တောင်ကဲ့သို့ ပုံလျက်သား။
ကျန်းမင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဝိညာဉ်ပုတီးစေ့ တစ်စေ့ကို ထုတ်ယူကာ ၎င်းထဲမှ ကြီးမားသော ချီမြစ် တစ်စင်းအား အငမ်းမရ စုပ်ယူ၍ သူ သုံးစွဲခဲ့သော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် သန့်စင်လိုက်သည်။
အချိန်တိုအတွင်းမှာပင် သူ အသုံးပြုခဲ့သော ချီစွမ်းအင်များ အပြည့်အဝ ပြန်လည် ပြည့်ဝသွားခဲ့လေပြီ။
လက်အင်္ကျီစကို ခါယမ်း၍ တိုက်ပွဲဝင် ပစ္စည်းများကို စုဆောင်းပြီးနောက် လွတ်မြောက်သွားသော မိစ္ဆာများ ရှိမရှိ ရှာဖွေရန် သူ့ အသိစိတ်ကို လေဟာနယ်ထဲ ပေါင်းစပ်ကာ မိုင်ထောင်သောင်းမက ကျယ်ပြန့်သော နေရာအနှံ့ စူးစမ်းရှာဖွေလိုက်၏။ တကယ်တမ်းလည်း အချို့ကို တွေ့ရှိခဲ့သဖြင့် လက်ချောင်း တစ်ချက် တောက်ယုံဖြင့် သတ်ဖြတ်ပစ်လိုက်သည်။
ထို့နောက် သူက လှည့်၍ တောင်ပိုင်း ဒေသဆီသို့ စိုက်ကြည့်လိုက်သည်။ သူ ပတ်ပတ်လည်ကို ရှာဖွေနေစဉ် မျက်လုံးများထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တောက်ပနေ၏။
"တွေ့ပြီ..."
ကျန်းမင် ခပ်ဟဟ ရေရွတ်ရင်း ထိုနေရာဆီသို့ ပျံသန်းသွားသည်။ ခဏအကြာတွင် နေရာတစ်ခုသို့ ရောက်ရှိသွားပြီး သူ့ရှေ့ရှိ တောင်ပေါ်၌ အားကောင်းသော အငွေ့အသက်များရှိသည့် ကျွမ်းကျင်သူ ဆယ်ဦးခန့် ရှိနေသည်အား တွေ့လိုက်ရ၏။
"သေစမ်း..."
ကျန်းမင်က သူတို့အပေါ်သို့ ချက်ချင်းပင် တိုက်ခိုက်မှု စတင်လိုက်တော့သည်။
လေဟာနယ်ကို ဖိနှိပ်ထားသော လောကပုံရိပ်ယောင် ထွက်ပေါ်လာမှုနှင့် အတူ ထိုသူများ အားလုံးကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။ သူတို့ထဲမှ နှစ်ဦးမှာ အင်မော်တယ် လက်နက်များဖြင့် ကာကွယ်ထားသော်လည်း မည်သူမျှ အသက်မရှင်နိုင်ခဲ့ပေ။
တိုက်ပွဲဝင် ပစ္စည်းများ စုဆောင်းနေစဉ် ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို စစ်ဆေးလိုက်သည်။
အမည် - ချန်ကျောင်း
မျိုးနွယ် - မိစ္ဆာ
ကျား/မ - ကျား
ကျင့်စဉ်အဆင့် - အဆင့် ၁၀ (အကြို အင်မော်တယ် အဆင့်)
နောက်ခံ - သွေးရောင် ပြင်ညီလောက၏ ချိုတပ်မြင်း မဟာဧကရာဇ် (မှတ်ချက် - နတ်ဘုရားသခင်မှ အကျိုးခံစားခွင့် ရရှိသူ၊ ကောင်းကင်မြင်း မျိုးနွယ်စုဝင် များထဲမှ တစ်ဦး)
ဆက်ဆံရေး - ၇၈ (အနှုတ် ၇၈)
မွေးရာပါ ပါရမီ - အင်မော်တယ်
