ကျိုးထောင်ဟွား ချက်ချင်းလှည့်ကြည့်လိုက်ရာ သူမနှင့်မရင်းနှီးသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ရှန်းမင်နှင့် အခြားနတ်ဆိုးများမှာလည်း သူမကို မသိကြပေ။ ရှန်းမင် ရှေ့တက်လာသည့် ပိုင်အာ့နျန်ကို တားဆီးရန်ရှေ့သို့ထွက်လိုက်သည်။
"စကားကို ဆင်ခြင်ပြောပါ၊ ခင်ဗျားက ဘယ်သူလဲ၊ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ"
ပိုင်အာ့နျန် ပြန်ပက်လိုက်သည်။
"ဒါကငါ့မိသားစုရဲ့ မြေကွက်ပဲ၊ ငါက ဘယ်သူလဲ ဟုတ်လား၊ ငါကကျန်းချိုက်ရှရဲ့ အဒေါ် ပိုင်အာ့နျန်လေ၊ သူကငါ့တူမရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးခဲ့တဲ့မိန်းမ,မလား၊ သူမကိုမြင်တာနဲ့တင် ငါရွံမိတယ်"
ရှန်းမင် မျက်မှောင်ကြုတ်သွားသည်။
‘ဒီမြေကွက်က တကယ်ပဲသူမဟာလား’
ကျန်းချိုက်ရှမှာ အနီးအနားတွင်သာရှိနေပြီး ဆူညံသံများကိုကြားသောအခါ ချက်ချင်းပြေးလာကာ ပိုင်အာ့နျန်ကိုဆွဲဖယ်လိုက်သည်။
ကျန်းချိုက်ရှ : "ဒေါ်လေး ဒေါ်လေး အထင်လွဲနေပြီ၊ သမီးရဲ့အိမ်ထောင်ရေးက မိန်းကလေးကျိုးနဲ့ ဘာမှမဆိုင်ပါဘူး"
ဒေါ်လေးဖြစ်သူမသိသော်လည်း ကျိုးထောင်ဟွားတွင် တကယ့်စွမ်းရည်များရှိကြောင်း သူမသိထားသည်။ အကယ်၍ ကျိုးထောင်ဟွားသာမရှိခဲ့လျှင် သူမသည် ထိုမိခင်မှိုနတ်ဆိုး၏ပူးကပ်ခြင်းကို ခံနေရဆဲဖြစ်ပြီး အသက်ရှင်နေမလား သေသွားမလားအား မသေချာသကဲ့သို့ အသက်ရှင်နေလျှင်ပင် လူလည်းမဟုတ် သရဲလည်းမဟုတ်ဖြစ်နေမည်မှာ သေချာပေသည်။ ကျန်းချိုက်ရှ သူမဒေါ်လေးကို ဘေးသို့ဆွဲခေါ်သွားရင်း ဖျောင်းဖျနေ၏။ ရုတ်တရက် သူမမျက်လုံးထောင့်မှနေ လူအသွင်နစ်ဝက်ပြောင်းလဲထားသော မိခင်မှိုနတ်ဆိုးအားလှမ်းမြင်လိုက်ရသည်။ ၎င်းတွင် ရေတံခွန်အလားဖြာကျနေသော ရွှေရောင်ဆံပင်ရှည်များရှိပြီး ပုလဲလုံးအရွယ်ရှိသောမှိုပိုးများဖြင့် အလှဆင်ထားကာ မှိုပေါင်းများစွာဖြင့်ပြုလုပ်ထားသော ထူးဆန်းသည့်ခေါင်းဆောင်းတစ်ခုကို ဝတ်ဆင်ထား၏။ ထူးဆန်းသောဤမိန်းမမှာ မိခင်မှိုနတ်ဆိုးသာဖြစ်ရမည်ဟု သူမအလိုလိုခံစားနေရသည်။ ဒေါ်လေးပိုင် ပြန်ပြောလိုက်၏။
"ဘယ်လိုလုပ်မဆိုင်ဘဲ နေမှာလဲ၊ သူမကသာ နင့်အကြောင်းမကောင်းမပြောခဲ့ဘူးဆိုရင် ကျိုးအိမ်ဟောင်းက ဘယ်လိုလုပ် စေ့စပ်ထားတာကို ဖျက်သိမ်းမှာလဲ"
ကျန်းချိုက်ရှမှာ အသံနတ်ဆိုး၊ ခရုနတ်ဆိုး နှင့် မိခင်မှိုနတ်ဆိုးတို့ထံ စိုးရိမ်တကြီး လက်ညှိုးထိုးပြလိုက်သည်။
