ကျိုးလျန်ဟွားနှင့် ကျိုးရှန့်တတို့မင်္ဂလာဆောင်ကာနီး ငါးရက်အကြာတွင် ရွာလူကြီးနှင့် ကျိုးကွမ်းမင်တို့အပါအဝင် အခြားသူများမှာ မြို့ရိုးတည်ဆောက်ရေးကို နေ့ရောညပါကြီးကြပ်ကွပ်ကဲခဲ့ကြသည်။ နောက်ဆုံးတွင် ဧရာမမြို့ရိုးကြီး ပြီးစီးသွားခဲ့လေပြီ။ ကျိုးကျားရွာမှ ရွာသားများသည် ဤခမ်းနားထည်ဝါသောတည်ဆောက်မှုကိုကြည့်ရင်း ရင်ထဲတွင် သက်ပြင်းချလိုက်မိကြ၏။ ရွာလူကြီးမှာ မြို့ရိုးပေါ်တွင်ရပ်၍ အောက်ဘက်ရှိ ရွာတစ်ရွာလုံးကို ငုံ့ကြည့်နေသည်။ မြို့ရိုးမှာ ယေဘုယျအားဖြင့် ခုနစ်မီတာသို့မဟုတ် ရှစ်မီတာခန့်မြင့်ပြီး အမြင့်ဆုံးနေရာတွင် ဆယ့်လေးမီတာအထိရှိပေသည်။ မြို့ရိုးကြီးအောင်မြင်စွာ ပြီးစီးသွားသည့်အတွက် ရွာလူကြီးစိတ်အေးလက်အေးသက်ပြင်းချနိုင်သွား၏။ ရွာလူကြီးမှ မေးလာသည်။
"ထောင်ဟွား ဒီမြို့ရိုးကြီးရှိနေတော့ အဘိုးတို့ရွာလုံခြုံသွားပြီမလား၊ ဘယ်တပ်ဖွဲ့ပဲလာလာ အဘိုးတို့ရွာကိုမြေလှန်ပစ်လို့မရနိုင်တော့ဘူးမလား"
ကျိုးကွမ်းမင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြေညာလိုက်သည်။
"ငါတို့ရွာကမြို့ရိုးလောက် ခိုင်ခံ့တဲ့မြို့ရိုးမျိုး တစ်ခါမှမမြင်ဖူးဘူး၊ မြို့တံခါးက မြို့ရိုးတွေကို မြင်ဖူးတယ်မလား၊ အဲဒါတွေက ဘာမှမထူးခြားဘူး၊ ငါတို့ရွာက ဒီမြို့ရိုးက တောင်ပေါ်ကနေ တူးဖော်လာတဲ့ ကျောက်တုံးတွေမပါဘဲနဲ့တောင် တေးနှစ်သောင်းကျော်ကုန်ကျထားတာကွ"
ကျိုးထောင်ဟွား ခိုင်ခံ့သောမြို့ရိုးကို ကိုင်တွယ်ကြည့်လိုက်သည်။ တောင်တန်းများကြားတွင် ရစ်ခွေနေသော မြို့ရိုးတစ်ခုလုံးသည် ရွာကို ကာကွယ်ပေးနေသည့် ဧရာမနဂါးကြီးတစ်ကောင်နှင့်တူနေ၏။ မြို့ရိုးပေါ်ရှိ အရေးကြီးသောနေရာတိုင်းကို ပါးနပ်စွာဒီဇိုင်းဆွဲထားသည်။ တပ်ဖွဲ့ကြီးကျော်တက်လာမည်မှာလည်း မဖြစ်နိုင်တော့ပေ။ ကျိုးထောင်ဟွား ပြောလိုက်သည်။
"အဘိုး ဒီမြို့ရိုးက သူတို့တွေသမီးတို့ရွာကို တိုက်ရိုက်မဖျက်ဆီးနိုင်အောင် တားဆီးပေးမယ့် အတားအဆီးတစ်ခု သက်သက်ပါပဲ၊ သူတို့လုံးဝဝင်မလာနိုင်အောင် တားဆီးဖို့ သမီးတို့နောက်ထပ် ကာကွယ်ရေးတွေ လုပ်ဖို့လိုသေးတယ်"
