"ဇီး ဇီး"
ဆန်နတ်ဆိုးမှာ ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော လိမ္မော်ဝါရောင်သမ်းနေသည့်တစ္ဆေမျက်လုံးများဖြင့် ကျိုးထောင်ဟွားကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။ ၎င်းသည် ကျိုးထောင်ဟွားကို အထက်အောက် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သူ့အကြည့်မှာ သူမ၏အင်္ကျီလက်စပေါ်တွင် ရပ်တန့်သွား၏။ သူမ ထန်ရှန်းဟွေ့၏ချန်းခွန်းအိတ်ကို ထိုနေရာတွင်ထည့်ထားခဲ့ခြင်း ဖြစ်သည်။
’ဒါဆို သူပဲပေါ့’
ဆန်နတ်ဆိုး၏ရယ်မောသံမဆုံးခင်မှာပင် ၎င်းသည်တစ္ဆေတစ်ကောင်အလား ကျိုးထောင်ဟွားထံသို့ ရွေ့လျားသွား၏။ ဖြူဖျော့ဖျော့ သူ့အရေပြားအောက်တွင် တစ်စုံတစ်ရာတွားသွားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာသည် ကျိုးထောင်ဟွားရှေ့သို့ ရောက်ရှိလာပြီး မည်းနက်သော သူ့လက်သည်းများဖြင့် လျင်မြန်စွာ ဆုပ်ကိုင်ရန်ကြိုးစားလိုက်သည်။
"ရွှပ်"
၎င်းသည် မမြင်ရသောအတားအဆီးတစ်ခုကို ဆုပ်ကိုင်မိသွားသဖြင့် လေထဲတွင်နားကွဲလုမတတ်စူးရှရှပွတ်တိုက်သံတစ်သံအဖြစ် ထွက်ပေါ်လာသည်။
"ဟမ့်"
ဆန်နတ်ဆိုး ဒေါသတကြီးနှာမှုတ်လိုက်ပြီးနောက် အဖြူရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကျိုးထောင်ဟွားရှေ့မှ ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် ကျိုးထောင်ဟွားအနောက်ဘက်မှ မရေမတွက်နိုင်သော ဆန်စေ့များမှာ သံမဏိအပ်များအလား ပစ်လွှတ်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချမ်ရှီ၏ရင်ထဲတွင် တင်းကျပ်သွားသည်။
"ထောင်ဟွား အန္တရာယ်ရှိနေပြီ"
ချောင်းချွန်းရှန်းမျက်လုံးများ ရုတ်တရက် ကျုံ့ဝင်သွားကာ ဤဆန်နတ်ဆိုးမှာ နတ်ဆိုးကလေးထက် အဆပေါင်းများစွာ ပိုအစွမ်းထက်ကြောင်း သူမသိလိုက်၏။
‘မြင်လား၊ ထောင်ဟွားတောင် သူ့ကိုသိပ်အသာစီး မရနိုင်ဘူးလေ’
ကျိုးထောင်ဟွား တည်ငြိမ်စွာပင်မန္တန်များကို အမြန်ရွတ်ဆိုကာ လေထဲမှ ပျံသန်းလာသော ဆန်စေ့များအား ကာကွယ်ရန် သူမလက်များဖြင့် အတားအဆီးအလွှာများကို ဖန်တီးလိုက်သည်။ ချောင်းချွန်းရှန်း မှင်သက်သွား၏။
‘ထောင်ဟွားက အရမ်းအစွမ်းထက်တာပဲ’
