ရှန်းမင်မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်စားသွားဟန်ပြလိုက်သည်။
"မြန်မြန်လုပ်"
‘ညီမထောင်ဟွားက ဒီပစ္စည်းတွေကို လိုအပ်နေတာလေ’
ရှန်းမင် အတင်းတိုက်တွန်းနေသဖြင့် ထန်ရှန်းဟွေ့ ကိုယ့်အသားကိုလှီးဖြတ်ပေးလိုက်ရသကဲ့သို့ ခါးမှငွေအိတ်ကို ဖြုတ်ကာ သူ့ထံကမ်းပေးလိုက်ရသည်။
"ဒါပဲလား"
ရှန်းမင်သည် ထိုအိတ်ထံရွံရှာဟန်ဖြင့်ကြည့်လိုက်၏။ ၎င်း၏ပန်းထိုးလက်ရာမှာ အလွန်တရာညံ့ဖျင်းလွန်းသဖြင့် သူ့ကိုယ်ပိုင်လက်ရာလောက်ပင် မကောင်းပေ။ လမ်းပေါ်မှသူခိုးပင်လျှင် စိတ်ဝင်စားမည် မဟုတ်ချေ။
‘ဆယ်ပြားထက် ပိုမတန်ဘူး’
"သူရဲကောင်းကြီး ဒီအိတ်မဟုတ်ပါဘူး၊ အထဲကဟာပါ၊ ကျွန်တော် လောကီနယ်ပယ်မှာ ခရီးသွားတဲ့အခါ အစွမ်းထက်တဲ့သခင်တွေနဲ့ ဆုံရမှာကြောက်လို့ အပြင်ပိုင်းမှာတန်ဖိုးမရှိတဲ့အိတ်နဲ့ ဟန်ဆောင်ထားရတာပါ"
ထန်ရှန်းဟွေ့ ရှင်းပြလိုက်သည်။ ထင်သည့်အတိုင်းပင် အိတ်ထဲတွင်နောက်ထပ် သားရေအိတ်ငယ်တစ်ခုကို ရှန်းမင်တွေ့လိုက်ရ၏။ ၎င်း၏အထိအတွေ့မှာ နူးညံ့သော်လည်း ခိုင်ခံ့မှုရှိသည်။ ထန်ရှန်းဟွေ့ အတော်လေး ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။
"အဲဒါကို ချန်ခွန်းအိတ်လို့ခေါ်တယ်၊ ကြီးနိုင်သေးနိုင်တယ်၊ အရာအားလုံးကို ထည့်ထားနိုင်တယ်၊ သူရဲကောင်းကြီး ကျွန်တော် သရုပ်ပြပါရစေ"
သူမန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်ရာ ရှန်းမင်လက်ထဲရှိ လက်ဖဝါးအရွယ်ချန်ခွန်းအိတ်မှာ ရုတ်တရက်ကြီးမားလာပြီး လေပြည့်နေသော ဂုန်နီအိတ်တစ်လုံးအလား လေထဲတွင် ပျံဝဲသွားသည်။ ထိုအရာသည် ရှန်းမင်ထံသို့ တန်းတန်းမတ်မတ်ပြေးဝင်လာ၏။ ထန်ရှန်းဟွေ့မျက်လုံးများထဲတွင် အပြုံးတစ်ခုအသွင်လက်သွားသည်။
‘သူ့ရတနာကို လိုချင်တာလား၊ ဒါဆို သူ့အသက်ကို အရင်ပေးဆပ်ရလိမ့်မယ် ငတုံးရဲ့'
လက်ကိုနောက်ပစ်ကာ ပေါ့ပေါ့ပါးပါး ရပ်နေလိုက်ပြီး တင်းတင်းစေ့ထားသော နှုတ်ခမ်းများပေါ်တွင် အပြုံးကြီးတစ်ခု ပေါ်လာသည်။ ချန်ခွန်းအိတ် ရှန်းမင်ကိုယ်ထဲ တိုးသွင်းသွားမည့်အချိန်ကို သူစောင့်ဆိုင်းနေလိုက်၏။ ရုတ်တရက် သူ မှင်သက်သွားရသည်။ အောက်ဘက်သို့ စုပ်ယူဖမ်းဆီးရမည့် ချန်ခွန်းအိတ်မှာ အပေါ်ဘက်သို့ ပျံတက်သွားသည်ပင်။ မြေကြီးထက်ငုံ့ကြည့်လိုက်ရာ ရှန်းမင်ခြေထောက်များသည် မြေကြီးပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။ ချန်ခွန်းအိတ်ထဲမှ ပင့်ကူပန်းနီများ တစ်ပွင့်ပြီးတစ်ပွင့် ရုတ်တရက် ကျဆင်းလာပြီး ရှန်းမင်အနား လုံးဝပျောက်ကွယ်သွားမှသာ ရပ်တန့်သွားလေသည်။ ထန်ရှန်းဟွေ့ မယုံကြည်နိုင်အောင်ဖြစ်သွားရပြီး လုံးဝ ဆွံ့အ မှင်သက်သွားတော့၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘာတွေ ဖြစ်နေတာလဲ"
ထိုပင့်ကူပန်းနီများကို သူခူးပြီးအထဲသို့ ထည့်ထားခဲ့သည်အား လုံးဝမမှတ်မိပါချေ။ ပင့်ကူပန်းနီရဲရဲများ ရှန်းမင်ခြေရင်းသို့ကျဆင်းလာရာ ၎င်းတို့၏အရောင်သည် သူ့ထံမှထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် လူသတ်ငွေ့များနှင့် အချိုးကျနေပြီး ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားစေသည်။
‘ကျင့်ကြံခြင်းစွမ်းအား မရှိတဲ့လူတစ်ယောက်က ချန်ခွန်းအိတ်ကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ။ အဲဒီလူသတ်ချင်တဲ့အငွေ့အသက်လေး တစ်ခုတည်းနဲ့လား’
"ကလစ်"
ရှန်းမင် မီးလှံ၏မောင်းကိုဆွဲတင်လိုက်ပြီး ထန်ရှန်းဟွေ့ခေါင်းကို ထောက်ထားလိုက်၏။
"ငါ့ကို ကစားနေတာလား"
ထန်ရှန်းဟွေ့အတွေးများ ပြတ်တောက်သွားပြီး အနေရခက်ဟန်ဖြင့်ရယ်မောလိုက်သည်။
"သူရဲကောင်းကြီး ခင်ဗျားအထင်လွဲနေပါပြီ"
"အပိုတွေ ပြောမနေနဲ့၊ ရွာထဲဝင်"
ထန်ရှန်းဟွေ့ လမ်းတစ်လျှောက်လုံး စိုးရိမ်ပူပန်နေခဲ့သော်လည်း ကံကောင်းစွာဖြင့် နောက်ဆုံးတွင် ရှန်းမင်မှာသူ့ကို သေနတ်ဖြင့် မပစ်ခဲ့ပေ။ သူ့နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာကွေးညွှတ်သွားရသည်။
‘သူတို့က သူ့မြင်း၊ သူ့သန်ကောင်နတ်ဆိုး၊ သူ့မစင်နတ်ဆိုးတွေကို ပစ်သတ်ရဲပေမယ့် သူ့ကိုတော့ မသတ်ရဲကြဘူးပဲ’
ထန်ရှန်းဟွေ့ ဤအတွေးကိုအတည်ပြုပြီးနောက် ပျော်ရွှင်မှုကြောင့် အနည်းငယ် ယိမ်းထိုးသွားရသည်။
*ခွပ်*
သူ့နဖူးထက်တွင် စူးရှရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် အနံ့ဆိုးထွက်နေသော ချွဲကျိကျိအရည်များ သူ့နဖူးမှတစ်ဆင့် စီးကျလာ၏။
‘ကြက်ဥပုပ်တွေလား’
ထန်ရှန်းဟွေ့အစာအိမ်ထဲတွင် ကမောက်ကမဖြစ်သွား၏။
"ဝေါ့"
*ခွပ် ခွပ် ခွပ်*
