သူ့ကျင့်ကြံခြင်းအဆင့် တစ်စထက်တစ်စကုန်ခမ်းသွားသည်ကို ရှင်းလင်းစွာခံစားလိုက်ရသည်။ သူရွတ်ဆိုရန် ကြိုးစားနေသောမန္တန်မှာလည်း ကျင့်ကြံခြင်းစွမ်းအားများဆုံးရှုံးသွားမှုကြောင့် အသက်ဝင်လာခြင်းမရှိတော့ပေ။ ထန်ရှန်းဟွေ့ ကျိုးထောင်ဟွားထံ ကြောက်လန့်တကြား ကြည့်လိုက်၏။ ဤဆယ့်ငါးနှစ်အရွယ် မိန်းကလေးမှာ ကြောက်စရာကောင်းလှသည်။
‘ဒီလောကမှာ ကောင်းကင်ဘုံကိုအံတုနိုင်လောက်အောင် စွမ်းဆောင်နိုင်တဲ့သူတွေ တကယ်ရှိနေတာပဲ’
ခဏအကြာတွင် ထန်ရှန်းဟွေ့၌ကျင့်ကြံခြင်းစွမ်းအား လုံးဝမကျန်တော့ပေ။ အနှစ်နှစ်ဆယ်တိုင်တိုင် မည်သည့်အရာမှ မဖြစ်ဘဲ ခိုင်ခံ့စွာရပ်တည်နေခဲ့သော မြေသားနံရံကြီးသည် ရုတ်တရက်သူ့အပေါ်သို့ ပြိုကျလာသည်။ ရှန်းမင် ကျိုးထောင်ဟွားကို အမြန်ဆွဲယူကာ ဝေးရာသို့ခေါ်သွားလိုက်၏။ သို့သော် နောက်သို့သူလှည့်ကြည့်လိုက်သောအခါ မြေသားနံရံမှာ ထူးဆန်းသောပုံစံဖြင့် ထန်ရှန်းဟွေ့ပေါ်သို့သာ ပြိုကျသွားသည်ကိုတွေ့လိုက်ရသည်။ ၎င်းမှာထန်ရှန်းဟွေ့ တစ်ယောက်တည်းကိုသာ ထိသွားခြင်း ဖြစ်သည်။ အကယ်၍ ကျိုးထောင်ဟွားကို သူဆွဲမခေါ်သွားခဲ့လျှင်ပင် သူမကိုထိမည်မဟုတ်ပေ။
"အား အူး ရှီး......"
မြေသားနံရံအောက်တွင် ထန်ရှန်းဟွေ့ အလွန်တရာနာကျင်ဟန်ဖြင့်အော်ဟစ်နေ၏။ ရှန်းမင်၏မှင်သက်နေသော မျက်နှာကိုမြင်သောအခါ ကျိုးထောင်ဟွား ပြောလိုက်သည်။
"အစ်ကိုရှန်းမင် သူ့ရဲ့ကံဆိုးမှုက ညီမရဲ့ကံဆိုးမှုမဟုတ်ဘူး၊ သူ့ရဲ့ကံဆိုးမှုက ညီမကိုလုံးဝ သက်ရောက်မှုမရှိဘူးလေ"
ယခုအခါ ထန်ရှန်းဟွေ့မှာသာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားရုံသာမက ကံဆိုးသူတစ်ယောက်လည်း ဖြစ်သွားလေပြီ။ ရွာလူကြီးရှေ့ထွက်လာပြီး မေးလာသည်။
"ထောင်ဟွား အခု ဒီလူကိုဘယ်လိုလုပ်ကြမလဲ"
ယခင်က ထန်ရှန်းဟွေ့ပြောခဲ့သည်မှာ မှန်ပေသည်။ သူတို့ သူ့ကိုမသတ်ရဲကြချေ။
"အဘိုး သူ့ကိုမြို့ပေါ်ပို့ပြီး လူကြီးမင်းလွီ လက်ထဲအပ်လိုက်ပါ"