လူတိုင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ချိန်မှာပင် ဆန်နတ်ဆိုးမှာ ရုတ်တရက် အရိပ်ပွားအများအပြားအဖြစ် ခွဲထွက်သွားပြီး အရပ်မျက်နှာ အသီးသီးမှနေ၍ တိုက်ခိုက်လာသည်။ ကျိုးထောင်ဟွားမျက်လုံးများ စူးရှသွားသည်။ သူမအသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ထပ် လက်သင်္ကေတတစ်ခုကို ပြုလုပ်ကာ အရိပ်ပွားတစ်ခုစီကို တိကျစွာတိုက်ခိုက်ရန် သူမ၏ဝိညာဉ်စွမ်းအင်များအား အသုံးပြုလိုက်၏။
ပထမ၊ ဒုတိယ နှင့် တတိယ အရိပ်ပွားများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း မြင်ပြီးနောက် ကျိုးထောင်ဟွား သူမ၏ဝိညာဉ်စွမ်းအင်များလည်း ကုန်ခမ်းသွားပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
‘စွမ်းအင် ကုန်သွားပြီလား’
တစ်ခဏမျှ တုံ့ဆိုင်းသွားချိန်တွင် စတုတ္ထမြောက် အရိပ်ပွားသည် ကျိုးထောင်ဟွား၏ ရှေ့သို့ ရောက်ရှိနေလေပြီ။ ၎င်းသည် ကျိုးထောင်ဟွားအား ပြင်းပြင်းထန်ထန်တိုက်ခိုက်ရန် စွမ်းအင်များကို စုစည်းထားပြီး သူမကိုသတ်ပစ်ရန် ဆုံးဖြတ်ထား၏။ ကျိုးထောင်ဟွားသူမဝမ်းဗိုက်ကို အလိုလိုဖက်ထားမိလိုက်သည်။ ဤအင်အားကြောင့် မြေကြီးပေါ်သို့လဲကျသွားတော့မည်ဟု သူမထင်လိုက်ချိန်တွင် ဆန်နတ်ဆိုး၏လှုပ်ရှားမှုမှာ ရုတ်တရက်ရပ်တန့်သွား၏။ ဓားမြှောင်တစ်လက်မှာ ၎င်း၏အနောက်ဘက်မှနေ၍ ရင်ဘတ်ထဲသို့ထိုးစိုက်ဝင်သွားလေသည်။ ထိုသတ္တဝါကို ဖုံးလွှမ်းနေသော ဆန်စေ့များကွာကျသွားပြီး မွေးကင်းစကလေးငယ်တစ်ဦး၏နှလုံးတစ်ခု ပေါ်လာ၏။
နှလုံးမှာ ရုတ်တရက်အခုန်ရပ်သွားပြီး အရသာရှိသော အနံ့ထွက်နေသည့် ဆန်ပြုတ်များပန်းထွက်လာကာ မြေကြီးပေါ်တွင် သွေးကဲ့သို့နီရဲနေသောရေခဲပွင့်များအဖြစ် ခဲသွားလေသည်။ ကျယ်လောင်သော ဘုန်းခနဲမြည်သံနှင့်အတူ ဆန်နတ်ဆိုး၏ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့ လဲပြိုကျသွား၏။ ကျိုးထောင်ဟွား ဆန်နတ်ဆိုး၏အနောက်ဘက်တွင်ရပ်နေသော ရှန်းမင်ကိုတွေ့လိုက်ရသည်။
‘သူကနတ်ဆိုးကို သတ်လိုက်တာလား’
လူတိုင်းထိုမြင်ကွင်းကြောင့် တုန်လှုပ်နေဆဲဖြစ်ပြီး အံ့ဩတကြီးအော်ဟစ်လိုက်ကြသည်။
"ဒါဆို ရှန်းမင်ကလည်း နတ်ဆိုးတွေကို သတ်နိုင်တာပေါ့"
ချောင်းချွန်းရှန်း အံ့အားသင့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ဟေး ကြည့်ကြစမ်း၊ ဆန်နတ်ဆိုးရဲ့ နှလုံးသားထဲကနေ သွေးလိုနီရဲနေတဲ့ ပင့်ကူပန်းနီတစ်ပွင့်,ပွင့်လာတယ်"
ကျိုးထောင်ဟွား ငုံ့ကြည့်လိုက်ရာ သူမမျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