"ဒေါ်လေးပိုင် ကြည့်ပါဦး၊ သူတို့ကလူတွေ မဟုတ်ဘူး၊ မိန်းကလေးကျိုးက အရမ်း စွမ်းတယ်၊ နောင်ကျရင် သူတို့အကူအညီ လိုအပ်လာရင် အဆင်ပြေအောင် ကျွန်မတို့လမ်းလေးတော့ ချန်ထားခဲ့ကြရအောင်ပါနော်"
"ငါက ဘယ်လိုလုပ်ပြီး"
ဒေါ်လေးပိုင်စကားပြော၍ မဆုံးခင်မှာပင် ကျန်းချိုက်ရှမှာ သူမပါးစပ်ကိုအုပ်လိုက်သည်။ ကျန်းချိုက်ရှ၏သတ္တိကြောင်မှုကြောင့် ဒေါ်လေးပိုင်ဒေါသထွက်သွားသော်လည်း သူမမည်သို့မှ မတတ်နိုင်ပေ။ ကျန်းချိုက်ရှမှာ ကျိုးထောင်ဟွားထံပြုံးပြကာပြောလိုက်သည်။
"မိန်းကလေးကျိုး၊ ဒီရေတွင်းကိုကြည့်ချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ကြည့်ပါ"
သူမ ဒေါ်လေးပိုင်ကိုထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း မြင်သောအခါ ကျိုးထောင်ဟွား ခေါင်းညိတ်ပြီး ကျေးဇူးတင်ဟန်ဖြင့်ပြုံးပြလိုက်သည်။ ရေတွင်းဝမှာ မကြီးမားလှဘဲ လူတစ်ယောက်ဆင်းနိုင်လောက်အောင်သာ ကျယ်ဝန်းပေ၏။ လင်းရှောင်ယွဲ့၊ ကျန်းလျို နှင့် မိခင်မှိုနတ်ဆိုးတို့အားလုံး ရေတွင်းထဲသို့ဆင်းရန် သင့်တော်သည်။ သို့သော် ပိုမို အဆင်ပြေသော နည်းလမ်းတစ်ခုရှိနေသေး၏။ ကျိုးထောင်ဟွားပြောလိုက်သည်။
"မိခင်မှိုနတ်ဆိုး ကွန်ကိုချပြီး အဲ့ဒါကို သွားယူလိုက်"
သူမ၏သခင်မမှ သူမကိုနတ်ဆိုးဖော်မှန် သွားယူခိုင်းနေကြောင်းသိသဖြင့် မိခင်မှိုနတ်ဆိုး ချက်ချင်းရှေ့သို့တိုးလာသည်။ ရေတွင်းဝမှနေ၍ မှိုမျှင်များကို ရေတွင်းရေထဲသို့ ချက်ချင်း သူမထုတ်လွှတ်လိုက်၏။ မှိုမျှင်များ ရေတွင်းအောက်ခြေကို စူးစမ်းရှာဖွေနေစဉ် အောက်ဘက်မှအပုပ်နံ့များသည် အပေါ်သို့လျင်မြန်စွာတက်လာပြီး ပွဲလာကြည့်သော ရွာသားများမှာ သူတို့အစာအိမ်ထဲမှ ပျို့အန်ချင်စိတ်များ တက်လာသည်ကို ခံစားလိုက်ရသည်။ အပုပ်နံ့ဖန်တီးပေးစွမ်းနိုင်သော ကျန်းလျိုပင်လျှင် ထိုအနံ့ကို မနည်းအောင့်အည်းသည်းခံနေရလေ၏။ ကျိုးထောင်ဟွား အကာအကွယ် အစီအရင်တစ်ခုကို ဖန်တီးလိုက်ပြီး သူတို့ကိုအတွင်း၌ ပုန်းအောင်းနေခွင့်ပြုလိုက်သည်။ ရွာသားတစ်ယောက်မှာ စူးစမ်းလိုစိတ်ဖြင့် မေးလာ၏။
"သူတို့ကအောက်မှာ ဘာလုပ်နေကြတာလဲ၊ ဒီရေတွင်းထဲမှာဘာရှိလို့လဲ"
"မရှိဘူးလို့ ဘယ်သူပြောလဲ၊ အောက်မှာ ရတနာတွေများရှိနေမလား"
ထိုဆွေးနွေးမှုများကို ကြားသောအခါ ဒေါ်လေးပိုင်လည်း စတင်စိုးရိမ်လာသည်။
