“ကဲပါ... တော်ပါတော့ ငိုမနေနဲ့တော့...”
အမျိုးသမီး၏ ငိုသံကြောင့် လုချန် ခေါင်းကိုက်လာသည်။
မမျှော်လင့်ဘဲ လုချန်၏စကားကြောင့် အမျိုးသမီးက ပို၍ပင် အသံကျယ်ကျယ်ဖြင့် ငိုချလာသည်။
“ဘယ်လိုလုပ်ရမလဲ... ကျွန်မရဲ့ သိုလှောင်လက်စွပ်ကို သူတို့ လုသွားကြပြီ... အီးဟီး...ဝါး...”
“မင်းရဲ့ ဂိုဏ်းကိုပဲ ပြန်သွားလိုက်လေ... မင်းတို့ဂိုဏ်းက အရမ်းချမ်းသာတာပဲ သိုလှောင်လက်စွပ်တစ်ကွင်းလောက်ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး...”
“ပြန်သွားလို့ မရဘူး... ကျွန်မက စီနီယာအစ်မတွေနဲ့အတူ ထွက်လာတာ... ကျွန်မတို့ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းဆွဲပြားတွေက အဲဒီသိုလှောင်လက်စွပ်ထဲမှာ ပါသွားပြီ... အခု အဲဒါမရှိတော့ သူတို့ကို ဆက်သွယ်လို့ မရတော့ဘူး...”
အမျိုးသမီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ငိုယိုနေသဖြင့် အချို့သော ရဲမက်များက လုချန်အား လူဆိုးလူမိုက်တစ်ယောက်ဟု သံသယဝင်လာဟန်ဖြင့် ထူးဆန်းသောအကြည့်များဖြင့် မကြာခဏ လှမ်းကြည့်နေကြသည်။
လုချန် နှုတ်ခမ်းမဲ့လိုက်သည်။
“မငိုနဲ့တော့... မင်းရဲ့ စီနီယာအစ်မတွေ ဘယ်သွားကြတာလဲ... သူတို့ကို လိုက်ရှာဖို့ ငါ လိုက်ပို့ပေးမယ်...”
“ကျွန်မ... ကျွန်မလည်း မသိဘူး...”
ဤသို့ ငိုယိုနေခြင်းက အနည်းငယ် ရိုင်းစိုင်းရာကျကြောင်း သတိပြုမိသွားသဖြင့် အမျိုးသမီးက သူမ၏ ရှိုက်သံများကို အောင့်ထားကာ တိုးတိုးလေး ဖြေလိုက်သည်။
“ဒါဆို မင်းတို့တွေက ဘာလုပ်ဖို့ ထွက်လာကြတာလဲ... ပျင်းလို့ လူကောင်းဝင်လုပ်ဖို့ သက်သက် ထွက်လာကြတာတော့ မဟုတ်လောက်ဘူးမလား...”
“မဟုတ်ပါဘူး... အပြင်မှာ သစ်ပင်မိစ္ဆာတစ်ကောင် ဒုက္ခပေးနေတယ်လို့ ဆရာက ပြောလို့ ကျွန်မတို့ သွားသတ်ဖို့ ထွက်လာကြတာပါ...”
“အို... ဒါဆို မင်းရဲ့ စီနီယာအစ်မတွေ ဘယ်မှာရှိလဲဆိုတာ ငါ သိပြီ... ငါ့နောက်လိုက်ခဲ့...”
