စကြဝဠာ လက်စွပ်နဲ့ ကမ္ဘာများကြား လျှောက်လှမ်းမယ် အခန်း ၃၀၁ - ကျင်းဝေ၏ သတင်း
လင်းမူ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သေချာပေါက် မမျှော်လင့်ထားခဲ့ချေ။ သခင်ကြီးကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ရုံသာမက မင်္ဂလာဆောင်ကိုပါ တက်ရောက်ရမည် ဖြစ်ပေသည်။ မြို့တော်ဝန်၏ သားဖြစ်သူ ဝူထန် ကဲ့သို့သော အဆင့်အတန်း မြင့်မားသူ တစ်ဦး၏ မင်္ဂလာဆောင်မျိုးကို သူ ဘယ်တုန်းကမှ မတက်ရောက်ဖူးခဲ့ချေ။
လင်းမူ တက်ရောက်ဖူးသော မင်္ဂလာဆောင် အားလုံးမှာ သာမန်ပြည်သူများ၏ မင်္ဂလာဆောင်များသာ ဖြစ်ပြီး ကုန်ကျစရိတ် နည်းပါးကာ အတော်လေး ရိုးရှင်းလေ့ ရှိသည်။ ၎င်းတို့သည် မြန်ဆန်ပြီး တစ်ရက်အတွင်း ပြီးစီးလေ့ ရှိသော်လည်း ချမ်းသာသူများ၏ မင်္ဂလာဆောင် အခမ်းအနားများမှာမူ တစ်ပတ်ခန့် ကြာမြင့်နိုင်ပေသည်။
အခမ်းအနား တစ်ခုလုံး ဆယ်ရက်ကြာမြင့်မည်ဟု ကြားလိုက်ရသဖြင့် လင်းမူ စိတ်လှုပ်ရှားသလို အနည်းငယ်လည်း ဝမ်းနည်းသွားမိ၏။ မြို့ကို မြင်တွေ့ခွင့် ရမည့်အပြင် အဆင့်မြင့် ပွဲလမ်းသဘင်ကိုပါ ကြုံတွေ့ခွင့် ရမည်ဖြစ်၍ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ဝမ်းနည်းရခြင်းမှာမူ ထိုနေ့ရက်များအတွင်း ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံမစိုက်နိုင်တော့မည် ဖြစ်သောကြောင့်ပင်။
'အင်း... ကုန်ကျစရိတ် အားလုံးကို မြို့တော်ဝန်နဲ့ သခင်ကြီးက ကျခံမယ်လို့ ဟွေဝင် ပြောတယ်နော်... ဒါဆို ငါ ကြိုက်သလောက် စားလို့ရတယ်လို့ ဆိုလိုတာလား...' လင်းမူ တွေးတောနေမိ၏။
ချမ်းသာသူများ၏ ညစာစားပွဲများတွင် တန်ဖိုးကြီး ပါဝင်ပစ္စည်းများကို မည်သို့ အသုံးပြုကြကြောင်း ဇာတ်လမ်းများကို လင်းမူ ကြားဖူးပြီး ထိုသည်မှာ သာမန် ချမ်းသာသူ တစ်ဦး မဟုတ်ဘဲ မြို့တော်ဝန် ဝူရွှမ် ကိုယ်တိုင်၏ ညစာစားပွဲ ဖြစ်ပေသည်။ ထိုမျှသာမက သူ့သား ဝူထန်က ကျင့်ကြံခြင်းဂိုဏ်း တစ်ခုမှ အကြီးအကဲ တစ်ဦး၏ သမီးနှင့် လက်ထပ်မည်ဟု ကြားသိထားရသည်။
အလားတူ မဟုတ်လျှင်တောင် ပွဲတစ်ခုလုံးတွင် ပိုကောင်းသော အရာများ သေချာပေါက် ရှိနေမည် ဖြစ်ပေသည်။
"ကုန်ကျစရိတ် အားလုံးကို မြို့တော်ဝန်နဲ့ သခင်ကြီးက ကျခံမယ်လို့ ခင်ဗျား ပြောတယ်နော်... ဟုတ်လား..." လင်းမူ မေးလိုက်၏။
