“တကယ်ကို ရက်စက်တာပဲ”
လုချန်က ပြောင်တလင်းခါနေတဲ့ အခန်းကြီးကို ညည်းညူပြောဆိုလိုက်ပြီး ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။
အပြင်ထွက်လိုက်ချိန်မှာတော့ အပြင်ထွက်ခွင့် အချိန်ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
သူက ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ အိမ်တံခါးတွေအားလုံးကို တင်းကျပ်စွာ ပိတ်ထားသည်။ ကျင်ကျောင်းနှင့် အခြားသူများ ဒီမှာ မရှိကြပေ။ ခွဲခွာရမည့် ဝမ်းနည်းမှုကို လျော့ပါးစေရန် သူ့ကို ရှောင်ဖယ်နေကြခြင်း ဖြစ်တန်ရာသည်။
ဒီမိန်းကလေးတွေ ဘာကိုဆိုလိုသလဲဆိုတာ သူ နားလည်ပါသည်။ မဟာတောရိုင်းနယ်မြေကို သွားမည့်အကြောင်း သူ ပြောပြပြီးကတည်းက သူ့နောက်ကို လိုက်ခဲ့မည့်အကြောင်း ဘယ်သူကမှ ထုတ်မပြောခဲ့ကြပေ။ သူတို့အားလုံးက အသိဉာဏ်ရှိကြပြီး အဲဒီနေရာက ရိုးရှင်းတဲ့နေရာမျိုး မဟုတ်မှန်း သိကြသည်။ လုချန်နောက်ကိုသာ လိုက်သွားခဲ့လျှင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာလိမ့်မည်။
ရှောင်ရွှီကြောင့် လုချန် ခြိမ်းခြောက်ခံခဲ့ရဖူးတဲ့ အဖြစ်အပျက်ကို သူတို့အားလုံး သိထားကြသည်။ သူတို့ နှုတ်ကနေ ဘာမှ မပြောခဲ့ကြပေမဲ့ လုချန်အတွက် နောက်ထပ် ပြဿနာတွေ ထပ်မရှာပေးချင်ကြတော့ပေ။
“ဆရာဦးလေးငယ်... ထွက်သွားတော့မလို့လား”
အဘိုးကြီးလျိုက လမ်းထောင့်ကနေ ထွက်လာသည်။
“အင်း... မဟာတောရိုင်းနယ်မြေကို သွားကြည့်မလို့”
လုချန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒီမနက် ဆရာဦးလေးငယ်ရဲ့ မိန်းမတွေ မြို့ထဲကနေ ထွက်သွားကြတာကို ကျွန်တော် မြင်လိုက်တယ်။ သူတို့က ဆရာဦးလေးငယ် ထွက်သွားတာကို မကြည့်ရက်လို့နေမှာပါ။ အရမ်းနာကျင်ရမှာမို့လေ”
“ဟူး...”
လုချန် သက်ပြင်းချလိုက်သည်။ အသည်းခံရ အခက်ဆုံးအရာက မိန်းမလှလေးတွေရဲ့ ကြင်နာယုယမှုပါပဲ။
“တခြားဘယ်သူမှလည်း မလာကြပါဘူး။ ဒါလေးကို ဆရာဦးလေးငယ်ဆီ ပေးခိုင်းလိုက်လို့ပါ”
အဘိုးကြီးလျိုက လုချန်ကို သိုလှောင်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်ပြီး အဲဒီအထဲမှာ အားလုံးပေးလိုက်တဲ့ လက်ဆောင်တွေ ပါဝင်ကြောင်း ပြောပြလိုက်သည်။
လုချန် ငြင်းမနေခဲ့ပါ။ သူ အသုံးပြုဖြစ်မှာ မဟုတ်ဘူးဆိုရင်တောင်မှ ဒါတွေက အားလုံးရဲ့ စေတနာတွေပဲလေ။
“အားလုံးကို ကျုပ်ကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”
“ဆရာဦးလေးငယ်... ဒီက ကိစ္စတွေ ရှင်းလင်းပြီးသွားရင် ကျွန်တော်တို့ ဆရာဦးလေးငယ်ဆီကို လိုက်လာခဲ့ပါ့မယ်။ အဲဒီမှာ မိုဘိုင်းဖုန်း သုံးလို့ရမရတော့ မသိဘူးနော်”
“ဘယ်သူသိမှာလဲ။ အဲဒီရောက်မှပဲ စမ်းကြည့်ရတာပေါ့။ မရဘူးဆိုရင်လည်း ကျုပ်နာမည်ကိုသာ စုံစမ်းကြည့်လိုက်... ဟားဟားဟား”
