လုချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ ရောက်နေသည့်နေရာက တောင်တန်းကြီးတစ်ခုထဲတွင် ဖြစ်သော်လည်း တောင်ခြေအစွန်အဖျားလောက်သာ ဖြစ်ပြီး အတွင်းပိုင်းအထိ ရောက်မနေပေ။
ခြေထောက်တွင် အာကာသဖိနပ်ကို စီးထားသဖြင့် သူ၏ ခြေလှမ်းများက သွက်လက်မြန်ဆန်လှသည်။ မိနစ်နှစ်ဆယ်ခန့် လျှောက်ပြီးနောက် တောင်ပေါ်မှ သူ ဆင်းလာနိုင်ခဲ့သည်။
တောင်ခြေအလွန်တွင်တော့ အဆုံးအစမထင်သော မြက်ခင်းပြင်ကြီးက မျက်စိရှေ့တွင် ကျယ်ပြန့်စွာ ဖြန့်ကြက်ထားပြီး နွားအုပ်၊ သိုးအုပ်များ ကျက်စားနေကြသည်ကို တွေ့လိုက်ရသည်။
‘အရင်ဆုံး ဒီနေရာက ဘယ်နေရာလဲဆိုတာ မေးဖို့ လူတစ်ယောက်ယောက်ကို ရှာရမယ်။ ပြီးမှ ဘယ်ဂိုဏ်းကို ဝင်မလဲဆိုတာ ဆုံးဖြတ်ရမယ်။ ရွေးချယ်စရာရှိလာမှတော့ အကောင်းဆုံးဂိုဏ်းကိုပဲ ရွေးရမှာပေါ့...’
ရှန်းရှလောကတွင် မည်သည့်ဂိုဏ်းက အင်အားအကြီးဆုံးဖြစ်ပြီး မည်သည့်ဂိုဏ်းက အကြမ်းတမ်းဆုံး လျှို့ဝှက်ဖဲချပ်များ ပိုင်ဆိုင်ထားသလဲဆိုသည်ကို လုချန် အကြမ်းဖျင်း မှတ်မိနေသေးသည်။
သိုး၊ နွားများ ကျက်စားနေသည်ဆိုမှတော့ သိုးကျောင်းသား၊ နွားကျောင်းသားများလည်း ရှိနေမည်မှာ သဘာဝပင်။
လုချန် ထိုဘက်သို့ လျှောက်သွားလိုက်ရာ သူ့ကိုမြင်သည်နှင့် အူကြောင်ကြောင် ပြုံးဖြီးဖြီး လုပ်ပြနေသော ကလေးတစ်ယောက်ကို တကယ်ပဲ တွေ့လိုက်ရသည်။
“ဒီမယ် ကလေး... မင်းက ဒီမှာ နေတာလား...”
“ဟီး ဟီး ဟီး...”
ထိုကလေးကို သေချာကြည့်လိုက်သောအခါ တစ်ခုခုလွဲချော်နေမှန်း လုချန် သတိထားမိလိုက်သည်။ ပုံမှန်လူတစ်ယောက်ဆိုလျှင် သူစိမ်းနှင့်တွေ့ချိန်၌ ဤသို့သော ဟန်ပန်မျိုး ရှိမည်မဟုတ်ပေ။
“အင်း... ရွာဘက်ကို သွားချင်ရင် ဘယ်လမ်းက သွားရမလဲ...”
“ထားပါတော့... ငါ သဘောပေါက်ပါပြီ...”
လုချန်က ထိုကလေးကို ကျော်ကာ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
မကြာမီမှာပင် မြက်ခင်းပြင်ထက်၌ ဟိုတစ်စု ဒီတစ်စု ဆောက်လုပ်ထားသော သက်ကယ်မိုး တဲအချို့ကို သူ လှမ်းမြင်လိုက်ရသည်။
လုချန် အနားသို့ ချဉ်းကပ်သွားရာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနှင့် ဆုံသဖြင့် ဤနေရာသည် မည်သည့်နေရာဖြစ်ကြောင်း ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
“ဟူတိုင်းပြည် နယ်စပ်ပါ...”
“ဟူတိုင်းပြည် ဟုတ်လား... ဒီနေရာကလေ...”
