"အရမ်းနာတာပဲ"
"သောက်ကျိုးနည်း ဘယ်လိုဖြစ်ရတာလဲ၊ ငါ့ဗိုက်တွေအရမ်းနာနေပြီ"
"အား အရမ်းနာတာပဲ"
လူတစ်ရာကျော်ခန့်မြေကြီးပေါ်တွင် ဒူးထောက်ကာ နာနာကျင်ကျင်အော်ဟစ်နေကြပြီး သူတို့ဝမ်းဗိုက်များကြွက်တက်သလို မခံမရပ်နိုင်အောင်နာကျင်နေကြသည်။ သူတို့မျက်နှာများမှာ သွေးဆုတ်ကာဖြူဖျော့နေကြ၏။ အချို့မှာ မြေကြီးပေါ်တွင် လူးလှိမ့်နေကြသော်လည်း နာကျင်မှုကိုမရပ်တန့်နိုင်ကြပေ။ သူတို့နဖူးများပေါ်တွင် ချွေးသီးချွေးပေါက်များ စီးကျနေသည်။ ချီအာမှာ ရွာလူကြီးထံသို့ လက်လှမ်းလိုက်သည်။
"ရွာလူကြီးကျိုး ရွာသမားတော်ကို မြန်မြန်ခေါ်ပြီး ကျွန်တော့်ကိုကယ်ပါဦး"
"ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော် မသေချင်သေးဘူး"
"ရွာလူကြီးကျိုး"
ထိုလူစုသည် ရွာလူကြီးထံတုန်ရီနေသော အသံများဖြင့် တောင်းပန်နေကြသည်။ သူတို့ ရုတ်တရက်အော်ဟစ်ပြီး နာကျင်စွာညည်းညူနေကြသည်ကို မြင်သောအခါ ရွာလူကြီးလန့်သွားရကာပြောလိုက်၏။
"ကွမ်းမင် ငါတို့ရွာမှာ နတ်ဆိုးတစ်ကောင်က ဒုက္ခပေးနေပြန်ပြီလားမသိဘူး"
ယခင်ကဒုက္ခပေးခဲ့ဖူးသော တုပ်ကွေးနတ်ဆိုးကို သူပြန်သတိရသွားသည်။ ထိုစဉ်က ရွာတစ်ရွာလုံးအအေးမိပြီးဖျားခဲ့ကြ၏။ အချို့ကအန်ကြပြီး၊ အချို့မှာ ဝမ်းလျှောကြကာ လူကြီးရော ကလေးပါ မကျန်ခဲ့ပေ။ ကျိုးကွမ်းမင်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
"ငွေမပေးမချင်း တမင်သက်သက်ဗိုက်နာအောင်လုပ်နေကြတာများလား၊ ဒီလူတွေပဲ ခံစားနေရတာလေ၊ ကျန်တဲ့သူတွေက အဆင်ပြေနေတာပဲ၊ သူတို့ခံသင့်တယ်"
ကျိုးကွမ်းမင် အမှန်တကယ်ပင် နတ်ဆိုးတစ်ကောင်ဒုက္ခပေးနေခြင်းဖြစ်ပါစေဟု မျှော်လင့်နေသည်။ နတ်ဆိုးတွင် မျက်စိရှိသည်ဟု သူတကယ်တွေးလိုက်မိ၏။ ရွာလူကြီးမှာမူ စိုးရိမ်နေဆဲပင်။ ထိုလူများ၏မျက်နှာများမှာ သွေးဆုတ်ကာဖြူဖျော့နေကြသည်။
ရွာလူကြီး : "သူတို့တွေ ရွာထဲမှာ သေသွားမှာတော့မဟုတ်ပါဘူးနော်"
လင်းရှောင်ယွဲ့ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
"မသေပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ကို ဗိုက်နာအောင် လုပ်လိုက်တာ ကျွန်မပဲလေ"
