“လုချန်ဆိုတာ ဘယ်သူလဲ။ အခုချက်ချင်း ထွက်လာပြီး ဒူးထောက်စမ်း”
ကုစူးရှန်၏ အသံက လေထဲတွင် ဟိန်းထွက်သွားပြီး မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ထိုအချိန်တွင် နန်းတော်အတွင်းမှ အရှင်မင်းကြီးသည်လည်း သူ၏ စာကြည့်ဆောင်ထဲမှ ထွက်လာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
နန်းတော်အပြင်ဘက်ရှိ သာမန်ပြည်သူများလည်း ထိုအသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ မြေငလျင်လှုပ်ခတ်မှုကြောင့် ပုန်းအောင်းနေခဲ့ကြသော်လည်း ယခုအခါ မည်သူကများ သူဌေးလုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ဝံ့သနည်းဟု သိချင်စိတ်ဖြင့် ခေါင်းပြူကြည့်လာကြသည်။
ထိုအသံကို ကြားလိုက်ရသောအခါ ပိုင်သခင်ကြီး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
တည်းခိုခန်း၏ ပင်မတံခါးကြီး ပွင့်လာပြီး အဝီစိတောင်၏ ဂိုဏ်းချုပ် ထွက်လာသည်။ သူသည် မဟာယာနအဆင့်သို့ မရောက်သေးသော်လည်း ကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကောင်းကင်ထက်မှ ပုံရိပ်များကို မော့ကြည့်လိုက်ပြီး မဟာယာနအဆင့်မှသာ ထွက်ပေါ်နိုင်သော စွမ်းအားအရှိန်အဝါများကို ခံစားမိလိုက်သော်လည်း သူက အထင်သေးဟန်ဖြင့် မဲ့ပြုံး ပြုံးလိုက်သည်။
“ဘယ်ခွေးကများ ဒီနေရာမှာ လာပြီး အရမ်းကာရော ဟောင်နေရတာလဲ”
“သေချင်နေတာပဲ”
ကုစူးမိသားစုဘက်မှ ရပ်တည်နေသော မဟာယာနအဆင့် ပညာရှင်က မျက်လုံးကျဉ်းလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
“နေဦး”
ပိုင်သခင်ကြီးက သူ့ကို တားလိုက်ပြီး အောက်ဘက်ရှိ လူများကို လှမ်းပြောလိုက်သည်။
“ကျုပ်တို့ ဒီနေ့လာတာ သူဌေးလုကို အကူအညီတစ်ခု တောင်းစရာရှိလို့ပါ”
“သူဌေးလုကို အကူအညီလာတောင်းတာဟုတ်လား”
အဝီစိတောင် ဂိုဏ်းချုပ်က သူ့ကို ရယ်ချင်ပွဲကျနေသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ပိုင်သခင်ကြီး... ခင်ဗျား သူဌေးလုကို လာရှာတာဆိုရင် သူတို့နဲ့ အတူ မလာသင့်ဘူး။ ခင်ဗျား မသိသေးလို့နေမှာပါ။ ခုလေးတင် ဒီတည်းခိုခန်းထဲမှာ ကုစူးမိသားစုတစ်ခုလုံးကို ဘယ်လို မျိုးဖြုတ်ပစ်ရမလဲဆိုတာ ဆွေးနွေးနေကြတာဗျ”
အဝီစိတောင် ဂိုဏ်းချုပ်၏ အသံက မကျယ်လောင်သော်လည်း အကျိုးသက်ရောက်မှုကတော့ ကြီးမားလှသည်။ အပေါ်ဘက်ရှိ လူများက ကြားလိုက်ရပြီး သူတို့၏ တုံ့ပြန်မှုများက အမျိုးမျိုး ကွဲပြားသွားကြသည်။
ကုစူးရှန်ကတော့ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။
“ဂိုဏ်းချုပ်လျို... အဲဒါ ဘာသဘောလဲ”
ပိုင်သခင်ကြီးက ဒေါသထွက်နေသူများကို ငြိမ်သက်သွားအောင် ကြိုးစားရင်း အောက်ဘက်ရှိ လူများကို မေးလိုက်သည်။
