လူသားလမ်းစဉ် မှတ်တမ်းကို ထပ်မံ ဖွင့်လှစ်လိုက်သည်နှင့် ပြိုင်ဘက်၏ အချက်အလက်များက သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာတော့သည်။
"မိုက်တယ်..."
ကျန်းမင်က မျက်လုံးများ အရွှန်းတဖိတ်ဖိတ် တောက်လောင်သွားရင်း ဝမ်းသာအားရ ရေရွတ်လိုက်၏။
သို့သော် သူ ဘာမှမလုပ်သေးပေ။ အထွတ်အထိပ် အမိန့်တော်ကို အသက်သွင်း၍ အထွတ်အထိပ် စေတီ၏ သတ္တမမြောက် အထပ်သို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
အမည် - ကျန်းမင်
ကျင့်စဉ်အဆင့် - အဆင့် ၉
စုဆောင်းရရှိထားသော အမှတ်များ - ၆,၇၅၉
သတ္တမမြောက် အထပ်အတွက် ဂုဏ်ပြုမှတ်တမ်း - ကောင်းကင်လှေကား အဆင့် ၁၈၊ ကောင်းကင်စင်မြင့် အဆင့် ၉၊ အထူးစွမ်းရည် အမှတ် ၅၃၃
ကျန်းမင်က ကောင်းကင်စင်မြင့်ပေါ် ခြေချ၍ စတင် တက်လှမ်းလိုက်သည်။ များမကြာမီ သတ္တမမြောက် အဆင့်သို့ ရောက်ရှိသွား၏။ ဤတစ်ကြိမ်တွင် သူ့ပြိုင်ဘက်မှာ ဂျန်ဆန်ချန်းပင်။ ယခုအခါ ထိုသူမှာ အဆင့် ၁၁ အစောပိုင်း အဆင့်တွင် ရှိနေလေပြီ။
"ပြန်တွေ့ရတာ ဝမ်းသာပါတယ် စီနီယာ..."
ကျန်းမင်က ကျွင်းစန်းချန်အး နှုတ်ဆက်လိုက်သည်။
"အင်း... မင်း ငါ့ကို မေးစရာ မေးခွန်းတွေ ထပ်ရှိနေပုံပဲ..." ကျွင်းစန်းချန်က ရယ်မော၍... "မေးချင်တာ မေးပါ"
"အခု ကျွန်တော့်လောကကို အဖွဲ့အစည်း နှစ်ခုက ကျူးကျော်နေတယ်... သူတို့က ကျွန်တော့်လောကထဲကို လွတ်လွတ်လပ်လပ် ဝင်လာနိုင်ပြီး တာဝန်တစ်ခုခုကို ပြီးမြောက်အောင် လုပ်ရမယ့်ပုံပဲ... တစ်ခါတုန်းကဆိုရင် ကျွန်တော့်လောကကို ဖျက်ဆီးဖို့ တာဝန်ပေးခံရပြီး နောက်တစ်ကြိမ်ကျတော့ ဂိုဏ်းတစ်ခုကို စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံရပြန်တယ်..." ကျန်းမင်က စကားဆက်သည်။ "စီနီယာ... သူတို့တွေက ဘယ်သူတွေလဲဆိုတာ သိလား"
"မင်းရဲ့လောကကို ဖျက်ဆီးမယ်... ဂိုဏ်းတစ်ခုကို စုံစမ်းမယ် ဟုတ်လား... စိတ်ဝင်စားစရာပဲ..." ကျွင်းစန်းချန်က ပြန်ပြော၏။ "ထားပါတော့... သူတို့ ဘယ်သူတွေလဲ ဆိုတာ ငါသိရင်တောင် မင်းအတွက် အရေးကြီးမယ် မထင်ဘူး... မင်းက သူတို့ အားလုံးကို သတ်ပစ်လို့ ရမလား... တကယ်လို့ သတ်လိုက်ရင် ပြဿနာ တစ်ခုခု တက်နိုင်မလား ဆိုတာပဲ မေးချင်နေတာ မဟုတ်လား"
"ဟုတ်ပါတယ် စီနီယာ..." ကျန်းမင်က အတည်ပြုပေးသည်။
"တကယ်လို့ မင်း သူတို့ကို သတ်နိုင်ရင် သတ်လိုက်ပေါ့..." ကျွင်းစန်းချန်က ရယ်မောလိုက်ပြီး... "သူတို့က မင်းရဲ့လောကထဲကို ပုံမှန် နည်းလမ်းနဲ့ ဝင်လာတာ ဆိုရင် ဒီအတိုင်း သတ်ပစ်လို့ ရတယ်"
"ပုံမှန် နည်းလမ်း... ဒါဆို ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေလည်း ရှိနေသေးလို့လား"
