နိုင်ငံခြားသားများက သူ့လောကကို မျိုးတုံးသတ်ဖြတ်ရန် ဗိုင်းရပ်စ်များနှင့် နျူကလီးယားဗုံးများကို အသုံးပြုနေကြောင်း သိလိုက်ရချိန်တွင် ကျန်းမင် တစ်ယောက် ဒေါသအလိပ်လိုက် ထွက်ပေါ်လာတော့သည်။
'ဒီကို ရောက်လာမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားကြနဲ့တော့...'
ကျန်းမင် တိတ်ဆိတ်စွာ ကြုံးဝါးမိသွား၏။ သူက ဂိုဏ်းထဲသို့ ယခုလေးတင် ဝင်ရောက်လာသော သံသရာခန်းမဆောင်၏ အကျိုးခံစားခွင့် ရရှိသူ သုံးဦးကို စိတ်အာရုံ တစ်ချက်ဖြင့်ပင် ဖယ်ရှား သုတ်သင်ပစ်လိုက်သည်။ ထို့နောက် သူ့ ပုံရိပ်က လှုပ်ခတ်သွားပြီး လေဟာနယ်ထဲသို့ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
ချင်းယွင်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသော ဖုန်းပြည်နယ်နှင့် ယွမ်ပြည်နယ်တို့မှလွဲ၍ ချင်းပြည်နယ်၊ ယွီပြည်နယ်၊ ရွှေပြည်နယ်၊ လိုင်ပြည်နယ်၊ ဝူပြည်နယ်၊ မုပြည်နယ်နှင့် ဟိုင်ပြည်နယ်တို့တွင် သူက သွေးချောင်းစီး သတ်ဖြတ်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့လေပြီ။
နေဝင်ဆည်းဆာ အချိန်တွင် ကျန်းမင်က အရှေ့ပင်လယ် ကမ်းစပ်သို့ ရောက်ရှိလာပြီး ဒေါသတကြီး ရိုက်ခတ်နေသော ပင်လယ်လှိုင်းတံပိုးများကို ငေးကြည့်နေမိသည်။ ကောင်းကင်ယံ တစ်ခုလုံးတွင်မူ သိပ်သည်းလှသော သေမင်းတမန် အငွေ့အသက်များက ဖုံးလွှမ်းလို့။
ပင်လယ် မျက်နှာပြင် တစ်ခုလုံးမှာ လှိုင်းများနှင့်အတူ မျောပါနေသော အလောင်းများဖြင့် ဖုံးလွှမ်းနေ၏။ ထိုစဉ် ပင်လယ်အောက်ခြေမှ ရေနေမိစ္ဆာ အမြောက်အမြား ထွက်ပေါ်လာကြပြီး ပင်လယ်ရေကို သန့်စင်ရန် အထူးစွမ်းရည်များ ထုတ်ဖော် အသုံးပြုနေကြစဉ် သူတို့၏ အချင်းချင်း လုယက် တိုက်ခိုက်မှုများကြောင့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများ ထကြွလာတော့သည်။
ကျန်းမင်လည်း လှည့်ထွက်လာခဲ့ပြီး ချူယန် တောင်ထွတ်ဆီသို့ ပြန်လာခဲ့သည်။
အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသဖြင့် ခေါင်မိုးထပ် ဝရန်တာရှိ ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေလိုက်၏။ သူက မြောက်ပိုင်း ဒေသနှင့် အရှေ့ပိုင်း ဒေသ တစ်လျှောက်လုံးရှိ ကျွမ်းကျင်သူများကို ဆက်တိုက် တိုက်ခိုက် သတ်ဖြတ်နေခဲ့သည် မဟုတ်ပါလား။ အခြားသူများ အမြင်တွင် လွယ်ကူပုံ ရသော်ငြား ထိုလုပ်ရပ်က သူ့ မာနာနှင့် ခွန်အားကို ကြီးမားစွာ ကုန်ဆုံးစေခဲ့ပေသည်။
ထိုစဉ် ဓာတ်ကြီးငါးပါး လင်းလုံ လျှောက်လာပြီး အဖြူရောင် အလင်းတန်းများ ဖြာထွက်နေသော သူမ၏ လက်ချောင်းလေးများဖြင့် သူ့နားထင်များကို ညင်သာစွာ နှိပ်နယ်ပေးလေသည်။
ချင်းပြည်နယ် အတွင်းရှိ မြို့တစ်မြို့၏ တည်းခိုခန်း အခန်းတစ်ခန်းထဲတွင်မူ အမျိုးသား တစ်ဦးမှာ တင်ပျဉ်ခွေ ထိုင်နေရင်း တစ်ကိုယ်လုံး တုန်ယင်နေ၏။
"သေကုန်ပြီ... အကုန်သေကုန်ပြီ... မျက်တောင်တစ်ခတ် အတွင်းမှာပဲ အကုန် သေသွားကြပြီ..."