ကျိုးကျားရွာရှိရွာသားများမှာ ရွာအဝင်ဝတွင် တောင်းများကိုယ်စီကိုင်ကာရပ်နေကြပြီး သူ့ကိုမြင်သည်နှင့် ကြက်ဥပုပ်များနှင့် ဟင်းသီးဟင်းရွက်ပုပ်များဖြင့် ဆက်တိုက်ပစ်ပေါက်ကြတော့သည်။ ထန်ရှန်းဟွေ့ သူ့တစ်သက်တာတွင် ဤမျှထိအရှက်မကွဲဖူးပေ။ ရှန်းမင်မှာမူ သူ့မီးလှံကိုကိုင်၍ ဤမြင်ကွင်းကိုတိတ်တဆိတ်သာစောင့်ကြည့်နေလိုက်သည်။ အကယ်၍ သူသာ တစ်ခုခုအလျင်စလို လှုပ်ရှားရဲလျှင် သူတို့အလွတ်ပေးမည် မဟုတ်ပေ။ ရွာအဝင်ဝရှိ ရွာကင်းစောင့်များကလည်း သူတို့မီးလှံများဖြင့် ထန်ရှန်းဟွေ့ကို ချိန်ရွယ်ထားကြသည်။ ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့မှာ ဆူညံသံများကိုကြားပြီး ရောက်လာကြသော်လည်း မည်သူကမှမတားဆီးကြဘဲ ရွာသားများ ဒေါသပြေသည်ထိ စောင့်ဆိုင်းနေကြ၏။ နောက်ဆုံးတွင် ရှုံ့မဲ့နေသောမျက်နှာဖြင့်ထန်ရှန်းဟွေ့မှာ ခါးလောက်ရှိသော အမှိုက်ပုံကြီးထဲမှထွက်လာပြီး မော့ကြည့်လိုက်ရာ ကျိုးထောင်ဟွားကိုတွေ့လိုက်ရသည်။ သူမပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်း တစ်ခု ဝန်းရံနေ၏။ ကောင်းမှုကုသိုလ်များ၏ရွှေရောင်အလင်းတန်းပင် ဖြစ်သည်။
’သူမက အရမ်းသန့်စင်နေတာပဲ’
သူမ၏အနည်းငယ် စူထွက်နေသော ဝမ်းဗိုက်သည် သူမကိုအားနည်းနေပုံမပေါ်စေဘဲ ယင်းအစား လွှမ်းမိုးဖိနှိပ်နိုင်စွမ်းကိုပင် ပေးစွမ်းနေသည်။
ကျိုးထောင်ဟွား : "ဘာလို့ ငါတို့ရွာထဲကို မစင်နတ်ဆိုးလွှတ်လိုက်တာလဲ၊ ငါတို့ရွာထဲကိုရော ဘာလို့ခိုးဝင်လာတာလဲ"
ကျိုးကျားရွာလေးမှာ ငြိမ်းချမ်းသည့် အချိန်ကာလလေးတစ်ခုကို ဖြတ်သန်းနေရကာစရှိသေး၏။ သူကသာ ထိုအရာကို ဖျက်ဆီးပစ်ခဲ့ခြင်းပင်။ ကျိုးရှန့်တုန်းမှာမူ ယခင်အကြိမ်က မစင်နတ်ဆိုး၏အပုပ်နံ့ကို မှတ်မိနေဆဲဖြစ်ရာ သေနတ်ဖြင့် သူ့ခေါင်းကိုချိန်ထားပြီး အမှန်အတိုင်းဝန်ခံရန်ပြောလိုက်သည်။
"ဟမ့်"
ထန်ရှန်းဟွေ့ ရယ်မောလိုက်သည်။ ကျိုးရှန့်တုန်းထံ ရန်စသည့်ဟန်ဖြင့် သူကြည့်လိုက်၏။
"ပစ်လိုက်လေ ငါ့ကိုသတ်လိုက်စမ်းပါ"
ကျိုးရှန့်တုန်းသည် မောက်မာသော သူ့မျက်နှာအမူအရာကြောင့် အလွန်တရာဒေါသထွက်သွားသဖြင့် နားထင်ကြောများပင် ထောင်လာတော့သည်။ ထန်ရှန်းဟွေ့မှာ အထိန်းအကွပ်မရှိရယ်မောနေ၏။ ကျိုးရှန့်တုန်းမပစ်ရဲရုံသာမက ဤနေရာ၌ရှိသော မည်သူကမှသူ့ကို သေနတ်နှင့် မပစ်ရဲကြပေ။ ကျိုးထောင်ဟွားထံ သူကြည့်လိုက်သည်။
"ငါ မပြောဘူး၊ သေရမယ်ဆိုရင်တောင် ငါ မပြောနိုင်ဘူး"
*ဒိုင်း*
ကျိုးထောင်ဟွာ သူမ၏မီးလှံဖြင့် လေထဲသို့နှစ်ချက် ပစ်ဖောက်လိုက်သည်။ ထိုအသံကြောင့် ထန်ရှန်းဟွေ့လန့်ဖျပ်သွားပြီး ကျိုးထောင်ဟွားထံ အံ့ဩတကြီးကြည့်လိုက်ကာ အနည်းငယ် ကြောက်လန့်သွားရ၏။ ကျိုးထောင်ဟွား ပြုံးပြလိုက်သည်။
