လုချန်က ကလေးကို ရေတစ်ငုံတိုက်မလို့ ပြင်လိုက်ချိန်မှာပဲ အနီးအနားမှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
လုချန် လှမ်းကြည့်လိုက်ရာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးလို သန့်စင်မွန်မြတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
“ချင်းလွမ်တောင်က တပည့်လား...”
ထိုအမျိုးသမီးကို မြင်သည်နှင့် လုချန်က စာအုပ်ထဲတွင် ဖော်ပြထားချက်များကို ချက်ချင်းပြန်အမှတ်ရသွားပြီး ဆက်စပ်တွေးတောလိုက်သည်။
ချင်းလွမ်တောင်သည် အမျိုးသမီးများကိုသာ တပည့်အဖြစ် လက်ခံသည်။ တပည့်မလေးများအားလုံးက ပန်းပွင့်လေးများလို လှပကြပြီး ကျောက်စိမ်းရောင် တိမ်တိုက်အဆင် စကတ်များကို ဝတ်ဆင်ကာ ကရုဏာတရားကို ရှေ့တန်းတင်လေ့ရှိကြသည်။
ယခု သူ့ရှေ့မှ အမျိုးသမီးသည်လည်း ချင်းလွမ်တောင်၏ ဝတ်စုံကို ဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။
“သူက အစာမစား ရေမသောက်ရတာ အရမ်းကြာနေပြီ။ အခုလိုမျိုး ရေကို တိုက်ရိုက်ကြီး တိုက်လိုက်တာက သူ့ရဲ့ သရက်ရွက်နဲ့ အစာအိမ်အတွက် မကောင်းဘူး...”
ထိုစကားကို ကြားသောအခါ လုချန် တစ်ဟားဟား အော်ရယ်မိမတတ် ဖြစ်သွားသည်။
ဒါက ၂၁ ရာစုမှာ ပညာရှင်တော်တော်များများက ခေါက်ဆွဲခြောက်စားတာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောနေကြသလိုမျိုးပင်။
'ငါက ပိုက်ဆံပြတ်နေလို့ ခေါက်ဆွဲခြောက်ပဲ စားနိုင်တဲ့အခြေအနေမှာ သူ့ရဲ့ အာဟာရဓာတ်အတွက် ပူပန်ပေးရဦးမှာလား...'
အခုလည်း အတူတူပင်။ ဒီကလေးက ရေငတ်လို့ သေတော့မယ့်အခြေအနေကို ရောက်နေတာတောင် သူမက သရက်ရွက်နဲ့ အစာအိမ်ကို ပူပန်ပေးနေသေးသည်လား။
ထို့ကြောင့် လုချန်က သူမကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး သူ့ရင်ခွင်ထဲက ကလေးကို ရေဆက်တိုက်နေရင်း ဆန်ဇူးပဲစေ့တစ်စေ့ကိုပါ တိတ်တဆိတ် ခွံ့ကျွေးလိုက်သည်။
ဆန်ဇူးပဲစေ့၏ အာနိသင်က သိသာလှသည်။ တစ်စေ့ ဝင်သွားသည်နှင့် ချက်ချင်း အစွမ်းပြကာ ရင်ခွင်ထဲမှ ကလေးငယ်က တဖြည်းဖြည်း သတိလည်လာသည်။ ထို့နောက် ပါးစပ်နားမှ ရေဘူးကို မြင်သွားပြီး လုချန်လက်ထဲမှ ရေဘူးကို အလုအယက် ဆွဲယူကာ ဂလု ဂလုနှင့် မော့သောက်လေတော့သည်။
“တော်တော့...”
လုချန်က ခပ်ဟောက်ဟောက် ပြောလိုက်ပြီး ကလေးကို မြေကြီးပေါ် ချပေးလိုက်သည်။ ထို့နောက် ကလေးလက်ထဲမှ ရေဘူးကို ပြန်ဆွဲယူရင်း ပြောလိုက်သည်။
“မင်းက အကုန်သောက်လိုက်တော့ ငါက ဘာသောက်ရတော့မလဲ။ မင်း သတိလည်လာပြီမလား။ ဒါဆိုလည်း မြန်မြန် ထွက်သွားတော့...”