"အမှန်ပဲ... မင်း အစောက ပြောခဲ့တဲ့ သူတွေက မင်းရဲ့လောကထဲကို ပုံမှန် နည်းလမ်းနဲ့ ပေါ်လာကြတာ... ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေ ဆိုတာက နားလည်ဖို့ ပိုတောင် လွယ်သေးတယ်... မင်းရဲ့လောကထဲကို ကိုယ်တိုင် ဆင်းသက်မလာဘဲ လောကကြီးကို ဖျက်ဆီးနိုင်တဲ့ သူတွေကို ပုံမှန်မဟုတ်တဲ့ သူတွေလို့ သတ်မှတ်တယ်... မင်းရဲ့လောကထဲက သက်ရှိတွေက သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"
"စီနီယာ... ကျွန်တော့်လောကထဲက တစ်ယောက်ယောက်က လောကကြီးရဲ့ ခံနိုင်ရည် ကန့်သတ်ချက်ကို ကျော်လွန်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဆင်းသက်လာဖို့ ကူညီပေးတဲ့ အခြေအနေမျိုးရော ရှိနိုင်လား"
"ရှိနိုင်တယ်... ဒါပေမဲ့ အဲ့ဒါက ကန့်သတ်ချက်တွေ အများကြီး ပါလာလိမ့်မယ်... ပြီးတော့ အဲ့ဒါက ပုံမှန် အမျိုးအစားထဲမှာပဲ ပါတယ်... မင်း သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး... မင်းဆီမှာ အထွတ်အထိပ် အမိန့်တော် ရှိနေသရွေ့ ကြီးကြီးမားမား ပြဿနာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"
"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..." ကျန်းမင်က ပြောလိုက်သည်။ "အစောက ကျွန်တော် ပြောခဲ့တဲ့ အခြေအနေ နှစ်ခုလုံးမှာ သူတို့ အားလုံးကို သတ်ပစ်လိုက်ရင် ဘာဖြစ်လာမလဲ"
"သူတို့က မင်းရဲ့လောကထဲကို ဆက်တိုက် ဝင်လာကြလိမ့်မယ်... ဒါပေမဲ့ မင်းသတ်လိုက်တဲ့ လူအရေအတွက်က အများဆုံး ကန့်သတ်ချက်ကို ရောက်သွားရင်တော့ မင်းလောကထဲ ဝင်လာတာကို ရပ်တန့်သွားလိမ့်မယ်... ဒါပေမဲ့ အခြားလောက တစ်ခုက အစွမ်းထက် ပုဂ္ဂိုလ် အမြောက်အမြားကို မင်းရဲ့လောကထဲ ခေါ်လာဖို့ အတိုင်းအတာကူး တံခါးပေါက် တစ်ခု ယူလာတတ်တဲ့ အထူး အခြေအနေ တချို့လည်း ရှိတယ်... ဒါမှမဟုတ်ရင်လည်း အခြားလောကရဲ့ ကျူးကျော်မှုကို ကူညီပေးဖို့ မင်းရဲ့လောကထဲမှာ သြဒိနိတ်တွေ ချမှတ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်"
"ဘာ..." ကျန်းမင် အံ့အားသင့်သွား၏။ "အခြားလောကရဲ့ ကျူးကျော်မှုကို ကူညီပေးတယ် ဟုတ်လား..."
"အမှန်ပဲ... သူတို့က အောက်က အဆင့်ရှိတဲ့ လောက ဒါမှမဟုတ် အဆင့်တူ လောကတစ်ခုကို ခေါ်ဆောင်လာပြီး မင်းရဲ့လောကနဲ့ ပေါင်းစပ်ပစ်လိမ့်မယ်"
"ပေါင်းစပ်မယ်... တိုက်မိတာကို ပြောနေတာလား... အဲ့ဒါဆို မဆိုးရွားသွားဘူးလား"
"ပေါင်းစပ်တာ ဒါမှမဟုတ် အချင်းချင်း တိုက်မိတာပေါ့... လောကတစ်ခုကို ရှေ့ကို တွန်းပို့ဖို့ ဒါမှမဟုတ် သီးခြား လောကတစ်ခုကို ပစ်မှတ်ထားဖို့ ကုန်ကျစရိတ်က အရမ်း ကြီးမားလွန်းလို့ တုန်ဖန်းချန်းရှီရဲ့ အဖေတောင်မှ မလုပ်ချင်လောက်ဘူး... ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးက အရမ်း ရှားပါးတယ်"
"စီနီယာက သူမရဲ့ အဖေကို သိတာလား..."