"ရှင်မသေပေမဲ့ အပြစ်ပေးခံရတာကနေတော့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ကျိုးထောင်ဟွား၏အကြည့်တစ်ချက်ဖြင့် ကျိုးရှန့်တုန်းနှင့် ကျိုးရှန့်ကျူးတို့သည် သေနတ်များကိုကိုင်ကာ ထန်ရှန်းဟွေ့ကို ဝိုင်းရိုက်လိုက်ကြသည်။ မီးလှံများမှာ သူတို့လက်ထဲတွင် အမွှေးအတောင်များအလား ပေါ့ပါးနေသော်လည်း ထန်ရှန်းဟွေ့ကိုရိုက်နှက်သည့်အခါတွင်မူ အလွန်တရာနာကျင်စေ၏။ ရှန်းမင် ကျိုးထောင်ဟွားနားသို့ လျှောက်သွားပြီး ချန်ခွန်းအိတ်နှင့်မြင်းရိုင်း၏အမြုတေကို သူမထံကမ်းပေးလိုက်သည်။
ရှန်းမင် : "သူ့ဆီမှာ အသုံးဝင်တာဘာမှမရှိဘူး"
ဂုန်နီအိတ်အရွယ်အစားခန့် ကြီးမားသော ချန်ခွန်းအိတ်မှာ ကျိုးထောင်ဟွားလက်ထဲတွင် အိတ်အရွယ်အစားသာဖြစ်သွားလေသည်။ ယခင်ကသတ်ပစ်လိုက်သော သန်ကောင်နတ်ဆိုးသုံးကောင်၏ ကျင့်ကြံခြင်းအမြုတေများသည် ကြက်ဥအရွယ်အစားခန့်ရှိ၏။ မြင်းရိုင်း၏ကျင့်ကြံခြင်းအမြုတေကို အရင်ထည့်လိုက်ပြီး သန်ကောင်နတ်ဆိုးသုံးကောင်၏အမြုတေများကိုပါ ထည့်လိုက်သော်လည်း အိတ်မှာမူလုံးဝပြောင်းလဲမသွားပေ။ သို့သော် ကျိုးထောင်ဟွား ပစ္စည်းများကို ပြန်ထုတ်သည့်အခါတွင်တော့ အားလုံးကိုပြန်ဆွဲထုတ်နိုင်သည်။
’ချန်ခွန်းအိတ်’
ကျိုးထောင်ဟွား ဤရတနာကိုအတော်လေး ကျေနပ်သွားသည်။ ယခုအချိန်မှစ၍ အရာအားလုံးကို ဤအိတ်ထဲထည့်ထားလို့ရပြီပင်။ တခဏအကြာတွင် ကျိုးရှန့်တုန်းနှင့် ကျိုးရှန့်ကျူးတို့လည်း ထုရိုက်၍ပင်ပန်းသွားကြပြီး ထန်ရှန်းဟွေ့နှာခေါင်းမှာလည်း သွေးများရွှဲရွှဲစိုနေကာ နာကျင်မှုကြောင့်ရှုံ့မဲ့နေတော့သည်။
ကျိုးထောင်ဟွား : "ပြောတော့မလား"
"မင်းတို့ငါ့ကို သတ်လို့ရတယ်၊ ဒါပေမဲ့ မင်းတို့ထဲက ဘယ်သူမှမဟာရှားဥပဒေရဲ့ အပြစ်ပေးမှုကနေလွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ငါသေသွားရင်တောင် သရဲအဖြစ်နဲ့ မင်းတို့ကိုလာခြောက်လှန့်ဦးမှာ၊ မင်းသာငါ့ကိုသတ်ရင် မင်းရဲ့လက်တွေမှာ သွေးစွန်းသွားလိမ့်မယ်၊ မင်းဝဋ်ကြွေးကနေ ပြေးမလွတ်နိုင်ဘူး"
ထန်ရှန်းဟွေ့ ကျိုးထောင်ဟွား၏မျက်လုံးများထံ ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
"မင်းက ကျင့်ကြံသူတစ်ယောက်ပဲ၊ ဒီအကြောင်းကို မင်းမသိဘဲမနေဘူးမလား"
ကျိုးထောင်ဟွားပြုံးလိုက်သည်။