ဤအရာမှာ အဆင့်ခုနစ်ရာသီလာစဉ် ကိုက်ခဲမှုနာကျင်ခြင်းသာ ဖြစ်သည်။ နာကျင်သော်လည်း သေလောက်အောင်တော့မဆိုးရွားပေ။
ရွာလူကြီးမှ "အိုး" ဟုအသံပြုလိုက်ပြီးနောက် လင်းရှောင်ယွဲ့၏မျက်နှာလှလှလေးကို စိုက်ကြည့်ရင်း သူ့မျက်ဝန်းအိမ်များ ရုတ်တရက်ပြူးကျယ်သွားရသည်။
’လင်းရှောင်ယွဲ့က ရာသီသွေးမိစ္ဆာဆိုတာကို သူမေ့လုနီးပါးဖြစ်သွားတာပဲ’
သူမသည် သာမန်မိန်းကလေးတစ်ယောက်နှင့်တူကာ ယခင်သူမထံ၌ရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းပြီး ကြက်သီးထစရာ အငွေ့အသက်များ ပျောက်ကွယ်သွား၍ အန္တရာယ်မရှိသည့် အငွေ့အသက်များနှင့် အစားထိုးသွားရာ သူမကို နတ်ဆိုးတစ်ကောင်ဟု မသိစိတ်မှ မှတ်မိရန်ပင် ခက်ခဲနေလေပြီ။ ကျိုးကွမ်းမင် ချီးကျူးလိုက်သည်။
"ကောင်းတယ် မိန်းကလေးရှောင်ယွဲ့၊ အဲဒီလိုမျိုး လုပ်ပစ်ရမှာ"
‘ဒါက နတ်ဆိုးတစ်ကောင်လုပ်သင့်တဲ့ အလုပ်ပဲ’
"ရှောင်ယွဲ့၊ သူတို့ကို ပညာပေးလိုက်စမ်း၊ တေးငါးဆယ်တောင် တောင်းရဲတယ်ပေါ့၊ ငါတို့က တစ်နေ့လုပ်အားခ တေးသုံးဆယ်ကို တစ်ခါမှနောက်မကျဖူးဘူး၊ နေ့လယ်စာ အဝကျွေးသေးတယ်၊ ဘယ်အလုပ်ရှင်က ငါတို့လောက် သဘောကောင်းနေလို့လဲ"
ကျိုးကွမ်းမင်မှာတော့ ဤလူများမှာ ကျေးဇူးကန်းကြသည်ဟုသာ ခံစားရပြီး ဒေါသပိုထွက်လာသည်။ သူတို့စကားများကိုကြားသောအခါ ချီအာနှင့်အခြားသူများသည် သူတို့ကသာ ဤအရာအားလုံး၏နောက်ကွယ်၌ ရှိနေကြောင်း သဘောပေါက်သွားကြ၏။
‘ပြီးတော့ အဲဒီငယ်ရွယ်လှပတဲ့ မိန်းကလေးက တရားခံပေါ့။ ထင်တဲ့အတိုင်းပဲ မိန်းမလှတွေကအဆိပ်ပိုပြင်းတတ်ကြတယ်’
ချီအာ ကျိန်ဆဲလိုက်သည်။
"သောက်ကျိုးနည်း ဒီမိန်းမယုတ်"
"အဆင့်တစ်ဆယ်"
လင်ရှောင်ယွဲ့ စကားပြောပြီးသည်နှင့် ချီအာနှင့် အခြားသူများမှာမခံမရပ်နိုင်လောက်အောင် ဗိုက်နာလာပြီး သတိလစ်လုမတတ်ဖြစ်သွားကြသည်။ သူတို့အော်ဟစ်သံများသည် တောင်ပေါ်တစ်ခွင်ပဲ့တင်ထပ်သွားပြီး ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ပတ်ဝန်းကျင်ရှိ အလုပ်သမားများရင်ထဲတွင် ကြက်သီးဖြန်းဖြန်းထသွားစေ၏။
"အား မလုပ်ပါနဲ့"
"ရှောင်ယွဲ့ သနားပါဦး၊ ငါနောက်ထပ် မလုပ်တော့ပါဘူး၊ ဈေးတက်ဖို့မလိုချင်တော့ပါဘူး၊ တေးသုံးဆယ်ပဲရရ ငါလုပ်ပါ့မယ်"
"ငါလည်း ဈေးတက်ဖို့မလိုချင်တော့ဘူး"