ကျိုးထောင်ဟွား လေထဲသို့တိုးတိုးလေး ပြောလိုက်သည်။
"ပျံသန်းစမ်း"
ချက်ချင်းပင် ကောင်းကင်တွင်ပျံသန်းနေသော အရာဝတ္ထုအများအပြားထွက်ပေါ်လာပြီး လေထဲတွင်လွှင့်မျောနေသော ကော်ဇောပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ ရွာလူကြီး အံ့အားသင့်သွားရ၏။
"ဒါတွေက ဘာတွေလဲ၊ ပိုးကောင်တွေနဲ့ တူတယ်နော်"
ကျိုးကွမ်းမင် ပြောလိုက်သည်။
"မဟုတ်ဘူး၊ အဲဒါတွေက ပိုးဖလံတွေ၊ ခူယားကောင်တွေလေ"
ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဆင်းသက်စမ်း"
သူမ၏အမိန့်ပေးမှုနှင့်အတူ ပိုးဖလံများသည် မြို့ရိုးအပြင်ဘက်သို့ တစုတရုံးတည်း ဆင်းသက်သွားကြသည်။
ရွာလူကြီး၊ ကျိုးကွမ်းမင်နှင့် အခြားသူများသည် မြို့ရိုးကိုဖက်တွယ်၍ အောက်သို့ငုံ့ကြည့်လိုက်ရာ အပြင်ဘက်နံရံတွင်ကပ်နေသော ပိုးဖလံများအားလုံးသည် ဆူးများဖုံးလွှမ်းနေသည့် ခူယားကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ရှည်လျားပြီး ကြီးမားလှသောမြို့ရိုး၏ အပြင်ဘက်နံရံတစ်ခုလုံးကို ဖုံးလွှမ်းသွားကြ၏။ ကျိုးကွမ်းမင်အပြင်ဘက်နံရံရှိ အင်္ဂတေပေါ်သို့ လက်တင်လိုက်သည်ကို မြင်သောအခါ ကျိုးထောင်ဟွားအမြန် သတိပေးလိုက်သည်။
"သတိထား ဦးလေးကွမ်းမင်၊ ဒါတွေက ခူယားကောင်နတ်ဆိုးတွေ၊ သာမန် ခူယားကောင်တွေထက် အများကြီး ပိုအစွမ်းထက်တယ် သတိထားပါ"
ကျိုးကွမ်းမင် ခေါင်းကိုဆက်တိုက်ညိတ်ပြီး ချီးကျူးလိုက်သည်။
"ထောင်ဟွားက တကယ်အံ့ဩစရာပဲ၊ ခူယားကောင်နတ်ဆိုးတွေ အပြည့်ရှိနေတဲ့ မြို့ရိုးကြီးကို ဘယ်သူကကျော်တက်နိုင်မှာလဲ"
ထိုသို့ပြောရင်း ကျိုးကွမ်းမင်မနေနိုင်ဘဲ ရယ်မောလိုက်သည်။ တကယ်တော့ သူ့စိတ်ထဲတွင် ကောက်ကျစ်သောအတွေးတစ်ခု ပေါ်လာခြင်းဖြစ်၏။ လူမိုက်တစ်ယောက်ယောက် မြို့ရိုးကိုကျော်တက်လာပြီး တစ်ကိုယ်လုံးပူလောင်ကာ နာကျင်သွားသည်ကို မြင်တွေ့ရရန် သူ တိတ်တဆိတ်မျှော်လင့်နေမိသည်။ အပြင်ဘက်နံရံကို ဖုံးလွှမ်းထားသော ခူယားကောင်နတ်ဆိုးများအပြင် မြို့ရိုးတစ်လျှောက် သုံးမီတာတိုင်းတွင် ဖားနတ်ဆိုးများမှာလည်း တပ်သားများအလား ရပ်စောင့်နေကြသည်။ ကင်းစောင့်အဖွဲ့မှ ရွာသားများသည် ကင်းမျှော်စင်အတွင်း၌သာ နေထိုင်ရန်လိုအပ်တော့၏။ ကျိုးထောင်ဟွားပြောလိုက်သည်။