‘တကယ်လို့ ကျိုးထောင်ဟွားတို့ကသာ ရတနာကို တကယ်ရှာတွေ့သွားရင် သူတို့ကိုယူသွားခွင့် လုံးဝမပြုနိုင်ဘူး’
ခဏအကြာတွင် လူတိုင်း၏စောင့်ကြည့်နေသောအကြည့်များအောက်၌ မိခင်မှိုနတ်ဆိုးမှ မှိုမျှင်ကွန်ရက်ကိုဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ရာ အနံ့ဆိုးထွက်နေသော ရေမည်းများအပြည့်ပါသည့် အိတ်တစ်လုံးပေါ်ထွက်လာသည်။ မိခင်မှိုနတ်ဆိုး ပြောလိုက်၏။
"သခင်မ ကျွန်မတို့ ရှာတွေ့ပြီ"
ကျိုးထောင်ဟွားမျက်လုံးများတွင် အပြုံးတစ်ခုပေါ်လာ၏။ အဓိကအစိတ်အပိုင်းများထဲမှ တစ်ခုကိုရှာတွေ့သွားလေပြီ။ နောက်ထပ် သူမလုပ်ရမည့်အရာမှာ နတ်ဆိုးဖော်မှန်၏ ကျန်ရှိနေသော အပိုင်းအစများကို ရှာဖွေရန် ဟော်ကျောက်ရွာသို့ သွားရန်သာဖြစ်သည်။ ဒေါ်လေးပိုင်မှာမူ အလွန်တရာစိတ်ပျက်သွားရ၏။
‘ဒါပဲလား၊ ရေတွင်းထဲမှာ တန်ဖိုးရှိတဲ့ အရာတစ်ခုခုရှိနေမယ်လို့ သူမထင်ခဲ့တာ’
ဒေါ်လေးပိုင်၏မကြည်ဖြူသောအကြည့်များ ကျိုးထောင်ဟွားထံသို့ရောက်ရှိသွားပြီး ပျက်စီးနေသောရေတွင်းထဲမှ ညစ်ပတ်နေသော ရေတစ်အိတ်ကိုရရန် ထိုမျှဒုက္ခခံနေ၍ သူမရူးနေပြီလားဟုပင် တွေးလိုက်မိသည်။ လိုချင်သောအရာကို ရရှိပြီးနောက် ကျိုးထောင်ဟွား မိခင်မှိုနတ်ဆိုးအား သေချာထုပ်ပိုးရန် အမူအရာပြလိုက်သည်။ သူတို့ထွက်ခွာတော့မည် ဖြစ်၏။
"နေဦး အဲဒါကို အောက်ချထားလိုက်"
ရုတ်တရက် ရွာသားတစ်ယောက်ပေါ်လာပြီး သူတို့လမ်းကို ပိတ်ဆို့လိုက်သည်။ သူပြောလိုက်၏။
"ဒါကငါ့မိသားစုရဲ့ ဘိုးဘွားပိုင်ရေတွင်းပဲ၊ မင်းတို့ကို ဘယ်သူကကိုင်ခွင့်ပေးလို့လဲ၊ အဲဒီအိတ်ကိုလည်း ချက်ချင်းပြန်ထည့်လိုက်စမ်း"
ကျန်းချိုက်ရှ အံ့အားသင့်သွားသည်။
"ဦးလေး"
’သူက ဒီမှာ ဘာလုပ်နေတာလဲ၊ ပြီးတော့ အဲဒီရေမည်းတွေကို ပြန်လောင်းထည့်ခိုင်းနေတာလား၊ ဒါကညစ်ပတ်တဲ့ ရေတွေပဲဟာကို၊ ဘာလို့ ရတနာတစ်ခုလို သဘောထားနေရတာလဲ’
ဒေါ်လေးပိုင်သည်လည်း သူ့လုပ်ရပ်များကြောင့် အံ့အားသင့်သွားသော်လည်း သူ၏ဒေါသတကြီး အော်ဟစ်မှုကြောင့် သူမစိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမခင်ပွန်း၏ဆုံးဖြတ်ချက်ကို သူမ အပြည့်အဝ ထောက်ခံ၏။
‘ကျိုးထောင်ဟွား ရေတွင်းထဲက ညစ်ပတ်တဲ့ရေတွေကို ယူသွားရင်တောင် ဘာဖြစ်လဲ၊ သူမကို ယူသွားခွင့်မပြုနိုင်ဘူး’