ဟူတိုင်းပြည်ဆိုသည်မှာ မဟာတောရိုင်းနယ်မြေရှိ အင်အားကြီး နိုင်ငံသုံးခုထဲမှ တစ်ခုဖြစ်ကြောင်း လုချန် ပြန်အမှတ်ရသွားသည်။
တိုင်းပြည်များက ဂိုဏ်းများ၏ လက်အောက်ခံဖြစ်နေသော ကုန်းမြေတိုက်ငါးခုနှင့် နှိုင်းယှဉ်လျှင် ဤနေရာက လုံးဝကွာခြားသည်။ (အလယ်ပိုင်းကုန်းမြေတိုက်ရှိ အင်အားကြီးမားသော မဟာရှအင်ပါယာပင်လျှင် ထိပ်သီးမိသားစုကြီးများနှင့် အဆင့်အတန်းတူညီရုံသာ ရှိသည်။) သို့သော် မဟာတောရိုင်းနယ်မြေတွင်တော့ တိုင်းပြည်တစ်ခုက ဒေသတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်ပြီး ဂိုဏ်းအားလုံးသည် တိုင်းပြည်၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိကြသည်။
ဟူတိုင်းပြည်၏ လက်ရှိ အရှင်သခင်မှာ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ကြီး မဟာဟူဧကရာဇ် ဖြစ်သည်။
ယခု ဟူတိုင်းပြည်နယ်စပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ ရှေ့ဆက်ရမည့် ခရီးစဉ်ကို လုချန် အတည်ပြုနိုင်သွားပြီဖြစ်သည်။
ဟူတိုင်းပြည်အတွင်း၌ အင်အားအကြီးဆုံး ဂိုဏ်းကြီးနှစ်ခု ရှိသည်။
ချင်းလွမ်တောင် နှင့် ဝူဝေဓားဂိုဏ်း တို့ဖြစ်သည်။
ထိုဂိုဏ်းနှစ်ခုအနက် ချင်းလွမ်တောင်က အားကောင်းသော အတွင်းသိုင်းပညာရပ်များဖြင့် နာမည်ကျော်ပြီး ဝူဝေဓားဂိုဏ်းကတော့ ပြိုင်ဘက်ကင်း ဓားသိုင်းပညာရပ်များကို ပိုင်ဆိုင်ထားကြသည်။
လုချန် ရွေးချယ်မည့် ဂိုဏ်းမှာ ချင်းလွမ်တောင် ဖြစ်သည်။
သို့သော် ချင်းလွမ်တောင်အကြောင်း တွေးလိုက်မိသည်နှင့် လုချန်၏ မျက်နှာက ရှုံ့မဲ့သွားသည်။ ထိုတောင်က အလွန်ထူးဆန်း၏။ သူတို့က အမျိုးသမီးများကိုသာ တပည့်အဖြစ် လက်ခံပြီး အမျိုးသားများကို လုံးဝ လက်မခံပေ။ ထို့ကြောင့် သူသာ ထိုဂိုဏ်းသို့ ဝင်ချင်ပါက ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။
တကယ်တမ်း ပုံမှန်အခြေအနေမျိုးတွင်ဆိုလျှင် ဝူဝေဓားဂိုဏ်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမည်။ သို့သော် ထိုဂိုဏ်းမှ လူများ၏ စရိုက်က အလွန်အောက်တန်းကျလှသည်။ သူတို့အားလုံးက အပြင်ပန်းတွင်သာ သူတော်ကောင်းယောင်ဆောင်ထားပြီး အတွင်းစိတ်က အင်မတန် မည်းညစ်ကြောင်းကို လုချန် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ယခုလို အားကိုးစရာ တည်းခိုခန်း မရှိချိန်တွင် ထိုဂိုဏ်းထဲဝင်သွားပါက အရိုးပါမကျန် ဝါးမျိုခံရမည့် အန္တရာယ်ရှိနေသည်။
“လာစမ်းပါ... ငါ့ကို ချင်းလွမ်တောင်ရဲ့ တစ်ဦးတည်းသော ယောက်ျားလေးတပည့် ဖြစ်ခွင့်ပေးလိုက်စမ်းပါ...”