သူ့မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်နေသည်။ သူ့အဖွဲ့သားများ အားလုံး အသတ်ခံလိုက်ရသည်မှာ မကြာသေးပေ။ အခြေအနေ မဟန်ပါက လွတ်မြောက်နိုင်ရန် မိုင်တစ်သိန်း ပတ်လည်တွင် လူစုခွဲ နေထိုင်ခဲ့ကြသော်လည်း လူသတ်သမား၏ လက်ချောင်း တစ်ချက် တောက်လိုက်ယုံဖြင့် အားလုံး တစ်ပြိုင်နက်တည်းနီးပါး အသတ်ခံလိုက်ရခြင်းပင်။
"ငါ့အငွေ့အသက်တွေကို ဖုံးကွယ်ထားလို့များ ငါ အသက်ရှင်နေတာလား..."
လူငယ်မှာ တုန်ယင်နေရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
အခြားလောက များစွာတွင် ကိုယ်ယောင်ဖျောက် ဖုံးကွယ်ခဲ့သော သူတို့၏ စွမ်းရည်များနှင့် အတွေ့အကြုံများအရ အချိန်တိုအတွင်း မည်သို့ ရှာဖွေတွေ့ရှိသွားကြောင်း သူ နားမလည်နိုင်ချေ။ ရှာတွေ့ခဲ့လျှင်ပင် သူတို့၏ ခွန်အားများအရ... အထူးသဖြင့် သူ့အဖွဲ့ခေါင်းဆောင်မှာ လက်ချောင်း တစ်ချက် တောက်ယုံဖြင့် မည်သို့ အသတ်ခံလိုက်ရသနည်း။ မည်သို့ပင်ဆိုစေ သူ့ အဖွဲ့ခေါင်းဆောင်မှာ အဆင့် ၁၁ ကျွမ်းကျင်သူ တစ်ဦးကိုပင် ခုခံနိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
'ကျိုယန်ဂိုဏ်းက ကျွမ်းကျင်သူက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေတာလဲ...'
လူငယ်က တွေးတောနေရင်း စနစ်၏ စာရင်းကို ဖွင့်ကြည့်လိုက်ရာ ဤလောကသို့ ဆင်းသက်လာသော အဖွဲ့ဝင်များ၏ စုစုပေါင်း အရေအတွက်ကို တွေ့လိုက်ရသည်။ အစပိုင်းတွင် အဖွဲ့ဝင် (၈၂) ဦး ရှိခဲ့၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကျန်ရှိနေသော အဖွဲ့ဝင် အရေအတွက်မှာ 'သုံးဦး' ဟူ၍ ပြောင်းလဲသွားသောကြောင့် လူငယ်မှာ အကြီးအကျယ် တုန်လှုပ် အံ့အားသင့်သွားတော့သည်။
"သေစမ်း... ငါတို့ ကျိုယန်ဂိုဏ်းထဲကိုတောင် မဝင်ရသေးခင် အားလုံးနီးပါး အသတ်ခံလိုက်ရတာလား... အထွတ်အထိပ် အဆင့် တာဝန်က ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား... ဒါပေမဲ့ တစ်ခုခုတော့ မှားနေပြီ... အမြင့်ဆုံး ကျင့်စဉ်အဆင့် ၁၀ ထိပ်ဆုံးမှာပဲ ရှိတဲ့ ပြင်ညီလောက တစ်ခုမှာ အာရုံစိုက်မှု သိပ်မရဘဲ တစ်ညတည်းနဲ့ လူတိုင်းနီးပါးကို သတ်ဖြတ်နိုင်တဲ့သူ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ... ဒါက အဆင့် ၁၁ ကျွမ်းကျင်သူ တစ်ယောက်တောင် မလုပ်နိုင်တဲ့ အရာပဲ... ကျိုယန်ဂိုဏ်းမှာ အဆင့် ၁၂ နဲ့ ယှဉ်နိုင်တဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်များ ရှိနေတာလား..."
