အန္တိမအဆင့်မှ အကြို အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်ချက် နှစ်ခုကို ပြည့်မီရပေမည်။
ပထမ တစ်ခုမှာ တာအို တစ်ခုကို အပြည့်အဝ ကျွမ်းကျင် ပိုင်နိုင်ရမည် ဖြစ်ပြီး ဒုတိယ တစ်ခုကမူ လောက၏ အချုပ်အနှောင်များမှ လွတ်မြောက်ရန် ကျော်လွန်ခြင်း နည်းလမ်းကို နားလည် သဘောပေါက်ရခြင်းပင်။ ထိုသို့ ဖြစ်လာချိန်တွင် မိမိ၏ တန်ခိုးစွမ်းအင်များက အင်မော်တယ် စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။ လူ့လောကရှိ အင်မော်တယ် စွမ်းအင်ကို အင်မော်တယ်တု စွမ်းအင် သို့မဟုတ် အင်မော်တယ်နီးပါး စွမ်းအင် ဟူ၍လည်း ခေါ်ဆိုကြသည်။ ဤသည်မှာ အလွန် ခက်ခဲကြမ်းတမ်းသော လုပ်ငန်းစဉ် တစ်ခု ဖြစ်ပေသည်။
သို့သော် မင်ဖေးနှင့် တုန်ဖန်းချန်းရှီတို့ ကဲ့သို့သော အချို့လူများ အတွက်မူ ထိုအရာက များစွာ လွယ်ကူနေခဲ့၏။
စကားပြောခန်းထဲရှိ မိတ်ဆွေများမှ တဆင့် မတူညီသော ကမ္ဘာများတွင် မတူညီသည့် တာအိုများ ရှိကြောင်းကို ကျန်းမင် သိရှိထားပြီး ဖြစ်သည်။ ထို့အပြင် အဆင့်တက်လှမ်းချိန်တွင် ကြုံတွေ့ရသော အခြေအနေများနှင့် အခက်အခဲ ပမာဏမှာလည်း ကမ္ဘာ့အဆင့်ကို လိုက်၍ ကွဲပြားခြားနားကြသေး၏။
ကျန်းမင် မျက်လုံးများ မှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲများကို စတင် ခံစားကြည့်လိုက်တော့သည်။
အချိန်တို အတွင်းမှာပင် သူ အဆင့်တက်လှမ်းနိုင်ခဲ့သည့် အကြောင်းရင်းကို ရှာဖွေ တွေ့ရှိသွား၏။ သူ့အတွင်းကမ္ဘာမှာ အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သောကြောင့် ဒြပ်စင်ငါးပါး၏ အခြေခံ အကျဆုံး တာအို နှစ်ခု ဖြစ်သော ယင်ယန် တာအိုနှင့် အလင်းနှင့် အမှောင် တာအိုတို့မှာ ပြီးပြည့်စုံ သွားခဲ့ပြီ ဖြစ်သည်။
ကျန်းမင်က သူ့အခြေအနေကို သုံးသပ်ကြည့်နေမိသည်။ "တခြားလူတွေ အတွက်တော့ သုခကမ္ဘာ ဆိုတာ စိတ်ကူးယဉ် ပုံရိပ်ယောင် သက်သက် ဖြစ်ပြီး တန်ခိုးစွမ်းအင်တွေ စုစည်းမှုကနေ ဖြစ်ပေါ်လာတာမျိုးပဲ... အကြို အင်မော်တယ်အဆင့်ကို ရောက်တဲ့အခါ သူတို့ရဲ့ တန်ခိုးစွမ်းအင်တွေက အင်မော်တယ်နီးပါး စွမ်းအင် အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်..."
"ဒါပေမဲ့ ငါ့အခြေအနေကျတော့ သုခကမ္ဘာက အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီ... ငါ့ရဲ့ တန်ခိုးစွမ်းအင်တွေကို ဆိုရင်တော့... အခုချိန်မှာ လောကစွမ်းအင်လို့ ခေါ်တာ ပိုမှန်လိမ့်မယ်... ဒါက အင်မော်တယ်နီးပါး စွမ်းအင်ထက်တောင် ပိုပြီး အားကောင်းနေသေးတယ်... လောကစွမ်းအင်က အင်မော်တယ်တု စွမ်းအင်နဲ့ အဆင့်တူများ ဖြစ်နေမလား..."