လုချန်၏ တင်းမာနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ကလေးငယ်က ချက်ချင်း ကြောက်လန့်သွားဟန်ဖြင့် ကမန်းကတန်း ထွက်ပြေးသွားတော့သည်။
“ရှင် ဘယ်လိုလုပ် အဲဒီလို လုပ်ရက်ရတာလဲ...”
ချင်းလွမ်တောင်မှ တပည့်မလေးက အပြစ်တင်သည့်လေသံဖြင့် ပြောလိုက်သည်။
“ငါက ဘာလုပ်လို့လဲ...”
“သူက သနားစရာ ကလေးလေးလေ။ ရှင်က ဘာလို့ သူ့အပေါ် အဲဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရတာလဲ...”
“သနားစရာကောင်းတာက သနားစရာကောင်းတာပေါ့။ ဒါပေမဲ့ ငါကသာ သူ့ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရင် သနားစရာကောင်းတဲ့သူက ချက်ချင်း ငါဖြစ်သွားလိမ့်မယ်...”
သူ့ရှေ့မှ အမျိုးသမီးမှာ အတွေ့အကြုံနုနယ်သေးမှန်း ရှင်းရှင်းလင်းလင်း သိနေသဖြင့် လုချန်က ပြုံးရင်း ပြောလိုက်သည်။
“ရှင်က သနားစရာကောင်းရမှာလား။ အစကနေ အဆုံးထိ ရှင် သနားစရာကောင်းနေတာကို ကျွန်မ မမြင်မိပါဘူး...”
“ဟုတ်လား... မင်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မကြာခင် မင်းကိုယ်တိုင် အကြပ်ရိုက်တဲ့ အခြေအနေကို ကြုံရတော့မယ်...”
“ဘာသဘောလဲ...”
အမျိုးသမီးက လုချန်၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။
“ရော့... ဒီမှာ ရေဘူး။ ယူလိုက်...”
လုချန်က ရှေ့တိုးလာပြီး သူမ၏ လက်ထဲသို့ ရေဘူးကို အတင်း ထိုးထည့်ပေးလိုက်သည်။ သူမ ဘာမှမတုံ့ပြန်နိုင်မီမှာပင် ဆက်ပြောလိုက်သည်။
“ဟိုမှာကြည့်... ဟိုဘက်မှာ ရေမရှိတဲ့သူတွေ ရှိတယ်။ သနားစရာကောင်းတယ်။ သွားပြီး သူတို့ကို ရေတိုက်လိုက်...”
“ရှင်က အဲဒီလောက်တောင် သဘောကောင်းတာလား...”
အမျိုးသမီးက ရေဘူးကို လှုပ်ကြည့်လိုက်ရာ အထဲတွင် ရေတစ်ဝက်ကျော်ကျန်နေသေးကြောင်း သိလိုက်ရသည်။
“ဒါပေါ့... အဲဒါ မင်းဟာပဲ။ သွားပြီး လူကောင်းဝင်လုပ်ချေ...”
လုချန်က ပြောပြောဆိုဆိုနှင့် ဦးခေါင်းနောက်စေ့ကို ပွတ်ရင်း ထွက်သွားလေသည်။
သူ ရှေ့တစ်လှမ်း တိုးလိုက်သည်နှင့် အမျိုးသမီး၏ အနောက်ဘက်တွင် လူတွေ ဝိုင်းအုံလာတော့မည်ကို သူ ရှင်းရှင်းလင်းလင်း သိနေသည်။ အရင်တုန်းက မဟာရှမြို့တော်ကို ဝိုင်းရံပိတ်ဆို့ခံရစဉ်က မိသားစုသုံးယောက်၏ မြင်ကွင်းကို သူ ယခုထက်တိုင် ကွင်းကွင်းကွက်ကွက် မှတ်မိနေသေးသည်။
တကယ်ပင် လုချန် ထွက်သွားပြီး ခြေလှမ်းအနည်းငယ်အကြာမှာပဲ ချင်းလွမ်တောင်မှ အမျိုးသမီးမှာ ညစ်ပတ်ပေရေနေသော ကလေးတစ်စု၏ ဝိုင်းအုံခြင်းကို ခံလိုက်ရသည်ကို သူ မြင်လိုက်ရသည်။ ထိုကလေးအုပ်ကို ဦးဆောင်လာသူမှာ ခုနက သတိလစ်နေရာမှ သူ ကယ်တင်ပေးလိုက်သော ကလေးပင် ဖြစ်လေသည်။
“အစ်မ... ကျွန်တော်တို့ကို သောက်ဖို့ ရေနည်းနည်းလောက် ပေးလို့ရမလားဟင်...”
“ရတာပေါ့...”
ချင်းလွမ်တောင်မှ အမျိုးသမီးလေးက လှပစွာ ပြုံးပြလိုက်သည်။ သို့သော် ကလေးများက သူမ၏ အလှအပကို လုံးဝ စိတ်မဝင်စားကြပေ။ သူတို့၏ အာရုံစိုက်မှုအားလုံးက သူမလက်ထဲရှိ ရေဘူးပေါ်တွင်သာ ရှိနေကြသည်။
အမျိုးသမီးက သဘောတူလိုက်သည်နှင့် သူမ ရေဘူးကို လှမ်းမပေးရသေးမီမှာပင် ကလေးများက အုံကြွလာပြီး ရေဘူးကို လုယူကာ အငမ်းမရ သောက်ကြလေတော့သည်။
“သနားစရာ ကလေးလေးတွေပါလား...”
အမျိုးသမီး၏ မျက်လုံးများထဲတွင် မိခင်မေတ္တာ အရိပ်အယောင်များ ပေါ်လွင်လာသည်။ ဒါက အမျိုးသမီးတစ်ယောက်၏ သဘာဝပင်။
မကြာမီမှာပင် ကလေးများ ရေသောက်နေသည်ကို အခြားလူများ မြင်သွားကြပြီး အမြန်ဝိုင်းအုံလာကြသည်။
“ရေ... ရေတွေ ဘယ်ကရလာတာလဲ...”
“ဟိုအစ်မက ပေးတာ...”
“သခင်မလေး... သခင်မလေးဆီမှာ ရေကျန်သေးလား။ ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် ပေးလို့ရမလား...”
“အင်း... ရပါတယ်...”
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရေဘူးအချို့ကို ထပ်ထုတ်ကာ ကမ်းပေးလိုက်သည်။
လုချန်က အနီးအနားတွင် နေကာ တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဤအခြေအနေမှ အမျိုးသမီး လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူ သေချာပေါက် သိနေသည်။
တကယ်ပင် လုချန် ခန့်မှန်းထားသည့်အတိုင်း အမျိုးသမီးက ရေဘူးများကို ဆက်တိုက် ထုတ်ပေးနေသဖြင့် ရေလိုချင်သော လူအုပ်ကြီးက ပိုပိုများလာသည်။
အမျိုးသမီးကလည်း ဘာမှမခွဲခြားဘဲ သိုလှောင်လက်စွပ်ထဲရှိ ရေဘူးအားလုံးကို ထုတ်ပေးလိုက်လေသည်။
သို့သော် လူက အရမ်းများလွန်းနေသည်။ သူမက လူတိုင်းကို လောက်ငအောင် မပေးနိုင်ပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် သူမ၏ သိုလှောင်လက်စွပ်ထဲတွင် ရေတစ်စက်မှ မကျန်တော့ကြောင်း သတိပြုမိသွားသည်။ ထိုအချိန်တွင် လူတွေက ထပ်ရောက်လာဆဲပင်။
“ရေ... ငါ့ကို ရေပေးပါ...”