"အဲ့ဒီလို ကျွမ်းကျင်သူ ရှိနေရင်တောင် အချိန်တိုလေး အတွင်းမှာ သူတို့အားလုံးကို ဘယ်လို ရှာတွေ့သွားတာလဲ... အဲ့ဒီလူက ကံကြမ္မာ တာအိုကို ကျင့်ကြံထားရင်တောင် ဒါက လုံးဝ မဖြစ်နိုင်ဘူး... အဆင့် ၁၀ ကျွမ်းကျင်သူ တစ်ယောက်က တာအိုတွေကို ကျော်လွန်ပြီး သူတို့ရဲ့ တာအိုက တာအိုတစ်သောင်းကို ဖိနှိပ်နိုင်တယ်လေ... ဒါကြောင့် သူတို့က ကံကြမ္မာ အငွေ့အသက်တွေကနေ ဖုံးကွယ်ထားနိုင်ပြီး အဆင့် ၁၀ ထိပ်ဆုံး ကျွမ်းကျင်သူ တစ်ယောက်နဲ့ ဆက်သွယ်ထားတဲ့ ကံကြမ္မာ ကြိုးမျှင်ကိုတောင် ဖြတ်တောက်နိုင်တာကို... ငါ ဘာလုပ်ရမလဲ..."
လူငယ်မှာ အကျပ်ရိုက်နေလေပြီ။
တာဝန်ပြီးမြောက်ရန် သူ့အသက်ကို စွန့်စားလိုစိတ် မရှိတော့ချေ။ အတင်းအဓမ္မ ပြန်ခေါ်ရန်လည်း မတောင်းဆိုနိုင်သောကြောင့် သတ်မှတ်ထားသော တာဝန် အချိန်ပြည့်သည် အထိသာ စောင့်ဆိုင်းရန် တွေးလိုက်၏။
"ဟူး... အဖွဲ့ (၁၀) ဖွဲ့လုံး ဒီလိုပဲ ကျရှုံးသွားတာလား... သံသရာခန်းမဆောင်ကများ ဒီကိစ္စကို ဂရုစိုက်ပါ့မလား... ဂရုစိုက်မယ်... ဟက်..."
လူငယ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင် အရှေ့ပိုင်း ဒေသ အနှံ့အပြား၌ လူစုကွဲ နေထိုင်ကြသော အသက်ရှင် ကျန်ရစ်သူများ အားလုံးမှာလည်း ထိတ်လန့် ကြောက်ရွံ့နေကြ၏။
ချူယန် တောင်ထွတ်ပေါ်တွင်မူ...
ကျန်းမင်က ပြုံးလိုက်ပြီး...
"ဒါ တော်တော် ဇိမ်ကျတာပဲ... ညီမလေး... မင်းဆီမှာ ဒီလို စွမ်းရည်မျိုး ရှိမှန်း ငါ မသိခဲ့ဘူး... ဘယ်တုန်းက သင်ထားတာလဲ"
လင်းလုံက ပြုံးရွှင်စွာဖြင့်...
"ကြာလှပြီပေါ့... ကျွန်မ အမြဲတမ်း စမ်းကြည့်ချင်နေခဲ့တာ... ဒါပေမဲ့ အစ်ကိုကြီးက မျောက်တစ်ကောင်လို သွက်လက်နေတော့ ကျွန်မမှာ အခွင့်အရေးမှ မရခဲ့တာကိုး... တကယ် ကောင်းရဲ့လား"
ကျန်းမင်က ခေါင်းညိတ်ပြရင်း...
"အင်း... အရမ်း နူးညံ့ပြီး သက်တောင့်သက်သာ ရှိတယ်... အထူးစွမ်းရည် သုံးပြီး နားထင်တွေကို နှိုးဆွပေးတဲ့ နည်းလမ်းက ပင်ပန်းနေတဲ့ စိတ်ဝိညာဉ်ကို တကယ်ပဲ မြန်မြန် ပြန်လည် နိုးကြားလာစေတာပဲ... ငါ တော်တော်လေး ပင်ပန်းနေခဲ့တာ... အခုတော့ မဟုတ်တော့ဘူး..."