"အင်း... အဲ့ဒါကတော့ ငါ့ရဲ့ လျှို့ဝှက်ချက်ပဲ"
အချိန်အတော်ကြာ စကားပြောပြီးနောက် ကျန်းမင်က အဆင့်များကို ဆက်လက် ဖြတ်ကျော်လိုက်သည်။ နဝမမြောက် အဆင့်အထိ တက်လှမ်းနိုင်ခဲ့သော်လည်း ဒသမမြောက် အဆင့်တွင် အဆင့် ၁၂ ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်ရာ၌ ရှုံးနိမ့်သွားခဲ့၏။ ဤတစ်ကြိမ် သူ့ ပြိုင်ဘက်မှာလည်း ဂျန်ဆန်ချန်းပင်။
"လာခဲ့စမ်း... ဒီတစ်ခါတော့ မင်း ထူးခြားတဲ့ အံ့ဖွယ်တစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်..." ကျွင်းစန်းချန်က ပြောလာသည်။
"အံ့ဖွယ် ဟုတ်လား..." ကျန်းမင်က ပြန်မေးလိုက်၏။ "ကျွန်တော့်မှာ အလားအလာတွေ အများကြီး ရှိပေမဲ့ ပါရမီ အထူးချွန်ဆုံးတော့ မဟုတ်ဘူးလို့ စီနီယာပဲ ပြောခဲ့တာ မဟုတ်ဘူးလား... ကျွန်တော်က ဘယ်လိုလုပ် အံ့ဖွယ်တစ်ခု ဖန်တီးနိုင်မှာလဲ"
"သေမျိုးလောကနဲ့ သက်ဆိုင်တဲ့ အံ့ဖွယ်တစ်ခုကို ဖန်တီးခိုင်းတာလေ..." ကျွင်းစန်းချန်က ရှင်းပြသည်။ "သေမျိုးလောကထဲမှာ အင်မော်တယ်တွေကို သတ်ဖြတ်နိုင်စွမ်း ရှိတဲ့သူတွေ ရှိပေမဲ့ အဲ့ဒါက သူတို့ဆီမှာ အစွမ်းထက်တဲ့ လက်နက်တွေ ရှိနေလို့ပဲ... ဒါပေမဲ့ ဒီမှာတော့ ငါတို့က ညီမျှတဲ့ အခြေအနေမှာ တိုက်ခိုက်နေကြတာ... ပြီးတော့ ဒီစင်မြင့်ပေါ်မှာ ငါက အဆင့် ၁၂ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေပြီ"
ကျန်းမင်က ဓားကို ဆုပ်ကိုင်ကာ…"နားလည်ပါပြီ... အံ့ဖွယ်တစ်ခု ဖန်တီးနိုင်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်"
သူ့ပြိုင်ဘက်အား ဖိနှိပ်ရန် လောကပုံရိပ်ယောင်ကို အသက်သွင်းလိုက်၏။ ထို့နောက် ကြယ်တာရာ ဖွဲ့စည်းမှု သိုင်းကွက်အပြင် ထောင်သောင်းမကသော လျှို့ဝှက်နည်းစနစ်ထဲမှ 'အထီးကျန် ကန္တာရ' နှင့် 'နေမင်း ကျဆင်းခြင်း' ဟူသော သိုင်းကွက် နှစ်ခုကိုပါ ထုတ်ဖော်လိုက်သည်။
သူက အလွန်အမင်း အစွမ်းထက်နေသော်ငြား ကံမကောင်းစွာဖြင့် ကျွင်းစန်းချန်မှာ သူထက် ပို၍ အစွမ်းထက်နေလေသည်။
ကျန်းမင်၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်ချိန်တွင် သူ့ထံမှ အင်မော်တယ် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာ၏။
ယခင်အကြိမ်နှင့် နှိုင်းယှဉ်လျှင် ကျန်းမင်မှာ အများကြီး ပိုမို အစွမ်းထက်လာခဲ့လေပြီ။ သူ့ လှုပ်ရှားမှုများမှာ အတူတူပင် ဖြစ်သော်လည်း ၎င်းတို့၏ စွမ်းအားမှာမူ အဆမတန် တိုးတက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဤတိုက်ပွဲမှာ သူ့အတွက် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်နေဆဲပင်။
"အဆုံးမဲ့ တာအို ပြန်လည်ရောက်ရှိခြင်း လက်ချောင်း..."
