နောက်တစ်နေ့ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရာသီဥတုသည် အေးစိမ့်လာပြီး လေအေးများတိုက်ခတ်လာသောကြောင့် လူတိုင်းအနွေးထည်များ ဝတ်ဆင်ထားကြသည်။ မုဆိုးမဖန်း မြို့မှ ပြန်ရောက်လာချိန်တွင် ပြောလာ၏။
"ပြဿနာတက်ပြီပဲ ဘေးကမြို့မှာ တပ်ဖွဲ့တွေတပ်စွဲထားတယ်လို့ကြားတယ်၊ စစ်ပွဲစတော့မယ့်ပုံပဲ၊ ပြီးတော့ တပ်ဖွဲ့တစ်ဖွဲ့တည်းတောင် မဟုတ်ဘူးတဲ့"
ရွာသားများလည်း မြို့မှတစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြသည်။ ချောင်းချွန်းရှန်း မေးလိုက်၏။
"စစ်ပွဲစနေပြီလို့ကြားတယ်၊ သူတို့ကငါတို့ရွာကိုလည်း လာတိုက်မှာလား"
ကျိုးရှန့်အန်း ပြန်ဖြေ၏။
"ကျွန်တော်တို့ရွာမှာ ဒီလောက်မြင့်တဲ့ မြို့ရိုးတွေရှိနေတာပဲ၊ ပြီးတော့ အဲဒီအပေါ်မှာခူယားကောင်နတ်ဆိုးတွေလည်း ရှိသေးတယ်လေ မကြောက်ပါနဲ့"
ကျိုးထောင်ဟွားလည်း မြို့ပေါ်မှ ကောလာဟလအချို့ကိုကြားထားပြီး ရွာလူကြီးကို ရွာသားများအား စားနပ်ရိက္ခာများ သိုလှောင်ထားရန် အသိပေးခိုင်းလိုက်သည်။
‘ရန်သူတွေ မြို့ကိုရောက်လာလည်း စားနပ်ရိက္ခာ အလုံအလောက်ရှိနေသရွေ့တော့ ဘာကြောက်စရာမှမလိုပါဘူး’
ရွာလူကြီးအသိပေးလိုက်သည်။
"ထောင်ဟွား စိတ်မပူပါနဲ့၊ အဘိုး အခုပဲ လိုက်ပြောလိုက်ပါ့မယ်"
အရင်ခြောက်လအတွင်း ရွာသားတိုင်း ဆေးပင်ရောင်းခြင်း၊ ပန်းထိုးခြင်းများဖြင့် ငွေအများအပြား ရှာဖွေနိုင်ခဲ့ကြရာ စားနပ်ရိက္ခာဝယ်ရန် ငွေကြေးပမာဏမှာ အလွယ်လေးလုံလောက်သည်။ ရွာလူကြီး၏စကားကို ကြားသောအခါ လူတိုင်း စားနပ်ရိက္ခာဝယ်ရန် နွားလှည်းများကိုမြို့ပေါ် မောင်းနှင်သွားကြပြီး လှည်းများပေါ်သို့ ဆန်အိတ်များတစ်အိတ်ပြီး တစ်အိတ် တင်ကြ၏။ ဆန်သစ်မလုံလောက်ပါက ဆန်ဟောင်းကိုပါဝယ်ကြပြီး ဆန်ဟောင်းကုန်သွားပါက ပြောင်းဖူးမှုန့်ကို ဝယ်ကြသည်။ ဆန်ဆိုင်တစ်ဆိုင်ကုန်သွားပါက နောက်တစ်ဆိုင်သို့သွားကြ၏။ ချင်းရွှေမြို့ရှိဆန်ဆိုင်များ ကုန်သွားသောအခါ ဘေးမြို့သို့သွားကြပြန်သည်။ ရွာသို့ပြန်လာတိုင်း သူတို့၏နွားလှည်းများပေါ်တွင် ရိက္ခာများ ပြည့်လျှံနေ၏။ တောအုပ်ထဲတွင်ရပ်ကာ အဝေးမှဝင်ထွက်သွားလာနေသော မြင်းလှည်းတန်းကြီးကိုကြည့်ရင်း ယွီဖေးနှုတ်ခမ်းများပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာသည်။ သူ့လက်ဖဝါးမှ အမည်းရောင်စွမ်းအင် အမျှင်တန်းတစ်ခုအား လှည်းတစ်စီးထံသို့ပစ်လွှတ်လိုက်၏။ ကျိုးရှန့်ချိုး ဖြတ်သွားရင်း ပြောလိုက်သည်။
"ဦးလေးဟယ် ဦးလေးလည်း ပစ္စည်းတွေဝယ်လာတာလား။ ဒါနဲ့ ဆန်၊ ဂျုံမှုန့် နဲ့ ပြောင်းဖူးမှုန့်တွေအပြင် ဟင်းသီးဟင်းရွက်တွေရော ဝယ်ခဲ့သေးလား၊ ဆောင်းရာသီအတွက် အထားခံတဲ့ ဟင်းသီးဟင်းရွက်တချို့တော့ သိုလှောင်ထားဖို့လိုမယ်နော်"
ဦးလေးဟယ်မှာ သူ့နဖူးကိုရိုက်ကာ ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးပဲ ရှန့်ချိုးရေ၊ ဦးလေး နောက်မှ မြို့ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဦးမယ်"
သုံးရက်တိုင်တိုင် စားနပ်ရိက္ခာများ ဝယ်ယူသိုလှောင်ပြီးနောက် ရွာရှိအိမ်တိုင်းတွင် ရိက္ခာများအပုံလိုက်ရှိနေကြလေပြီ။ ရှန်းမင် ကျိုးထောင်ဟွားကို ပြုစုရန် အိမ်တွင်နေရသဖြင့် ကျိုးအာ့ရှုနှင့် ချမ်ရှီတို့မှ မိသားစုအတွက် ရိက္ခာများကူဝယ်ပေးခဲ့ကြသည်။ ကျိုးထောင်ဟွား ကိုယ်ဝန်ရှိနေသဖြင့် ကြက်၊ ဘဲ နှင့် ငါးများကိုလည်း အများအပြား ဝယ်ယူခဲ့ကြ၏။ ကျိုးထောင်ဟွားမှာ ကိုယ်ဝန်လေးလကျော်နေပြီဖြစ်သော်လည်း သူမဝမ်းဗိုက်သည် သိပ်မသိသာသေးပေ။ ဆောင်းတွင်းဝတ် အနွေးထည်များကြောင့် ပို၍ပင်မသိသာတော့ချေ။ ကျိုးထောင်ဟွားလက်ကို ချမ်ရှီဆုပ်ကိုင်ထားပြီး နွေးထွေးနေပြီဆိုမှလွှတ်ပေးလိုက်သည်။ ချမ်ရှီ ချီးကျူးလိုက်၏။
"ရှန်းမင်က သမီးကိုသေချာဂရုစိုက်တာပဲ"
ကျိုးထောင်ဟွား ပျော်ရွှင်စွာပြုံးလိုက်သည်။ ရှန်းမင်မှာ တကယ်ကို ဂရုစိုက်တတ်၏။ သူမ ကိုယ့်ကိုကိုယ်နားလည်သည်ထက်ပင် သူမကိုပိုမို နားလည်ပေးနိုင်သေး၏။
"ထောင်ဟွား အိမ်မှာရှိလား"
ခြံတံခါးအပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရ၍ ဒူးရင်းသီးနတ်ဆိုးသွားဖွင့်ပေးလိုက်သည်။ အိမ်ပေါက်ဝတွင် ရွာမှပန်းပဲဆရာ ဦးလေးဟယ် နှင့် သူ့ဇနီး ဒေါ်လေးကူးတို့ ရပ်နေကြ၏။ သူတို့သည် ကျိုးထောင်ဟွားထံသို့ အပြေးအလွှား လျှောက်လာကြသည်။