"အစ်ကိုကြီး... အရင်က ဒီလောက် ပင်ပန်းနေတာမျိုး မတွေ့ဖူးပါဘူး... ဘာတွေ ဖြစ်ခဲ့လို့လဲ"
"ငါ သွေးချောင်းစီး သတ်ဖြတ်မှုတွေ လုပ်ခဲ့လို့ပါ"
အရှေ့ဘက် ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းထိန်လာပြီး အရုဏ်တက်ချိန်သို့ ချဉ်းကပ်လာလေပြီ။ နံနက်ခင်း နေရောင်ခြည် အလင်းတန်းများက ယှက်နွှယ်နေပြီး နေမင်းကြီး အကောင်းဆုံး အချိန်တွင် ထွက်ပေါ်လာနိုင်ရန် အသိုက်တစ်ခု ဖန်တီးပေးနေသကဲ့သို့ပင်။ ကျန်းမင်မှာ မနေ့ညက သွေးချောင်းစီး သတ်ဖြတ်မှုများကို တွေးမိပြီး မျက်မှောင် မကြုံ့ဘဲ မနေနိုင်တော့ချေ။ အဆင့် ၁၀ ကျွမ်းကျင်သူ တစ်ဦး အနေဖြင့် ကိုယ်ပိုင် ကံကြမ္မာကို ဖြတ်တောက်နိုင်ကြောင်းလည်း သူ ရှာဖွေတွေ့ရှိခဲ့၏။ အကယ်၍ ထိုအဆင့် ၁၀ ကျွမ်းကျင်သူက ကိုယ်ယောင်ဖျောက် ဖုံးကွယ်ထားရုံသာမက ကံကြမ္မာကိုပါ ဖြတ်တောက်ထားမည် ဆိုပါက ကျန်းမင် အနေဖြင့် အသိစိတ်ကို အသုံးပြုလျှင်တောင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
သူသာ လောကပုံရိပ်ယောင်ကို အသုံးမပြုခဲ့ပါက လူများစွာ လွတ်မြောက်သွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သံသရာခန်းမဆောင် အကျိုးခံစားခွင့် ရရှိသူ သုံးဦးမှာမူ လွတ်မြောက်သွားခဲ့ဆဲပင်။ သူတို့၏ အဖွဲ့ဝင်များထံမှ ရရှိသော အချက်အလက်များအရ ထိုသုံးဦးမှာ ကိုယ်ယောင်ဖျောက် ဖုံးကွယ်ရာတွင် အထူး ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ရှီယောင် လျှောက်လာပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"အစ်ကိုကျန်း... ကျွန်မတို့ လောကကြီး ဘာဖြစ်နေတာလဲ... နိုင်ငံခြား မိစ္ဆာတွေရဲ့ တိုက်ခိုက်တာကို ဘာလို့ ဆက်တိုက် ခံနေရတာလဲ... သူတို့သာ ကျွန်မတို့ လောကထဲ ဆက်တိုက် ဆင်းသက်လာရင် ကျွန်မတို့ ခုခံနိုင်ပါ့မလား"
ကျန်းမင်က ရှီယောင်ဘက် လှည့်ကာ ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်သည်။
"ခုခံနိုင်ပါတယ်... စိတ်မပူပါနဲ့... ဒီကျူးကျော်သူတွေက မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး နည်းလမ်း မျိုးစုံ ရှိတယ်... ကိုယ်ယောင်ဖျောက်ရာမှာလည်း အရမ်း ကျွမ်းကျင်သလို သူတို့ ရည်မှန်းချက် အောင်မြင်ဖို့ ဆိုရင် ဘာမဆို လုပ်မယ့်သူတွေပဲ... ငါသိရသလောက်တော့ သူတို့က ငါတို့ လောကကြီးကို မျိုးတုံး သတ်ဖြတ်ချင်နေကြတာ... ဒါကြောင့် တွေ့သမျှ လူတိုင်းကို ရမ်းသန်း သတ်ဖြတ်နေကြတာပေါ့"
"ဒီလိုလုပ်လို့ သူတို့ ဘာအကျိုးအမြတ် ရမှာမို့လို့လဲ"
"ဘယ်သူ သိမှာလဲ..."