’ဆန်နတ်ဆိုးဆီကနေ သွေးလိုနီရဲနေတဲ့ ပင့်ကူပန်းနီ ဘယ်လိုလုပ်ပွင့်လာနိုင်မှာလဲ’
ရှန်းမင် ထိုပင့်ကူပန်းနီကို ထူးထူးဆန်းဆန်းရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဤပန်းကို ထန်ရှန်းဟွေ့၏ချန်းခွန်းအိတ်ထဲ၌ ပထမဆုံးမြင်တွေ့ခဲ့ရပြီး ယခုဆန်နတ်ဆိုး၏ခန္ဓာကိုယ်ပေါ်တွင် ထပ်တွေ့ရပြန်သည်။ ခဏခဏဖြစ်နေပေသိ တိုက်ဆိုင်မှုဟုသာပြောလျှင် ရှန်းမင်ကိုယ်တိုင်တောင်ယုံမည်မဟုတ်ပေ။ ရှန်းမင် နောက်ထပ်မစဉ်းစားတော့ဘဲ ကျိုးထောင်ဟွားထံသို့ အမြန်လျှောက်သွားလိုက်သည်။
"ထောင်ဟွား အဆင်ပြေရဲ့လား၊ ဘယ်နေရာမှ မထိခိုက်သွားဘူးမလား"
ကျိုးထောင်ဟွား ခေါင်းခါလိုက်ပြီး သူမဝမ်းဗိုက်ကို ယခင်အနေအထားအတိုင်း ဖက်ထားဆဲပင်။ ကျိုးရှန့်ဖျင် လူအုပ်ထဲမှ ထွက်လာသည်။
"ထောင်ဟွား သမီးရဲ့သွေးခုန်နှုန်းကို အဘိုး စမ်းကြည့်ပါရစေ၊ ကလေးတင်မကဘူး သမီးကိုယ်တိုင်လည်း ကျန်းမာနေဖို့ လိုတယ်လေ"
ချမ်ရှီ အလျင်အမြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဦးလေးရှန့်ဖျင်၊ ကျေးဇူးပြုပြီး ထောင်ဟွားကိုသေချာ ကြည့်ပေးပါဦး"
ခြံဝင်းအတွင်းရှိ လူတိုင်းအကြည့်များအောက်တွင် ကျိုးရှန့်ဖျင် ကျိုးထောင်ဟွားနှင့် ကလေး နှစ်ဦးစလုံး အန္တရာယ်ကင်းပြီး ကျန်းမာကြောင်း အတည်ပြုပေးလိုက်သည်။ ရွာလူကြီး စိတ်သက်သာရာရစွာဖြင့် ပြောလိုက်၏။
"ထောင်ဟွားနဲ့ ကလေး အဆင်ပြေတာ ကောင်းတာပေါ့ကွယ်"
ရှန်းမင် : "ထောင်ဟွား ဟိုဆန်နတ်ဆိုးရဲ့ နတ်ဆိုးအငွေ့အသက်တွေကလည်း ထောင်ဟွားကို မထိခိုက်စေဘူးမလား"
ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်ပြီး သူမ၏ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် ရှန်းမင်လက်ကို ချက်ချင်း လှမ်းကိုင်လိုက်သည်။ သွေးကြောစမ်းသပ်မှုအရ ကိုယ်ဝန်ရှိနေကြောင်းသိပြီးချိန်မှစ၍ ကျိုးထောင်ဟွားသည် သူမဝိညာဉ်စွမ်းအင်များကို ရှန်းမင်ထံမှ မကြာခဏဖြည့်တင်းလေ့ရှိသော နည်းလမ်းကို အသုံးပြုမှုလျော့နည်းသွားခဲ့၏။ နေ့စဉ် သူ့ကိုနမ်းရှုံ့ပွေ့ဖက်ခြင်းမှရရှိသော ဝိညာဉ်စွမ်းအင်များသည် နှစ်ပေါင်း ၁၅၀၀ကျင့်ကြံထားသော ဆန်နတ်ဆိုးကဲ့သို့နတ်ဆိုးမျိုးကို ရင်ဆိုင်ရန်မလုံလောက်သေးပေ။ သို့သော် ယနေ့တွင်မူ ရှန်းမင်မှ သာမန်ဓားမြှောင်တစ်လက်ကိုကောက်ယူကာ ဆန်နတ်ဆိုး၏နှလုံးကို ထိုးစိုက်ပြီး သတ်ပစ်နိုင်ခဲ့သည်။ ထိုအချက်က ကျိုးထောင်ဟွားကို အံ့အားသင့်သွားစေ၏။