"ဦးလေးဟယ် ဒေါ်လေးကူး၊ ဘာတွေ အလောတကြီးဖြစ်နေတာလဲ"
ကျိုးထောင်ဟွား စကားပြော၍မဆုံးခင်မှာပင် သူတို့လက်မောင်းများထဲမှ အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။ သူတို့ဓားတွေယူလာလိမ့်မည်ဟု ကျိုးထောင်ဟွား လုံးဝထင်မထားခဲ့မိပေ။ တစ်ခဏအတွင်းမှာပင် ကျိုးထောင်ဟွားလန့်ပြီး နောက်ဆုတ်သွားသော်လည်း ရှန်းမင်မှာသူတို့လက်ကောက်ဝတ်များကို ဆွဲကိုင်လိုက်ပြီး ခွပ်ကနဲမြည်သံနှင့်အတူ ဓားမြှောင်နှစ်လက်စလုံး မြေကြီးပေါ်သို့ကျသွား၏။ လူသတ်ချင်သော အငွေ့အသက်အပြည့်ဖြင့် ရှန်းမင်မေးလိုက်သည်။
"ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ဘာလို့ ကျွန်တော့်မိန်းမကို သတ်ဖို့ကြိုးစားနေတာလဲ"
သူတို့လက်ကောက်ဝတ်များကို သူချိုးပစ်တော့မည့်အလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ဦးလေးဟယ်နှင့် ဒေါ်လေးကူးတို့မျက်နှာများ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။
"ကယ်ကြပါဦး လူသတ်နေပြီ၊ ရှန်းမင်က ငါ့မိဘတွေကို သတ်တော့မယ်"
"လူငယ်တစ်ယောက်က အဘိုးကြီးကို အနိုင်ကျင့်နေတယ်"
ဦးလေးဟယ်၏သားနှစ်ယောက်နှင့် ချွေးမနှစ်ယောက်တို့ ရှန်းမိသားစုခြံဝင်းအဝင်ဝမှ ရုတ်တရက်အော်ဟစ်လိုက်ကြသည်။ ထို့နောက် သားကြီး၏ဇနီးနှင့် သားငယ်၏ဇနီးတို့သည် ရှန်းမင်ထံသို့ပြေးဝင်လာကြ၏။ ရှန်းမင် မျက်မှောင်ကြုတ်သွားရသည်။
‘သူ မိန်းမတွေကို မရိုက်ဘူးဆိုပေမဲ့ သူ့မိန်းမကို ဒုက္ခပေးချင်တဲ့ မိန်းမတွေကို မရိုက်ဘူးလို့တော့မဆိုလိုဘူးလေ’
သားအကြီး၏မိန်းမနှင့် သားအငယ်၏မိန်းမတို့ ရှန်းမင်အနားသို့ ရောက်လာချိန်တွင် သူတို့ကန်ထုတ်ခံလိုက်ရသည်။
"ဥပဒေဆိုတာ မရှိတော့ဘူးလား၊ သူလူတွေကိုရိုက်နေတယ်"
"ငါတို့က ကျိုးမျိုးရိုးမဟုတ်လို့ ရွာကအခြားလူတွေ ငါတို့ကိုဒီလိုဆက်ဆံတာလား"
သားကြီးမှာ ခြံတံခါးအနောက်မှနေ၍ အော်ဟစ်လိုက်သည်။ မကြာမီမှာပင် ရွာသားအများအပြား ရှန်းမိသားစုခြံဝင်းအဝင်ဝတွင် စုရုံးရောက်ရှိလာကြ၏။