ကျိုးကျားရွာရှိ ငယ်ရွယ်လှပသည့် မိန်းကလေးတစ်ယောက်မှာ တကယ်တော့နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူတို့ကို အလွန်အမင်းနာကျင်အောင်လုပ်နိုင်သော အမျိုးအစားဖြစ်မည်ဟု မည်သူကထင်ထားပါမည်နည်း။ ချီအာ၏ဒေါသများမှာ နာကျင်မှုအောက်တွင် လုံးဝပျောက်ကွယ်သွားသည်။ သူဒူးထောက်ကာ အသနားခံလိုက်၏။
"မိန်းကလေးရှောင်ယွဲ့ ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်နောက်ထပ်လုံးဝမလုပ်ရဲတော့ပါဘူး၊ အခုကစပြီး ညီအစ်ကိုတွေကို ဦးဆောင်ပြီး ကြိုးကြိုးစားစား အလုပ်လုပ်ပါ့မယ်လို့ ကတိပေးပါတယ်"
ချီအာ လင်းရှောင်ယွဲ့ကိုတောင်းပန်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့တစ်သက်တာတွင် မည်သူ့ကိုမှဤမျှ အသည်းအသန် မတောင်းပန်ခဲ့ဖူးပေ။ သူ့နှလုံးသားသည် ဓနရှင်နတ်မင်းကြီးအား ရင်ဆိုင်ရချိန်ထက်ပင် ပိုမိုရိုးသားနေသည်။
လင်းရှောင်ယွဲ့ :"ခဏစောင့်နေ ငါ့သခင်မရောက်လာရင် နင်တို့ကိုကိုင်တွယ်လိမ့်မယ်"
"မိန်းကလေးကျိုးလား"
‘ဒါ ဘာသောက်ကျိုးနည်းလဲ’
ချီအာ အလွန်တရာဒေါသထွက်နေသော်လည်း အသံထွက်ပြီးမပြောရဲပေ။ သူမကို အပြစ်လုပ်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးပေ။
‘မိန်းကလေးရှောင်ယွဲ့ကတောင် ဒီလောက်ထိရိုကျိုးနေတာဆိုတော့ မိန်းကလေးကျိုးက ပိုပြီး အစွမ်းထက်နေမှာသေချာတယ်’
နောက်ဆုံးတွင် ချီအာနှင့် အခြားသူများမှာ သူတို့ပြောနေသောမိန်းကလေးကျိုး ဆိုသူကို မြင်တွေ့လိုက်ရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သာပင်။ သူသည် ပုံမှန်ဆိုလျှင် ဤကဲ့သို့ အမျိုးသမီးမျိုးကို အလေးအနက်ထားမည်မဟုတ်သော်လည်း မိန်းကလေးရှောင်ယွဲ့ဖော်ပြခဲ့သည့် မိန်းကလေးကျိုး ဖြစ်နေ၍ ကိုယ့်ကိုကိုယ်နှိမ့်ချပြီး အသနားခံရုံမှလွဲလို့ သူ့ထံတွင်ရွေးချယ်စရာမရှိတော့ပေ။
"မိန်းကလေးကျိုး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော်နောက်ထပ် လုံးဝမလုပ်ရဲတော့ပါဘူး"