မိခင်မှိုနတ်ဆိုး တုံ့ဆိုင်းသွားပြီး ကျိုးထောင်ဟွားကို ကြည့်လိုက်သည်။ ကျိုးထောင်ဟွား လျိုမာကျစ်ကို ကြည့်လိုက်ရာ သူ့ထံ၌တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိလိုက်၏။ သူသည် လူသားတစ်ယောက်ဖြစ်သော်လည်း အခြားသူများနှင့် မတူပေ။ ကျိုးထောင်ဟွား ပြောလိုက်သည်။
"ဦးလေး၊ အဲဒီအတွက် ကျွန်မတို့ပိုက်ဆံပေးပါ့မယ်၊ ဒီရေမည်းအိတ်အတွက် ဘယ်လောက်လိုချင်လဲဈေးပြောပါ"
အနီးအနားရှိ ရွာသားများမှာ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။
‘ညစ်ပတ်နေတဲ့ရေကို ပိုက်ဆံနဲ့ရောင်းလို့ရတယ်ပေါ့’
"ပိုက်ဆံ" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဒေါ်လေးပိုင်မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။ စွန့်ပစ်ထားသော ဤရေတွင်းထဲတွင် ညစ်ပတ်သောရေများမည်မျှရှိမည်ကိုတွေးတောရင်း သူမသည်ဈေးနှုန်းကို စဉ်းစားနေ၏။
‘တကယ်လို့ အဲဒါတွေအားလုံးကိုသာ ရောင်းလိုက်ရင် ငါချမ်းသာသွားမှာ မဟုတ်ဘူးလား’
မထင်မှတ်ဘဲ လျိုမာကျစ်မှာ မေးပင့်၍ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"မရောင်းဘူး ပြန်ထားခဲ့"
ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားသည်။
"......"
ဒေါ်လေးပိုင်မျက်ဝန်းအိမ်များ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး သူ့ထံသို့အမြန်ပြေးသွားကာ ပြောလိုက်သည်။
"ရှင် ရူးနေပြီလား၊ ဒီလောက်မြတ်တဲ့အလုပ်ကို ရှင်ကမလုပ်ဘူးပေါ့"
အခြားရွာသားများသည်လည်း လျိုမာကျစ်စကားကို ကြားပြီးနောက် မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
‘လျိုမာကျစ်က တကယ်ပဲပိုက်ဆံကို မြေကြီးလို သဘောထားတဲ့လူစားမျိုးလား’
ဤသည်မှာ လျိုမာကျစ်၏ရေတွင်းဖြစ်ပြီး သူငြင်းဆန်နေလျှင် အတင်းအကျပ် ယူရန်မဖြစ်နိုင်ဘူးဟု ကျိုးထောင်ဟွား တွေးလိုက်သည်။
‘နေ့ခင်းဘက်မှာ အဆင်မပြေတာဆိုတော့ ညဘက်ကျရင် မိခင်မှိုနတ်ဆိုးကိုခိုးလာခိုင်းပြီး ယင်ယန်ရေတွင်းထဲကပြဒါးတွေကို လာယူခိုင်းလို့ရတာပဲ၊ အရင်ဆုံး နတ်ဆိုးဖော်မှန်ရဲ့ အပိုင်းအစကိုရှာဖို့ ဟော်ကျောက်ရွာကို သွားလိုက်ဦးမယ်’
မိခင်မှိုနတ်ဆိုးသည် အမိန့်ကိုနာခံကာ ယင်ယန်ရေတွင်းထဲမှ ပြဒါးများကိုပြန်လောင်းထည့်လိုက်သည်။ မထင်မှတ်ဘဲ လျိုမာကျစ်မှာ ကျိုးထောင်ဟွားနှင့် သူမအဖွဲ့ကို ထွက်သွားခွင့်မပြုခဲ့ပေ။ ရှန်းမင် အလွန်တရာ ဒေါသထွက်သွားရသည်။