လင်းမူ ထိုမေးခွန်းကို မေးလိုက်သည်နှင့် ဟွေဝင် ဘာကြောင့်မှန်း မသိသော်လည်း မကောင်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ သူမ၏ အလိုအလျောက် သိစိတ်က မကြာမီ ကံဆိုးမိုးမှောင်ကျတော့မည် သို့မဟုတ် ထိုကဲ့သို့သော အရာတစ်ခုခု ဖြစ်လာတော့မည်ဟု ပြောနေသကဲ့သို့ ဖြစ်နေ၏။
"အင်း... ဟုတ်ပါတယ်... ဒါပေမဲ့ ကုန်ကျစရိတ် အမျိုးအစားပေါ်လည်း မူတည်သေးတယ်လေ... လူတစ်ယောက်က ပစ္စည်းတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် လူတွေကို ထိခိုက်အောင် လုပ်တာမျိုးလို အကြောင်းပြချက် မရှိတဲ့ ကိစ္စမျိုး မဟုတ်သ၍တော့ အဆင်ပြေပါတယ်... ခြွင်းချက်တွေတော့ ရှိနိုင်တာပေါ့... ဒါကြောင့် ရှင့်ရဲ့ ဆင်ခြင်တုံတရားကို သုံးပြီး မသင့်တော်တာ ဘာမှ မလုပ်ပါနဲ့..." ဟွေဝင် သတိပေးလိုက်၏။
"အစားအသောက် စားတာကရော ဘယ်လိုလဲဗျ..." လင်းမူ သူမ၏ ဖုံးကွယ်ထားသော သတိပေးမှုကို ဂရုမစိုက်ဘဲ ထပ်မေးလိုက်သည်။
"အစားအသောက် ဟုတ်လား... ဒါပေါ့... အစားအသောက်လည်း ပါပါတယ်... ဖိတ်ကြားထားတဲ့ ဧည့်သည် ဘယ်သူမဆို သူတို့ စားချင်သလောက် စားသောက်လို့ ရပါတယ်... ဒီလောက်လေးတောင် မလုပ်နိုင်ရင် မြို့တော်ဝန်အတွက် သိက္ခာ ကျစရာ ဖြစ်သွားမှာပေါ့..." ဟွေဝင် ဖြေလိုက်၏။
လင်းမူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာပြီး ဟွေဝင်၏ ဗိုက်ထဲမှ ခံစားချက်မှာ ပိုမို ဆိုးရွားလာတော့သည်။
"ကောင်းပြီလေ... ဒါဆို ပြဿနာ မရှိလောက်ပါဘူး... ကျုပ် အဆင်သင့် ဖြစ်နေပါ့မယ်... အဲဒီကို သွားခါနီးရင် ကျုပ်ကို လာခေါ်လိုက်ပါ..." လင်းမူ ပြန်ပြောပြီး မြို့လယ်ခေါင် အဆောက်အအုံထဲမှ ထွက်ခွာလာခဲ့၏။
ဟွေဝင် ဘယ်ကမှန်း မသိ ပေါ်လာသော ခေါင်းကိုက်ဝေဒနာကြောင့် နဖူးကို ပွတ်သပ်လိုက်သည်။
'ငါ... ကံဆိုးမိုးမှောင်ကျခြင်း နတ်ဘုရားကိုများ စိန်ခေါ်လိုက်မိသလား... ဘာလို့ ဒီလောက် ခံစားရဆိုးနေတာလဲ...' ဟွေဝင် ကိုယ့်ဘာသာ တွေးလိုက်၏။
ထိုအချိန်တွင် လင်းမူ မြို့အထွက်ဘက်သို့ ဦးတည်သွားနေပြီ ဖြစ်သည်။ သူ သားရဲများကို ပိုအမဲလိုက်ချင်ပြီး သွေးမျိုးဆက် နိုးထထားသော သားရဲတစ်ကောင်ကို ရှာဖွေရန် ကြိုးစားလိုပေသည်။ ထိုနေရာသို့ မသွားမီ အချိန်မည်မျှ ရသေးမှန်းလည်း ယခု သူ သိရှိသွားပြီ ဖြစ်ပေသည်။
"အင်း... မင်္ဂလာဆောင်က ပြန်လာတာနဲ့ မဟာ အိပ်မောကျ ဝက်ဝံရဲ့ သွေးမျိုးဆက်ကို သွားယူပြီး ပေါင်းစပ်ဖို့ ပြင်ဆင်ရမယ်... ဒါပေမဲ့ မွှေးပွလေးကိုလည်း တစ်ခုခု လုပ်ပေးရဦးမယ်... သူ့ကို တစ်ချိန်လုံး တစ်ကောင်တည်း ထားခဲ့လို့ မဖြစ်ဘူး...”