ဦးလေးချီ : "ဟယ်တ၊ မင်း ဘာဖြစ်နေတာလဲ၊ ဘယ်သူက ငါတို့လိုပြင်ပကလာတဲ့သူတွေကို မနှစ်မြို့တာလဲ"
ကျိုးကျားရွာမှာ မူလကဆွေမျိုးစုရွာ တစ်ရွာဖြစ်သော်လည်း နောက်ပိုင်းတွင် မျိုးရိုးမတူသူအချို့လည်း လာရောက် အခြေချနေထိုင်ခဲ့ကြသည်။ ပြင်ပမှလာသူတစ်ဦးဖြစ်သော ဦးလေးချီသည် ဟယ်တစကားကြောင့် ဒေါသထွက်သွား၏။ သူ ခြံဝင်းအတွင်းသို့ လှည့်ကြည့်လိုက်ရာ ရှန်းမင်မှာ ဦးလေးဟယ်နှင့် ဒေါ်လေးကူးတို့လက်ကောက်ဝတ်များကို ကိုင်ထားပြီး သူတို့မျက်နှာများမှာလည်း နာကျင်မှုကြောင့်ရှုံ့မဲ့နေကာ ချွေးမနှစ်ယောက်ပါ မြေကြီးပေါ်၌လဲကျနေသည်ကို တွေ့လိုက်ရသည်။ ဦးလေးချီ ဆူပူလိုက်၏။
"ရှန်းမင် မင်းကိုယ်မင်းလည်း ပြင်ပကလာတဲ့သူတစ်ယောက်ဆိုတာ မမေ့နဲ့နော်၊ လူတွေကို ဘယ်လိုလုပ်ဒီလိုအနိုင်ကျင့်ရက်ရတာလဲ"
ရှန်းမင် လှောင်ပြုံးပြုံးလိုက်သည်။
"ဦးလေးချီ မြေကြီးပေါ်က ဓားမြှောင်နှစ်လက်ကို မမြင်ဘူးလား၊ အဲဒါတွေနဲ့ ကျွန်တော့်မိန်းမကို သူတို့သတ်တော့မလို့လုပ်နေတာ"
’ဟင်’
ဦးလေးချီ ထိတ်လန့်သွား၏။ ရှန်းမင် သတိပေးပြီးမှသာ မြေကြီးပေါ်ရှိ ဓားမြှောင်နှစ်လက်ကို သူသတိထားမိသွားသည်။
’လူသတ်မလို့ဟုတ်လား’
ဦးလေးချီ ကျိန်ဆဲလိုက်သည်။
"မင်းတို့နှစ်ယောက် ရူးနေတာလား၊ လူသတ်တာက ဥပဒေနဲ့မလွတ်ဘူးကွ၊ ထောင်ဟွားက ဒီလောက်လိမ္မာတာကို၊ ဘာလို့ သူ့ကိုသတ်ရမှာလဲ"
ဦးလေးချီ မယုံကြည်နိုင်အောင်ဖြစ်နေသည်။ ဦးလေးဟယ်မှ မကျေမနပ်ဖြင့် ရုတ်တရက် ပြောလိုက်သည်။
"အစ်ကိုချီ၊ ငါတို့ကျိုးကျားရွာကို ရောက်လာတာ အချိန်သိပ်မကွာဘူးလေ၊ အိမ်နီးချင်းတွေ ဖြစ်လာတာလည်း နှစ်ပေါင်းများစွာ ကြာပြီ၊ ငါ ဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိဘူးလား"
ဒေါ်လေးကူးလည်း ငိုယိုကာပြောနေသည်။
"အစ်ကိုချီ၊ ဟယ်တနဲ့ ငါကလူရိုးတွေပါ၊ သူတို့...... သူတို့ကသာငါတို့ကို အပြစ်ရှာနေတာ၊ ရှန်းမင် နဲ့ ကျိုးထောင်ဟွားက ရွာမှာ သူတို့အာဏာကို အသုံးချပြီး ငါတို့ကို အနိုင်ကျင့်ဒုက္ခပေးနေတာ၊ မင်းသာ ရောက်မလာရင်တော့ သူ ငါတို့ကိုသတ်ပစ်တော့မှာပဲ"