ကျန်းမင် အတွေးနက်သွား၏။ "ဒါဖြစ်ဖို့ များပါတယ်လေ..."
သူက ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပြီး အတွင်းကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
လေထဲတွင် ရပ်တန့်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်၏။
ကျန်းမင် ယခင်က ယခုလောက်အထိ ပျော်ရွှင်မှုကို မခံစားခဲ့ရဖူးပေ။
လက်ကို ဆန့်ထုတ်၍ သူ့ရှေ့ရှိ တိမ်တိုက် တစ်ခုအား လှမ်းဆုပ်လိုက်သည်။ အရာအားလုံးက အလွန် လက်တွေ့ဆန်နေပြီး ယခင်က ပုံရိပ်ယောင် ခံစားချက်မျိုး လုံးဝ မရှိတော့ချေ။
"အတွင်းကမ္ဘာက ပိုသေးငယ် သွားပေမဲ့ သူ့ရဲ့ မူလဇာစ်မြစ်ကတော့ အများကြီး တိုးတက်လာခဲ့ပြီပဲ..."
ထို့နောက် ကောင်းကင်ထက်တွင် တွဲလောင်း ခိုနေသော နေမင်းကြီးအား မော့ကြည့်လိုက်၏။ မြေကြီး သွေးကြောများမှာ ဆင့်ကဲ ပြောင်းလဲနေဆဲ ဖြစ်သော်လည်း အနှေးနှင့်အမြန် ၎င်းတို့၏ ပြောင်းလဲမှု ပြီးဆုံးသွားမည် ဖြစ်ကြောင်း သူ အသေအချာ သိထားသည်။
အဝေးဆီသို့ လှမ်းကြည့်လိုက်ရာ သူ့မြင်ကွင်းထဲတွင် မြုံတီးနေသော မြေပြင်များ၊ ရေကန်များနှင့် မြစ်များမှလွဲ၍ တခြား ဘာမှ မရှိချေ။
ဤကမ္ဘာပေါ်ရှိ အရာအားလုံးမှာ သူ့ထိန်းချုပ်မှု အောက်တွင် သာ။
သူက ဤနေရာ၏ ပိုင်ရှင် ဖြစ်သလို ဖန်ဆင်းရှင်လည်း ဖြစ်ပေသည်။
"ငါ ဒီဆင့်ကဲ ပြောင်းလဲမှုကို အရှိန်မြှင့်လို့ ရနိုင်မလား..."
ထိုအတွေးက ကျန်းမင် ခေါင်းထဲ ရုတ်တရက် ပေါ်လာသည်နှင့် အချိန် တာအိုကို အသက်သွင်းလိုက်တော့သည်။
အတွင်းကမ္ဘာမှာ များစွာ သေးငယ်သွားပြီ ဖြစ်သောကြောင့် သူက ဤနေရာရှိ အချိန်ကို အဆ တစ်ထောင်ခန့် အလွယ်တကူ အရှိန်မြှင့်တင် နိုင်ပေလိမ့်မည်။ သို့သော် အချိန် တာအိုကို အသက်သွင်းလိုက်သည်နှင့် လေးလံသော တုံ့ဆိုင်းမှုကြီး တစ်ခု ပေါ်ပေါက်လာပြီး အတွင်းကမ္ဘာကြီး ပြိုကျတော့မလို ခံစားလိုက်ရ၏။
သူ အလျင်အမြန် ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက် သွားလေပြီ။
သူ မလုပ်နိုင်၍ မဟုတ်ပေ။ အတွင်းကမ္ဘာက ဆင့်ကဲ ပြောင်းလဲမှု လုပ်ငန်းစဉ် ပြီးဆုံးခြင်း မရှိသေး၍ သာ။ ကနဦး အခြေအနေတွင်သာ ရှိနေသေးသဖြင့် သူသာ အချိန် တာအိုကို သုံး၍ အရှိန်မြှင့်ရန် ကြိုးစားပါက အတွင်းကမ္ဘာကြီး ပြိုကျသွားပေလိမ့်မည်။
အတွင်းကမ္ဘာမှ ထွက်လာပြီးနောက် မတ်တပ် ရပ်လိုက်၏။ သူ လက်သီးကို တင်းတင်း ဆုပ်လိုက်ရာ အတိုင်းအဆမဲ့သော စွမ်းအားများ သူ့ခန္ဓာကိုယ် အတွင်း လှည့်ပတ် စီးဆင်းနေသည်ကို ခံစားလိုက်ရပေသည်။
"ငါ့ရဲ့ လက်ရှိ အဆင့်နဲ့ဆို အရင်တုန်းက ငါ့ကို လက်သီး တစ်ချက်တည်းနဲ့ အမှုန့်ကြိတ် ပစ်လို့ ရနေပြီပဲ..."