“ဒါလည်း ဟုတ်တာပဲ။ ဆရာဦးလေးငယ်က မဟာတောရိုင်းနယ်မြေကို ရောက်သွားရင်တောင် နာမည်မသိတဲ့သူတစ်ယောက် ဖြစ်နေမှာမှ မဟုတ်တာ”
အဘိုးကြီးလျိုကလည်း ခွဲခွာရတဲ့ ဝမ်းနည်းမှုကို ပြယ်သွားစေရန် ရယ်မောလိုက်သည်။
“ကောင်းပြီ... စကားတွေ များမနေနဲ့တော့။ ကျုပ် သွားရတော့မယ်။ ဒီထက် ပိုနောက်ကျရင် နောက်ဆုံးရထားကို မီမှာ မဟုတ်တော့ဘူး” လုချန်က အရွှန်းဖောက်လိုက်၏။
“ဆရာဦးလေးငယ်... ဒီက ကိစ္စတွေကို ကျွန်တော်တို့ဆီသာ လွှဲထားခဲ့လိုက်ပါ။ စိတ်မပူပါနဲ့”
“အိုကေ... ဒါဆို ကျုပ် သွားပြီ။ မဟာတောရိုင်းနယ်မြေမှာ ပြန်တွေ့ကြတာပေါ့”
လုချန်က လက်ပြနှုတ်ဆက်လိုက်သည်။
“မဟာတောရိုင်းနယ်မြေမှာ ပြန်တွေ့ကြမယ်...”
လုချန် ထိုနေရာမှ ပျောက်ကွယ်သွားသည်။
သူ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လမ်းထောင့်မှနေ၍ ပထမအဆင့်ဂိုဏ်းချုပ်များ၊ ရှောက်ချင်းနှင့် အခြားမိန်းကလေးများ အပါအဝင် ပုံရိပ်တစ်ရာနီးပါး ထွက်ပေါ်လာကြသည်။
“သူ ထွက်သွားပြီ”
ဖေ့ယီရှန်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး လုချန် ပျောက်ကွယ်သွားတဲ့ နေရာကို ငေးကြည့်ရင်း အတွေးနယ်လွန်နေသည်။
“ရှောက်ချင်းကော ဘယ်မှာလဲ”
မီးတောက်လို နီရဲနေတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ကျင်ကျောင်းက ဒီနေ့မှာ ပိုပြီး ဆွဲဆောင်မှုရှိလာသလို ပုံပေါက်နေသည်။ မိန်းကလေးတစ်ယောက်ကနေ အမျိုးသမီးတစ်ယောက်အဖြစ်သို့ ကူးပြောင်းသွားခြင်းပင်။
“ဆေးခန်းမှာလေ။ သူမ ကိုယ်ဝန်ရှိနေပြီဆိုတာ အတည်ပြုလိုက်ပြီ”
“တကယ်လား”
ထိုစကားကို ကြားသောအခါ ကျင်ကျောင်းက အံ့သြဝမ်းသာသွားသည်။
“သူ သိသွားပြီလား”
“ဟင့်အင်း... တိတိကျကျ ပြောရရင် ဒါက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက အတည်ပြုပြီးသားပါ။ ဒါပေမဲ့ သူ သံယောဇဉ်တွယ်ပြီး မသွားဘဲနေမှာစိုးလို့ သူ့ကို မပြောပြခဲ့ကြတာ”
“ဟားဟားဟား... သူသာ အဖေဖြစ်တော့မယ်ဆိုတာ သိရင် ထွက်သွားရက်မှာ မဟုတ်ဘူး”
“သွားရက်သည်ဖြစ်စေ၊ မသွားရက်သည်ဖြစ်စေ သူက ထွက်သွားရမယ့် ကံကြမ္မာ ပါလာပြီးသားပဲ မဟုတ်လား”
“ဒါလည်း ဟုတ်တာပါပဲ။ ဒီလိုသာဆိုရင် ငါလည်း မကြာခင် ဒုတိယအမေ ဖြစ်လာတော့မှာပေါ့” (ဒုတိယအမေဆိုတာ မွေးစားအမေ၊ ခေါင်းကိုင်အမေကို ဆိုလိုတာပါ)
“နင်လား”
ဖေ့ယီရှန်က ကျင်ကျောင်းကို လှမ်းကြည့်လိုက်သည်။
“နင်က ဒုတိယအမေ သေချာပေါက် ဖြစ်လာမှာပါ။ ဒါပေမဲ့ နင်ကိုယ်တိုင် အမေဖြစ်လာဖို့က ပိုတောင် သေချာသေးတယ်။ နင့်ရဲ့ လမ်းလျှောက်နေပုံ အချိုးမကျတာကို ကြည့်ရတာ မနေ့ညက နင် အိပ်ရပုံမပေါ်ဘူး”
ကျင်ကျောင်းရဲ့ မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားတော့သည်။ သူမက မျက်နှာလွှဲလိုက်ပြီး ဖေ့ယီရှန်ကို ဂရုမစိုက်တော့ပေ။