ကျန်းမင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဤလှုပ်ရှားမှုဖြင့် နောက်ဆုံးတွင် ကျွင်းစန်းချန်ား အနိုင်ယူနိုင်ခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် သူ့ ဒဏ်ရာရနေသော ခန္ဓာကိုယ်မှာ ပြန်လည် ကောင်းမွန်သွား၏။
(၁၁) ခုမြောက် အဆင့်တွင်...
"မင်း အောင်မြင်သွားပြီ... အဆင့် ၉ ကျွမ်းကျင်သူ တစ်ယောက်တည်း ဖြစ်ပေမဲ့ အဆင့် ၁၂ ကျွမ်းကျင်သူကို အနိုင်ယူနိုင်ခဲ့တယ်... မင်းက တကယ်ကို အံ့မခန်းပဲ..." ကျွင်းစန်းချန်က မှတ်ချက်ချလိုက်သည်။ "ဒါပေမဲ့ ဒီနေရာက မင်း ရပ်တန့်ရမယ့် နေရာပဲ"
"စီနီယာက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ..." ကျန်းမင်က ပြောလိုက်သည်။ "စီနီယာ... ကျွန်တော့်ရဲ့ အခြေအနေကို ထောက်ရှုရင် အဆင့် ၁၀ ကို တက်လှမ်းနိုင်သွားတဲ့အခါ (၁၂) ခုမြောက် အဆင့်ကို အောင်နိုင်လောက်မလား"
"မအောင်နိုင်စရာ အကြောင်း မရှိပါဘူး... (၁၃) ခုမြောက် အဆင့်တောင် မင်းအတွက် ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး..." ကျွင်းစန်းချန်က ပြန်ဖြေ၏။ "အဲ့ဒါက မင်း ဘယ်လောက်အထိ သွားနိုင်မလဲ ဆိုတာပေါ် မူတည်တယ်... မင်းမှာ အခိုင်မာဆုံး အခြေခံအုတ်မြစ် ရှိနေပြီးတော့ စည်းမျဉ်းတွေကို ချိုးဖောက်နိုင်စွမ်း ရှိတယ်"
ဤတစ်ကြိမ်တွင် ကျန်းမင်က ကျွင်းစန်းချန်ကို ထပ်မံ တိုက်ခိုက်ခြင်း မပြုတော့ဘဲ ထွက်ခွာလာခဲ့သည်။
မည်သို့ပင်ဆိုစေ တိုက်ခိုက်နေလျှင်လည်း သူ့အတွက် အဓိပ္ပာယ် မရှိတော့ပေ။
သူက စင်မြင့်ပေါ်သို့ ရောက်လာပြီး ကောင်းကင်လှေကားကို ကြည့်၍ အကြည့်လွှဲလိုက်၏။ သူ ထွက်မသွားသေးချေ။ ထိုအစား တာအိုတစ်သန်း ပုံရိပ်ဇယားချပ်ဆီသို့ သွားကာ ထိုင်ချလိုက်သည်။ သို့သော် သူက အထူးစွမ်းရည် အချို့ကို နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ အနားယူရန်သာ ဖြစ်သည်။
သူက အကျိုးခံစားခွင့် ရရှိသူ အတော်များများကို ရှင်းလင်းထားခဲ့သဖြင့် သူ့အတွင်းရှိ မူလအဆီအနှစ်များကို စုပ်ယူ ချေဖျက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချ၍ သူ့ အတွင်းကမ္ဘာကို အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။
သူ မျက်လုံးများကို မှိတ်၍ သူ့အတွင်းကမ္ဘာကို အာရုံစိုက်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ တာအိုများနှင့် တာအိုအပေါ် သူ့ ကျွမ်းကျင်မှုနှင့် နားလည်သဘောပေါက်မှုမှာ ပိုမို ကောင်းမွန်လာခဲ့လေပြီ။