"လွန်မလာနဲ့နော်၊ မင်းရဲ့ရေတွင်းထဲကို ရေတွေပြန်ထည့်ပေးပြီးပြီလေ"
လျိုမာကျစ် ပြန်ပက်လိုက်သည်။
"ငါသိတာပေါ့၊ ဒါပေမဲ့ မင်းတို့ကငါ့မိသားစုရဲ့ ဘိုးဘွားပိုင်ရေတွင်းရဲ့ ငြိမ်းချမ်းမှုကို အနှောင့်အယှက်ပေးခဲ့တယ်၊ အဲဒီအတွက် တောင်းပန်ရမယ်၊ ရေတွင်းစင်မြင့်ပေါ်မှာ သွေးတစ်စက်လောက်ချပေးရင်ရပြီ"
လျိုမာကျစ် ကျိုးထောင်ဟွားထံ တိုက်ရိုက်လက်ညှိုးထိုးကာ ပြောလိုက်သည်။ လူအုပ်ကြီး အသက်ရှူမှားသွားရ၏။ သွေးတောင်းနေသည်ဖြစ်၍ လျိုမာကျစ်ရူးနေပြီဟု သူတို့ထင်လိုက်ကြသည်။
‘သူ ဘာတွေစဉ်းစားနေတာလဲ’
ရှန်းမင် လျိုမာကျစ်၏ရှေ့သို့ထွက်ရပ်လိုက်သည်။
"ငါ့မိန်းမမှာ ကိုယ်ဝန်ရှိတယ်၊ တကယ်လို့ သူ့ကိုသွေးထွက်အောင်လုပ်ဖို့ မင်းလုပ်ကြည့်လိုက်စမ်း၊ မင်းကိုအရင် သွေးထွက်အောင် လုပ်ပစ်မယ်"
သူ့အနောက်တွင်ရပ်နေသော ကျိုးထောင်ဟွားသည် လျိုမာကျစ်မည်သည့်အရာများ မှားယွင်းနေသည်ကို ရုတ်တရက် နားလည်သွား၏။ သူမသည် သိုလှောင်အိတ်ထဲမှတစ်ခုခုကို တိတ်တဆိတ်ယူလိုက်ပြီး ရှန်းမင်အနောက်မှ ထွက်လာခဲ့သည်။
"ကျွန်မ သွေးပေးပါ့မယ်"
"ညီမထောင်ဟွား ညီမ....."
ရှန်းမင် စကားမဆုံးခင်မှာပင် ကျိုးထောင်ဟွား သူ့ထံစိတ်အေးစေမည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ရေတွင်းစင်မြင့်ပေါ်သို့ သွေးတစ်စက်ကျဆင်းသွား၏။ ထိုသွေးစက်မှာ ကျိုးထောင်ဟွားလက်ကောက်ဝတ်မှ စီးကျလာသည်ကိုမြင်သောအခါ လျိုမာကျစ်သည် ရုတ်တရက် ရယ်မောလိုက်သည်။
"ဟားဟားဟား ကျိုးထောင်ဟွား မင်းတော့ သေပြီပဲ"
ရုတ်တရက် လျိုမာကျစ်သည် သူ့အင်္ကျီလက်စထဲမှ အဝါရောင်စက္ကူဖြင့် ညှပ်ထားသော စက္ကူရုပ်လေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး မီးခတ်ကျောက်ဖြင့် ချက်ချင်းမီးညှိလိုက်သည်။ စက္ကူရုပ်လေး ပိုမိုလောင်ကျွမ်းလေလေ သူ့ရယ်မောသံများ ပိုမိုကျယ်လောင်လာလေလေပင်။ ရုတ်တရက် ဒေါ်လေးပိုင် အော်ဟစ်လိုက်သည်။
"မာကျစ် ရှင့်ကိုယ်က ဘာလို့မီးထလောင်နေတာလဲ"
ကျန်းချိုက်ရှနှင့် အခြားသူများဇဝေဇဝါ ဖြစ်သွားကြသော်လည်း သူတို့အားလုံး မီးငြိမ်းသတ်ရန် အပြေးအလွှားကူညီကြသည်။
"ဘုန်း"
လျိုမာကျစ်မျက်လုံးများ မှိတ်ကျသွားပြီး မြေကြီးပေါ်သို့လဲကျသွားရာ ဒေါ်လေးပိုင်မှာ သေမတတ်လန့်သွားရသည်။
"မာကျစ် မာကျစ် သတိထားပါဦး"
ရုတ်တရက် လျိုမာကျစ်ခန္ဓာကိုယ်ထဲမှ သွေးစွန်းနေသော လက်တစ်ဖက်ထွက်ပေါ်လာသည်။
***