အခြေအနေ - ထျန်းယွမ် ပြင်ညီလောကကို သုတ်သင်ရှင်းလင်းရန် အကန့်အသတ်မဲ့ တာဝန်ကို လက်ခံထားသော နတ်ဘုရားမင်း အာကာသနယ်မြေ၏ အကျိုးခံစားခွင့် ရရှိသူများထဲမှ တစ်ဦး။
ဤလောကသို့ အချင်းချင်း တိုက်ခိုက်ရန် စေလွှတ်လိုက်သော အဖွဲ့ (၂၀) လုံး ရှင်းလင်းခံလိုက်ရသောကြောင့် ဤကဲ့သို့သော လောကဖျက်ဆီးရေး တာဝန်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဤတာဝန်ကို လက်ခံထားသော အဖွဲ့ပေါင်း (၁၀၀) တိတိ ရှိပြီး ၎င်းမှာ ဤပြင်ညီလောက တစ်ပြိုင်နက်တည်း လက်ခံနိုင်စွမ်းရှိသော အများဆုံး အရေအတွက်ပင်။
သူ ဤလောကသို့ ဆင်းသက်လာသည်နှင့် တပြိုင်နက် စစ်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့၏။ ထို့ကြောင့် စစ်ပွဲမှ အကျိုးအမြတ် အများဆုံး ရိတ်သိမ်းနိုင်ရန် ဦးစွာ စောင့်ကြည့်လေ့လာဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"သေစမ်း... နတ်ဘုရားသခင်က တကယ်ပဲ ဒီကို အဖွဲ့အယောက် (၁၀၀) စေလွှတ်လိုက်တာလား... သူတို့က ငါ့လောကကို စစ်တလင်း အဖြစ် ပြောင်းလဲခဲ့လို့ သူတို့အဖွဲ့တွေကို ငါ သတ်ခဲ့တာကို... အခု ငါ့လောကကို ရှင်းလင်းဖို့ တာဝန်ထုတ်ပြန်ပြီး လက်စားချေနေတာလား... နတ်ဘုရားသခင်... မင်း တော်တယ်... တကယ် တော်တယ်... တကယ်ကို အံ့မခန်း တော်တာပဲ... မင်းကို ငါ မှတ်ထားလိုက်မယ်"
ကျန်းမင်က သူ့ဒေါသကို မျိုသိပ်ရင်း အသိစိတ်ကို လေဟာနယ်နှင့် ထပ်မံ ပေါင်းစပ်ကာ အခြားအဖွဲ့များကို ရှာဖွေရန် ဓမ္မမျက်လုံးများကို ဖွင့်လိုက်သည်။
သူက နောက်ထပ် အဖွဲ့ရှစ်ဖွဲ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး သတ်ဖြတ်ကာ မူလအဆီအနှစ်များကို စုဆောင်းပြီးနောက် လေဟာနယ်ကို ဆွဲဖြဲ၍ သူ့ဂိုဏ်းဆီ ပြန်လာခဲ့သည်။ သူက ချူယန် တောင်ထွတ်ပေါ် မဆင်းသက်ဘဲ ကျိုယန်ဂိုဏ်း၏ အထက်တွင် ရပ်နေလိုက်၏။ ထိုစဉ် သူ့ ဓမ္မမျက်လုံးများကို အစွမ်းကုန် အသုံးပြု၍ မိုင်တစ်သန်း အထိ လောကကြီးကို စူးစမ်းရှာဖွေရင်း သူ့မျက်လုံးများ လှုပ်ခတ်သွားသည်။ အန္တိမ အဆင့်ရှိ လူတစ်ယောက်ကို မြင်တွေ့လိုက်ရခြင်းပင်။ ထိုလူအား စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်သည်။
အမည် - ဖန်လင်
မျိုးနွယ် - လူသား
ကျင့်စဉ်အဆင့် - အဆင့် ၉ (အန္တိမအဆင့်)
နောက်ခံ - ကောင်းကင်ဘုရင် ပြင်ညီလောကရှိ ဖန်မျိုးနွယ်စု၏ မဟာဧကရာဇ် (မှတ်ချက် - သံသရာ ခန်းမဆောင်မှ အကျိုးခံစားခွင့် ရရှိသူ၊ လင်ဟိုင် မျိုးနွယ်စုဝင်များထဲမှ တစ်ဦး)