ထိုသည်မှာ စိတ်ကူးယဉ် ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ဘဲ အရှိတရားပင်။
သူ့အတွင်းကမ္ဘာက အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူ့ခွန်အားမှာ လုံးဝ အသစ်စက်စက် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ချေပြီ။
"အခုပဲ စမ်းသပ်ကြည့်မှ ရမယ်..."
ထိုအတွေးနှင့်အတူ ကျန်းမင်က တောင်ဘက်ရှိ ကောင်းကင်စင်မြင့်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ထိုအချိန်မှာပင် သူက စေတီတော်မြတ်ကြီး အတွင်းရှိ သူ့အဆင့် အချက်အလက်များကို ဖွင့်ကြည့်လိုက်၏။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - အဆင့် ၁၀
စုဆောင်းရရှိသော ရမှတ်များ - ၁၁,၈၇၉
ဂုဏ်ပြုဆု (အဋ္ဌမ ထပ်) - မရှိ
သူ ယခုအခါ အဆင့် ၁၀ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ရမှတ်ပေါင်း ၁၁,၈၇၉ မှတ် စုဆောင်းထားပြီး ဖြစ်ပေသည်။
ကျွင်းစန်းချန်က ပထမ စင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်။
"ဂုဏ်ပြုပါတယ်..."
သူက ကျန်းမင်အား ခဏတာ အကဲခတ် ကြည့်ရှုပြီးနောက် အံ့ဩတကြီး ရေရွတ်လိုက်၏။ "မင်းရဲ့ အခြေခံက တကယ့်ကို ပြီးပြည့်စုံနေတာပဲ... မင်းရှေ့ဆက်ရမယ့် အနာဂတ်က အရမ်းကို တောက်ပနေလိမ့်မယ်လို့ ငါ အာမခံရဲတယ်..."
ကျန်းမင်လည်း ယဉ်ကျေးစွာဖြင့်… "ဆရာကြီးရဲ့ ချီးကျူးစကား အတွက် ကျေးဇူးတင်ပါတယ်... ဒါနဲ့ ဆရာကြီး... ပြင်ညီ လောကတွေမှာရော အဆင့် သတ်မှတ်ချက် ရှိလား..."
ကျွင်းစန်းချန်က ခဏတာ စဉ်းစားပြီးနောက် ရှင်းပြလာ၏။ "ပြင်ညီ လောကလား... မူလ ပြင်ညီလောက သာမန် ပြင်ညီလောကနဲ့ ပြီးပြည့်စုံတဲ့ ပြင်ညီလောက ဆိုပြီး ရှိတယ်... မင်းရဲ့ အတွင်းကမ္ဘာလိုမျိုးဆို မူလ ပြင်ညီလောက အဖြစ် သတ်မှတ်လို့ ရတယ်... ဒီလို လောကပြင်ညီမျိုးက မပြည့်စုံသေးဘူးလေ... လည်ပတ်မှု ဖြစ်စဉ်တွေပဲ ဖြစ်ဖြစ်၊ တာအိုတွေပဲ ဖြစ်ဖြစ်၊ ဖန်ဆင်းခြင်း စွမ်းအင်ပဲ ဖြစ်ဖြစ် ဆင့်ကဲ ပြောင်းလဲနေဆဲ အဆင့်မှာပဲ ရှိသေးတယ်... ဒါကြောင့် အသိဉာဏ်ရှိတဲ့ သက်ရှိတွေ မွေးဖွားလာဖို့ ဆိုတာ ခက်ခဲတယ်... အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိနေခဲ့ရင်တောင် သူတို့ဆီမှာ ချို့ယွင်းချက်တွေ အများကြီး ရှိနေမှာပဲ..."