ဒီသစ်ပင်မိစ္ဆာကိစ္စကို လုချန် သေသေချာချာ မှတ်မိနေသည်။ ၎င်းက မဟာတောရိုင်းနယ်မြေ ဇာတ်လမ်းသွား၏ အစောပိုင်းအဆင့် ဘော့စ်တစ်ကောင်ဖြစ်ပြီး ဟူတိုင်းပြည်သည် ၎င်း၏ ဒုက္ခပေးခြင်းကို ခံခဲ့ရဖူးသည်။
တိုင်းပြည်နှစ်ခု စစ်ဖြစ်နေချိန်တွင် နယ်နိမိတ်အတွင်း၌ သစ်ပင်မိစ္ဆာတစ်ကောင်ကပါ ဖရိုဖရဲ လိုက်လုပ်နေသဖြင့် မဟာဟူဧကရာဇ်ကိုယ်တိုင်ပင် ခေါင်းခဲခဲ့ရသည်။
ဒီသစ်ပင်မိစ္ဆာနှင့် ပတ်သက်၍ ပြောရလျှင် ၎င်း၏ စွမ်းအားက အမှန်တကယ်တော့ သိပ်မကြီးမားလှပေ။ ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့်သို့ပင် ကပ်သီးကပ်သတ် ရောက်ရှိနေခြင်း ဖြစ်သည်။ သို့သော် ၎င်းက အလွန် ထူးခြားဆန်းကြယ်သည်။ ၎င်းဘာသာ ဆန္ဒအလျောက် ကိုယ်ထင်မပြသရွေ့ မဟာယာနအဆင့် ပညာရှင်တစ်ယောက်ပင်လျှင် ၎င်း၏ သဲလွန်စကို အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ပန်းကြည့်လျှင် ၎င်းက သာမန်သစ်ပင်တစ်ပင်နှင့် လုံးဝ တူညီနေသောကြောင့် ဖြစ်သည်။
ဝတ္ထုထဲမှ မှတ်တမ်းများကို အားကိုးကာ လုချန်က အမျိုးသမီးကို ခံတပ်ထဲမှ ခေါ်ထုတ်လာပြီး အရှေ့ဘက်သို့ ဦးတည်သွားလိုက်သည်။
လမ်းတစ်လျှောက် စကားစမြည်ပြောဆိုရင်းမှ အမျိုးသမီး၏ အမည်ကို လုချန် သိလိုက်ရသည်။
ဟွာစစ်ဝေ့... အလွန် ရှားပါးသော နာမည်တစ်ခုပင်။
“သခင်လေးလု... ရှင်လည်း သစ်ပင်မိစ္ဆာအကြောင်း ကြားဖူးတာလား...”
“မင်းတို့ ဂိုဏ်းသားတွေကတော့ သိချင်မှ သိမှာပေါ့... ငါတို့လို သာမန်လူတွေကတော့ သူ့ရဲ့ နာမည်ဆိုးကို ကြားဖူးနေတာ ကြာပြီ...”
ဟွာစစ်ဝေ့၏ ကျင့်ကြံခြင်းအဆင့်က မနိမ့်ကျလှပေ။ အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း ဝိညာဉ်ပြောင်းလဲခြင်း နောက်ဆုံးအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ဤနေရာက မဟာတောရိုင်းနယ်မြေ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်၏ ပါရမီအရဖြစ်စေ၊ ကျင့်ကြံခြင်း ပတ်ဝန်းကျင်အရဖြစ်စေ ကုန်းမြေတိုက်ငါးခုထက် များစွာ သာလွန်နေသည်။ သူမသာ အလွန်အမင်း သဘောကောင်းမနေခဲ့လျှင် စောစောက ဒုက္ခသည်တစ်စု၏ လုယက်ခြင်းကို ခံရမည် မဟုတ်ပေ။
သူတို့နှစ်ဦး ခရီးအမြန်နှင်လာခဲ့ကြသည်။ လုချန်၏ ခြေထောက်တွင် အာကာသဖိနပ်ကို စီးထားသဖြင့် ဟွာစစ်ဝေ့၏ နောက်တွင် အများကြီး ပြတ်ကျန်မနေခဲ့ပေ။
စစ်ပွဲကာလအတွင်း ဘဝများက အစွန်းနှစ်ဖက်သို့ ရောက်နေတတ်သည်။ ဤမြင်ကွင်းမျိုးက မည်သည့်ခေတ်တွင်မဆို ရှိနေတတ်စမြဲပင်။ နယ်စပ်ရှိလူများက အစားအသောက်နှင့် ရေအတွက် ရုန်းကန်နေရကာ ဆင်းရဲဒုက္ခတွင်း နစ်နေကြသော်လည်း တည်ငြိမ်သော မြို့ရွာများတွင်မူ အသားနှင့် ဝိုင်အရက်များကို သုံးဆောင်ကာ ပျော်ရွှင်စွာ နေထိုင်နေကြသည်။ အတိုချုပ်ပြောရလျှင် လေထဲမှတစ်ဆင့် တစ်ရက်ခန့် ခရီးနှင်ပြီးနောက် အခြားမြို့တစ်မြို့သို့ ရောက်ရှိလာသောအခါ လုချန်တို့ နှစ်ယောက်က လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ လူတွေ၏ ဘဝက သာယာအေးချမ်းနေသည်။ သူတို့သာ ရှေ့တန်းခံတပ်မှ လာခဲ့ခြင်း မဟုတ်လျှင် ဤမြို့ရှိ လူများ၏ နေထိုင်မှုပုံစံကို ကြည့်ပြီး ရှေ့တန်းတွင် စစ်ရေး အလွန်တင်းမာနေသည်ဟု ဘယ်သူမှ စိတ်ကူးမိမည် မဟုတ်ပေ။
“ဒီမြို့ကို ဖြတ်သွားပြီးရင် မင်းရဲ့ စီနီယာအစ်မတွေကို ရှာတွေ့နိုင်လောက်တယ်။ ဒါပေမဲ့ ဒီအချိန်ကြီးတော့ အဆင်မပြေလောက်သေးဘူး... အရင်ဆုံး ညစာစားကြရအောင်...”