ဆက်ဆံရေး - ၉၅ (အနှုတ် ၉၅)
မွေးရာပါ ပါရမီ - အင်မော်တယ် (ရွှေရောင် အရှင်သခင် ခန္ဓာကိုယ်)
အခြေအနေ - ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် အထွတ်အထိပ် အဆင့် တာဝန်ကို အဖွဲ့သားများနှင့် အတူ လက်ခံထားသော သံသရာခန်းမဆောင်မှ အကျိုးခံစားခွင့် ရရှိသူ တစ်ဦး။ တာဝန်၏ အချိန်ကာလမှာ တစ်နှစ် ဖြစ်ပြီး ထိပ်သီးအဆင့် အဖွဲ့ (၁၀) ဖွဲ့ စေလွှတ်ထားသောကြောင့် ကျုံးယန်ဂိုဏ်းမှာ အတော်လေး အစွမ်းထက်မည်ဟု သူ ထင်မှတ်ထားသည်။ ထို့ကြောင့် သူ့ အဖွဲ့က ဖြည်းဖြည်းချင်း သွားရန် ဆုံးဖြတ်ခဲ့ပြီး သူတို့၏ နောက်ထပ် ခြေလှမ်းအတွက် အစီအစဉ်ဆွဲရန် ဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက် လုံလုံလောက်လောက်ကို သေချာစွာ စုဆောင်းနေခြင်း ဖြစ်သည်။
ကျန်းမင် အသက်ပြင်းပြင်း မရှူဘဲ မနေနိုင်တော့ပေ။
'သံသရာခန်းမဆောင်ရဲ့ အကျိုးခံစားခွင့် ရရှိသူတွေတောင် ဒီရောက်နေတာပဲ... နတ်ဘုရားသခင်ထက် နည်းနည်း ပိုကောင်းတယ် ဆိုပေမဲ့ ငါ့ဂိုဏ်းကို ဖျက်ဆီးဖို့ သက်သက် အဖွဲ့ (၁၀) ဖွဲ့ တစ်ပြိုင်နက်တည်း စေလွှတ်လိုက်တာလား... တခြားနည်းနဲ့ ပြောရရင် ငါ့အိမ်နဲ့ ငါ့မိသားစုကို ဖျက်ဆီးဖို့ပေါ့... ကောင်းပြီလေ...'
ကျန်းမင် အံကြိတ်လိုက်ချိန်တွင် သူ့မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး တက်လာခဲ့သည်။
မည်သို့မျှ ဖိနှိပ်၍ မရနိုင်သော ရက်စက်ကြမ်းကြုတ်သည့် ဆန္ဒတစ်ခု သူ့နှလုံးသားထဲမှ လျှံကျလာတော့၏။
သို့တိုင် သူ ချက်ချင်း လက်မရွှေ့သေးပေ။ ထိုအစား ဆက်လက် စောင့်ကြည့်နေလိုက်သည်။ ခဏအကြာ အခြား နတ်ဘုရားသခင်၏ အကျိုးခံစားခွင့် ရရှိသူ တစ်ဦးကို စစ်ဆေးကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာခဲ့လေပြီ။
အမည် - ဒါလာဒေါ
နောက်ခံ - လတစ်ထောင် ပြင်ညီလောက (မှတ်ချက် - နတ်ဘုရားသခင်မှ အကျိုးခံစားခွင့် ရရှိသူ၊ စစ်တူရွင်း မျိုးနွယ်စုဝင်များထဲမှ တစ်ဦး)
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့်
အခြေအနေ - ထျန်းယွမ် ပြင်ညီလောကကို သုတ်သင်ရှင်းလင်းရန် အကန့်အသတ်မဲ့ တာဝန်ကို လက်ခံထားသော နတ်ဘုရားသခင်၏ အကျိုးခံစားခွင့် ရရှိသူများထဲမှ တစ်ဦး။