မူလက အဝီစိတောင် ဂိုဏ်းချုပ်ကို နာမည်တပ်ခေါ်၍ ရသော်လည်း ယခုအခါ သူက သူဌေးလုနှင့် ဆက်ဆံရေးကောင်းနေပြီဖြစ်သဖြင့် ‘ဂိုဏ်းချုပ်’ ဟုသာ ခေါ်ဆိုရတော့သည်။
“အဲဒီအတွက်တော့ ခင်ဗျားဘေးက ကုစူးကောင်ကိုသာ မေးကြည့်လိုက်။ သခင်မလေးချူဆိုတာကို သူ သိသလားလို့”
အဝီစိတောင် ဂိုဏ်းချုပ်က ပြောရင်း ကုစူးရှန်ကို စူးစိုက်ကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ ကုစူးရှန်က ပြုံးလိုက်သည်။
“အို... အရေးကြီးတဲ့ ကိစ္စများမှတ်လို့။ ဟို ဖာသည်မလေးအကြောင်း ကိုး။ အဲဒီကောင်မလေးက တော်တော်တော့ အကျင့်သီလ ကောင်းရှာပါတယ်။ ငါ့ညီကိုရော ငါ့ကိုပါ အထိမခံဘူးလေ။ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသား။ ဒါပေမဲ့ ဒီလို ခေါင်းမာတဲ့ ခွေးမလေးတွေက သက်တမ်းမရှည်တတ်ဘူးလေ။ အခုလောက်ဆို သူမလည်း အလောင်းကောင် ဖြစ်နေလောက်ရောပေါ့။ ဟားဟားဟား”
“တိရစ္ဆာန်တွေ... မင်းတို့ ကုစူးမိသားစုက အကုန် တိရစ္ဆာန်တွေပဲ”
အဘိုးကုက တည်းခိုခန်းထဲမှ ပြေးထွက်လာပြီး အထက်သို့ မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများက နီရဲနေသည်။
“ငါက မင်းတို့ ကုစူးမိသားစုကို အများကြီး ယုံကြည်ခဲ့တာ။ ဒါကို မင်းတို့က ငါ့တပည့်ကို ဒုက္ခပေးရက်တယ်”
“ဟေ... ခင်ဗျားက ဟို... ဟို... ဘယ်သူပါလိမ့်”
ကုစူးရှန်က မှတ်ဉာဏ်ပြန်ခေါ်နေဟန် တမင်တကာ ဟန်ဆောင်လိုက်သည်။
“ဪ... မှတ်မိပြီ။ ခင်ဗျားက ကျုပ်တို့အိမ်မှာ အလကားလာလာ စားနေကျလူပဲ။ အဲဒီ ခွေးမလေးက ခင်ဗျားတပည့်လား။ ကျွတ် ကျွတ် ကျွတ်... တော်တော်လေး သတ္တိကောင်းတာပဲ”
အဘိုးကု၏ မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲနေပြီး အသက်ရှူသံများ ပြင်းထန်နေသည်။ အဝီစိတောင် ဂိုဏ်းချုပ်သာ သူ့ကို ဆွဲမထားလျှင် ကုစူးရှန်နှင့် သေခန်းပြတ် တိုက်ခိုက်ရန် သူ ပြေးတက်သွားလောက်ပြီ ဖြစ်သည်။
ထိုစကားများကို ကြားလိုက်ရသော ပိုင်သခင်ကြီးမှာ သူ မသိသေးသော ကိစ္စတစ်ခု ဖြစ်ပျက်သွားမှန်း သဘောပေါက်သွားသည်။
“ဂိုဏ်းချုပ်လျို... အဲဒီ သခင်မလေးချူဆိုတာ ဘယ်သူလဲ”
“သူဌေးလုရဲ့ လူယုံလေ”
“ဒုက္ခပါပဲ”
ပိုင်သခင်ကြီး၏ ရင်ထဲတွင် ချက်ချင်းပင် လေးလံသွားသည်။ ကုစူးရှန်၏ စကားများကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူဌေးလု၏ လူယုံကို ကုစူးမိသားစုက သတ်ဖြတ်လိုက်သည်တဲ့လား။
“ပိုင်သခင်ကြီး... ဘာလို့ မျက်နှာကြီး ပျက်နေရတာလဲ။ ခွေးမလေးတစ်ကောင် သေသွားတာ ဘာအရေးလဲ။ ဘာလဲ... လုဆိုတဲ့ကောင်က ကျုပ်ကို တစ်ခုခု လုပ်နိုင်မယ်လို့များ ထင်နေတာလား”
ကုစူးရှန်က ဂရုမစိုက်စွာ ပြောလိုက်သည်။
“သခင်လေးကုစူး... ခင်ဗျားကတော့လေ...”