ယနေ့တွင်မူ ပုံရိပ်ယောင် တစ်ခုက ကျန်းမင်၏ ခေါင်းပေါ်၌ ထွက်ပေါ်လာ၏။ ၎င်းမှာ သူ့ အတွင်းကမ္ဘာ ပုံရိပ်ယောင်ပင် ဖြစ်သည်။ ထိုထဲတွင် တောင်တန်းများ၊ မြစ်များ၊ ချောက်ကမ်းပါးများနှင့် သစ်တောများ စသည်ဖြင့် အစုံအလင် ပါဝင်နေသည်။
ရုတ်တရက် ပုံရိပ်ယောင်မှာ ပုံပျက်သွားပြီး စတင် ကျုံ့ဝင်လာတော့သည်။ အတွင်းကမ္ဘာထဲတွင်လည်း ထိုနည်းတူပင် ဖြစ်ပျက်နေ၏။ ကမ္ဘာလောကကြီး ကျုံ့ဝင်လာပြီး တောင်တန်းများ ပြိုကျကာ မြစ်များ ပျောက်ကွယ်သွားသည်။ ကသောင်းကနင်း ချီစွမ်းအင် အစုအဝေး တစ်ခုအဖြစ် မပြောင်းလဲမီ အရာအားလုံး ဖျက်ဆီးခံလိုက်ရခြင်းပင်။
ကျန်းမင်၏ မျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး သူ့ အတွင်းကမ္ဘာကို ဆက်လက် အာရုံစိုက်နေခဲ့သည်။
သူ့ အတွင်းကမ္ဘာကို အစစ်အမှန် ဖြစ်လာစေရန် ဤအရာက အရေးကြီးဆုံး ခြေလှမ်းမှန်း သူ သိထား၏။ နောက်တစ်ခဏတွင် ကသောင်းကနင်း ချီစွမ်းအင် ပေါက်ကွဲထွက်လာပြီး ကြီးမားသော လေဟာနယ် ဟာလာဟင်းလင်းပြင်ကြီး တစ်ခုအဖြစ် ဖြစ်တည်လာတော့သည်။
ပုံရိပ်ယောင် ခံစားချက်ကြီး ပျောက်ကွယ်သွားလေပြီ။ မြေကြီး၊ သဲ၊ ကျောက်ဆောင် စသည်တို့ အားလုံး အစစ်အမှန် ဖြစ်လာသည်။
နေ၊ လနှင့် ကြယ်များ ကောင်းကင်ယံတွင် ဖြစ်တည်လာ၏။ နေမင်းကြီးက အရှေ့ဘက်မှ ထွက်ပေါ်လာပြီး လမင်းက အနောက်ဘက်သို့ ဝင်ရောက်သွားသည်။
တာအိုများ အသက်ဝင်လာပြီး အရာခပ်သိမ်း ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ထူးဆန်းသော စွမ်းအားတစ်ခုလည်း ပုံဖော်လာတော့သည်။
ဤစွမ်းအားမှာ ချီစွမ်းအင်ထက် အရည်အသွေးပိုင်းတွင် များစွာ သာလွန်ကောင်းမွန်လှသည်။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး နောက်ဆုံးတွင် ကမ္ဘာလောက၏ အရပ်မျက်နှာ အားလုံးဆီသို့ ပြန့်ကျဲသွားကာ အရာခပ်သိမ်းနှင့် ပေါင်းစပ်သွားလေသည်။
ကမ္ဘာလောကကြီး စတင် လည်ပတ်လာသည်နှင့်အမျှ စွမ်းအားများလည်း တိုးပွားလာ၏။
တစ်ချိန်တည်းမှာပင် နက်နဲသော အငွေ့အသက် တစ်ခု စီးဆင်းလာပြီး စိတ်နှင့် အသိဉာဏ်ထဲသို့ တစ်စိတ်တစ်ပိုင်း ဝင်ရောက်သွားကာ ဝိညာဉ်ကို ပြောင်းလဲသွားစေပြီး မူလဝိညာဉ်ကိုလည်း မြင့်တက်သွားစေသည်။
၎င်း၏ တစ်စိတ်တစ်ပိုင်းက သူ့အသားများထဲသို့ စီးဝင်သွားပြီး အရိုးများ၊ ကြွက်သားများ၊ သွေးကြောများ၊ အတွင်းကလီစာများ၊ အရေပြား စသည်တို့ကို ပြန်လည် ဖွဲ့စည်းကာ ပြောင်းလဲလာစေသည်။
၎င်းမှာ အားကောင်းပြီး လျင်မြန်သော ဖြစ်စဉ်တစ်ခုပင်။
နာကျင်လွန်းလှသော ဝေဒနာက သူ့စိတ်ကို တိုက်ခိုက်လာသော်လည်း ယနေ့ခေတ် ကျန်းမင် အတွက်တော့ အကြိမ်တစ်ထောင် အခုတ်ခံရလျှင်ပင် မျက်မှောင်ကြုံ့မည် မဟုတ်ပေ။