လုချန်က သူ၏ ပထမဆုံးသော ဘဝရည်မှန်းချက်ကြီးတစ်ခုကို ချမှတ်လိုက်လေသည်။
လက်ရှိတွင် လမ်းတည်နေရာများ ရောထွေးနေသဖြင့် ချင်းလွမ်တောင်က မည်သည့်အရပ်တွင် ရှိသနည်းဟု သက်လတ်ပိုင်းအမျိုးသမီးအား သူ ယဉ်ကျေးစွာ ထပ်မံမေးမြန်းလိုက်သည်။
သက်လတ်ပိုင်းအမျိုးသမီးက လက်ညှိုးထိုးပြရင်း အရှေ့ဘက်တွင် ရှိကြောင်း ပြောပြသည်။
‘ချင်းလွမ်တောင်က အရှေ့ဘက်မှာ ဟုတ်လား...’
လုချန်၏ စိတ်ထဲတွင် နိမိတ်မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ဝင်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ချင်းလွမ်တောင်သည် ဟူတိုင်းပြည်၏ အနောက်ဘက်အရပ်တွင် တည်ရှိသောကြောင့်တည်း။ ဤနယ်စပ်ဒေသမှနေ၍ အမျိုးသမီးက အရှေ့ဘက်သို့ လက်ညှိုးထိုးပြနေသည်ဆိုလျှင်...
“သတ်ကြ...”
ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး လက်ညှိုးထိုးပြခဲ့သော အရပ်ဆီမှ နားကွဲမတတ် အော်ဟစ်တိုက်ခိုက်သံများ ထွက်ပေါ်လာရာ သူ့ကို လန့်ဖြန့်သွားစေသည်။
ထို့နောက် မကြာမီမှာပင် မြေကြီးများ တုန်ခါလာသည်ကို လုချန် ခံစားလိုက်ရသည်။
ထိုနေရာတွင် မြင်းကောင်းမြင်းသန်များကို စီးနင်းကာ သံချပ်ကာများ ဝတ်ဆင်ထားသော အမည်းရောင် မြင်းစီးသူရဲကောင်းတပ်ကြီး တစ်ခုလုံး ထွက်ပေါ်လာလေသည်။
“သောက်ကျိုးနည်းတဲ့မှပဲ...”
ယခုအချိန်သည် ဟူတိုင်းပြည်နှင့် ကျောက်တိုင်းပြည်တို့ စစ်မီးတောက်လောင်နေချိန် ဖြစ်ကာ နယ်စပ်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ သူရောက်နေသော နေရာကို ဘေးကင်းသည့်စကားဖြင့် သုံးရလျှင် 'ဟူတိုင်းပြည်နယ်စပ်' ဟု ခေါ်ဆိုနိုင်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက 'စစ်မြေပြင်' သက်သက်သာ ဖြစ်လေသည်။
မိုးကြိုးသံအလား ကျယ်လောင်လှသော တိုက်ပွဲဝင်ဟစ်ကြွေးသံများကြောင့် ကျက်စားနေသော သိုး၊ နွားများ လန့်ဖြန့်ကာ ထွက်ပြေးကုန်ကြသည်။ အချို့သော သိုး၊ နွားများမှာ ကြောက်လန့်တကြားဖြင့် ပြေးလာနေသော မြင်းစီးတပ်ကြီးဆီသို့ ပြေးဝင်သွားမိရာ ချက်ချင်းပင် သွေးသံရဲရဲဖြစ်အောင် နင်းခြေခံလိုက်ရတော့သည်။
ထိုစစ်သားများ အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
သက်လတ်ပိုင်းအမျိုးသမီးမှာ ဤအခြေအနေမျိုးကို မကြာခဏ ကြုံဖူးနေကျဖြစ်မှန်း သိသာလှသည်။ လုချန်အား စကားတစ်ခွန်းမျှပင် ဆက်မပြောနိုင်တော့ဘဲ သူမ၏ သက်ကယ်မိုးတဲလေးထဲသို့ ခြေကုန်သုတ်ပြေးဝင်သွားကာ တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို ပွေ့ချီ၍ အပြေးအလွှား ထွက်လာခဲ့သည်။
အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လုချန်လည်း အမျိုးသမီးထက်ပင် ပို၍မြန်ဆန်သော အရှိန်ဖြင့် လေထဲသို့ ခုန်တက်ကာ ထွက်ပြေးလေတော့သည်။
အခြားတစ်ဖက်မှလည်း တိုက်ပွဲဝင်ဟစ်ကြွေးသံများက အလားတူ ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။
စစ်တပ်နှစ်ခုလုံး၏ ရွေ့လျားနှုန်းက အလွန်မြန်ဆန်လှသည်။ အမျိုးသမီး၏ အပြေးနှေးကွေးနေမှုကို သတိပြုမိသွားသော လုချန်က သူမအား လက်တစ်ဖက်ဖြင့် ဆွဲပွေ့လိုက်ပြီး စစ်မြေပြင်နှင့် ဝေးရာသို့ ခေါ်ဆောင်သွားလေသည်။
စိတ်ဝိညာဉ်ချီများ လှိုင်းထန်သွားပြီး လက်နက်ချင်း ရိုက်ခတ်သံများနှင့်အတူ မဟာတိုက်ပွဲကြီး စတင်လေပြီ။
နှစ်ဖက်စစ်သည် အင်အားစုစုပေါင်းမှာ ငါးထောင်ကျော်ခန့် ရှိသည်။ အတိုင်းအတာငယ်သော နယ်စပ်တိုက်ပွဲလေးတစ်ခု ဖြစ်သော်လည်း အလွန်ထိတ်လန့်ဖွယ် ကောင်းလှသည်။
သက်လတ်ပိုင်းအမျိုးသမီး ဆောက်လုပ်ထားသော သက်ကယ်မိုးတဲလေးမှာ မြေကြီးနှင့်တစ်ပြေးညီ ပျက်စီးသွားပြီး တဲများထဲမှ ပြေးထွက်လာသော အခြားလူအများကိုပါ လုချန် မြင်လိုက်ရသည်။
“သောက်ကျိုးနည်း... ကြောက်စရာကြီးပါလား...”
ဘေးကင်းသော နေရာတစ်ခုသို့ ရောက်သည်အထိ လေထဲမှတစ်ဆင့် ဆက်တိုက် ခုန်ပျံလာခဲ့ပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးကို အောက်သို့ ချပေးလိုက်ရာ သူမက ကျေးဇူးတင်စကား ဆိုလေသည်။
“အဒေါ်တို့က အရမ်းအန္တရာယ်များတာပဲ။ စစ်တပ်နှစ်ခု တိုက်ခိုက်နေတဲ့ အလယ်တည့်တည့်မှာ သွားနေကြတာကိုး...”
လုချန်က မှတ်ချက်ချလိုက်သည်။
“မဟုတ်ရပါဘူးကွယ်...”
အမျိုးသမီးက ရှင်းပြသည်။ တိုက်ပွဲများမှာ နေရာတစ်နေရာတည်းတွင် အမြဲဖြစ်ပွားလေ့မရှိကြောင်း၊ ဤနေရာတွင် သူတို့ နေထိုင်လာခဲ့သည်မှာ လဝက်ခန့် ရှိနေပြီဖြစ်ပြီး ယခုလို ရုတ်တရက်ကြီး တိုက်ပွဲဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိကြောင်း ဆို၏။
“အဒေါ်တို့က ဟူတိုင်းပြည်က လူတွေမလား။ ဘာလို့ မြို့ထဲ သွားမနေကြတာလဲ...”
“ဒီအပြင်ဘက်မှာက စားစရာသောက်စရာ ရှာလို့ရသေးတယ်လေကွယ်။ မြို့ထဲဝင်သွားရင် နေစရာလည်းမရှိတော့သလို မြို့ထဲက အခြေအနေတွေက အရမ်းကို ဆိုးရွားလွန်းတယ်...”
မြို့အကြောင်းကို ပြောလိုက်ချိန်တွင် အမျိုးသမီး၏ မျက်နှာပေါ်၌ ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်လွင်လာသည်။
“အဒေါ်တို့လည်း မြို့ထဲကနေ ထွက်ပြေးလာခဲ့ကြတာပါပဲ...”
*