လုချန်က အကြံပြုလိုက်သည်။
“အင်း...”
ဟွာစစ်ဝေ့က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“ကျွန်မကို စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းလောက် ချေးပေးလို့ရမလား... စီနီယာအစ်မတွေကို ရှာတွေ့ရင် ရှင့်ကို ပြန်ဆပ်ပါ့မယ်...”
ကောင်မလေး ဘာကြောင့် ရှက်နေသလဲဆိုတာကို လုချန် သဘောပေါက်သွားပြီး ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်သည်။
“ရပါတယ်... ငါ ဒကာခံပါ့မယ်...”
“ဘယ်လိုလုပ် ရမှာလဲ... အပြင်ထွက်တဲ့အခါ သူများဆီက အကူအညီကို အလွယ်တကူ လက်မခံရဘူးလို့ ဆရာက သင်ပေးထားတယ်။ ကျွန်မတို့က အခုမှ ကြုံကြိုက်လို့ ဆုံကြတာဆိုတော့ ရှင့်ကို ဘယ်လိုလုပ် ရှင်းခိုင်းလို့ရမှာလဲ... ရှင်သာ စိတ်ဝိညာဉ်ကျောက်တုံး ချေးပေးမယ်ဆိုရင် ကျွန်မ ပြန်ဆပ်ပါ့မယ်...”
“အေးပါ...”
သူမက ခေါင်းမာသူတစ်ယောက်ဖြစ်မှန်း လုချန် သိလိုက်သည်။
သူတို့နှစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားပြီး ရေနွေးကြမ်းတစ်အိုးနှင့် ဟင်းပွဲအချို့ကို မှာလိုက်ကြသည်။
“အရသာက သောက်ရမ်းဆိုးတာပဲ...”
ဟင်းပွဲများ ရောက်လာပြီး တစ်လုတ်စားကြည့်လိုက်သည်နှင့် လုချန်က မျက်နှာရှုံ့မဲ့သွားတော့သည်။ အရသာက တကယ်ကို ချီးကျူးစရာမရှိပေ။ အရှေ့ဘက်ကုန်းမြေတိုက်မှာ သူ စားခဲ့ဖူးသော အစားအစာများထက်ပင် ပိုဆိုးနေသေးသည်။
သူနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဟွာစစ်ဝေ့ကတော့ ပျော်ရွှင်သော မျက်နှာထားဖြင့် စားသောက်နေလေသည်။
“အရမ်းစားလို့ကောင်းတာပဲ... ကျွန်မ တောင်အောက်မဆင်းရတာ အရမ်းကြာနေပြီ။ ဒီလောက် အရသာရှိတဲ့ အစားအသောက်မျိုး မစားရတာလည်း ကြာပြီ...”
“ဒါကို အရသာရှိတယ်လို့ သတ်မှတ်တာလား...”
ကောင်မလေး၏ ပုံစံကိုကြည့်ပြီး လုချန် တစ်ယောက် သူမကို ဖြားယောင်းငွေညှစ်လို့များ ရမလား... အဟမ်း... ဆိုလိုတာက ဥထမင်းကြော် တစ်ပွဲကို ဈေးကောင်းကောင်းနဲ့ သူမဆီ ရောင်းလို့ရမလားဟု တကယ်ပင် တွေးမိသွားသည်။
ကမန်းကတန်း စားသောက်ပြီးနောက် သူတို့နှစ်ယောက် အနားယူရန် တည်းခိုခန်း အခန်းတစ်ခန်းစီ ယူလိုက်ကြသည်။ သစ်ပင်မိစ္ဆာက ညဘက်မှသာ ထွက်ပေါ်လာတတ်ကြောင်း လုချန်က ဟွာစစ်ဝေ့ကို ပြောပြထားသည်။
တည်းခိုခန်းထဲတွင် လုချန်က တံခါးကို သော့ခတ်လိုက်ပြီး အသစ်ရရှိထားသော လက်မှုပုံစံကြမ်း သုံးခုကို ထုတ်ကာ ထပ်မံလေ့လာကြည့်လိုက်သည်။
“စွန့်စားခန်း လက်ဆောင်ထုပ်ဆိုတာက တည်းခိုခန်းရဲ့ အကာအကွယ် မရှိတဲ့အချိန်မှာ သုံးဖို့ လျှို့ဝှက်ဖဲချပ်တစ်ခုသက်သက်ပါပဲ... ဒါပေမဲ့ ဒီပါဝင်ပစ္စည်းတွေက ရှာရတာ အရမ်းခက်လွန်းတယ်။ ချင်းလွမ်တောင်ကို ဝင်ပြီးတဲ့အထိ အခွင့်အရေးကို စောင့်ရတော့မယ့်ပုံပဲ...”