သူမ မျက်နှာလွှဲလိုက်တဲ့အချိန်မှာပဲ ညီညာပြန့်ပြူးနေတဲ့ သူမရဲ့ ဝမ်းဗိုက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး မျက်လုံးထဲမှာ မျှော်လင့်ချက်အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားတာကိုတော့ ဘယ်သူကမှ မမြင်လိုက်ကြပေ။
လုချန်က ဆေးတောင်ကြားရဲ့ အဝင်ဝကို ရောက်ရှိလာသည်။
သူ တောင်ကြားထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
“သူဌေးလုပါလား။ သူဌေးလု ရောက်လာပြီ”
“သူဌေးလု... မတွေ့ရတာ ကြာပြီနော်”
လူများစွာက လုချန်ကို နှုတ်ဆက်ကြပြီး လုချန်ကလည်း နွေးထွေးစွာ ပြန်လည်တုံ့ပြန်လိုက်သည်။
“သူဌေးလုက တောင်ကြားသခင်ကို လာရှာတာ ဖြစ်ရမယ်။ သူ အထဲမှာ ရှိပါတယ်”
“ရှောင်နင်... သူဌေးလုကို လမ်းသွားပြလိုက်လေ”
လုချန် ဆေးတောင်ကြားကို ပထမဆုံးအကြိမ် ရောက်လာစဉ်က လမ်းပြပေးခဲ့တဲ့ ကောင်မလေးက ပေါ်လာပြီး သူ့အတွက် နောက်တစ်ကြိမ် လမ်းပြပေးခဲ့ပြန်သည်။
“ကျေးဇူးပါပဲ”
“သူဌေးလုကလည်း အားနာစရာကြီး”
ရှောင်နင်ရဲ့ လှပတဲ့ မျက်နှာလေးက အနည်းငယ် နီသွေးဆင်သွားသည်။
လက်ရှိအချိန်တွင် လုချန်က ကုန်းမြေတိုက်ငါးခုမှာ အထူးချွန်ဆုံးပုဂ္ဂိုလ်လို့တောင် ပြောလို့ရနေပြီဖြစ်သည်။ အရေးအကြီးဆုံးက သူက ငယ်ရွယ်တယ်၊ ချမ်းသာတယ်၊ စွမ်းအားကြီးတယ်၊ ပြီးတော့ ပါရမီလည်း အထူးကောင်းမွန်တာမို့ အမျိုးသမီးများစွာရဲ့ အသည်းစွဲ ဖြစ်နေသည်။ သူမလို ကောင်မလေးတစ်ယောက်အနေနဲ့ လုချန်နဲ့အတူ လမ်းလျှောက်ရတဲ့အခါ ရှက်သွေးဖြာသွားတာက ပုံမှန်ပင်။
တောင်ကြားသခင်စွန်းက လုချန် လာမည်ဆိုသည့် သတင်းကို ရရှိထားပြီးဖြစ်ရာ အစီအရင်ကို ပြင်ဆင်ထားနှင့်ပြီး ဖြစ်သည်။
“သူဌေးလု... ရောက်လာပြီပဲ”
“ဟုတ်ကဲ့... ဒီနေ့ ထွက်သွားလို့ ရနိုင်မလား”
“ရပါတယ်”
“ဒါဆို သွားကြတာပေါ့”
လုချန်က ခေါင်းညိတ်လိုက်သည်။ သူက ပြတ်သားပြီး အချိန်မဖြုန်းပေ။
သူ့ရှေ့တွင် ရှုပ်ထွေးလှသော အစီအရင်တစ်ခု ရှိနေသည်။ တောင်ကြားသခင်စွန်းက သူ့ကို အပေါ်တက်ရန် အချက်ပြလိုက်သည်။
“သူဌေးလု... သေချာစဉ်းစားပါဦးနော်။ ဒီအစီအရင်က စပြီး အလုပ်လုပ်သွားပြီဆိုရင် လမ်းခုလတ်မှာ ရပ်တန့်လို့ မရတော့ဘူး။ ဒါက တစ်လမ်းသွား အာကာသတံခါး အစီအရင်ပါ။ လူတွေကို ဟိုဘက် ပို့ပေးရုံပဲရပြီး ပြန်ခေါ်လာလို့ မရဘူး။ အသက်ဝင်သွားပြီဆိုရင် နောင်တရခွင့် ရှိတော့မှာ မဟုတ်ဘူး”
“စလိုက်ပါတော့”
“ကောင်းပါပြီ”
တောင်ကြားသခင်စွန်းက လက်နှစ်ဖက်ကို အဆက်မပြတ် လှုပ်ရှားကာ မန္တန်များ ရွတ်ဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ချီများ ပေါက်ကွဲထွက်လာပြီး အစီအရင်ကို လွှမ်းခြုံသွားသည်။