ထန်ရှန်းဟွေ့၏ကံဆိုးမှုကြောင့် အစောင့်များပါဒုက္ခရောက်မည်ကို ကာကွယ်ရန် ကျိုးထောင်ဟွား သူ့လက်များကိုကြိုးဖြင့်ချည်ကာ ဆွဲခေါ်သွားရန် အကြံပြုလိုက်သည်။ သူတို့သည် နွားလှည်းတစ်စီးတည်းကို လုံးဝအတူမစီးသင့်ပေ။ သို့မဟုတ်ပါက ထန်ရှန်းဟွေ့ကြောင့် သူတို့ပါဒုက္ခရောက်ကြရလိမ့်မည်။
"ထောင်ဟွား စိတ်မပူပါနဲ့၊ သမီးပြောတာတွေကို အဘိုးတို့မှတ်ထားပါ့မယ်”
အစောင့်များ ထန်ရှန်းဟွေ့ကိုခေါ်ဆောင်သွားပြီးနောက် ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့ အိမ်ပြန်လာခဲ့ကြသည်။ မကြာမီမှာပင် ခူယားကောင်နတ်ဆိုးမှ ရာသီသွေးမိစ္ဆာကို သွားခေါ်လာခဲ့၏။
"သခင်မ ဘာလိုလို့လဲ"
ထိုစကားပြောပြီးသည်နှင့် ရာသီသွေးမိစ္ဆာ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ချက်ချင်း ပေါ်လာသည်။
"ဒါ ဒါက ကျွန်မအတွက်လား"
ရာသီသွေးမိစ္ဆာမှာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ခြေနှစ်လှမ်းတိုးလာပြီး ကျိုးထောင်ဟွားလက်ထဲမှ အမြုတေကိုယူလိုက်သည်။
‘ဒါက နှစ်ပေါင်း ၁၂၀၀ကျင့်ကြံခြင်းစွမ်းအားရှိတဲ့အမြုတေကြီးပဲ။ နှစ်ပေါင်း ၁၂၀၀ကျင့်ကြံခြင်းစွမ်းအားရှိတဲ့ ဒီအမြုတေကို သူမတစ်ယောက်တည်း စားရတော့မှာလား’
ကျိုးထောင်ဟွားမျက်လုံးများမှတစ်ဆင့် အတည်ပြုပြီးနောက် ရာသီသွေးမိစ္ဆာမှာ လုံးဝတုံ့ဆိုင်းမနေဘဲ မျိုချလိုက်သည်။ အမြုတေထဲမှ ကျင့်ကြံခြင်းစွမ်းအားများ သူမခန္ဓာကိုယ်ထဲ၌ တိုက်ရိုက်ထွက်ပေါ်လာပြီး သူမနှင့်တဖြည်းဖြည်း ပေါင်းစပ်သွား၏။ သူမသည် ယခင်က ကျင့်ကြံခြင်းစွမ်းအား နှစ်ပေါင်း ၂၀၀မှ ၃၀၀ခန့်သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ခြံဝင်းထဲရှိအခြားနတ်ဆိုးများ၏ အားကျနေသော အကြည့်များအောက်၌ ယခင်က စက္ကူကဲ့သို့ဖြူဖျော့နေသော ရာသီသွေးမိစ္ဆာ၏မျက်နှာသည် တဖြည်းဖြည်း အရောင်အသွေးပြန်လည်စိုပြည်လာသည်။ ချိုင့်ဝင်နေသော သူမပါးပြင်များ ပြန်ပြည့်ဖြိုးလာပြီး မျက်လုံးတစ်ဝိုက်ရှိအမည်းကွင်းများလည်း ပျောက်ကွယ်သွား၏။ သူမ၏မည်းနေသော နှုတ်ခမ်းများပါပန်းရောင်သမ်းလာကာ ချွန်ထက်ကောက်ကွေးနေသော လက်သည်းများသည် ပုံမှန်အရှည်သို့ ပြန်လည်ရောက်ရှိသွားသည်။ ယခင်အတိုင်း အတိအကျတူညီနေသော မျက်လုံးများမှလွဲ၍ အခြားအရာအားလုံး ပြောင်းလဲသွားလေပြီ။ ဒူးရင်းသီးနတ်ဆိုးမှာ အံ့ဩတကြီးအော်ဟစ်လိုက်သည်။