ပိုင်သခင်ကြီးမှာ ဘာဆက်ပြောရမှန်းမသိအောင် ဆွံ့အသွားသည်။
“ဪ ဟုတ်သားပဲ။ တစ်ခု မေ့နေတာ။ လုဆိုတဲ့ကောင်မှာ အစ်ကိုတစ်ယောက် ရှိတယ်မလား။ ပြီးခဲ့တဲ့တစ်ခေါက် မဟာရှအင်ပါယာကို တိုက်ခိုက်တုန်းက သူ့ရဲ့ အရူးအစ်ကို အကူအညီနဲ့ လုပ်ခဲ့တာလေ။ ကျုပ် ခင်ဗျားကို ပြောပြဖို့ မေ့နေတာ။ အဲဒီ အရူးက ကုန်းမြေတိုက်ငါးခုကနေ ထွက်သွားတာ ကြာပြီဗျ။ ကျုပ်တို့ ကုစူးမိသားစုရဲ့ ထောက်လှမ်းရေးကွန်ရက်က အရာသိခန်းမထက် မညံ့ပါဘူး”
“ဘာ။ စီနီယာ ထွက်သွားပြီ”
ပိုင်သခင်ကြီးက ဤတစ်ကြိမ်တွင် နတ်ဆိုးအရှင်သခင်ကို ဖိနှိပ်ရန် သူတောင်းစားအဘိုးအိုထံ အကူအညီတောင်းရန် မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ထွက်သွားခဲ့ပြီတဲ့လား။ ထိုသို့ဆိုလျှင် ကြီးမားသော တိုက်ပွဲကြီးတစ်ခုက ရှောင်လွှဲ၍ မရနိုင်တော့သည့်အပြင် အခြားအခြေအနေများပါ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
“သေချာပေါက် ထွက်သွားတာပေါ့။ မယုံရင် အဲဒီ လုဆိုတဲ့ကောင်ကို သွားမေးကြည့်လိုက်”
“ဟုတ်တယ်။ ငါ့အစ်ကိုကြီးက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်သွားခဲ့တာ”
လုချန်ကလည်း တည်းခိုခန်းထဲမှ ထွက်လာပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
“အဲဒါ မင်း မောက်မာနေရတဲ့ အကြောင်းရင်းလား။ ပိုင်သခင်ကြီး... ခင်ဗျားက ကုန်းမြေတိုက်ငါးခုရဲ့ အစောင့်အရှောက်အဖြစ် ဂုဏ်ပြုခံထားရတဲ့သူလေ။ ဒီနေ့ ကုစူးမိသားစုက လူ့အသက်ကို ဂရုမစိုက်ဘဲ သတ်ဖြတ်ထားတယ်။ ခင်ဗျား ဝင်ပါမလား မပါဘူးလားဆိုတာ ကျုပ် သိချင်တယ်”
“ကျုပ်...”
ပိုင်သခင်ကြီး စကားပြောရန် ပြင်လိုက်စဉ် ကုစူးရှန်က ဖြတ်ပြောလိုက်သည်။
“ပိုင်သခင်ကြီး... ခင်ဗျား အခြေအနေကို သေချာနားလည်ဖို့ လိုမယ်နော်။ အခု နတ်ဆိုးအရှင်သခင်က ကမောက်ကမတွေ လုပ်နေတဲ့အချိန်မှာ ကျုပ်တို့ ကုစူးမိသားစုမှာ မဟာယာနအဆင့်ဆိုလို့ ကျုပ် တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး”
သူ စကားပြောပြီးသည်နှင့် သူ၏ဘက်မှ မဟာယာနအဆင့် ကျင့်ကြံသူက ချက်ချင်းပင် သူ့ဘေးတွင် ဝင်ရပ်လိုက်ပြီး အရှေ့ဘက်တောင်တန်း မုရုန်မိသားစုမှ မဟာယာနအဆင့် ကျင့်ကြံသူကလည်း သူ၏ ရပ်တည်ချက်ကို ပြသလိုက်သည်။ ထိုမိသားစုနှစ်ခုသည် မူလကတည်းက အကျိုးစီးပွားချင်း ဆက်နွှယ်နေကြခြင်း ဖြစ်သည်။
ဤမြင်ကွင်းကြောင့် ပိုင်သခင်ကြီးမှာ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။
သူဌေးလုဘက်မှ ရပ်တည်လိုက်လျှင် နတ်ဆိုးအရှင်သခင်ကို ရင်ဆိုင်မည့် အရေးကြီးကိစ္စတွင် ကုစူးမိသားစုက ဝင်မပါဘဲ နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် သူတို့က နတ်ဆိုးအရှင်သခင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် သူ ဝင်မပါဘဲ နေလိုက်လျှင်လည်း ကုစူးမိသားစု၏ လုပ်ရပ်များကို တိတ်တဆိတ် သဘောတူခွင့်ပြုလိုက်သလို ဖြစ်သွားပေမည်။
ပိုင်သခင်ကြီး နှုတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်က ခပ်ဟဟ နှစ်ချက် ရယ်မောလိုက်သည်။
“ဒါဆို ဒီကိစ္စကို ခင်ဗျား ဝင်မပါဘူးဆိုတဲ့ သဘောပေါ့”
“သူဌေးလု... အခု နတ်ဆိုးအရှင်သခင် သောင်းကျန်းနေတော့ သာမန်ပြည်သူတွေအားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။ ကျုပ် ပိုင်... ရွေးချယ်မှုတစ်ခု လုပ်ရတော့မယ်”