“အားလုံးပဲ လူစုခွဲလိုက်ကြပါ။ ကျွန်မဆီမှာ ရေမကျန်တော့ဘူး...”
အမျိုးသမီးက လက်ယမ်းပြကာ လူများ ဖယ်ပေးလိမ့်မည်ဟု မျှော်လင့်လိုက်သည်။
သူမက အလွန် အပြစ်ကင်းစင်လွန်းနေသည်။ ဤသို့ ဖရိုဖရဲနိုင်လှသော အချိန်ကာလမျိုးတွင် လူ့သဘာဝက အထင်းသား ပေါ်လွင်လာတတ်သည် မဟုတ်ပါလား။
“ရေမရှိတော့ဘူး ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင့်ကြံသူတွေရဲ့ သိုလှောင်လက်စွပ်က အကျယ်ကြီးပဲလေ။ ငါတို့ကို လာမလိမ်နဲ့...”
'လိမ်တယ်' ဆိုသည့် စကားကို ကြားလိုက်ရသဖြင့် အမျိုးသမီး၏ မျက်နှာတွင် အထိတ်တလန့်ဖြစ်သွားကာ အလျင်စလို လက်ယမ်းပြလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်မ တကယ် မလိမ်ပါဘူး။ ဒီမှာကြည့်... ကျွန်မရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဘာမှမရှိတော့ဘူး...”
သူမ လိမ်မပြောကြောင်း သက်သေပြရန်အတွက် အမျိုးသမီးက သိုလှောင်လက်စွပ်ထဲရှိ အရာအားလုံးကိုပင် အပြင်သို့ ထုတ်ပြလိုက်သည်။
'ဒါက အတွေ့အကြုံနုနယ်တာထက်ကို ပိုနေပြီ။ လုံးဝကို ငတုံးအဆင့်ပဲ...'
အမျိုးသမီး၏ လုပ်ရပ်က လုချန်အတွက် အလွန်မိုက်မဲလွန်းသည်ဟု ထင်ရသည်။
'ပစ္စည်းတွေကို အပြင်ထုတ်ပြလိုက်ရင် ပြန်သိမ်းဖို့ မမျှော်လင့်နဲ့တော့...'
လုချန်က ဘေးမှရပ်ကာ သူ့ဘာသာ တွေးနေလိုက်သည်။
သူ တွေးလို့ဆုံးခါနီးမှာပင် ချင်းလွမ်တောင်မှ အမျိုးသမီးအား ဝိုင်းရံထားသော လူအုပ်ကြီးက သူ၏ စကားကို အတည်ပြုပေးလိုက်သကဲ့သို့ လူတိုင်းက ဒေါသတကြီးဖြင့် မျက်နှာများ နီရဲလာကြပြီး အလုအယက် ရှေ့တိုးလာကြလေသည်။
အမျိုးသမီးမှာ တွန်းတိုက်ခံရပြီး တယိမ်းတယိုင် ဖြစ်သွားသည်။ သူမ၏ လှပသော မျက်လုံးဝိုင်းကြီးများ ပြူးကျယ်သွားကာ အလုအယက် ဖြစ်နေသော လူအုပ်ကြီးကို ကြည့်နေမိသည်။
“မလုပ်ကြပါနဲ့... အဲဒါတွေက ဆရာ ချန်ထားပေးခဲ့တဲ့ ပစ္စည်းတွေပါ။ ယူသွားလို့ မရဘူး...”
“အဲဒါတွေက ရေ မဟုတ်ဘူး...”
သူမက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သော်လည်း ဘာများ ထူးသွားမည်နည်း။
လူများက သူမကို လျစ်လျူရှုထားကြသဖြင့် သူမက လက်လှမ်းကာ တားဆီးလိုက်သည်။
“ဖယ်စမ်း...”