"အစ်မ အရမ်းလှသွားတာပဲ"
မိခင်မှိုနတ်ဆိုးလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
"ဒါက လူသားမိန်းမတစ်ယောက်နဲ့ အတိအကျတူသွားပြီမလား"
သူတို့အားလုံးမှာ တိုက်ခိုက်သည့်အခါတွင် လူအသွင်ယူကြသော်လည်း သူတို့နှင့် သာမန်လူများကြားတွင် ကွာခြားချက်များစွာရှိနေသေးသည်။ ဥပမာအားဖြင့် ရာသီသွေးမိစ္ဆာ၏အသွင်အပြင်သည် ယခင်က ကြောက်မက်ဖွယ်ကောင်းပြီး စိတ်မချမ်းသာစရာဖြစ်နေကာ သာမန်လူတစ်ယောက်၏ အသွင်အပြင်မျိုးမဟုတ်ပေ။ သို့သော် ယခုအခါမတူတော့ပေ။ သူမသည် ပုံမှန်ဖြစ်ရုံသာမက လှပလွန်းနေလေပြီ။ ရာသီသွေးမိစ္ဆာ၏ရုပ်ရည်မှာ အတော်လေးကောင်းမွန်သည်ဟု ဆိုရပေမည်။ သူမဘေးရှိ အသံနတ်ဆိုးနှင့်ခရုနတ်ဆိုးတို့မှာ ရာသီသွေးမိစ္ဆာအား စကားတစ်ခွန်းမှမဟဘဲ ကြည့်နေကြပြီး သူတို့မျက်နှာများလည်း အနည်းငယ်နီမြန်းနေကြသည်။ နောက်တစ်ခဏတွင် ရာသီသွေးမိစ္ဆာလက်ထဲ၌ အနီရောင်ပိုးသားဖဲကြိုးတစ်ခုပေါ်လာ၏။ သူမ၏မူပိုင်လက်နက်ပင်။ ချက်ချင်းဆိုသလို သူမဘေးရှိနတ်ဆိုးလေးကောင်၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
‘ဘယ်လောက်တောင် အားကျစရာ ကောင်းလိုက်သလဲ’
တကယ်တော့ ရာသီသွေးမိစ္ဆာသည် သူမပြောင်းလဲမှုကို သူမကိုယ်တိုင်အသိဆုံးပင်။ သူမသည် လက်ထဲရှိသုံးပေရှည်လျားသော အနီရောင်ပိုးသားဖဲကြိုးကို သိမ်းဆည်းလိုက်ပြီး ကျိုးထောင်ဟွားကို ကျေးဇူးတင်စကားပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်မ"
ဒူးရင်းသီးနတ်ဆိုးမှာ သတိတရဖြင့် သူမအတွက် မှန်တစ်ချပ်ယူလာပေးသည်။
"အစ်မ ကိုယ့်ကိုကိုယ်ကြည့်လိုက်ပါဦး၊ အစ်မ အခုအရမ်းလှနေပြီနော်"
ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော အပြုံးနှင့် အမူအရာတိုင်းမှာညှို့ယူဖမ်းစားနိုင်စွမ်း ရှိလေသည်။ မိခင်မှိုနတ်ဆိုး စုတ်သပ်လိုက်သည်။
"ဒီလောက်လှတဲ့သူကို ရာသီသွေးမိစ္ဆာလို့ ခေါ်ရမှာလား"
တစ်ခုခုမှားနေသည်ဟု သူမခံစားလိုက်ရသည်။