’သာမန် ဓားမြှောင်တစ်လက်က နတ်ဆိုးတစ်ကောင်ကို ထိခိုက်စေဖို့ လုံးဝမဖြစ်နိုင်ဘူး၊ ဆန်နတ်ဆိုးလို နတ်ဆိုးမျိုးဆိုရင် ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ တစ်ခုတည်းသော ရှင်းပြချက်ကတော့ ရှန်းမင်ဆီက ထွက်ပေါ်နေတဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေက ဓားမြှောင်ကို စွမ်းအားတွေ တိုးလာစေပြီး ဆန်နတ်ဆိုးရဲ့နှလုံးကို ထိုးဖောက်နိုင်အောင် လုပ်ပေးလိုက်တာပဲ’
ဦးလေးဟယ် မေးလိုက်သည်။
"ထောင်ဟွား ဆန်နတ်ဆိုး သေသွားပြီဆိုတော့ ဦးလေးတို့ မိသားစုခြောက်ယောက်လုံး အဆင်ပြေရဲ့လား၊ ဦးလေးတို့ဝယ်ထားတဲ့ ဆန်ကိုရောဆက်စားလို့ရသေးလား"
တကယ်တော့ ဆန်နတ်ဆိုး သူတို့ကိုယ်ထဲမှ ထွက်လာကတည်းက သူတို့မှာ ကြောက်ရွံ့မှုများ အပြည့်ရှိနေဆဲ ဖြစ်သည်။ သူတို့ တကယ်ပဲ ကျိုးထောင်ဟွားကို ဓားဖြင့်သတ်ရန် ကြိုးစားခဲ့သည်ကို မယုံနိုင်အောင်ဖြစ်နေကြ၏။
‘သူတို့ ရူးနေကြတာပဲ”
ကံကောင်းစွာဖြင့် ကျိုးထောင်ဟွား မည်သည့်အရာမှ မဖြစ်ခဲ့ပေ။ သို့မဟုတ်ပါက သူတို့ရည်ရွယ်ချက် မဟုတ်လျှင်ပင် ထိုဓားကြောင့် သူတို့ထောင်ကျသွားနိုင်သည်။
"ဦးလေးဟယ် စိတ်မပူပါနဲ့၊ ဆန်နတ်ဆိုး သေသွားပြီမလို့ ဦးလေးရဲ့ဆန်လည်း ဘာမှမဖြစ်ပါဘူး၊ စားလို့ရပါတယ်"
ကျိုးထောင်ဟွားအဖြေကြောင့် စိတ်သက်သာရာရသွားပြီးနောက် ဦးလေးဟယ်၏မိသားစုသည် နောက်ဆုံးတွင် စိတ်အေးသွားရသည်။ ကျိုးထောင်ဟွားကို တောင်းပန်ပြီးနောက် ဟယ်မိသားစု ထွက်သွားကြ၏။ ရွာလူကြီး သက်ပြင်းချလိုက်သည်။
"ငါတို့ရွာမှာ နတ်ဆိုးတွေမရှိတော့ဘူးဆိုပေမယ့် အပြင်ကနေ ဝင်လာလိမ့်မယ်လို့ အဘိုးလုံးဝထင်မထားခဲ့ဘူး"
ကျိုးထောင်ဟွားလည်း ၎င်းမှာဆန်ထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟုထင်မထားခဲ့ပေ။ ကျိုးထောင်ဟွား ပြောလိုက်သည်။
"အဘိုး စိတ်မပူပါနဲ့၊ လုံခြုံရေးစစ်ဆေးတဲ့ပစ္စည်းတစ်ခုလုပ်ပြီး ရွာတံခါးမှာထားလိုက်မယ်၊ အဲဒါဆိုရင် လူပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် ရွာတံခါးကိုဖြတ်သွားရင် လူတိုင်းအစစ်ဆေးခံရမှာပဲ၊ အဲဒါက နတ်ဆိုး ဒါမှမဟုတ် မကောင်းဆိုးဝါး ဝိညာဉ်မှန်သမျှကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်"