"ဘယ်သူက ရှင့်ကိုသတ်မယ်ပြောလို့လဲ၊ ရှင်မပြောရင် သတ်ပစ်မယ်လို့ ကျွန်မတစ်ခွန်းမှမပြောခဲ့ပါဘူး"
ထန်ရှန်းဟွေ့ မျက်မှောင်ကြုတ်သွားပြီး သူမရည်ရွယ်ချက်များကို နားမလည်နိုင်ဖြစ်သွားရသည်။
ကျိုးထောင်ဟွား : "ကျင့်ကြံသူတွေအတွက် ကျင့်ကြံခြင်းအဆင့်က အရေးအကြီးဆုံးဆိုတာ ရှင်လည်းသိမှာပေါ့ ဟုတ်တယ်မလား၊ ကျင့်ကြံခြင်းစွမ်းအားသာမရှိရင် ရှင်ကခွေးတစ်ကောင်လောက်တောင် အသုံးမကျတော့ဘူး၊ အထူးသဖြင့် ရှင့်လိုမကောင်းမှုတွေ အများကြီး ကျူးလွန်ထားတဲ့နတ်ဆိုးကျင့်ကြံသူတစ်ယောက်အနေနဲ့ဆို ပိုဆိုးတာပေါ့"
ကျိုးထောင်ဟွား စကားပိုပြောလေ သူမအပြုံးမှာ ပို၍ချိုသာလာလေဖြစ်သည်။ ထန်ရှန်းဟွေ့ အရူးတစ်ပိုင်းဖြစ်လာရ၏။
"မင်း ဘာသောက်လုပ်တွေလုပ်ဖို့ ကြိုးစားနေတာလဲ"
"ရှင် တွေးထားသလိုပဲလေ၊ ရှင့်ကျင့်ကြံခြင်းစွမ်းအားတွေသာမရှိတော့ရင် ရှင် ဘာလုပ်နိုင်မလဲဆိုတာကို သိချင်မိသား၊ ရှင့်ရဲ့ကျင့်ကြံခြင်းစွမ်းအား အကာအကွယ်သာမရှိတော့ရင် ရှင်ဒုက္ခလှလှတွေ့တော့မှာမလား"
စကားတစ်ခွန်းပြောလိုက်တိုင်း ကျိုးထောင်ဟွားရှေ့သို့ တစ်လှမ်းတိုးလာလေသည်။ သူမပိုနီးကပ်လာလေ ထန်ရှန်းဟွေ့ ပို၍ကြောက်လန့်လာလေဖြစ်ပြီး သူ့နောက်ကျော နံရံနှင့်သွားတိုက်မိသည်ထိ လက်နှစ်ဖက်ဖြင့်ကာ၍နောက်သို့ဆုတ်သွားလေ၏။ ရုတ်တရက် သူငြိမ်သက်သွားပြီး သူ့ရှေ့တွင်ရပ်နေသော ကျိုးထောင်ဟွားထံမော့ကြည့်လိုက်သည်။
"ဒါမဖြစ်နိုင်ဘူး၊ မင်းမှာ ဒီလိုစွမ်းရည်မျိုးရှိနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ မင်းအသက်ကဖြင့် ဆယ့်ငါးနှစ်ပဲရှိသေးတာ၊ ကောင်းကင်ဘုံကို အာခံနိုင်စွမ်းကလည်း ကန့်သတ်ချက်ရှိရဦးမှာပေါ့"
’ကျိုးကျားရွာမှာ လူဦးရေများလို့သာ သူကရွာကို ကြောက်ရွံ့ခဲ့တာလေ။ သူမက ဘာမလို့လဲ’
နှစ်ပေါင်းလေးဆယ်ကျော် သူကျင့်ကြံခဲ့ပြီး သူ့ဆရာ၏အလေးထားမှုကိုပင် ခံရသောသူဖြစ်သည်။
‘သူမမှာမီးလှံရှိလို့သာ မောက်မာနေတာ။ အဲဒီမီးလှံသာမရှိရင် သူမကဘာမလို့လဲ’
ထန်ရှန်းဟွေ့ ကျိုးထောင်ဟွားကိုပညာပေးရန်မန္တန်တစ်ခုရွတ်ဆိုဖို့ ပါးစပ်ဟလိုက်သည်။ မထင်မှတ်ဘဲ နောက်တစ်ခဏတွင် သူ့အောက်ခြေမှ အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး အစီအရင်ပုံစံတစ်ခုမှာ သူ့ကိုဝန်းရံသွားလေ၏။ သူလှုပ်ရှား၍ မရတော့ပေ။ ထန်ရှန်းဟွေ့ အံ့အားသင့်ဟန်ဖြင့်မော့ကြည့်လိုက်သည်။
‘ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
***