ဒေါ်လေးကူးစကားပြောနေစဉ် သူမမျက်နှာထက်၌ ကြောက်ရွံ့နေသည့် အမူအရာတစ်ခု ပေါ်လာသည်။ ဦးလေးချီ လုံးဝဇဝေဇဝါဖြစ်သွားရ၏။ ဒေါ်လေးကူး၏စကားများအရ မြေကြီးပေါ်ရှိ ဓားမြှောင်နှစ်လက်မှာ ရှန်းမင်မှ သူတို့ကို သတ်ရန်အသုံးပြုမည့် ကိရိယာများဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဘေးတွင်ရပ်နေသော ချမ်ရှီမှာဒေါသတကြီး အော်ဟစ်လိုက်၏။
"နင်တို့ ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ၊ ငါ့ရှန်းမင်က ဘယ်တုန်းကများ နင်တို့ကိုသတ်ချင်လို့လဲ၊ ဒီဓားမြှောင်က ငါ့ထောင်ဟွားကို သတ်ဖို့ နင်တို့ယူလာတာ ရှင်းနေတာပဲ၊ ငါသေချာ မြင်လိုက်တယ်၊ တကယ်လို့သာ ရှန်းမင်အချိန်မီမဖမ်းထားနိုင်ခဲ့ရင် အကျိုးဆက်က ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်လို့တောင်မရဘူး"
ချွေးမကြီးမှာ ခေါင်းခါကာငိုယိုပြီးမေးလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး၊ကျွန်မတို့မိသားစုက ရှင်တို့ကိုဘာမှမလုပ်ခဲ့ပါဘူး၊ ဘာလို့ ရှင်တို့ကို သတ်ရမှာလဲ၊ လူသတ်တာက ပြစ်မှုမြောက်တယ်၊ အသက်နဲ့ပြန်ပေးဆပ်ရမယ်ဆိုတာ ကျွန်မတို့မသိဘူးများမှတ်နေလား"
ကျိုးထောင်ဟွား လှောင်ပြုံးပြုံးလိုက်သည်။
"အဲဒါ နင်တို့ဖြေရမယ့်မေးခွန်းပဲ၊ ဒီလောက်ရိုးရှင်းတဲ့ သဘောတရားကို နင်တို့တောင် နားလည်သေးတာ၊ ငါကနားမလည်ဘူးလို့ ထင်နေတာလား၊ တကယ်လို့ ငါတို့ကပဲ လူတွေကိုအနိုင်ကျင့်နေတာဆိုရင် နင်တို့မိသားစုတစ်ခုလုံး ငါ့အိမ်ကို ဘာလို့လာတာလဲ"
ရှန်းမိသားစုခြံဝင်းအပြင်ဘက်တွင် စုရုံးနေကြသော ရွာသားများသည် ကျိုးထောင်ဟွား၊ ရှန်းမင်၊ ချမ်ရှီ နှင့် ဟယ်မိသားစုဝင်ခြောက်ဦးတို့၏ ကိုယ်ပိုင် ရှင်းလင်းချက်များကို နားထောင်ပြီး မည်သူ့ကို ယုံရမှန်းမသိဖြစ်နေကြသည်။ လူတိုင်းပြောသည်မှာ အကြောင်းပြချက်ရှိနေပုံရ၏။ ရွာလူကြီးမှာ လူအုပ်ကြားမှ တိုးထွက်ပြီးဝင်လာသည်။
"ဘာဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ"
ဟယ်တနှင့် ဟယ်အာ့တို့ဇနီးမောင်နှံတို့မှာ ရွာလူကြီးရှေ့တွင် ဒူးထောက်ချလိုက်ကြသည်။
"အဘိုးရွာလူကြီး ကျွန်တော်တို့ကို ကူညီပါဦး၊ ကျိုးထောင်ဟွားနဲ့ ရှန်းမင်တို့က အရမ်းလွန်နေပြီ"
***