လုချန်၏ ခြေထောက်အောက်တွင် နို့နှစ်ရောင် အလင်းတန်းများ တောက်ပလာသည်။ ထိုအလင်းတန်းများက ပိုမိုကြီးမားလာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ အလင်းတန်းများ ပြန်လည်ငြိမ်သက်သွားချိန်တွင် လုချန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုအချိန်မှစ၍ ကုန်းမြေတိုက်ငါးခု၏ အသစ်လွင်ဆုံး ဒဏ္ဍာရီဖြစ်သော တည်းခိုခန်းပိုင်ရှင် သူဌေးလုသည် ကုန်းမြေတိုက်ငါးခုမှ လုံးဝ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ရှန်းရှလောကတွင်တော့ ကျင့်ကြံသူတွေက လွတ်လပ်စွာ ကျက်စားနေကြပြီး ရှေးခေတ်ကာလကတည်းက ကျန်ရစ်ခဲ့တဲ့ ဒဏ္ဍာရီတွေ၊ အင်မော်တယ် ပုံပြင်တွေ ရှိနေကြသည်။
ဒီနေရာက သူရဲကောင်းတွေ အမြောက်အမြား ထွက်ပေါ်လာရာ နေရာဖြစ်သည်။ ဒီနေရာမှာ လူတွေက ထာဝရအသက်ရှင်ခြင်းနဲ့ တာအိုလမ်းစဉ်ကို သူတို့ရဲ့ ဘဝတစ်သက်တာ ရည်မှန်းချက်အဖြစ် ရှာဖွေနေကြသည်။ ဒီနေရာမှာ လူတိုင်းက အရာတစ်ခုတည်းကိုသာ တွေးကြသည်။ အဲဒါကတော့ ကျင့်ကြံခြင်းပါပင်။
ကျင့်ကြံခြင်းဆိုတာက မွေးရာပါ ကောင်းကင်ဘုံကို အံတုခြင်းပင် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့်၊ ဝိညာဉ်သန္ဓေသားအဆင့်၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်၊ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်၊ မဟာယာနအဆင့်။
ဒါက အခြေခံအကျဆုံး ကျင့်ကြံခြင်းစနစ်ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်လာခြင်းက ကျင့်ကြံနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်သွားပြီဆိုတာကို လူတိုင်း သိကြသည်။ ဒါပေမဲ့ ကောင်းကင်ဘုံကို အံတုနိုင်မလားဆိုတာကတော့ ပါရမီနဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်နေသည်။
ပါရမီဆိုတာက ပြောင်းလဲလို့မရပေမဲ့ ကြိုးစားအားထုတ်နိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးရှိသည်။
တချို့က ကိုယ့်ကိုယ်ကိုယ်သာ အားကိုးခြင်းဖြင့် လူသားက သဘာဝတရားကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ပြီး ပြင်းထန်ခက်ခဲတဲ့ ကျင့်ကြံခြင်းမှာပဲ နစ်မြုပ်နေဖို့ ရွေးချယ်ကြသည်။
တချို့က လျှို့ဝှက်နယ်မြေတွေကို စူးစမ်းလေ့လာပြီး ထိပ်တန်းရတနာတွေကို ရှာဖွေရတာ နှစ်သက်ကြသည်။ အဲဒီရတနာတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် စွမ်းအားမြှင့်တင်ကာ ကျင့်ကြံခြင်းလမ်းစဉ်မှာ ပိုမိုရှေ့ဆက်နိုင်အောင် လုပ်ဆောင်ကြသည်။
တချို့ကတော့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြပြီး အန္တရာယ်တွေကြားထဲကနေ အဆင့်တက်နိုင်ဖို့ ရှာဖွေကြသည်။ အဆင့်တိုင်းကို အမြင့်ဆုံးအထိ ကျင့်ကြံပြီး ခိုင်မာတည်ငြိမ်စွာနဲ့ တိုးတက်အောင် လုပ်ဆောင်ကြသည်။
လူတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြပြီး နည်းလမ်းပေါင်းစုံ ရှိလာတာနဲ့အမျှ လုပ်ဆောင်ပုံတွေကလည်း အဆုံးအစမရှိ ထွက်ပေါ်လာတော့သည်။
တောရိုင်းတောင်တန်းတစ်ခုအတွင်းရှိ တောင်ကုန်းတစ်ခု၏ အနောက်ဘက်တွင် ဓားပြဆယ်ယောက်ကျော် ချုံခိုစောင့်ဆိုင်းနေကြသည်။ လူတိုင်းက မျက်နှာဖုံးတွေ တပ်ထားကြသည်။ ခေါင်းဆောင်ဖြစ်သူက ကပ်ဘေးကျော်ဖြတ်ခြင်း တတိယအဆင့် စွမ်းအားရှိပြီး ကျန်တဲ့သူတွေကလည်း ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှာ ရှိကြသည်။ ကုန်းမြေတိုက်ငါးခုမှာဆိုရင် ဒါက အရမ်းကို အစွမ်းထက်တဲ့ အင်အားစုတစ်ခုလို့ သတ်မှတ်လို့ရပြီး ပထမအဆင့်ဂိုဏ်းလို့တောင် ခေါ်ဆိုထိုက်သည်။ ဒါပေမဲ့ ဒီမဟာတောရိုင်းနယ်မြေမှာတော့ သူတို့က အစွမ်းထက်ပညာရှင်တွေရဲ့ ခြေအောက်က ပုရွက်ဆိတ်လေးတွေသာသာပင်။
သူတို့ရွေးချယ်ထားတဲ့ ကျင့်ကြံခြင်းနည်းလမ်းက အသက်သာဆုံးဖြစ်ပေမဲ့ အန္တရာယ်အများဆုံးလည်း ဖြစ်သည်။
သူတို့က ဘယ်တော့မှ အန္တရာယ်များတဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာလေ့မရှိဘဲ နေရာတစ်ခုမှာ သားကောင်တွေကို စောင့်ဆိုင်းပြီး တခြားသူတွေဆီကနေ ရတနာတွေကို လုယူကြတာဖြစ်သည်။ တကယ်လို့ အတွေ့အကြုံမရှိတဲ့ အသစ်လေးတွေနဲ့ ကြုံရရင် သေချာပေါက် အကောင်းဆုံးရလဒ် ဖြစ်ပေမဲ့ ပညာရှင်တစ်ယောက်ယောက်နဲ့သာ တိုးမိရင်တော့ ထာဝရပျက်စီးခြင်းဆီကို ကျရောက်သွားရုံသာ ရှိသည်။
ထိုအချိန်တွင် လူတစ်ရာကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့က သူတို့၏ အမြင်အာရုံထဲသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။
လူတစ်ရာပါဝင်တဲ့ အဲဒီအဖွဲ့ကြီးက အလွန်အမင်း စည်းကမ်းမဲ့နေပုံပေါ်ပြီး အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဦးဆောင်လာသည်။ အမျိုးသားက အသက်လေးဆယ်နီးပါး ရှိပုံပေါ်ပြီး အမျိုးသမီးကတော့ အမည်းရောင်ဝတ်ရုံကြီးနဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားကာ မျက်နှာကို ဝှက်ထားတာမို့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို ခန့်မှန်းရခက်နေသည်။ သို့သော်လည်း သူမရဲ့ သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရသလောက်တော့ အသက်သိပ်ကြီးပုံမရပေ။
“အစ်ကိုကြီး... အောက်က လူတွေက အတွေ့အကြုံမရှိတဲ့ အသစ်တွေ ဖြစ်ရမယ်။ ဦးဆောင်လာတဲ့ နှစ်ယောက်ရဲ့ စွမ်းအားကိုတော့ အကဲခတ်လို့ မရဘူး။ ဒါပေမဲ့ သူတို့ပုံစံကို ကြည့်ရတာ အတွေ့အကြုံ နုနယ်တဲ့ပုံပဲ။ ဒီတစ်ခါတော့ သတိထားပြီး လုပ်တာ မမှားပါဘူး”
“သူတို့ကို စမ်းသပ်ကြည့်ဖို့ လူတစ်ယောက် လွှတ်လိုက်”
ဓားပြခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
*