ဒီပုံစံကြမ်းများကို ကြည့်ရင်း ဓားပျံများနှင့် နတ်လက်နက်များ ဖရိုဖရဲ တိုက်ခိုက်နေကြသည့် တိုက်ပွဲအလယ်တွင် ရှန်းရှစွမ်းအားရှိသည့် စက်သေနတ်ကို ကိုင်ဆောင်ကာ အရပ်ဆယ်မျက်နှာသို့ လှည့်လည်ပစ်ခတ်နေသည့် သူ့ကိုယ်သူ စိတ်ကူးယဉ်ကြည့်မိတော့သည်။ အပြာရောင်မီးတောက်များက 'ဒက် ဒက် ဒက် ဒက်' မြည်သံနှင့်အတူ ပန်းထွက်နေမည်ဆိုလျှင် တကယ်ကို မိုက်လွန်းနေမည် မဟုတ်ပါလား။
တဖြည်းဖြည်းနှင့် ညဘက်သို့ ရောက်ရှိလာသည်။
လုချန်က ဟွာစစ်ဝေ့၏ တံခါးကို ခေါက်ကာ လှုပ်ရှားရန် ခေါ်လိုက်သည်။
“သခင်လေးလု... စားသောက်ဆိုင်အပြင်ဘက်ကနေပဲ ကျွန်မကို စောင့်နေပေးပါ။ တစ်ကိုယ်ရေ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အတူတူ ထွက်သွားတာက သိပ်မသင့်တော်ပါဘူး...”
“တကယ်ပါပဲကွာ...”
လုချန် ရောက်ရှိနေသော မြို့ကို ရှန်မုမြို့ဟု ခေါ်သည်။ ရှန်မုမြို့၏ အပြင်ဘက်တွင် အထွတ်အမြတ်သစ်တော တည်ရှိသည်။ ပုံမှန်အားဖြင့် အထွတ်အမြတ်သစ်တောထဲတွင် တောရိုင်းသားရဲများ ပြည့်နှက်နေတတ်သည်။ ရှန်မုမြို့မှ မုဆိုးများစွာက သားကောင်ဖမ်းရန် သစ်တောထဲသို့ ဝင်ရောက်လေ့ရှိပြီး အရေခွံဆုတ်ကာ အသားကို စားစရာအဖြစ် အသုံးပြုပြီး အရေခွံကို အဝတ်အစားအဖြစ် အသုံးပြုကြသည်။
သို့သော် လွန်ခဲ့သော တစ်လခန့်က အထွတ်အမြတ်သစ်တောထဲတွင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုနေ့က ဝင်သွားသော လူများ ပြန်ထွက်မလာကြတော့ပေ။ လူများစွာက ဝင်ရောက်ရှာဖွေခဲ့သော်လည်း သူတို့လည်း ပြန်ထွက်မလာကြတော့ချေ။ မကြာမီမှာပင် သစ်တောထဲတွင် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုပ်ယူထားသော သစ်ပင်မိစ္ဆာတစ်ကောင် ပေါ်လာပြီး လူများကို စားသောက်နေကြောင်း သတင်းများ ပျံ့နှံ့သွားလေသည်။
ကျင့်ကြံသူအချို့က ချက်ချင်း ဝင်ရောက်ရှာဖွေခဲ့ကြသော်လည်း သစ်တောတစ်ခုလုံးက သစ်ပင်များနှင့် ပြည့်နှက်နေသည်။ အထဲတွင် သစ်ပင်မိစ္ဆာတစ်ကောင်၏ သဲလွန်စကို ရှာဖွေရသည်မှာ မည်မျှ ခက်ခဲလိုက်မည်နည်း။
တစ်စုံတစ်ယောက်က သစ်ပင်မိစ္ဆာ ထွက်လာစေရန် အထွတ်အမြတ်သစ်တောကို မီးရှို့ပစ်ရန် အကြံပြုခဲ့သော်လည်း ထိုအကြံပြုချက်က ချက်ချင်း ပယ်ချခံလိုက်ရသည်။
