ခြံဝင်းအတွင်း၌ အေးစက်စက်အငွေ့အသက်များ လွင့်ပျံနေသော်လည်း ကျန်းလျို၏ကလေးဆန်ဆန်ရယ်မောသံများဖြင့် ပြည့်နှက်နေသဖြင့် လူတိုင်းမျက်နှာပေါ်တွင် အပြုံးများ အလိုအလျောက်ပေါ်လာကြသည်။ လင်းရှောင်ယွဲ့နှင့် အခြားနတ်ဆိုးလေးကောင်တို့မှာ ကျန်းလျိုကိုညီမလေးတစ်ယောက်ကဲ့သို့ သဘောထားပြီးဖြစ်ရာ ယခုအခါ သူမကိုလူသားကလေးငယ်တစ်ယောက်အလား အပြည့်အဝမြင်တွေ့လိုက်ရ၍ သဘာဝကျစွာ ပို၍ပင်အချစ်ပိုသွားကြ၏။ အသံနတ်ဆိုးမှာ သူမကိုပွေ့ချီကာ ပခုံးပေါ်တင်ပေးပြီး ကျောပိုးစီးခိုင်းထားလိုက်သည်။ ကျန်းလျို သူမထံလက်ယမ်းပြလိုက်၏။
"အစ်မကျိုး"
ကျိုးထောင်ဟွား သူမကိုပြုံးပြလိုက်သော်လည်း ရုတ်တရက် သူမအပြုံးမှာ အေးခဲသွားလေသည်။
‘ဆန်နတ်ဆိုးက ဒီနေ့ထူးထူးဆန်းဆန်းပြုမူနေခဲ့တာပဲ’
ပုံမှန်အားဖြင့် နတ်ဆိုးများရွာထဲဝင်လာလျှင် ပစ်မှတ်အတိအကျမရွေးဘဲ ရမ်းသမ်းတိုက်ခိုက်ဖျက်ဆီးတတ်ကြသော်ငြား ယနေ့ဆန်နတ်ဆိုးမှာမူ သူမထံသို့သာ တိုက်ရိုက်လာပြီး လူခြောက်ယောက်ကို ကြိုးကိုင်ကာ သူမကိုသတ်ဖို့ကြိုးစားခဲ့၏။ ကျိုးထောင်ဟွား မျက်လွှာချလိုက်သည်။
‘ဘာလို့လဲ’
အကြောင်းပြချက်မရှိဘဲ ကျိုးထောင်ဟွားအကြည့်မှာ သူမအင်္ကျီလက်စပေါ်သို့ ရုတ်တရက် ကျရောက်သွားပြီး အထဲမှချန်းခွန်းအိတ်ကို ထုတ်ယူလိုက်သည်။ ရှန်းမင် သူမ၏စိတ်ခံစားမှုများကို သတိပြုမိသွား၏။
"ညီမထောင်ဟွား ဘာဖြစ်လို့လဲ"
ကျိုးထောင်ဟွား ချန်းခွန်းအိတ်ကိုစိုက်ကြည့်လိုက်ပြီးနောက် ၎င်းအတွင်းသို့ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ ခဏအကြာတွင် သူမမျက်လုံးများ ကျဉ်းမြောင်းသွား၏။
"ထင်တဲ့အတိုင်းပဲ အစ်ကိုရှန်းမင်၊ တစ်ယောက်ယောက်က အထဲမှာဝိညာဉ်အာရုံ အမှတ်အသားတစ်ခုချန်ထားခဲ့တာပဲ၊ ဒီနေ့ ဆန်နတ်ဆိုးရဲ့သခင်က ထန်ရှန်းဟွေ့နဲ့ အတူတူပဲဖြစ်ရမယ်"
ရှန်းမင် : "သူတို့ကညီမကိုရှာဖို့ အဲ့ဒါကို သုံးခဲ့တာပေါ့"
ရှန်းမင် ကျိုးထောင်ဟွားထံတစ်ချက်ကြည့်၍ပြောလိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားကြပြီး သူတို့ကြားတွင် နှုတ်ဆိတ်နားလည်မှုတစ်ခုဖြစ်ပေါ်လာသည်။
‘တစ်ဖက်လူက ချန်းခွန်းအိတ်ထဲက ဝိညာဉ်အာရုံ အမှတ်အသားကနေတစ်ဆင့် ကျိုးထောင်ဟွားကို ရှာတွေ့ခဲ့တာဆိုတော့ သူတို့ကလည်း ဒီအမှတ်အသားကိုအသုံးပြုပြီး တစ်ဖက်လူကိုပြန်ရှာနိုင်တာပေါ့။ သူတို့ကို မျှားခေါ်ပြီး ရှင်းလင်းပစ်ရမယ်’