ချီအာ အသနားခံပြီးနောက် အခြားသူများလည်း သူ့နောက်လိုက်၍ တောင်းပန်ကြသည်။ အဆင့်တစ်ဆယ် ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်းမှာ မခံမရပ်နိုင်အောင် ပြင်းထန်လွန်းလှသည်။ သူတို့တစ်သက်တာတွင် ဤကဲ့သို့နာကျင်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ နတ်ဆိုးလေးကောင်သည် ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့နောက်မှ တောင်ပေါ်သို့ လိုက်ပါလာခဲ့ပြီး သူတို့ရောက်ရှိလာစဉ် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်သက်သွားကြသည်။
‘ဒီလူတစ်ရာကျော်အပေါ်မှာ ရာသီသွေးမိစ္ဆာရဲ့ ဘာအငွေ့အသက်ကိုမှ သူတို့ အာရုံမခံမိခဲ့ဘူး၊ ဒါတောင်မှ သူမကသူတို့ကို ဒီလောက်ပြင်းထန်တဲ့ ဗိုက်နာဝေဒနာ ခံစားရအောင် လုပ်နိုင်ခဲ့တယ်၊ ပြီးတော့ လူတစ်ရာကျော်ကို တစ်ပြိုင်နက်တည်းလေ၊ ရာသီသွေးမိစ္ဆာက အဆင့်တက်ပြီးသွားတာနဲ့ ဒီလောက်တောင်အစွမ်းထက်သွားတာလား’
ဒူးရင်းသီးနတ်ဆိုး၏ အံ့အားသင့်နေသော အကြည့်များမှာ လူတစ်ရာကျော်ထံမှ ရာသီသွေးမိစ္ဆာဆီသို့ ရောက်ရှိသွားသည်။
"အစ်မရှောင်ယွဲ့ အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
ရာသီသွေးမိစ္ဆာ : "သူတို့ကို ရာသီလာစဉ် ကိုက်ခဲတဲ့ဝေဒနာ ခံစားရအောင်လုပ်လိုက်တာလေ၊ သခင်မက နင့်ကိုအဆင့်တက်ခွင့်ပေးလိုက်တာနဲ့ နင်လည်း အရင်ကမလုပ်နိုင်ခဲ့တဲ့အရာတွေကို လုပ်နိုင်လာလိမ့်မယ်"
ဒူးရင်းသီးနတ်ဆိုး ရုတ်တရက် မျှော်လင့်ချက်ကြီးမားလာသည်။ မိခင်မှိုနတ်ဆိုး၊ အသံနတ်ဆိုး နှင့် ခရုနတ်ဆိုး တို့သည်လည်း မျှော်လင့်ချက်များ ကြီးမားလာကြ၏။
‘တကယ်လို့ သူတို့လည်း အဆင့်တက်သွားရင် ရာသီသွေးမိစ္ဆာလိုမျိုး အရင်ကမရှိခဲ့တဲ့စွမ်းရည်တွေကို ပိုင်ဆိုင်လာနိုင်မှာပေါ့ ဟုတ်တယ်မလား’
ကျိုးထောင်ဟွား လက်မြှောက်လိုက်သည်။
"ရှောင်ယွဲ့ ရပ်လိုက်တော့"
တစ်ခဏအတွင်းမှာပင် ချီအာနှင့် လူတစ်ရာကျော်၏ဝမ်းဗိုက်များထဲမှ နာကျင်မှုများပျောက်ကွယ်သွားပြီး သူတို့ ပြန်လည် အသက်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်မီအသနားခံခဲ့၍ တော်သေးသည်ဟု တွေးမိလိုက်ကြ၏။ ချီအာ ဦးဆောင်၍ သူတို့အားလုံးမှာမြှောက်ပင့်ပြောဆိုလာကြသည်။
"မိန်းကလေးကျိုး ကျွန်တော်တို့မှားသွားမှန်းသိပါပြီ၊ နောက်မလုပ်တော့ပါဘူး၊ စိတ်မပူပါနဲ့ အခုကစပြီး ကျွန်တော်တို့ ကြိုးကြိုးစားစားအလုပ်လုပ်ပါ့မယ်"