"ငါတို့အားလုံးက နတ်ဆိုးတွေပဲလေ၊ ငါတို့ထဲက ဘယ်သူမှလူသားစစ်စစ် မဟုတ်ကြပါဘူး၊ ဒါကြောင့် နတ်ဆိုးလို့ခေါ်တာ အဆင်ပြေပါတယ်"
ဒူးရင်းသီးနတ်ဆိုးမှာ လှပသောရာသီသွေးမိစ္ဆာကိုကြည့်ရင်းဖြင့် ခေါင်းကုတ်လိုက်သည်။
"မိစ္ဆာဆိုတာကိုဖြုတ်ပြီး သူ့ကိုရာသီသွေးလို့ပဲ ခေါ်လိုက်ရင်ရော"
မိခင်မှိုနတ်ဆိုးမှာ သူမထံဆွံ့အဟန်ဖြင့်ကြည့်နေလိုက်သည်။ ရာသီသွေးဆိုသည်မှာ အမျိုးသမီးများ၏ဓမ္မတာကိုခေါ်ဆိုခြင်းဖြစ်ရာ နာမည်တစ်ခုအဖြစ်အသုံးပြုရန်မှာမသင့်တော်ပေ။ မိခင်မှိုနတ်ဆိုး မေးလိုက်သည်။
"သခင်မ ရာသီသွေးမိစ္ဆာကို နာမည်တစ်ခု ပေးလို့ရမလား"
ရာသီသွေးမိစ္ဆာသည် ကျိုးထောင်ဟွားထံ မျက်လုံးတောက်တောက်များဖြင့် မျှော်လင့်ချက်အပြည့်ကြည့်နေ၏။ ခြံထဲရှိမြင်းရိုင်းရှောင်ဟေးမှာမူ သက်ပြင်းမောတစ်ချက်ချလိုက်သည်။
’သူမရဲ့နာမည်ပေးတဲ့ စွမ်းရည်နဲ့လား။ နည်းနည်းတော့ ယုံကြည်ဖို့ခက်သား’
ကျိုးထောင်ဟွား ရာသီသွေးမိစ္ဆာကို ကြည့်လိုက်သည်။
"ရှောင်ယွဲ့ လင်းရှောင်ယွဲ့"
ပြောရင်းဆိုရင်း ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်သည်။ ပိုကြည့်လေ ရာသီသွေးမိစ္ဆာအတွက် သင့်တော်သော နာမည်တစ်ခုဖြစ်ကြောင်း ပိုခံစားရလေ ဖြစ်သည်။ ရာသီသွေးမိစ္ဆာမှာ သင့်လျော်သောနာမည်တစ်ခုရသွားကြောင်း ကြားလိုက်ရသဖြင့် အလွန်တရာဝမ်းသာသွားရသည်။
"ကျေးဇူးတင်ပါတယ် သခင်မ"
သူမ၏သခင်မသည် သူမကိုလူအသွင် အပြည့်အဝပြောင်းလဲနိုင်ရန် ကူညီပေးခဲ့ပြီး နာမည်တစ်ခုပါပေးခဲ့လေပြီ။ ယခုအခါ လူအုပ်ထဲတွင်ရပ်နေပါက သူမသည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း မည်သူကမှ ယုံကြည်မည်မဟုတ်ပေ။
ဒူးရင်းသီးနတ်ဆိုး : "အစ်မရှောင်ယွဲ့ကို အရမ်းအားကျတာပဲ၊ သူမက လူအသွင်ကို အပြည့်အဝပြောင်းလဲနိုင်ပြီး မူပိုင်လက်နက်တစ်ခုရှိတယ်၊ ပြီးတော့ နာမည်သစ်တစ်ခုတောင် ရသွားသေးတယ်"