"သူတို့အောက်ကနေတက်လာဖို့ အရမ်း ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ညီမတို့ရွာက မီးလှံတွေက အရမ်းနှေးပြီး ပစ်ခတ်နိုင်တဲ့ အကွာအဝေးကလည်း အရမ်းတိုတယ်၊ မကြာခင် ညီမလက်ပစ်ဗုံးတချို့ထပ်လုပ်လိုက်မယ်၊ ဒါဆိုရင် ညီမတို့ဘာမှ ကြောက်စရာ မလိုတော့ဘူး"
ရွာလူကြီး၊ ကျိုးကွမ်းမင်နှင့် အခြားသူများ၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ ကျိုးကွမ်းမင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ထောင်ဟွား လက်ပစ်ဗုံးဆိုတာဘာလဲ၊ ကောင်းကင်ကကျလာတဲ့ မိုးကြိုးမီးလိုမျိုးလား၊ အဲဒါကလူသတ်နိုင်လို့လား"
ကျိုးထောင်ဟွား ရယ်မောလိုက်သည်။ ထိုရှင်းပြချက်မှာလည်း မမှားဘူးဟုဆိုရပေမည်။
"လက်ပစ်ဗုံးတစ်လုံးက လူအုပ်ကြီးတစ်အုပ်လုံးကို သတ်ပစ်နိုင်တယ်"
ကျိုးထောင်ဟွား စကားပြောပြီးသည်နှင့် ကျိုးကွမ်းမင်၏ပါးစပ်မှာ ကြက်ဥတစ်လုံး ဝင်သွားနိုင်လောက်အောင်ဟသွားသည်။
’ဒီလောက် အစွမ်းထက်တဲ့ မိုးကြိုးမီးတဲ့လား’
ကျိုးကွမ်းမင် ထိုအရာကိုမြင်တွေ့ရရန်ပင် မစောင့်နိုင်တော့ပေ။ လူအုပ်ကြီး မြို့ရိုးပေါ်မှဆင်းလာကြရာ မင်္ဂလာဆောင်ဖိတ်ရန်လာသော ရှစ်ရှီနှင့်ဆုံမိကြသည်။
"ငါ့သားရှန့်တက သန်ဘက်ခါကျမင်္ဂလာဆောင်မှာမလို့ မင်္ဂလာဧည့်ခံပွဲကို လာခဲ့ကြပါဦး"
"ဂုဏ်ပြုပါတယ်နော် အဒေါ်"
ကျိုးရှန့်တသည် ယခုနှစ်တွင်အသက် ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။ သူသာဉာဏ်ရည်မမီသူမဟုတ်ခဲ့လျှင် အိမ်ထောင်ကျနေသည်မှာ ကြာမြင့်နေပြီပင်။ ကျိုးလျန်ဟွားသည် ယခုရက်ပိုင်းတွင် မိန်းမကောင်းလေးတစ်ဦးအလားဖြစ်နေသော်လည်း သူမဂုဏ်သိက္ခာမှာ ယခင်ကပင် ပျက်စီးနေခဲ့ပြီးဖြစ်သည်။ ယခုအခါ သူမအား ကျိုးရှန့်တနှင့်တွဲဖက်ပေးလိုက်ခြင်းမှာမဆိုးလှပေ။ ကျိုးထောင်ဟွား ပြောလိုက်သည်။
"အဒေါ်ရှီ စိတ်မပူပါနဲ့၊ သမီးတို့ သေချာပေါက် လာခဲ့ပါ့မယ်"