အသွင်ပြောင်းခြင်း လုပ်ငန်းစဉ်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားလေပြီ။
သူ ဘာမှမလုပ်နိုင်ခင်မှာပင် အသံတစ်သံ သူ့နားထဲ ပဲ့တင်ထပ်လာ၏။
"ကျန်းမင်... အဆင့် ၁၀ ကို တက်လှမ်းနိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... အခု မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... အထွတ်အထိပ် စေတီရဲ့ အဋ္ဌမမြောက် အထပ်ကို ဝင်ရောက်ပြီး စမ်းသပ်မှု ခံယူမလား... ဒါမှမဟုတ် အစစ်အမှန် လောကကို ပြန်မလား... ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန် ရွေးချယ်ပါ"
ကျန်းမင် ဝမ်းသာသွားသော်ငြား သက်ပြင်းချလိုက်မိသည်။
သူ့ အတွင်းကမ္ဘာ အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲသွားပြီးနောက် အကြို အင်မော်တယ် အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သံသယ အချို့ ရှိနေသေးသည့်တိုင် များများစားစား မတွေဝေတော့ဘဲ စမ်းသပ်မှု ခံယူရန် နောက်တစ်ထပ်သို့ ဝင်ရောက်ဖို့ ရွေးချယ်လိုက်သည်။
သူ့အတွက်တော့ ဤစမ်းသပ်မှုမှာ ပန်းခြံထဲ လမ်းလျှောက်နေရသလို လွယ်ကူလွန်းလှသည်။
စမ်းသပ်မှု သုံးခုကို ဖြတ်ကျော်ပြီးနောက် အထွတ်အထိပ် စေတီ၏ အဋ္ဌမမြောက် အထပ်သို့ ရောက်ရှိလာခဲ့၏။
သူက စင်မြင့်ပေါ်တွင် ရပ်၍ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး ဤနေရာတွင် သူမှလွဲ၍ အခြား မည်သူမျှ မရှိချေ။
မည်သို့ပင်ဆိုစေ ပါရမီရှင်များမှာ အလွန် နည်းပါးပြီး သူတို့တွင် ရွေးချယ်စရာ သိပ်မရှိပေ။ ထို့အပြင် အထွတ်အထိပ် အမိန့်ကြော်ငြာစာကို ရရှိရန် ကံတရား များစွာ လိုအပ်၏။ အလွန် ကံကောင်းသူ မဟုတ်ပါက လက်ဝယ်ပိုင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုသို့ဆိုသော်ငြား အထွတ်အထိပ် အမိန့်တော်ကို ရရှိခြင်းက အဆုံးသတ် မဟုတ်သေးချေ။ အမိန့်တော် ရရှိထားလျှင်ပင် စမ်းသပ်မှုကို မအောင်မြင်ပါက အသုံးဝင်မည် မဟုတ်ပေ။
ကိုယ်စားလှယ် တစ်ဦး စမ်းသပ်မှု ကျရှုံးသွားသည်နှင့် အထွတ်အထိပ် အမိန့်တော်မှာ ပျောက်ကွယ်သွားမည် ဖြစ်ပြီး နောက်ထပ် ပြန်လည် တွေ့ရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
အခြားနည်းဖြင့် ပြောရလျှင် အထွတ်အထိပ် စေတီမှာ အလွန် တိတ်ဆိတ် ငြိမ်သက်နေခြင်းပင်။
"အကြို အင်မော်တယ် အဆင့်ကို ရောက်ဖို့ အဆင့်နှစ်ဆင့် လိုအပ်တယ် ဆိုတော့ ငါက ဘယ်လိုလုပ် ရောက်သွားတာလဲ... ငါ့ရဲ့ အတွင်းကမ္ဘာ အသွင်ပြောင်းသွားလို့များလား..."
ထိုအတွေးနှင့်အတူ ကျန်းမင်က သူ့ခန္ဓာကိုယ်တွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို စတင် လေ့လာတော့သည်။
End
***