ကျိုးထောင်ဟွား သူမချန်ခွန်းအိတ်ထဲတွင် နှစ်ပေါင်း ၁၂၀၀ကျော် ကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေသုံးလုံးကျန်ရှိနေသေးကြောင်း သတိရလိုက်သည်။ သို့သော် သူ့ထံတွင် ဒူးရင်းသီးနတ်ဆိုး၊ မိခင်မှိုနတ်ဆိုး၊ အသံနတ်ဆိုးနှင့် ခရုနတ်ဆိုးဟူ၍ လေးကောင်ရှိနေ၏။ နောက်ဆုံးတွင် ကျိုးထောင်ဟွား သူတို့ လေးကောင်ကို ရောက်ရှိလာသော အစီအစဉ်အတိုင်းပေးရန်သာ ဆုံးဖြတ်လိုက်သည်။
"ထောင်ဟွား ပြဿနာတက်ပြီ၊ အလုပ်သမားတချို့က လုပ်အားခတိုးတောင်းနေကြတယ်၊ တေးငါးဆယ်မရရင် အလုပ်မလုပ်ဘူးတဲ့၊ အခုလူတစ်ရာကျော်လောက် အလုပ်ရပ်ထားကြတယ်"
ရွာလူကြီးစိုးရိမ်တကြီးဖြင့်ဝင်လာသည်။ မြို့ရိုးတည်ဆောက်ရေးမှာ အရေးကြီးသည့်အဆင့်ကို ရောက်နေပြီဖြစ်ပြီး အလုပ်သမားများ ထပ်ငှားရသော အကြောင်းရင်းမှာ စီမံကိန်းကိုတတ်နိုင်သမျှအမြန်ဆုံး ပြီးစီးရန်ပင်။
‘မထင်မှတ်ဘဲ တစ်ယောက်ယောက်က သပိတ်မှောက်ဖို့ ဦးဆောင်နေတယ်။ ဒါက အချိန်ဆွဲနေတာ မဟုတ်ဘူးလား’
ကျိုးထောင်ဟွား ကျင့်ကြံခြင်းအမြုတေများကို ချန်ခွန်းအိတ်ထဲသို့ပြန်ထည့်လိုက်ပြီး ထိုအိတ်ကို သူမအင်္ကျီလက်စထဲသို့ ပြန်ထည့်လိုက်သည်။ ကျိုးကွမ်းမင်မှာ ရွာလူကြီးနောက်မှလိုက်လာပြီး ဆဲဆိုနေ၏။
"ဒါက သိပ်လွန်လွန်းတယ်၊ သူတို့က ငါတို့ရဲ့အချိန်တွေကို ဖြုန်းတီးနေတာပဲ၊ တခြားအလုပ်သမားတွေပါ သူတို့ရဲ့ လွှမ်းမိုးမှုခံရပြီး သပိတ်မှောက်ကြမှာ ဒါမှမဟုတ် ဈေးတိုးတောင်းမှာကိုတကယ် စိုးရိမ်တယ်"
’တစ်နေ့ တေးသုံးဆယ်ဆိုတာကအများကြီးပါပဲ’
ရွာလူကြီးမှာ အခက်ကြုံနေပုံရ၏။ လူတိုင်းကို တေးနှစ်ဆယ်စုပေါင်းပြီး တိုးပေးလိုက်ရန်မှာ ရန်ပုံငွေလုံလောက်မည် မဟုတ်ချေ။ ကျိုးထောင်ဟွားပြောလိုက်သည်။
"ရှောင်ယွဲ့ နင်အဘိုးနဲ့ ဦးလေးကွမ်းမင်တို့နောက်ကို အရင်လိုက်သွားလိုက်၊ ဒီကိစ္စကို နင်ဖြေရှင်းလိုက်ပါ၊ ငါတတ်နိုင်သမျှ အမြန်ဆုံးလိုက်လာခဲ့မယ်"
"ရှောင်ယွဲ့ဟုတ်လား"
"အဲ့ဒါဘယ်သူလဲ"
ရွာလူကြီးနှင့်ကျိုးကွမ်းမင် နှစ်ဦးစလုံးမှင်သက်သွားကြသည်။ ရာသီသွေးမိစ္ဆာပြုံးလိုက်ပြီး သူတို့နှစ်ဦးထံကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။
"ကျွန်မက ရာသီသွေးမိစ္ဆာပါ၊ ကျွန်မအခုလေးတင် အဆင့်တက်သွားလို့၊ အခုတော့ သခင်မက ကျွန်မကိုလင်းရှောင်ယွဲ့လို့ နာမည်ပေးလိုက်ပါပြီ"
"!!!"