ကျိုးလျန်ဟွား၏အနာဂတ်မှာ သေချာသွားခဲ့လေပြီ။ အကယ်၍ ကျိုးရှန့်တသာ ပြန်ကောင်းလာပြီး ပုံမှန်လူတစ်ယောက် ဖြစ်လာခဲ့လျှင် ကျိုးလျန်ဟွားဘဝသည် ပို၍ပင် ကောင်းမွန်လာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျိုးရှန့်တ၏ဖခင်ဖြစ်သူ ကျိုးကွမ်းဖာသည်လည်း မင်္ဂလာဧည့်ခံပွဲအတွက် တစ်အိမ်တက်ဆင်း လိုက်လံဖိတ်ကြားနေ၏။ သူတို့အိမ်တွင် ကဗျာလင်္ကာစာတမ်းအသစ်များကို ကပ်ထားပြီး အနီရောင် မီးပုံးများကို ချိတ်ဆွဲကာ တံခါးများနှင့် ပြတင်းပေါက်များကို အနီရောင်မင်္ဂလာစာလုံးများဖြင့်အလှဆင်ထားရာ အိမ်တစ်အိမ်လုံးပျော်ရွှင်ဖွယ်ရာအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ကျိုးအိမ်ဟောင်းမှာလည်း လျော့မနေဘဲ နေရာအနှံ့အလှဆင်ထားကြ၏။ မည်သို့ပင်ဖြစ်စေ ဆောင်းရာသီ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ နောက်လအနည်းငယ်အတွင်း ကဗျာလင်္ကာစာတမ်းများကို ထပ်ကပ်ကြရဦးမည်ပင်။
ကျိုးရှန့်လင် ထိုအိမ်နှစ်အိမ်နားမှဖြတ်သွားစဉ် သူ့ရင်ထဲ၌အနည်းငယ်ဆို့နင့်တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ သူတို့နှစ်ဦး မကြာမီလက်ထပ်ကြတော့မည်ဖြစ်ရာ သူဖုံးကွယ်ထားခဲ့သော ဝမ်းနည်းမှုများသည် ယခုအခါပေါ်ထွက်လာခဲ့ပြီပင်။ ယွမ်ရင်ရှင်း၏ဆေးပင် စိုက်ခင်းကိုဝယ်ရန်နှင့် အလှူငွေများထည့်ဝင်ရန်အတွက် ထိုငွေများကိုသာ သူအသုံးမပြုခဲ့လျှင် အောင်သွယ်တော်ယိုမှတစ်ဆင့် တင်တောင်းရန်အကူအညီချက်ချင်းတောင်းဖို့ တေးငါးခန့်ချန်ထားခဲ့မိမည်ဆိုလျှင် ယခုအချိန်တွင် ကျိုးလျန်ဟွားမှာ သူနှင့်လက်ထပ်နေမည်သာဖြစ်သည်ဟု မတွေးဘဲမနေနိုင်အောင် ဖြစ်ရသည်။ ကျိုးရှန့်လင်သည် ခါးသီးမှုနှင့် နက်ရှိုင်းသောနောင်တတရားများကို ခံစားလိုက်ရ၏။ နှစ်ရက်အကြာတွင် ကောင်းကင်မှာပြာလဲ့၍ ကြည်လင်နေသည်။ ဆောင်းရာသီဖြစ်သော်လည်း ကြည်လင်သော ရာသီဥတုကြောင့် အရမ်းမအေးလှပေ။ မနက်စောစောတွင် ကျိုးကျားရွာ၌ ဗြောက်အိုးသံများထွက်ပေါ်လာသည်။ ကျိုးကျားရွာတွင် နောက်ထပ် မင်္ဂလာကိစ္စတစ်ခုရှိလာခြင်းမှာ ရှားပါးလှသဖြင့် လူတိုင်းမှာပျော်ပွဲရွှင်ပွဲကိုကြည့်ရှုရန် ရောက်ရှိလာကြ၏။ ကျိုးရှင်းဟွာသည် ကျိုးယွီမှကျိုးလျန်ဟွားကို နွားလှည်းပေါ်သို့ ပွေ့တင်ပေးနေသည်အားကြည့်ရင်း အားကျစိတ်များ ဖြစ်ပေါ်လာသည်။