ချီအာ စကားပြောနေစဉ် သူ့ဘေးရှိလင်းရှောင်ယွဲ့ကိုကြည့်ပြီး အနည်းငယ် ကြောက်လန့်နေသေးရာ ကျိုးထောင်ဟွားကိုမူ ပို၍ပင်ကြောက်လန့်နေသည်မှာ သေချာလှသည်။ ရွာလူကြီးသက်ပြင်းချနိုင်သွား၏။
‘ ဒီကိစ္စ နောက်ဆုံးတော့ပြီးပြတ်သွားပြီ။ မြို့ရိုးဆောက်တာ ဆက်လုပ်လို့ရပြီပေါ့’
ကျိုးထောင်ဟွား လှောင်ပြုံးပြုံးလိုက်သည်။
"ဒီမှာနင်တို့ကို မလိုတော့ဘူး ထွက်သွားလို့ရပြီ၊ အဘိုး ဒီနေ့သူတို့ သပိတ်မှောက်တာ ဘယ်အချိန်ကစတာလဲ"
ရွာလူကြီး : "သူတို့မနက်ခင်းရောက်ရောက်ချင်းပဲ သပိတ်မှောက်ကြတာ၊ အဘိုးက ထန်ရှန်းဟွေ့ကိစ္စနဲ့ အလုပ်ရှုပ်နေလို့ သူတို့ကိုဖြေရှင်းဖို့ အချိန်မရခဲ့ဘူးလေ"
"ဒါဆိုရင် ဒီနေ့အတွက် သူတို့ကိုပိုက်ဆံပေးစရာ မလိုတော့ဘူးပေါ့၊ သူတို့ကို အလကား နေ့လယ်စာကျွေးလိုက်ရတာ နှမြောစရာပဲ"
ကျိုးထောင်ဟွားမျက်လုံးထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခုဖြင့် ပြောလိုက်သည်။
‘ဒီလူတွေကိုကျွေးမယ့်အစား ခွေးတွေကို ကျွေးလိုက်တာကမှ ပိုကောင်းဦးမယ်’
ရွာလူကြီးသည် မြို့ရိုးစီမံကိန်း၏ တိုးတက်မှုအတွက် စိုးရိမ်နေသော်လည်း ကျိုးထောင်ဟွား၏ဆုံးဖြတ်ချက်ကို ကြားသောအခါ ကျေနပ်မှုတစ်ခုကိုခံစားလိုက်ရသည်။ ကျိုးကွမ်းမင် သူတို့ကို ချက်ချင်းမောင်းထုတ်လိုက်၏။
"သွားတော့ သွားတော့ အကုန်လုံးထွက်သွားကြ"
'သူတို့က အလုပ်ကိုသေချာမလုပ်ဘဲ ပြဿနာရှာပြီး သပိတ်မှောက်နေကြတယ်။ ပြီးတော့ နောက်ထပ်တေးနှစ်ဆယ်ထပ်တောင်းဖို့တောင် ကြိုးစားနေကြတာလေ။ သူဖြင့်ဒီလူတွေကို မျက်မုန်းကျိုးနေတာကြာပြီ။ ထောင်ဟွားက တကယ်သတ္တိရှိတာပဲ။ ပြဿနာဖြေရှင်းပြီးသွားရင်တောင် သူမကသူတို့ကို အလုပ်မခန့်တော့ဘူး’
"ဘာ ငါတို့ကိုမလိုတော့ဘူး ဟုတ်လား"
"ငါတို့မှားသွားမှန်း သိပါပြီ"
"ဒီအလုပ်မရှိရင် ငါမြို့ပေါ်မှာအလုပ်ရှာဖို့ တခြားသူတွေနဲ့ ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ"
"ဒါတွေအားလုံး ချီအာရဲ့သွေးထိုးလှုံ့ဆော်မှုတွေပဲ၊ သူကငါတို့ သပိတ်မှောက်ရင် တစ်နေ့ကိုပြားငါးဆယ်ရမယ်လို့ ပြောခဲ့တာ"