ချမ်ရှီ အံ့ဩတကြီးဖြင့် ပါးစပ်ကိုအုပ်လိုက်ပြီး မေးလိုက်သည်။
"အဲဒီလောက်တောင် အစွမ်းထက်တာလား"
ရွာလူကြီး ကျိုးထောင်ဟွားကိုကျေနပ်စွာ ကြည့်လိုက်သည်။
"ထောင်ဟွား အခု သမီးမှာကိုယ်ဝန်ရှိနေပြီ၊ အရမ်း စိတ်မပူပါနဲ့၊ အစီအရင်လုပ်ဖို့က အလျင်မလိုပါဘူး၊ ဖြည်းဖြည်းချင်း လုပ်လို့ရပါတယ်"
သို့သော် ရွာလူကြီးမှာ သူတို့ကျိုးကျားရွာသို့ နောက်ထပ်နတ်ဆိုးများ သို့မဟုတ် မကောင်းဆိုးဝါးဝိညာဉ်များ မဝင်ရောက်နိုင်စေရန် အစီအရင်ကို ရွာတံခါးဝတွင် တတ်နိုင်သမျှ အမြန်ဆုံးတပ်ဆင်ထားသည်ကို မြင်တွေ့လိုနေဆဲ ဖြစ်သည်။ ကျိုးထောင်ဟွား ဆန်နတ်ဆိုးခန္ဓာကိုယ်ထဲမှ နှစ်ပေါင်း ၁၅၀၀ကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေကို ထုတ်ယူလိုက်ရာ သူမနှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
‘ဒါက ဆန်နတ်ဆိုးပိုင်ဆိုင်သမျှထဲမှာ တန်ဖိုးအကြီးဆုံး အရာပဲ’
သူမ ထိုအရာကိုရရှိလိုက်သည့် အခိုက်အတန့်တွင် ဒူးရင်းသီးနတ်ဆိုးမှာ အနားသို့ ရောက်လာသည်။
"အစ်မကျိုး နောက်တစ်လုံးထပ်ရရင် ကျွန်မကို အဆင့်တက်ဖို့ ကျင့်ကြံခြင်းအမြုတေပေးမယ်လို့ ပြောထားတယ်နော်"
သူမ ဆန်နတ်ဆိုးသေသည်ကိုမြင်ချင်လွန်း၍ စောင့်စားနေခဲ့ရသည်။ ယခုတော့ နောက်ဆုံးမှာ ၎င်း သေသွားပြီပင်။ ၎င်း၏ ကျင့်ကြံခြင်းအမြုတေကို သူမ အလွန်လိုချင်နေ၏။
'နှစ်ပေါင်း ၁၅၀၀ကျင့်ကြံခြင်းအမြုတေကြီးလေ’
ကျိုးထောင်ဟွား ၎င်းကိုသူမထံသို့ကမ်းပေးလိုက်သည်။ အသံနတ်ဆိုး၊ ခရုနတ်ဆိုး နှင့် မိခင်မှိုနတ်ဆိုးတို့၏ အားကျနေသော အကြည့်များအောက်တွင် ဒူးရင်းသီးနတ်ဆိုးမှာ နှစ်ပေါင်း ၁၅၀၀ ကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေကိုမျိုချလိုက်၏။ ချက်ချင်းပင် ဒူးရင်းသီးနတ်ဆိုးသည် သူမခန္ဓာကိုယ် တစ်ခုလုံး ပူလောင်သွားသည်ကို ခံစားလိုက်ရပြီး နှစ်ပေါင်း ၁၅၀၀ကျင့်ကြံခြင်းစွမ်းအားများ သူမထံသို့ ရုတ်တရက်ဝင်ရောက်လာသဖြင့် နာကျင်မှုနှင့် စိတ်လှုပ်ရှားမှုနှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။
အခြားနတ်ဆိုးလေးကောင်၏အကြည့်များအောက်တွင် ဒူးရင်းသီးနတ်ဆိုး၏ ခေါင်းပေါ်ရှိ ရွှေရောင်ဒူးရင်းခွံသရဖူမှာ ရုတ်တရက် မာကျောလာပြီး အဆိပ်ပြင်းသော ဆူးများထွက်လာ၏။ မကြာမီ ဆူးများပျောက်ကွယ်သွားပြီး ဒူးရင်းသီးနတ်ဆိုး၏ခေါင်းပေါ်ရှိ ဒူးရင်းခွံသရဖူလည်း ပျောက်ကွယ်သွားသည်။ သူမသည် ရွှေရောင်ဂါဝန်လေးဝတ်ဆင်ထားသော ခြောက်နှစ်အရွယ်မိန်းကလေးတစ်ယောက်သာဖြစ်သွား၏။