သူတို့အား အမြဲတမ်းသတိထားကာကွယ်နေမည့်အစား တိုက်ရိုက်ဖမ်းဆီးပြီး နောက်ပြဿနာများကို ရှင်းလင်းပစ်မည့် နည်းလမ်းတစ်ခုကိုသာ ရှာသင့်သည်ပင်။ ကျိုးထောင်ဟွားနှုတ်ခမ်းများမှာ အပြုံးတစ်ခုအသွင်ကွေးညွှတ်သွားသည်။ ထိုလူကိုသာဖြေရှင်းပြီးသွားလျှင် သူမဤဝိညာဉ်အာရုံ အမှတ်အသားကိုဖယ်ရှားပစ်လိုက်မည်။ သို့သော် တစ်ဖက်လူထံ၌ ဆန်နတ်ဆိုးတစ်ကောင်ထက်မက ရှိနေပုံရ၏။
‘တခြားနတ်ဆိုးတွေတောင်ရှိနိုင်သေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူမဆီမှာလည်း ကျင့်ကြံခြင်းအမြုတေလိုအပ်နေတဲ့ နတ်ဆိုးတချို့ရှိနေတယ်လေ။ ဒီဆန်နတ်ဆိုးက ပြီးခဲ့တဲ့တစ်ခေါက် ထန်ရှန်းဟွေ့ရဲ့မစင်နတ်ဆိုးနဲ့ နတ်ဆိုးမြင်းထက် ပိုအစွမ်းထက်တယ်။ တစ်ဖက်လူရဲ့ စွမ်းအားကလည်း ထန်ရှန်းဟွေ့ထက် သာလွန်နေပုံပဲ။ အဲဒီလိုဆိုရင် သူ့ဆီမှာလည်း ချန်းခွန်းအိတ်ရှိရမယ်’
ကျိုးထောင်ဟွားအကြည့်များ ရှန်းမင်ထံသို့ကျရောက်သွားသည်။ နောက်မှသူ့စိတ်ကြိုက်ထည့်၍ရစေရန် သူ့မျက်စိရှေ့မှာတင် ချန်းခွန်းအိတ်တစ်လုံးကိုအာရုံစိုက်ထားလိုက်သည်။ ထိုညက ရှန်းမင် မီးပိတ်ကာအိပ်ရာဝင်ပြီး မကြာမီမှာပင် သူ့ဘေးမှကျိုးထောင်ဟွား၏ အသက်ရှူသံမှန်မှန်များကိုကြားရသော်လည်း သူအိပ်မပျော်နိုင်သေးပေ။ သူ့စိတ်ထဲတွင် နေ့ခင်း၌ဆန်နတ်ဆိုးရင်ဘတ်ပေါ်တွင် ရုတ်တရက်ပွင့်လန်းလာသော သွေးကဲ့သို့နီရဲနေသည့် ပင့်ကူပန်းနီအကြောင်းကိုသာ တွေးနေမိသည်။ ပင့်ကူပန်းနီအား ထပ်မံမြင်တွေ့လိုက်ရခြင်းမှာ သူ့ကိုမအေးချမ်းမှုများနှင့် မကောင်းသောကြိုတင်နိမိတ်တစ်ခုအား ခံစားရစေသည်။ မှိန်ဖျဖျလရောင်အောက်တွင် သူခေါင်းလှည့်ကာ သူ့ဘေးရှိ ကျိုးထောင်ဟွားထံကြည့်လိုက်၏။
သူတို့၏ပျော်ရွှင်စရာဘဝလေးအား ယခုအတိုင်းသာဆက်လက်တည်ရှိနေပါစေဟု မျှော်လင့်ရင်း သူမမျက်နှာကိုအသာပွတ်သပ်လိုက်သည်။ မျက်နှာပေါ်မှ ယားကျိကျိအထိအတွေ့ကြောင့် ကျိုးထောင်ဟွား တိုးညင်းစွာ ညည်းတွားလိုက်၏။ ရှန်းမင်ရင်ထဲတွင် ကြင်နာယုယမှုလှိုင်းတံပိုးတစ်ခု ဖြတ်သန်းသွားရသည်။ သူမနဖူးကို သူနမ်းရှိုက်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အိပ်ပျော်သွားလေ၏။
..