နေမင်းကြီး ထွက်ပေါ်လာချိန်တွင် ခေါင်မိုးထပ်ပေါ်၌ လေပြေလေညှင်းများ တိုက်ခတ်နေ၏။
ကျန်းမင် မတ်တပ်ရပ်၍ အကြောဆန့်လိုက်သည်။ ထို့နောက် ဘေးဘက်ရှိ အမိုးပွင့် မီးဖိုချောင်ဆီသို့ သွားကာ နံနက်စာ စတင် ပြင်ဆင်တော့သည်။
သူက ဝိညာဉ် ဆေးပင်များကို တစ်ပင်ပြီး တစ်ပင် ထုတ်ယူ၍ စတင် ရောနှော ပေါင်းစပ်လိုက်၏။ နောက်ဆုံးတွင် နဂါးနှလုံးသားကို အဓိက ပါဝင်ပစ္စည်း အဖြစ် အသုံးပြုကာ စိတ်အခြေအနေကို ပြန်လည် ကောင်းမွန်စေသည့် ဆေးဖက်ဝင် ဟင်းလျာ တစ်ခွက် ချက်ပြုတ်လိုက်ပြီး သူတို့ သုံးယောက် တိတ်ဆိတ်စွာ စားသောက်လိုက်ကြသည်။
"ဒင်... စိတ်ကျေနပ်ဖွယ် အကောင်းဆုံး နံနက်စာကို သုံးဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... တာအိုရင်ပြင်ရဲ့ လောကစောင့်ကြည့် ကြေးမုံ လုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်ပါပြီ"
ဤနံနက်စာအတွက် ပစ္စည်းတစ်ခု ဆုချီးမြှင့် ခံရသဖြင့် ကျန်းမင် အံ့အားသင့်သွားသည်။ လောကစောင့်ကြည့် ကြေးမုံမှာ သူတော်စင် ပြည်နယ် တာအိုရင်ပြင်၏ အထူး လုပ်ဆောင်ချက် တစ်ခုပင်။ တစ်ကြိမ် ဖွင့်လှစ်လိုက်သည်နှင့် တာအိုရင်ပြင် အတွင်း၌ လောကစောင့်ကြည့် ကြေးမုံ တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပြီး ကျန်းမင် အနေဖြင့် လောကကြီးကို စောင့်ကြည့်နိုင်ကာ နိုင်ငံခြား သက်ရှိများကို ခွဲခြား သတ်မှတ်၍ ပစ်မှတ်ထားနိုင်မည် ဖြစ်သည်။
လမ်းညွှန်စာအုပ်ကို ကြည့်ပြီးနောက် ကျန်းမင် အလွန်အမင်း ပျော်ရွှင်သွား၏။ အကြောင်းမှာ ဤသည်က သူ အတိအကျ လိုအပ်နေသော အရာ ဖြစ်သောကြောင့်ပင်။ ထိုကျူးကျော်သူများက သာမန်လူများကို မဆင်မခြင် သတ်ဖြတ်နေခြင်း မရှိပါက သူတို့အား ဂရုစိုက်နေမည် မဟုတ်သလို သူတို့၏ တည်ရှိမှုကိုပင် လျစ်လျူရှုထားနိုင်ပေသည်။
သို့သော် လောလောဆယ်တွင် အဖွဲ့တစ်ဖွဲ့က နျူကလီးယားဗုံးများ ဖောက်ခွဲခဲ့ပြီး အခြား အဖွဲ့တစ်ဖွဲ့က ဗိုင်းရပ်စ်များ ဖြန့်ကျက်ခဲ့သောကြောင့် သူ ဂရုမစိုက်ဘဲ မနေနိုင်သလို လျစ်လျူရှုထား၍လည်း မရတော့ချေ။
ဤသတ္တဝါများကို သတ်ဖြတ်သင့်သော်လည်း သူတို့ကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှသည်။ သူတို့တွင် ပိုမိုမြင့်မားသော ကျင့်စဉ်အဆင့်များ ရှိပြီး မတူညီသော နည်းလမ်းများစွာ ရှိနေချိန်တွင် ပို၍ပင် ခက်ခဲသေး၏။ ယခုအကြိမ် ကဲ့သို့ပင် သူ အစွမ်းကုန် ကြိုးစား ရှာဖွေခဲ့သော်ငြား ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် ရည်ရွယ်ထားသော အကျိုးခံစားခွင့် ရရှိသူ သုံးဦးကို ရှာမတွေ့ခဲ့သေးပေ။
ကျန်းမင်က တောင်းဆိုလိုက်ပြီး သူ့အခန်းဆီ ပြန်လာခဲ့သည်။
"ညီမလေး... ပန်းကန်တွေ ကူဆေးပေးပါဦး... ငါ ခဏလောက် တိတ်တဆိတ် စဉ်းစားစရာလေး ရှိလို့"
"ကျွန်မ လုပ်လိုက်ပါ့မယ်"
ရှီယောင်က လက်ချောင်းများကို မြှောက်လိုက်သည်နှင့် ပန်းကန်များ လေထဲသို့ မြောက်တက်သွားပြီး စတင် ဆေးကြောတော့သည်။ တစ်ချိန်တည်းမှာပင် လင်းလုံကို လှမ်းပြောလိုက်၏။
"အစ်ကိုကျန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ မြူတိမ်တိုက် တစ်ခုလိုပဲ... နားလည်ဖို့ ပိုပို ခက်လာတယ်..."