"ဥပမာ အနေနဲ့ ပြောရရင် သုခကမ္ဘာတွေကိုလည်း နည်းလမ်း တချို့ကို သုံးပြီး လောကပြင်ညီ အဖြစ် ပြောင်းလဲလို့ ရတယ်... ဒါပေမဲ့ အဲ့လို ကမ္ဘာမျိုးတွေက သူတို့ရဲ့ အားနည်းချက်တွေကြောင့် တူညီတဲ့ အရည်အသွေး ရှိပြီး အလားအလာ မရှိတဲ့ သက်ရှိတွေကိုပဲ မွေးထုတ်ပေးနိုင်လိမ့်မယ်..."
"တာအို သုံးထောင် ရင့်ကျက်လာပြီး ဖန်ဆင်းခြင်း စွမ်းအင်တွေ လွတ်လပ်စွာ စီးဆင်းနိုင်လာပြီ ဆိုရင်တော့ ဝင်စားခြင်း သံသရာ လည်ပတ်မှု ပြီးပြည့်စုံသွားပြီး သာမန် ပြင်ညီလောက အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်... ကမ္ဘာပေါင်း များစွာထဲမှာ သာမန် ပြင်ညီလောကက အပေါများဆုံးပဲ..."
"အဲ့ဒီထက် ပိုမြင့်သွားရင်တော့ ကမ္ဘာ့ မူလဇာစ်မြစ်၊ တာအိုတွေ ဒါမှမဟုတ် ဝင်စားခြင်း သံသရာက သတ်မှတ်ချက် တစ်ခုကို ရောက်သွားတဲ့အခါ ပြီးပြည့်စုံတဲ့ ပြင်ညီလောက ဖြစ်လာပြီး စကြဝဠာငယ် တစ်ခု အဖြစ်ကို ပြောင်းလဲသွားနိုင်တယ်..."
ကျွင်းစန်းချန်က ဆက်လက်၍ အသေးစိတ် ရှင်းပြသည်။ "အဲ့ဒီအဆင့်ကို ရောက်ဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး... ကောင်းကင် ဘေးဒဏ်တွေ ရှိတဲ့အပြင် ပြင်ပ ဘေးအန္တရာယ်တွေပါ ရှိသေးတယ်... ယေဘုယျ ပြောရရင် ပြင်ညီလောက တစ်ထောင်မှာမှ တစ်ခုလောက်ပဲ စကြဝဠာငယ် တစ်ခု အဖြစ် ပြောင်းလဲနိုင်တာ..."
"ကမ္ဘာတစ်ခုက ဆင့်ကဲ ပြောင်းလဲတဲ့ လုပ်ငန်းစဉ် အတွင်းမှာ ကောင်းကင် ဘေးဒဏ်တွေရော ပြင်ပ ဘေးအန္တရာယ်တွေကိုပါ ဖြတ်သန်းရသေးတေလာလား..." ကျန်းမင်၏ အသံထဲတွင် မယုံကြည်နိုင်မှုတို့ အပြည့်။
ကျွင်းစန်းချန်က ခေါင်းညိတ်ကာ…"ကမ္ဘာတစ်ခုရဲ့ ဆင့်ကဲ ပြောင်းလဲမှုက ကျင့်ကြံခြင်းနဲ့ ဆင်တူတယ်... အဆင့်တွေ၊ စမ်းသပ်မှုတွေ ရှိတယ်... တကယ်လို့ ကမ္ဘာတစ်ခုက စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့်ကို တက်လှမ်းသွားလိမ့်မယ်... မကျော်ဖြတ်နိုင်ရင်တော့ ကမ္ဘာပျက်စီးခြင်း အဆုံးသတ်ပဲ..."