မှောင်မည်းနေသောညဉ့်ဦးယံတွင် မရင်းနှီးသောနေရာလွတ်တစ်ခု၌ လျှပ်စီးများလက်ပြီး မိုးခြိမ်းသံများထွက်ပေါ်နေသည်။ သိမ်မွေ့သောတိမ်တိုက်ပုံစံများနှင့် လျှို့ဝှက်ဆန်းကြယ်သောအစီအရင်ပုံစံများရေးထိုးထားသည့် အနက်ရောင် ဝတ်ရုံရှည်ကို သူဝတ်ဆင်ထားကာ ဝတ်ရုံထက်ရှိပုံစံများမှာ လျှပ်စီးနှင့် မိုးခြိမ်းသံများကြားတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး ဝတ်ရုံရှည်သည် လေထဲတွင်တဖျပ်ဖျပ် လွင့်ဝဲနေ၏။ အပြာရောင် ကျောက်မျက်ရတနာများ စီခြယ်ထားသော အနက်ရောင်ခါးပတ်တစ်ခုကို သူ့ခါးထက်တွင် ပတ်ထားပြီး အပြာရောင် ကျောက်မျက်ရတနာများ စီခြယ်ကာ ရွှေရောင်ပုံစံများဖြင့် အလှဆင်ထားသော အနက်ရောင်သရဖူတစ်ခုမှာတော့ သူ့ခေါင်းထက်တွင်ရှိနေသည်။
ရုတ်တရက် သူ့ကိုယ်တွင်းရှိကောင်းမှုကုသိုလ်များအားလုံးကို ဆွဲထုတ်လိုက်ရာ သူ့လက်ဖဝါးထက်တွင် ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုရွှေရောင် အလင်းတန်းသည် အမှောင်ထုတစ်ခုလုံးကို နေ့ခင်းဘက်အလားလင်းထိန်သွားစေသည်။ နေ့ရောညပါသန့်စင်ပြီးနောက် သူ့ကောင်းမှုကုသိုလ်များအားလုံးကို ဝိညာဉ်လမ်းပြမီးအိမ် ဆယ့်နှစ်လုံးအဖြစ် နောက်ဆုံးတွင်အောင်မြင်စွာဖန်တီးနိုင်ခဲ့လေပြီ။ ထိုနေရာမှာ မှောင်မည်းနေဆဲဖြစ်သော်လည်း ယခုအခါပြန်လည်လင်းထိန်လာခဲ့၏။ ဝိညာဉ်လမ်းပြမီးအိမ် ဆယ့်နှစ်လုံးသည် ဝိညာဉ်များ၏လမ်းကြောင်း တစ်ခုလုံးကို လင်းထိန်စေခဲ့သည်။
ယခင်က လမ်းရှာမတွေ့ခဲ့သော အမျိုးသမီးဝိညာဉ်များ၊ အားနည်းသူများနှင့် မီးဖွားစဉ်သေဆုံးခဲ့ရသူများအားလုံးသည် ထိုမီးအိမ်များကြောင့် သူတို့လမ်းကို ရှာတွေ့သွားခဲ့ကြ၏။ သူဤမြင်ကွင်းကို ကျေနပ်စွာကြည့်ရှုနေစဉ် မြစ်ထဲမှ မြစ်စောင့်နဂါး၏ဟိန်းဟောက်သံအချို့ကို ရုတ်တရက်ကြားလိုက်ရပြန်သည်။ သူ့ကိုယ်တွင်းရှိ အငြိုးအတေးစွမ်းအင်များ ထကြွလာပြီး ထိန်းမရလုနီးပါးဖြစ်သွားရ၏။ ထို့နောက် သူလန့်နိုးလာသည်။ အမှောင်ထဲတွင်ပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ သိပ်သည်းပြီး မင်ရောင်ကဲ့သို့မည်းနက်နေသောအငြိုးအတေးစွမ်းအင်များကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ကာ ဤစွမ်းအင်များမှာ ဆက်လက်ထကြွနေဆဲပင်။ ထိုအရာကို သူလုံးဝမထိန်းချုပ်နိုင်ခဲ့ပေ။
သူ့ကိုယ်တွင်းရှိ အငြိုးအတေးစွမ်းအင်များကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အိပ်မက်ထဲမှာတင်မကဘဲ သူ့လက်တွေ့ဘဝထဲကိုပါလိုက်ပါလာခဲ့လေပြီ။ အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ၎င်းကပိုမိုကြီးမားများပြားလာကာ ရှန်းမင်မှာထိန်းချုပ်ရန် နည်းလမ်းပင်မရှိတော့ပေ။ ထိုစဉ်မှာပင် သူ့ဘေးရှိ ကျိုးထောင်ဟွား ရုတ်တရက် တိုးညင်းစွာ ထပ်မံညည်းတွားလိုက်သည်ကို သူကြားလိုက်ရသည်။ သူမနိုးလာတော့မည်ဟု ထင်လိုက်ချိန်တွင်ပင် သူမမှာအိပ်မောကျရင်း အနည်းငယ်လှုပ်ရှားသွားရုံမျှသာဖြစ်ကြောင်းတွေ့လိုက်ရ၏။ ရုတ်တရက် သူမလက်မှာ သူ့လက်အားလာရောက်ဆုပ်ကိုင်လိုက်သည်ကို သူ ခံစားလိုက်ရသည်။
"!!!"