"အာ အဆင့်တက်ပြီးသွားတော့ မင်းကအရမ်းလှသွားတာပဲ၊ နတ်ဆိုးနဲ့လုံးဝမတူတော့ဘူး"
"ရှောင်ယွဲ့ သွားကြစို့"
ရှောင်ယွဲ့ဆိုသည်မှာ ရာသီသွေးမိစ္ဆာမှန်း သိသွားသောအခါ ရွာလူကြီးစိတ်အေးသွားသည်။ ထို့ပြင် သူမသည်အဆင့်တက်သွားသော ရာသီသွေးမိစ္ဆာဖြစ်ရာ ယခင်ကထက် အစွမ်းပိုထက်နေမည်မှာ သေချာသည်ပင်။
ကျိုးထောင်ဟွား : "အစ်ကိုရှန်းမင် ညီမကို တောင်ပေါ်ခေါ်သွားပေးပါလား၊ ညီမတို့လောစရာမလိုဘူး၊ ဖြည်းဖြည်းချင်းသွားကြတာပေါ့"
ရာသီသွေးမိစ္ဆာရှိနေသဖြင့် ပြဿနာကို သူမသေချာပေါက် ပြီးပြည့်စုံအောင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ သူမကိုယ်ဝန်မှာနှစ်လသာရှိသေး၍ တည်ငြိမ်နေပေသိ အရာရာကိုသတိထားရန် လိုအပ်သေး၏။ တောင်ပေါ်ရှိအလုပ်သမားများသည် မြို့ရိုးဆောက်ရာ၌ တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့်အလုပ်လုပ်နေကြသော်လည်း လူတစ်စုမှာမူ သစ်ပင်အရိပ်အောက်တွင် မလှုပ်မယှက် ထိုင်နေကြသည်။ ရွာလူကြီးတက်လာသည်ကိုမြင်သောအခါမှသာ သူတို့အားလုံးလှည့်ကြည့်လာကြ၏။ ရွာလူကြီးမှာ နည်းလမ်းတစ်ခုခုသွားစဉ်းစားသည်ဟု သူတို့ထင်ခဲ့ကြသော်လည်း မထင်မှတ်ဘဲ ငယ်ရွယ်လှပသော မိန်းကလေးတစ်ဦးကိုသာခေါ်လာခဲ့သည်။
’သူက ကောင်လေးတွေကိုမြှူဆွယ်ချင်နေတာလား’
ခေါင်းဆောင်ဖြစ်သူချီအာမှာ သူ့မုတ်ဆိတ်ကိုပွတ်သပ်လိုက်ပြီး မျက်နှာပေါ်တွင် ကာမရမ္မက်ပြည့်နှက်နေသော အပြုံးတစ်ခု ပေါ်လာ၏။
"ရွာလူကြီးကျိုး ခင်ဗျားက ကျွန်တော်တို့ ညီအစ်ကိုတွေကိုပြုစုယုယဖို့ သူမကိုခေါ်လာတာလား”
"ဟားဟားဟား သူမရုပ်ရည်က အတော်လေးချောတာပဲ၊ ငါတို့သဘောကျတယ်"
ထိုလူစုသည် လင်ရှောင်ယွဲ့ကို စိုက်ကြည့်ရင်း ရမ္မက်ဆန္ဒများဖြင့်ပြုံးဖြီးနေကြသည်။
"အူး"
"!!!"
ရုတ်တရက် သူတို့ရယ်မောသံများ ရုတ်ချည်းရပ်တန့်သွားကာ တစ်ယောက်ပြီး တစ်ယောက် ဝမ်းဗိုက်ကိုဖက်၍ ဆောင့်ကြောင့်ထိုင်ချလိုက်ကြသည်။
***