"ပြင်ပ ဘေးအန္တရာယ်တွေ ကတော့ ပိုပြီး ရှင်းပါတယ်... ကမ္ဘာတစ်ခုရဲ့ ဆင့်ကဲ ပြောင်းလဲမှုက ကြီးမားတဲ့ အခွင့်အရေးတွေနဲ့အတူ ရောက်လာတတ်ပြီး အဲ့ဒါက အစွမ်းထက်တဲ့ သက်ရှိတချို့ကို သဘာဝအလျောက် ဆွဲဆောင်နိုင်တယ်... သူတို့က ကမ္ဘာကြီး ဆင့်ကဲ ပြောင်းလဲနေချိန်မှာ ဖန်ဆင်းခြင်း စွမ်းအင်တွေကို စုပ်ယူချင်တာ ဒါမှမဟုတ် ကမ္ဘာ့ မူလဇာစ်မြစ်ကို လက်ဝယ် ရယူချင်တာမျိုး ဖြစ်နိုင်တယ်... တချို့ကဆို သူတို့ရဲ့ ကျင့်ကြံခြင်းမှာ အထောက်အကူ ဖြစ်စေဖို့ ကမ္ဘာ့ ဆင့်ကဲ ပြောင်းလဲမှုကိုတောင် အသုံးချချင်ကြတာ... ဒါပေမဲ့ ဒီလို အခြေအနေမျိုးက ဖြစ်ခဲပါတယ်... ဘာပဲဖြစ်ဖြစ် လောကပြင်ညီ တစ်ခုရဲ့ တည်နေရာကို ရှာဖွေဖို့ဆိုတာ ယေဘုယျအားဖြင့် ခက်ခဲပြီး အများစုက တာအိုတွေနဲ့ မဟာတာအိုရဲ့ အကာအကွယ်ကို ရထားကြတာလေ... ပြီးတော့ သူတို့က လောကပြင်ညီ တစ်ခုကို အမဲလိုက်တာနဲ့ ကြီးမားတဲ့ ကောင်းကင် ဘေးဒဏ်တွေကို ခံရဖို့ များတယ်... သူတို့ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ ကိုယ်ပိုင် စွမ်းရည်ပေါ်မှာပဲ မူတည်လိမ့်မယ်..."
ကျွင်းစန်းချန်က ရယ်မောလိုက်သည်။ "မင်း အတွက်ကတော့ အတွင်းကမ္ဘာက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာ ဆိုတော့ ဘာမှ စိတ်ပူစရာ မလိုပါဘူး... မင်းက မင်းကမ္ဘာရဲ့ သခင်ပဲ... ပြီးတော့ ငါရှိနေသရွေ့ ဘယ်သူမှ မင်းရဲ့ အတွင်းကမ္ဘာကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
ကျန်းမင် တိတ်ဆိတ် သွား၏။ ဤအချက်အလက်များက ကျွင်းစန်းချန် အတွက် အသုံးမဝင်လှသော်လည်း သူ့ကဲ့သို့ လူတစ်ယောက် အတွက်မူ လွန်စွာ အဖိုးတန်လှပေသည်။
"ဆရာကြီး... ဒါဆို ကျုပ်ရဲ့ အတွင်းကမ္ဘာကို ဒီအတိုင်း ပစ်ထားလိုက်လို့ ရပြီပေါ့..." ကျန်းမင်က ထပ်မံ စပ်စုလိုက်သည်။
"အင်း... ရပါတယ်... ဒါပေမဲ့ မင်းက ပိုပြည့်စုံအောင် အားထုတ်မယ် ဆိုရင်တော့ ဆင့်ကဲ ပြောင်းလဲမှုကို အရှိန်မြှင့်တင်နိုင်တယ်..." ကျွင်းစန်းချန်က ဆက်ရှင်းပြ၏။ "အတွင်းကမ္ဘာရဲ့ ဆင့်ကဲ ပြောင်းလဲမှု ဆိုတာ ဇာစ်မြစ်ကို ကြီးထွားစေပြီး တာအိုကို ပြီးပြည့်စုံအောင် လုပ်တဲ့ လုပ်ငန်းစဉ်ပဲ... တကယ်လို့ မင်းက ကမ္ဘာ့ နှလုံးသားတွေ၊ မူလဇာစ်မြစ် အဆီအနှစ်တွေ၊ ဝိညာဉ် သလင်းကျောက်တွေနဲ့ တခြားအရာတွေကို ပိုစုပ်ယူနိုင်မယ် ဆိုရင် ဆင့်ကဲ ပြောင်းလဲမှု လုပ်ငန်းစဉ် ပိုမြန်ဆန်လာလိမ့်မယ်..."