“အိမ်ကလည်း... တစ်နှစ်လုံး ဒီအတိုင်း ပစ်ထားခဲ့လို့ မဖြစ်ဘူး... တစ်နှစ်လုံး မဖွင့်ဘူးဆိုရင် လူတွေ လာစစ်ဆေးကြမှာ သေချာတယ်... အဲဒီအတွက် ဘာလုပ်ရမလဲ..." လင်းမူ အနာဂတ်အတွက် စီစဉ်ရန် ကြိုးစားရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
"အိမ်အတွက်ကတော့ ပုံရိပ်ယောင် အစီအရင် တစ်ခု ချထားဖို့ ကြိုးစားကြည့်လို့ ရတယ်... ကျင်းဝေကို အကူအညီ တောင်းကြည့်လို့ ရလောက်ပါတယ်..." ရွှီခုန်း အကြံပြုလိုက်၏။
"အာ ဟုတ်သားပဲ... အဲဒါ စမ်းကြည့်လို့ ရတယ်... သူ့ဆီမှာ သွေးမျိုးဆက် နိုးထထားတဲ့ သားရဲ အမြုတေတောင် ရှိရင် ရှိလောက်မှာ... တကယ်လို့ ရှိတယ်ဆိုရင် ကျွန်တော် အဲဒါအတွက် သီးသန့် သွားအမဲလိုက်နေစရာ မလိုတော့ဘူးပေါ့..." လင်းမူ ပြန်ပြောလိုက်၏။
ထို့နောက် သူ လက်စွပ်ထဲမှ ဆက်သွယ်ရေး ကျောက်စိမ်းပေရွက်ကို ထုတ်ယူပြီး ကျင်းဝေကို ဆက်သွယ်လိုက်သည်။ တစ်မိနစ်ခန့် အကြာအထိ တုံ့ပြန်မှု မရှိသော်လည်း ထို့နောက် ကျင်းဝေ တုံ့ပြန်လာသည်ကို သူ အာရုံခံမိလိုက်၏။ သူ အလျင်လိုနေပုံရပြီး လင်းမူကို ဘာကိစ္စနဲ့ ဆက်သွယ်တာလဲဟု မေးလိုက်သည်။
လင်းမူ သူ လိုအပ်သည်များကို အလျင်အမြန် ပြောပြလိုက်ရာ အပြုသဘောဆောင်သော အဖြေရော အဆိုးသဘောဆောင်သော အဖြေပါ ရရှိခဲ့၏။ ပုံရိပ်ယောင် အစီအရင် ကိစ္စတွင် ပြဿနာ သိပ်မရှိဘဲ ကျင်းဝေက ယင်းကို ခင်းကျင်းရန် လိုအပ်သော ပစ္စည်းများကို ပေးနိုင်ပေသည်။ သွေးမျိုးဆက် နိုးထထားသော သားရဲ အမြုတေ ကိစ္စတွင်မူ သူတို့ထံတွင် မရှိကြောင်း ကျင်းဝေက ပြောပြခဲ့၏။
လင်းမူ ကျင်းဝေကို ပေးခဲ့သော ဟင်းလင်းပြင် လက်စွပ်ကို ပြင်ဆင်ရန် လိုအပ်သော သယံဇာတများအတွက် သူတို့ စုဆောင်းထားသော သားရဲ ကုန်ကြမ်း အများစုကို ကျင်းမင်ရှန်ထံ ရောင်းချလိုက်ရသဖြင့် ထိုကိစ္စအတွက် များများစားစား မလုပ်ပေးနိုင်တော့ချေ။ လင်းမူ ထိုအရာကို နားလည်ပြီး ပုံရိပ်ယောင် အစီအရင်လေး ရလျှင်ပင် အဆင်ပြေကြောင်း ပြောလိုက်၏။
ကျင်းဝေက သူ့ကို ဆိုင်သို့ အခုချက်ချင်း လာခဲ့ရန် ပြောပြီး သူတို့အကြောင်း သတင်းအနည်းငယ် ထပ်ရထားကြောင်းလည်း ပြောပြလိုက်သည်။
'အင်း... ဘာသတင်းများ ဖြစ်မလဲ...' လင်းမူ ကျင်းဝေ ကုန်စုံဆိုင် ရှိရာဘက်သို့ လမ်းကြောင်း ပြောင်းရင်း တွေးတောနေမိ၏။
သူ ဆိုင်တံခါးကို ကျယ်လောင်သော ကျွီခနဲ မြည်သံနှင့်အတူ ဖွင့်လိုက်ပြီး နောက်ဖေးခန်းသို့ လျှောက်သွားလိုက်သည်။ ဆိုင်ထဲတွင် မည်သူမျှ မရှိဘဲ ဖုန်များ ပြန်လည် စုပုံစပြုနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ လင်းမူ နောက်ဖေးခန်းရှိ မီးအိမ်ကို မှုတ်ပိတ်လိုက်ရာ ခြံဝင်းထဲတွင် ပေါ်လာပြီး အခြားတစ်ဖက်ရှိ အိမ်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။
ထိုနေရာသို့ လမ်းလျှောက်သွားစဉ် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ယခင်အတိုင်းပင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ခြံဝင်း၏ ပတ်ဝန်းကျင်သည်လည်း ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိနေပြီး ဟင်းလင်းပြင် လက်စွပ်ကို ပြုပြင်ရာမှ ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများလည်း ပျောက်ကွယ်သွားလေပြီ။
ထို့နောက် လင်းမူ တံခါးဝတွင် ရပ်နေသော တွမ်ခယ်ကို တွေ့လိုက်ရပြီး သူ့ကို စောင့်နေပုံ ရ၏။ အနီးသို့ ရောက်သောအခါ သူမ၏ မျက်နှာထား အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရကြောင်း လင်းမူ မြင်တွေ့လိုက်ရသည်။
အခန်း ၃၀၁ ပြီး