“ကောင်းပြီလေ”
လုချန်က ခေါင်းတစ်ဆက်ဆက် ညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့ ကျုပ်ဘာသာကျုပ်ပဲ ရှင်းရတာပေါ့”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တည်းခိုခန်းထဲမှ ပုံရိပ်ဆယ်ခုကျော် ထွက်လာပြီး သူတို့အားလုံးက အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။ အနိမ့်ဆုံးက ကပ်ဘေးကျော်ဖြတ်ခြင်း ပထမအဆင့်ဖြစ်ပြီး အမြင့်ဆုံးက ကပ်ဘေးကျော်ဖြတ်ခြင်း နဝမအဆင့် ကျင့်ကြံခြင်းအဆင့် ရှိကြသည်။
ဤမျှလောက် စွမ်းအားမျိုးက မနေ့ကသာဆိုလျှင် အပေါ်ဘက်ရှိ လူတိုင်း၏ မျက်နှာကို သေချာပေါက် ပျက်သွားစေမည် ဖြစ်သော်လည်း ယနေ့တွင်မူ မတူတော့ပေ။
ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေသည့်တိုင် ကုစူးရှန်နှင့် ကျန်လူများက ဂရုမစိုက်ဟန်ဖြင့် ပြုံးနေကြသည်။
“လုချန်... မင်းက လှုပ်ရှားချင်သေးတယ်ပေါ့လေ။ ငါတို့ ရှောင်မိသားစုနဲ့ မင်းကြားက ရန်ငြိုးကို ဒီနေ့ အပြတ်ရှင်းရမယ်”
“ငါတို့ စုမိသားစုကလည်း မင်းနဲ့ စာရင်းရှင်းရမယ်”
ကောင်းကင်ထက်မှ အော်သံနှစ်သံ ထပ်မံထွက်ပေါ်လာသည်။
“ကောင်းတယ်... အရမ်းကောင်းတယ်”
လုချန်က ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်သည်။
“ငါ့ရန်သူတွေ အကုန်ရောက်နေကြတာပဲ မဟုတ်လား။ ငါနဲ့ စာရင်းရှင်းချင်တဲ့သူ ဘယ်သူရှိသေးလဲ။ ဒီနေ့ အကုန်ထွက်ခဲ့ကြစမ်း”
“လုချန်... မင်းက တည်းခိုခန်းလေး ဖွင့်ပြီး ပထမအဆင့်ဂိုဏ်း နည်းနည်းပါးပါးရဲ့ ထောက်ခံမှု ရထားရုံနဲ့ နည်းနည်းတော့ မာနကြီးလွန်းနေပြီ။ မင်း မာနကြီးနေတဲ့ အရင်းအနှီးဆိုတာ ပုရွက်ဆိတ်လေးတွေသာသာပဲဆိုတာ ဒီနေ့ ငါ မင်းကို သိစေရမယ်”
ယခင် ဒုတိယအဆင့်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ကျယ်လောင်စွာ ပြောလိုက်ပြီး သူ၏ စကားများထဲတွင် ပထမအဆင့်ဂိုဏ်းများကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေသည်။
ယနေ့ရရှိထားသော အခွင့်အလမ်းက သူတို့ကို ယခင်က တစ်ခါမှ မရဖူးသော ယုံကြည်မှုမျိုးကို ပေးစွမ်းထားသည်။
လုချန်က ပြုံးလိုက်သည်။
“အပေါ်က လူတွေ ဘယ်ဂိုဏ်းကလဲဆိုတာ မှတ်ထားပြီးပြီလား”
“အကုန် သေချာမှတ်ထားပါတယ်”
အဝီစိတောင် ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်။
“မှတ်ထားရင် ကောင်းတာပေါ့။ ဒါဆို... သူတို့အားလုံးကို သတ်လိုက်”
အကုန်သတ်လိုက်။
လုချန်၏ အသံထွက်ပေါ်လာသည်နှင့် သူ၏ဘေးတွင် ရပ်နေသော ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များက သူတို့၏ ထက်မြက်လှသော အရှိန်အဝါများကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
အပေါ်ဘက်တွင်ရှိနေသော ကုစူးရှန်နှင့် အခြားသူများအားလုံးက သူတို့ နားကြားများ မှားသွားသလားဟု သံသယဝင်သွားကြသည်။
ဒီလုဆိုတဲ့ကောင် ရူးများသွားတာလား။ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်က အမှိုက်ကောင်တွေနဲ့များ။
သူ ရယ်ချင်သွားသော်လည်း အပြုံးတစ်ခု မပေါ်လာခင်မှာပင် သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
သူ၏ နှလုံးသားကို တုန်လှုပ်သွားစေသော အရှိန်အဝါတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။
“ပုရွက်ဆိတ်တွေလို့ မင်း ပြောလိုက်တာလား”
*