ကျန်းမင်၏ မျက်နှာထက်၌ သိချင်စိတ်တို့ အထင်းသား။ "ဒါဆို ကျုပ်ရဲ့ ကျင့်ကြံခြင်း တိုးတက်ဖို့ အတွက်ရော ဘယ်လို လုပ်ရမလဲ... အတွင်းကမ္ဘာကိုပဲ အာရုံစိုက်နေရုံနဲ့ ရပြီလား..."
"မဟုတ်သေးဘူး..." ကျွင်းစန်းချန်က နေရာယူ ထိုင်ချလိုက်ရင်း အဖြေပေးသည်။ "မင်းရဲ့ ကျင့်ကြံခြင်း စနစ်နဲ့ဆိုရင် မင်းရဲ့ လက်ရှိ အခြေအနေမှာ မင်းနဲ့ မင်းကမ္ဘာကြားက ဆက်သွယ်မှုတွေကို တဖြည်းဖြည်း ဖြတ်တောက်နေတာ... အဆုံးကျရင် တာအို အားလုံးကနေ ပြတ်တောက်သွားလိမ့်မယ်... အဲ့ဒါကို တာအို ဖြတ်တောက်ခြင်းလို့ ခေါ်တယ်... မင်း လောကကြီးကနေ ခွဲထွက်သွားပြီးတာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်..."
သူက ကျန်းမင်အား ထိုင်ရန် အချက်ပြပြီးနောက် ဆက်ပြောသည်။ "မင်း အဆင့်တက်သွားပြီးရင် အကြို အင်မော်တယ် တစ်ပါး ဖြစ်လာလိမ့်မယ်... ပိုမြင့်တဲ့ အဆင့်ရှိတဲ့ ကမ္ဘာတစ်ခုမှာ အဆင့်တွေကို ကောင်းကင် အင်မော်တယ်၊ အစစ်အမှန် အင်မော်တယ်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နဲ့ ရွှေရောင် အင်မော်တယ် ဆိုပြီး ခွဲခြားထားတယ်... သေချာတာကတော့ နောက်ထပ် အဆင့်တွေ အများကြီး ရှိသေးတယ်... ဒါပေမဲ့ အခုလောလောဆယ် မင်းသိထားဖို့ လိုတာ ဒီလောက်ပဲ..."
"မင်း အကြို အင်မော်တယ် တစ်ပါး ဖြစ်လာပြီးတာနဲ့ ကောင်းကင် အင်မော်တယ် တာအိုကို စတင် ကျင့်ကြံသင့်တယ်... တစ်နည်းအားဖြင့် ကောင်းကင် အင်မော်တယ် တာအိုနဲ့ ကောင်းကင် အင်မော်တယ် တာအို ရလဒ်လို့လည်း ခေါ်ကြတယ်... မင်း အဲ့ဒါကို ပြီးပြည့်စုံအောင် လုပ်နိုင်တာနဲ့ ကောင်းကင် အင်မော်တယ် တစ်ပါး ဖြစ်လာလိမ့်မယ်... မင်းရဲ့ တာအို ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲသွားပြီး မင်းရဲ့ တန်ခိုးစွမ်းအင်တွေက အင်မော်တယ် အဆီအနှစ် အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်... အကြိုအင်မော်တယ် အဆင့်ကနေ ကောင်းကင် အင်မော်တယ် အဆင့်ကို တက်လှမ်းဖို့က လွယ်ကူပြီး ပုံမှန်အားဖြင့် နှစ်ရာဂဏန်း အနည်းငယ်တောင် မကြာတတ်ဘူး..."
"အဆင့်တိုင်းမှာ ကိုယ်ပိုင် တာအို ရလဒ်နဲ့ တာအိုတွေ ရှိကြပြီး အဆင့် တစ်ခုနဲ့ တစ်ခုကြား ကွာခြားချက်က မိုးနဲ့မြေလောက် ကြီးမားတယ်..."
"မင်းမှာ အတွင်းကမ္ဘာ ရှိနေတဲ့ အတွက် တခြားလူတွေထက် ခြေတစ်လှမ်း ပိုမြန်နေပြီ..."
"ဥပမာ အနေနဲ့... မင်း ကောင်းကင် အင်မော်တယ် အဆင့်ကို ရောက်တဲ့အခါ တခြားလူတွေထက် တန်ခိုးစွမ်းအင် ပိုများနေလိမ့်မယ်... ပြီးတော့ မင်းထက် ပိုသန်မာတဲ့ ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်..."