ချက်ချင်းထကြွလာသော အငြိုးအတေးစွမ်းအင်များငြိမ်သက်သွားတော့သည်။ ၎င်းတို့မှာ ဆက်တိုးမလာတော့ပေ။ ရှန်းမင်မှင်သက်သွားရ၏။ ကျိုးထောင်ဟွားလက်ကို သူကြည့်လိုက်မိသည်။ သူမလက်မှ သူ့လက်အားဆုပ်ကိုင်ထားရုံဖြင့် အငြိုးအတေးစွမ်းအင်များ၏သောင်းကျန်းမှုကို တားဆီးပေးနေသည်လေ။ ကျိုးထောင်ဟွားလက်ကို သူဆုပ်ကိုင်လိုက်ပြီး သူမလက်ကောက်ဝတ်မှ လက်ဖျံတစ်လျှောက်အသာပွတ်သပ်လိုက်သည်။ သူတို့အရေပြားများ ပိုမိုထိတွေ့လေလေ အငြိုးအတေးစွမ်းအင်များ ပိုမို ဆုတ်ခွာသွားလေလေဖြစ်ကြောင်း ရှန်းမင်တွေ့ရှိသွား၏။
နောက်ဆုံးတွင် သူကျိုးထောင်ဟွားနှုတ်ခမ်းများကို နမ်းလိုက်သောအခါ အငြိုးအတေးစွမ်းအင်များအားလုံး သူ့ကိုယ်ထဲသို့ပြန်လည်ဝင်ရောက်သွားတော့သည်။ ရှန်းမင်၏မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားကာ သူတစ်ခုခုကိုနားလည်သွားသကဲ့သို့ပင်။ ကျိုးထောင်ဟွားလက်ကို ဆုပ်ကိုင်ထားရင်း သူအိပ်ပျော်သွားကာ တစ်ညလုံးအိပ်မက်ဆိုးများမမက်ဘဲ နှစ်ခြိုက်စွာအိပ်မောကျသွားလေသည်။ နောက်တစ်နေ့ ကျိုးထောင်ဟွားနိုးလာသောအခါ ရှန်းမင်မှာမနက်စာပြင်ဆင်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရ၏။ စားသောက်ပြီးနောက် ကျိုးထောင်ဟွားတွက်ချက်ကြည့်ကာပြောလိုက်သည်။
"အစ်ကိုရှန်းမင် နတ်ဆိုးဖော်မှန်ရဲ့ အစအနတွေက ဟော်ကျောက်ရွာမှာ ယင်ယန်ရေတွင်းထဲကပြဒါးကျ ဟေးနျိုရွာ မှာရှိတယ်၊ အဲဒါတွေကိုရှာဖို့ ညီမဒီနေ့ရွာပြင်ထွက်ရမယ်"
ရှန်းမင် တန်းသဘောပေါက်သွားသည်။
"လုံခြုံရေးအစီအရင်တွေလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေလား"
ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်သည်။
"အဓိက အစိတ်အပိုင်းတွေပဲ"
ဟေးနျိုရွာမှာဘေးရွာဖြစ်ပြီး ဟော်ကျောက်ရွာမှာမူ ကျိုးထောင်ဟွားမိခင်ဘက်မှ အဘွားနေထိုင်သော ရွာဖြစ်သည်။ ရှန်းမင်ရထားလုံးကို ဟေးနျိုရွာသို့ ဖြည်းညှင်းစွာမောင်းနှင်သွားလိုက်၏။ နတ်ဆိုးငါးကောင်နှင့် လေထဲပျံသန်းနေသော ခူယားကောင်နတ်ဆိုး အပါအဝင် စုစုပေါင်းနတ်ဆိုးခြောက်ကောင် လိုက်ပါလာကြသည်။ လင်းရှောင်ယွဲ့၊ ကျန်းလျို၊ ခရုနတ်ဆိုး နှင့် မိခင်မှိုနတ်ဆိုးတို့သည် ကျိုးထောင်ဟွားနှင့်အတူရထားလုံးအတွင်း၌ ထိုင်လိုက်လာကြ၏။