အစ်မလျန်ဟွားပင် အိမ်ထောင်ကျသွားခဲ့ပြီပင်။ သူမဂုဏ်သိက္ခာသည် အစ်မလျန်ဟွားထက် ပိုကောင်းသော်လည်း သူမမှာတော့ အိမ်ထောင်မကျသေးပေ။ နောက်နှစ်ဆိုလျှင် သူမအသက်ဆယ့်ခြောက်နှစ် ပြည့်တော့မည်ဖြစ်ရာ အသက်ပိုကြီးလာပြီပင်။ ဧည့်ခံပွဲတွင် ကျိုးရှင်းဟွာသည် ကျိုးရှန့်အန်း၊ ကျိုးရှန့်လင်တို့နှင့် စားပွဲတစ်ဝိုင်းတည်း အတူတူထိုင်ဖြစ်သွား၏။ ဟင်းပွဲများမရောက်လာခင်မှာပင် ကျိုးရှန့်လင်တစ်ယောက် အရက်သောက်နေနှင့်လေပြီ။ ကျိုးရှင်းဟွာမှ ညည်းညူလိုက်၏။
"ဟေ့ လျှော့သောက်ပါဦး၊ ရှင်အခုကိုအရက်တစ်ဝက်လောက် သောက်ထားပြီးပြီလေ"
"မင်းအလုပ်မဟုတ်ပါဘူး၊ ငါကမင်္ဂလာဧည့်ခံပွဲကို ရောက်နေတာလေ၊ အရက်သောက်လို့ မရဘူးလား"
ကျိုးရှန့်လင်မျက်နှာသည် အရက်မူးနေသဖြင့်နီရဲနေပြီး ကျိုးရှင်းဟွာအပေါ် သူ့အကြည့်များမှာ ရင်းနှီးမှုသိပ်မရှိလှပေ။ ကျိုးရှန့်အန်း ကျိုးရှင်းဟွာကို သူ့ဘေးရှိခုံသို့ အမြန်တွန်းပို့လိုက်ပြီး ကျိုးရှန့်လင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ရှန့်လင် မင်းနဲ့အတူ ငါသောက်ပေးမယ်၊ တစ်ယောက်တည်းသောက်ရတာ အရမ်း ပျင်းစရာကောင်းတာပဲ"
ဤအချိန်တွင် ကျိုးရှင်းဟွာအရေးကြီးသောအချက်တစ်ခုကို ကြားလိုက်ရသလိုပင်။
’တစ်ယောက်တည်း သောက်ရတာ’
"ရှင်က မပျော်မရွှင်ဖြစ်နေတုန်းပဲလား၊ ငါ့ညီမထောင်ဟွားရဲ့ မင်္ဂလာဧည့်ခံပွဲမှာ ဘယ်သူကလက်ထပ်မယ်ဆိုပြီး ကြွားလုံးထုတ်နေခဲ့တာလဲ"
ကျိုးရှင်းဟွာ စကားတစ်ဝက်သာရှိသေးချိန်တွင် ကျိုးရှန့်အန်းမှာ သူမပါးစပ်ကို လှမ်းပိတ်လိုက်ကာ သူမအားသတိပေးလိုက်သည်။
"ဒီနေ့ မင်းအစ်မလက်ထပ်တဲ့နေ့လေ"
ကျိုးရှင်းဟွာ လက်လျှော့လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့သော်လည်း ကျိုးရှန့်လင်ထံ အရှုံးမပေးလိုသောအကြည့်ဖြင့် စိုက်ကြည့်နေဆဲပင်။ ထိုစဉ်မှာပင် ဧည့်ခန်းဆောင်အတွင်းမှ "ဇနီးမောင်နှံ အပြန်အလှန် ဦးညွှတ်ကန်တော့မယ်" ဟူသော အသံထွက်ပေါ်လာသည်။ ကျိုးလျန်ဟွားနှင့် ကျိုးရှန့်တတို့သည် တရားဝင်ဇနီးမောင်နှံ ဖြစ်သွားကြလေပြီ။ ကျိုးရှန့်တသည် ဉာဏ်ရည်မမီသူဖြစ်ရာ ဤကဲ့သို့သော အခမ်းအနားမျိုးကို လုံးဝမကိုင်တွယ်နိုင်ပေ။ ရှစ်ရှီနှင့် ကျိုးကွမ်းဖာတို့မှာ ဧည့်သည်များအား အရက်လိုက်တိုက်ရန် သူ့ကိုမခိုင်းတော့ဘဲ ကျိုးရှန့်ကျင်းကိုသာ ကျိုးရှန့်တနှင့် ကျိုးလျန်ဟွားတို့အား မင်္ဂလာအခန်းတွင်းသို့ ကူညီပို့ဆောင်ပေးရန် ခိုင်းစေလိုက်သည်။ တိုက်ဆိုင်စွာပင် ဧည့်သည်များစားသောက်ပြီး ပြန်သွားကြချိန်တွင် မိုးဖွဲဖွဲလေး စတင်ရွာသွန်းလာ၏။ ထို့နောက် တဖြည်းဖြည်းနှင့် မိုးပိုသည်းလာလေသည်။ ရှစ်ရှီမှာ သည်းသည်းမည်းမည်းရွာနေသောမိုးကိုကြည့်ကာ သက်ပြင်းချလိုက်၏။
"ငါတို့ရဲ့ရှန့်တက တကယ်ကံကောင်းတာပဲ"
သည်းထန်သောမိုးသည် ညအမှောင်ကျသည်ထိ ဆက်လက်ရွာသွန်းနေပြီး မြေပြင်ပေါ်သို့ အဆက်မပြတ်ရိုက်ခတ်နေသည်။ မိုးရွာသွန်းနေသောညမှာ ချင်းရွှေမြို့တစ်မြို့လုံးကို ဖုံးလွှမ်းထားပြီး အေးစက်သောလေပြင်းများသည် တစ္ဆေသရဲများ၏ ငိုကြွေးသံများနှင့်အတူ လူသေအလောင်းများ စွန့်ပစ်ရာ မြေကွက်လပ်ကြီးကို ဖြတ်သန်းတိုက်ခတ်နေ၏။ လူရိပ်တစ်ခုမှာ အလောင်းများကို ကျော်ဖြတ်၍ ဝင်ရောက်လာပြီး အလောင်းတစ်လောင်းရှေ့တွင် ရုတ်တရက် ရပ်တန့်သွားသည်။
"တောက်၊ စတုတ္ထဂိုဏ်းတူညီလေး မင်း ဒီမှာ တကယ်သေသွားတာပဲ"
သူဆောင့်ကြောင့်ထိုင်ချကာ ထန်ရှန်းဟွေ့ခန္ဓာကိုယ်ကို ရှာဖွေလိုက်ပြီး အချိန်အတော်ကြာပြီးနောက် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
"ဘာမှမရှိဘူးလား"
‘အဲဒါဆရာက သူတို့တစ်ယောက်ချင်းစီကိုပေးထားတဲ့ ချန်ခွန်းအိတ်လေ’
ယွီဖေးမတ်တတ်ရပ်လိုက်ပြီး မိုးရေများကို သူ့မျက်နှာပေါ်သို့ ရိုက်ခတ်ခွင့်ပြုထားလိုက်သည်။
…
ရုတ်တရက် လျှပ်စီးလက်သွားရာ သူ့မျက်နှာကို လင်းထိန်သွားစေပေသိ သူကတော့သစ်ပင်ကြီးတစ်ပင်အောက်တွင် တစ္ဆေတစ်ကောင်အလား ရပ်နေဆဲပင်။ မြင့်မားလှသော မြို့ရိုးကြီးကို သူမော့ကြည့်လိုက်ရာ သူ့အကြည့်များသည် စာလုံးသုံးလုံးပေါ်သို့ကျရောက်သွားသည်။
*ကျိုး ကျား ရွာတဲ့လား*
***