သူနှင့် သူ့အဖွဲ့ ပင်လယ်ပြင်ပေါ် ဆင်းသက်လာချိန်တွင် အခြား အဖွဲ့ ၉၉ ဖွဲ့နှင့် ယှဉ်ပြိုင်ရာ၌ အသာစီး မရနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် တိတ်တဆိတ် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ပြီး သက်ရှိများကို သတ်ဖြတ်ရန်နှင့် စည်းစိမ်ဥစ္စာ အမှတ်များ လုယူရန် ကြံစည်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် သမုဒ္ဒရာထဲရှိ သန်းနှင့်ချီသော သက်ရှိများကြား အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်စေရန် သွေးစုပ်ဖုတ်ကောင် ဗိုင်းရပ်စ်၊ ဇွန်ဘီ ဗိုင်းရပ်စ်နှင့် မျိုးဗီဇပြောင်း အစေ့အဆန်များ စသည်တို့ကို သမုဒ္ဒရာထဲ ဖြန့်ကျက်ခဲ့ကြ၏။
သူ ကုန်းမြေပေါ် ရောက်လာချိန်တွင် သမုဒ္ဒရာ၏ အရှေ့ဘက်ခြမ်း၌ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးကို မြင်လိုက်ရသည်။ ထိုအရာမှာ အခြားအဖွဲ့ တစ်ခုက ဖောက်ခွဲလိုက်သော နျူကလီးယား ဗုံးများမှန်း သူသိသည်။ ပေါက်ကွဲမှု ပြင်းအားကို ထောက်ရှု၍ ဗုံးအလုံး (၁၀၀) ကျော် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး လူများစွာ သေဆုံးသွားလိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။
သူက ပင်လယ်ကမ်းစပ်ရှိ ချောက်ကမ်းပါးပေါ်တွင် ရပ်၍ သွေးချောင်းစီး သတ်ဖြတ်မှုများ၊ တောင်လိုပုံနေသော အလောင်းများနှင့် အသေကောင်များဖြင့် ပြည့်နှက်နေသော ပင်လယ်အဖြစ် လုံးဝ ပြောင်းလဲသွားမည့် သမုဒ္ဒရာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။
လောကကြီးကို ရှင်းလင်းခြင်း ဆိုသည်မှာ သန်းနှင့်ချီသော သက်ရှိများကို သတ်ဖြတ်ခြင်းဟု သူထင်မှတ်ထားပြီး ထိုအရာက စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ ပြင်ညီလောက တစ်ခု အနေဖြင့် အဖွဲ့ (၁၀၀) ၏ ရန်ကို ကာကွယ်နိုင်မည်လော။ မဖြစ်နိုင်ပေ၊ အဖြေမှာ ရှင်းလင်းစွာပင် မဖြစ်နိုင်ကြောင်း သေချာလှသည်။
သူ့တွင် အခြားသူများ၏ မူလအဆီအနှစ်ကို လုယူ၍ ကျင့်စဉ် မြှင့်တင်နိုင်သည့် နည်းလမ်း မရှိသောကြောင့် ကံဆိုးသည်ဟု ခံစားနေရသည်။ မဟုတ်လျှင် ဤသည်က သူ့အတွက် အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်လာပေလိမ့်မည်။
အခြေအနေကို ဖတ်ရှုပြီးနောက် ကျန်းမင် တစ်ကိုယ်လုံး တုန်တက်သွား၏။ သူ မျက်လုံးများကို မှိတ်၍ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ မျက်လုံးများ ပြန်ဖွင့်လာချိန်တွင်တော့ သူ့အကြည့်များမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်နေတော့သည်။
End
***