အထွတ်အမြတ်သစ်တောကို အထွတ်အမြတ်သစ်တောဟု ခေါ်ဆိုရခြင်းမှာ ဘေးကပ်လျက်ရှိသော ရှန်မုမြို့ကြောင့် မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ရှန်မုမြို့ဟူသော အမည်က ဤအထွတ်အမြတ်သစ်တောကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
အထွတ်အမြတ်သစ်တောထဲတွင် ရှေးခေတ်ကာလကတည်းက တည်ရှိနေခဲ့သော သစ်ပင်ကြီးတစ်ပင် ရှိသည်။ မီတာတစ်ရာနီးပါး မြင့်မားပြီး ကောင်းကင်ကိုပင် ဖုံးကွယ်ထားနိုင်သော ထိုအပင်ကို အထွတ်အမြတ်သစ်ပင် ဟု ခေါ်ဆိုကြပြီး ရှန်မုမြို့သူမြို့သားများ၏ ကိုးကွယ်ရာအမှတ်တံဆိပ်လည်း ဖြစ်သည်။ အဓိက ပွဲတော်ရက်များတွင် လူတွေက ဤအထွတ်အမြတ်သစ်ပင်အောက်သို့ လာရောက် ပူဇော်ကြလေ့ရှိသည်။ အကယ်၍ အထွတ်အမြတ်သစ်တောကိုသာ မီးရှို့လိုက်ပါက အထွတ်အမြတ်သစ်ပင်ပါ မလွဲမသွေ ပျက်စီးသွားမည်ဖြစ်ရာ လူတွေက ထိုသို့ဖြစ်လာမည်ကို လုံးဝ လက်မခံနိုင်ကြပေ။
ထို့ကြောင့် သစ်ပင်မိစ္ဆာကို ရှာဖွေရန်အတွက် လူများအနေဖြင့် အထဲသို့ ဆက်တိုက် ဝင်ရောက်ရှာဖွေရန်သာ တတ်နိုင်လေသည်။
သို့သော် သစ်ပင်မိစ္ဆာက ပုန်းအောင်းရာတွင် ကျွမ်းကျင်ရုံသာမက အလွန်လည်း စွမ်းအားကြီးမားလှသည်။ အချို့သော ကျင့်ကြံသူများက ၎င်း၏ ခြေရာလက်ရာ သဲလွန်စကို တွေ့ရှိခဲ့သော်လည်း ရှာဖွေနေစဉ်အတွင်း သူတို့ ဘယ်တော့မှ ပြန်ထွက်မလာခဲ့ကြတော့ပေ။
ရွေးချယ်စရာ မရှိတော့သဖြင့် နောက်ဆုံးတွင် လူများက ဟူတိုင်းပြည်ရှိ အကြီးဆုံး ဂိုဏ်းကြီးနှစ်ခုမှ တစ်ခုဖြစ်သော ချင်းလွမ်တောင်ထံသို့ အကူအညီ တောင်းခံခဲ့ကြရသည်။
ဤအချိန်တွင် လမင်းက မှောင်မိုက်နေပြီး လေပြင်းများ တိုက်ခတ်နေသည်။ အထွတ်အမြတ်သစ်တောက တိတ်ဆိတ်နေပြီး သစ်ပင်များကို ဖြတ်သန်းသွားသော လေတိုက်သံ ဝှစ်ခနဲ ဝှစ်ခနဲ သံများကိုသာ ကြားနေရသည်။
သစ်ရွက်များပေါ်သို့ နင်းလိုက်သော ခြေသံများက အမှောင်ထုထဲတွင် ပဲ့တင်ထပ်သွားသည်။ အထွတ်အမြတ်သစ်တောထဲတွင် လှပကျော့ရှင်းသော ပုံရိပ်ခြောက်ခု ပေါ်လာခဲ့သည်။ သူတို့အားလုံးက အစိမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လှပသော မျက်နှာသွင်ပြင်များကို ပိုင်ဆိုင်ထားကြသည်။
“စီနီယာအစ်မ... လေးရက်တောင် ရှိနေပြီ။ သစ်ပင်မိစ္ဆာ ထွက်မလာတာ လေးရက်တောင် ရှိပြီ။ သူ ထွက်ပြေးသွားတာများလား...”
“မဖြစ်နိုင်ဘူး... သူက ဉာဏ်ရည်ပြည့်ဝနေပြီဖြစ်လို့ သူ့အခြေအနေကို သူ နားလည်တယ်။ အထွတ်အမြတ်သစ်တောထဲကနေ ဒီအတိုင်း ထွက်သွားဖို့ ဘယ်ရဲပါ့မလဲ...”
*