စကားပြောနေစဉ် ကျွင်းစန်းချန် မျက်လုံးများမှာ တောက်ပနေ၏။
ကျန်းမင် အနေဖြင့် ထူးခြားသည့် ခံစားချက်မျိုး မရှိသော်လည်း ကျွင်းစန်းချန်က သူ့အတွင်းကမ္ဘာကို ဖောက်ထွင်း မြင်နိုင်စွမ်း ရှိကြောင်း သူ ကောင်းကောင်း သိထားသည်။ သူ့ရှေ့ရှိ ဤလူကြီး၏ ပတ်ပတ်လည်တွင် လျှို့ဝှက်ချက်ပေါင်း များစွာ ဖုံးလွှမ်းနေပြီး ထိုသူ မည်မျှအထိ အစွမ်းထက်မည်နည်းဟုပင် တွေးတောနေမိချေ၏။
"အတွင်းကမ္ဘာကြောင့်လား... ဆရာကြီး... ကျုပ် ရောက်နေတဲ့ ကမ္ဘာက ပြီးပြည့်စုံတဲ့ ပြင်ညီလောက တစ်ခုပဲလေ... ပြီးတော့ အဆင့် ၁၀ က ကျုပ်ကမ္ဘာ လက်ခံနိုင်တဲ့ အမြင့်ဆုံး အတိုင်းအတာပဲ..."
"ဟာဟား..." ကျွင်းစန်းချန်က အော်ဟယ် ရယ်မောလိုက်သည်။ "ဒါက မတူဘူးလေ... မင်း ရောက်နေတဲ့ ကမ္ဘာက အများဆုံး အဆင့် ၁၀ ကျင့်ကြံခြင်းကိုပဲ လက်ခံနိုင်ပေမဲ့ မင်း အခြေအနေကတော့ တခြားစီပဲ..."
"ဒီခံနိုင်ရည် ကန့်သတ်ချက် ဆိုတာက သက်ရှိ ဘယ်လောက် အထိ မွေးဖွားနိုင်လဲ ဆိုတဲ့ ကန့်သတ်ချက်ကို ရည်ညွှန်းတာ..."
"ကမ္ဘာတစ်ခုရဲ့ စွမ်းအား ဒါမှမဟုတ် အဆီအနှစ် ဆိုတာ အတိုင်းအဆမဲ့ အစွမ်းထက်ပြီး ရွှေရောင် အင်မော်တယ် တစ်ပါးနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်..."
"မင်းက မင်းရဲ့ အတွင်းကမ္ဘာ ပိုင်ရှင်ပဲ... မင်းက ဘုရင် ဖြစ်သလို အဲ့ဒီအထဲက အရာအားလုံးကို ထိန်းချုပ်ခွင့် ရှိတယ်... မင်း ကောင်းကင် အင်မော်တယ် တစ်ပါး ဖြစ်လာတဲ့ အချိန်မှာ အတွင်းကမ္ဘာက ပြင်ညီလောက တစ်ခုရဲ့ ကန့်သတ်ချက်ထိ ဆင့်ကဲ ပြောင်းလဲသွားရင် ရွှေရောင် အင်မော်တယ် တစ်ပါးနဲ့ ညီမျှတဲ့ စွမ်းအားတွေကို မင်း လှုံ့ဆော် အသုံးပြုနိုင်လိမ့်မယ်... နားလည်လား..."
ထိုအခိုက်အတန့်တွင် အရာအားလုံးက ကျန်းမင်၏ ခေါင်းထဲ ချက်ချင်း လင်းလက် ရှင်းလင်းသွားတော့သည်။
"ကျုပ် နားလည်ပြီ... ကျုပ် ကောင်းကင် အင်မော်တယ် အဆင့်မှာ ရှိနေချိန် ကျုပ်ရဲ့ စွမ်းအားက ကန့်သတ်ခံထားရနိုင်ပေမဲ့ အတွင်းကမ္ဘာကိုတော့ အကန့်အသတ် မရှိ မြှင့်တင်နိုင်တာပဲ..."
"မှန်တာပေါ့..."
***