ကျိုးကွမ်းမင် သူတို့ပြောသည့်စကားများကို ဂရုမစိုက်ဘဲ အလုပ်သမားတစ်ရာကျော်လုံးကို မောင်းထုတ်ရန် သူ့လူများကို ဦးဆောင်လိုက်သည်။ အလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်သွားသလို ကျိုးကွမ်းမင်နှင့် သူ့လူစုကိုရင်ဆိုင်ရန် နည်းလမ်းမရှိတော့၍ သူတို့ဒေါသများကို ချီအာအပေါ် ပုံချကြ၏။ အချိန်တိုအတွင်းမှာပင် ချီအာတစ်ယောက် အပြင်းအထန်ရိုက်နှက်ခံလိုက်ရသည်။
ကျိုးထောင်ဟွား : "အဘိုးလစ်လပ်သွားတဲ့ နေရာတစ်ရာကျော်အတွက် လူတွေ ထပ်ငှားလိုက်လို့ ရပါတယ်၊ အခုကစပြီး ပြဿနာရှာပြီး အလုပ်မလုပ်ချင်တဲ့ ဘယ်သူ့ကိုမဆို သမီးတို့အဲဒီလိုပဲလုပ်မယ်"
"ကောင်းပြီ"
ရွာလူကြီးသတိထားမိသည်မှာ ဤကိစ္စဖြစ်ပွားပြီးနောက် အခြားအလုပ်သမားများမှာ ကြောက်ရွံ့သွားကြပြီး ပိုလိမ္မာလာကြခြင်းဖြစ်သည်။ မြို့ရိုးဆောက်ခြင်းမှာ ကြီးမားသောစီမံကိန်းတစ်ခုဖြစ်ပြီး အလုပ်သမားများစွာလိုအပ်သဖြင့် စီမံခန့်ခွဲရာတွင် အတော်လေးခက်ခဲလေ၏။ သူတို့ကို စံနမူနာအပြစ်ပေးလိုက်ခြင်းမှာ နောင်တွင်ဖြစ်လာနိုင်သော ပြဿနာများကို လျှော့ချပေးလိမ့်မည်။
…
ထိုညက ရှန်းမင်မီးပိတ်ပြီး အိပ်ရာဝင်လိုက်သည်။ သူ့ဘေးမှ ကျိုးထောင်ဟွား၏တည်ငြိမ်သောအသက်ရှူသံများကို သူကြားနေရသော်လည်း ရှန်းမင်အိပ်မပျော်နိုင်သေးပေ။
"မင်းဆီမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူသတ်ချင်တဲ့ အငွေ့အသက်တွေ အရမ်းများတယ်၊ မင်းအတိတ်ဘဝက မကောင်းတာတွေ အများကြီးလုပ်ခဲ့တာပဲ၊ ဘာလို့ ငါနဲ့လိုက်မလာတာလဲ၊ အဆုံးထိဆိုးသွမ်းပစ်လိုက်ကြတာပေါ့"
ထန်ရှန်းဟွေ့စကားသံမှာ ရှန်းမင်စိတ်ထဲတွင်ပဲ့တင်ထပ်နေသည်။
’သူ့ရဲ့ အတိတ်ဘဝ’
ရှန်းမင်မျက်လုံးကိုမှိတ်ပြီး အိပ်ပျော်သွားသည်။
"ဝေါင်း"
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် နားကွဲလုမတတ်ကျယ်လောင်လှသည်။ နဂါးအမြီးမှာမြစ်ထဲသို့ ခွန်အားမဲ့စွာကျဆင်းသွား၏။ ရှန်းမင် သွေးစွန်းနေသောသူ့မျက်နှာကို နဂါးမျက်လုံးသုံးစုံတွင် ရောင်ပြန်ဟပ်နေသည်အား တွေ့လိုက်ရပြီး နောက်ဆုံးတွင် သူတို့အားလုံးမြစ်ထဲသို့ နစ်မြုပ်သွားကြသည်။ သူ့မျက်နှာကို ကိုင်ကြည့်လိုက်၏။
‘သူ့မျက်နှာမှာ သွေးတွေပေနေတာလား’
ရှန်းမင်လန့်နိုးလာပြီး သူ့ဘေးတွင် အေးချမ်းစွာ အိပ်မောကျနေသော ကျိုးထောင်ဟွားထံလှည့်ကြည့်လိုက်သည်။
***