လင်းလုံက သူမ၏ ခန့်မှန်းချက်ကို ထုတ်ပြောသည်။
"အစ်ကိုကြီးက လောကကြီးရဲ့ သားတော် ဖြစ်နေမလား... ဒါမှမဟုတ် အင်မော်တယ် ဧကရာဇ် တစ်ပါး လူဝင်စားလာတာများလား..."
ရှီယောင်က လေးနက်စွာ ခေါင်းညိတ်၍...
"အဲ့ဒါ တကယ် ဖြစ်နိုင်တယ်... မဟုတ်ရင် အသက် (၂၈) နှစ်ပဲ ရှိသေးပြီး အိမ်ထဲက အိမ်ပြင် မထွက်တဲ့သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေမှာလဲ... လောကကြီးရဲ့ သားတော် ဆိုတာ ကံအကောင်းဆုံးသူပဲလေ... သူက အမြဲတမ်း ထိုင်နေရင်တောင် ကံကောင်းမှုတွေ ရလာမှာပဲ... အင်မော်တယ် ဧကရာဇ် တစ်ပါး လူဝင်စားတာ ဆိုရင်ကော... ဒါဆိုရင်တော့ ပိုတောင် ကြောက်စရာ ကောင်းသေးတယ်... တကယ်တော့ ရှင်တို့နှစ်ယောက်လုံး အဲ့ဒီလိုမျိုးများလားလို့ ကျွန်မ သံသယ ဝင်မိတယ်... ဘာပဲဖြစ်ဖြစ် ရှင်တို့နှစ်ယောက်က ယုတ္တိမတန်လောက်အောင် ပါရမီ ထူးချွန်လွန်းနေတာကိုး... ရှင်တို့နှစ်ယောက်ဆီကနေ မျက်နှာသာ ရအောင် ကျွန်မ သေချာပေါက် ကြိုးစားရမယ်"
"ဟက်... နင်က ငါ့အစ်ကိုကြီးဆီကနေပဲ မျက်နှာသာ ရချင်နေတာ မဟုတ်လား"
"စပ်စုလိုက်တာ..."
သူတို့နှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောရင်း နောက်ပြောင်နေကြ၏။
အခန်းထဲတွင်မူ...
စိတ်အာရုံ တစ်ချက်ဖြင့် မှန်တစ်ချပ်က ကျန်းမင်ရှေ့တွင် ထွက်ပေါ်လာပြီး အရွယ်အစားကို သူ အလိုရှိသလို ချိန်ညှိနိုင်လေသည်။ မှန်ကို အာရုံစိုက် ကြည့်လိုက်သည်နှင့် အဖြူရောင် အစက်အပြောက်များ မှန်ပြင်ပေါ်တွင် ထွက်ပေါ်လာ၏။
သူ့လက်ချောင်းဖြင့် ထိုအစက်များထဲမှ တစ်ခုကို ထောက်ပြလိုက်ချိန်တွင် မှန်ပြင်က ထိုအစက်ဆီသို့ ချဲ့ကားသွားပြီး တည်းခိုခန်း တစ်ခု၊ အခန်း တစ်ခန်းနှင့် ထိုအခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော အမျိုးသား တစ်ဦးကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်တွေ့လာရတော့သည်။
End
***