အသံနတ်ဆိုးမှာမူ ခန္ဓာကိုယ်ကြီးမားလွန်းသဖြင့် ရှန်းမင်နှင့်အတူ ရထားလုံးအပြင်ဘက်တွင် ထိုင်လိုက်သည်။ ဟေးနျိုရွာ အတွင်း၌ ရွာသားများမှာ မြို့ပေါ်တွင်ရောင်းချရန် လယ်ကွင်းများထဲမှ ဟင်းသီးဟင်းရွက်များခူးဆွတ်နေကြ၏။ ဟေးနျိုရွာ၏ စီးပွားရေးသည် အတော်လေးကောင်းမွန်ပြီး ယခင်ကျိုးကျားရွာထက် များစွာသာလွန်ပေသည်။ သို့သော် ယခုအချိန်ထိ ဟေးနျိုရွာတွင် နွားလှည်းလေး ငါးစီးခန့်သာရှိသေးရာ ရှောင်ဟေးကဲ့သို့ အရပ်မြင့်မြင့်ဖြင့်နှင်းလိုဖြူဖွေးနေသော မြင်းဆွဲရထားလုံးမျိုးဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ ရထားလုံးမှ ဟေးနျိုရွာထဲသို့ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လူအများ၏အာရုံစိုက်မှုကို ရရှိသွားလေသည်။
နောက်ဆုံးရထားလုံးသည် ရှားပင်အိုကြီး တစ်ပင်ရှေ့တွင် ရပ်တန့်သွားပြီး လူလေးငါးယောက်ဆင်းလာကြ၏။ ကျိုးထောင်ဟွားမှာ စွန့်ပစ်ထားသောရေတွင်းဟောင်းတစ်ခုထံသို့ လျှောက်သွားလိုက်သည်။ ရေတွင်းနှုတ်ခမ်းကို ကြမ်းတမ်းသော ကျောက်တုံးများဖြင့်ပြုလုပ်ထားပြီး ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများပြည့်နှက်နေကာ အစွန်းတစ်လျှောက် ရေညှိများထူထပ်စွာ ပေါက်ရောက်နေ၏။ ကျိုးထောင်ဟွား ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။ အတွင်း၌မှောင်မည်းနေပြီး အောက်ခြေမမြင်ရဘဲ သားကောင်ကို ဝါးမြိုရန် အသင့်ဖြစ်နေသော ဧရာမပါးစပ်ပေါက်ကြီးတစ်ခုနှင့်တူနေ၏။ အစိမ်းရင့်ရောင်နွယ်ပင်များမှာ ရေတွင်းနံရံများကိုတွယ်တက်နေကြပြီး အမှောင်ထုထဲတွင် စိုစွတ်ကာ ထူးဆန်းကြောက်မက်ဖွယ် ကောင်းနေ၏။ ရေမျက်နှာပြင်ပေါ်တွင် ဆွေးမြေ့နေသောသစ်ရွက်များ လွင့်မျောနေပြီး ပျို့အန်ချင်စရာအနံ့ဆိုးများအား ထုတ်လွှတ်နေသည်။ ကျိုးထောင်ဟွားမျက်လုံးများ တောက်ပသွား၏။
‘တွေ့ပြီ’
"နင်ကကျိုးထောင်ဟွားမလား၊ ငါတို့ရွာမှာဘာလာလုပ်တာလဲ၊ ဟေးနျိုရွာက မင်းကိုကြိုဆိုမနေဘူး ထွက်သွားစမ်း"
ကျိုးထောင်ဟွား ဝမ်းသာနေစဉ်မှာပင် သူမအနောက်မှအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး သူမကိုထွက်သွားရန် နှင်ထုတ်လိုက်သည်။
***