‘ချစ်စရာကောင်းပြီး လိမ္မာပါးနပ်တဲ့ပုံလေးပဲ’
သူမဆံပင်ကို အလှဆင်ထားလေ့ရှိသော ဒူးရင်းပန်းလေး ပျောက်ကွယ်သွားပြီး သူမထံတွင် ဒူးရင်းသီးနတ်ဆိုးအငွေ့အသက် လုံးဝမရှိတော့ပေ။ သူမသည် သာမန်မိန်းကလေးငယ်လေးတစ်ယောက်သာ ဖြစ်သွားလေပြီ။ အသံနတ်ဆိုး၊ ခရုနတ်ဆိုး နှင့် မိခင်မှိုနတ်ဆိုးတို့မှာ အားကျစွာဖြင့်ကြည့်နေကြသည်။
‘ဒါကမှ လူသားတစ်ယောက်ရဲ့ ပုံစံမျိုးပဲ။ အပြည့်အဝ လူအသွင်ပြောင်းလဲသွားတာ’
သို့သော် ဒူးရင်းသီးနတ်ဆိုးမှာမူ ဇဝေဇဝါဖြစ်ကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
"ကျွန်မရဲ့ မူပိုင်လက်နက်က ဘယ်မှာလဲ၊ အစ်မရှောင်ယွဲ့ဆီမှာ သုံးပေရှည်တဲ့ပိုးဖဲကြိုးနီ ရှိတယ်လေ၊ ဘာလို့ ကျွန်မဆီမှာ ဘာမှမရှိတာလဲ"
ထိုစဉ်မှာပင် သူမခြေရင်း၌ ဒူးရင်းသီးတစ်လုံး ရုတ်တရက်ပေါ်လာရာ သူမမျက်ဝန်းအိမ်များ ရုတ်တရက်ကျုံ့ဝင်သွားသည်။
‘သူမရဲ့ မူပိုင်လက်နက်က ဒါများလား’
အသံနတ်ဆိုး စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ တိုးလာသည်။
"ဒါက ဘာကြီးလဲ"
ဒူးရင်းသီးနတ်ဆိုးမှာ ၎င်းကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး သတိပေးလိုက်သည်။
"မကိုင်နဲ့၊ နင်နောင်တရသွားမယ်"
ထို့နောက် သူမသည် ကျိုးထောင်ဟွား အနားသို့ပြေးသွားကာ ချွဲနွဲ့လိုက်သည်။
"အစ်မကျိုး ကြည့်ပါဦး၊ ကျွန်မ အခုအပြည့်အဝ လူအသွင်ပြောင်းသွားပြီ၊ ကျွန်မကိုလည်း နာမည်လေးပေးပါလားဟင်"
ကျိုးထောင်ဟွား : "မျိုးရိုးနာမည်ကို ကျန်း၊ နာမည်ကို လျို၊ ကျန်းလျို"
ဒူးရင်းသီးမိစ္ဆာမှာ အားပါးတရအပြုံးကြီးဖြင့် ထပ်ခါတလဲလဲပြောနေသည်။
"ကျန်းလျို ကျန်းလျို"
ကျန်းလျို ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။
"ငါ့မှာ နာမည်ရှိသွားပြီဟေ့"
အသံနတ်ဆိုး၊ ခရုနတ်ဆိုး နှင့် မိခင်မှိုနတ်ဆိုးတို့မှာ ရူးမတတ်အားကျနေကြသည်။ ချင်းရွှေမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်အတွင်းတွင်ဖြစ်၏။
"ဘုန်း"
ယွီဖေး စားပွဲပေါ်သို့ တူများကိုဒေါသတကြီး ဆောင့်ချလိုက်သည်။
‘သူ့ရဲ့ ဆန်နတ်ဆိုး သေသွားပြီလား။ သူဒီကိစ္စကို လုံးဝအလွတ်မပေးနိုင်ဘူး’
***