သို့သော် သူမကို လူတစ်ယောက်က ကြမ်းတမ်းစွာ တွန်းဖယ်လိုက်သည်။ ထိုလူမှာ ခုနကမှ လူကောင်းတစ်ယောက်ဟု ဆိုခဲ့သူဖြစ်ကြောင်း သူမ မှတ်မိလိုက်သည်။
ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းကြောင့် အမျိုးသမီးမှာ ပျာယာခတ်သွားပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
“ရှင်တို့အားလုံး... ဘာလို့ ဒီလိုတွေ လုပ်ကြတာလဲ...”
သူမ ပျာယာခတ်နေသော်လည်း မည်သူကမျှ သူမကို မငြိမ်းချမ်းစေနိုင်ပေ။ လူတိုင်းက လုယက်မှုထဲတွင်သာ နစ်မြုပ်နေကြသည်။
အရာအားလုံး အလုခံရပြီးနောက်မှသာ လူအုပ်ကြီးက လူစုကွဲသွားကြပြီး အမျိုးသမီးလေးသာ မျက်ရည်များကို တရစပ်သုတ်ရင်း တစ်ယောက်တည်း ရပ်ကျန်ခဲ့လေသည်။
“လူကောင်းလုပ်ရတာ ဘယ်လိုခံစားရလဲ... နေလို့ အရမ်းကောင်းမှာပဲနော်...”
ထိုအချိန်မှာပင် လုချန်က သူမ၏ အနောက်တွင် ပေါ်လာခဲ့သည်။
အမျိုးသမီးက ဘာမှ ပြန်မဖြေပေ။ လုချန်က သူမ၏ ရှေ့သို့ ရောက်သွားသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ မျက်ရည်များဖြင့် ရွှဲနှစ်နေပြီဖြစ်ပြီး နှုတ်ခမ်းလေးမှာလည်း နာကြည်းဝမ်းနည်းမှုကြောင့် တွဲကျနေသည်ကို သူ မြင်လိုက်ရသည်။
“သူတို့က ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံကြတာလဲ... ကျွန်မက သူတို့ကို ကူညီပေးခဲ့တာပဲကို ဘာလို့ အနိုင်ကျင့်ကြတာလဲ...”
အမျိုးသမီးလေးမှာ အလွန်အမင်း နာကြည်းဝမ်းနည်းနေပြီး တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
“မင်းက တုံးအလို့လေ... ဟုတ်တယ်မလား။ ကြည့်စမ်း... မင်းရဲ့ သိုလှောင်လက်စွပ်တောင် ပါသွားပြီမလား...”
“အာ...”
အမျိုးသမီးက အာမေဋိတ်သံပြုလိုက်ပြီး သူမ၏ လက်ချောင်းပေါ်မှ သိုလှောင်လက်စွပ် အလုခံလိုက်ရသည်ကို ငုံ့ကြည့်မိသွားရာ မျက်ရည်များက ချက်ချင်း စီးကျလာလေသည်။
“ဒါတွေအားလုံး ရှင့်အမှားတွေပဲ... ရှင်က ကျွန်မကို ရေဘူးပေးခဲ့လို့လေ။ ရှင်က ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိနေတယ်မလား...”
“အင်း... ငါ သိတယ်။ ဒါပေမဲ့ မင်းမှ မသိခဲ့တာ။ ငါ မင်းကို သင်ခန်းစာပေးလိုက်မယ်။ ဒီလောကကြီးမှာ လူကောင်းလုပ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ဘူး...”
အမျိုးသမီးလေးက အသံထွက်အောင် ရှိုက်ငင်ငိုကြွေးလေတော့သည်။ သူမက သန့်စင်မွန်မြတ်သည့် အငွေ့အသက်များရှိနေသော်လည်း ဒါက သူမ၏ ကျင့်စဉ်ပညာရပ်ကြောင့်သာ ဖြစ်သည်။ တကယ်တမ်းတွင် သူမသည် အသက်နှစ်ဆယ်ပင် မပြည့်သေးဘဲ ဤသို့သော နာကြည်းဝမ်းနည်းမှုမျိုးကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။
*