အခန်း ၃၀၂ - ခေါင်းဆောင်ကြီးနှင့် မင်းသမီးလေး
လင်းမူ တွမ်ခယ်ကို ဘာဖြစ်တာလဲဟု မေးရန် ပြင်လိုက်စဉ် သူမက ရုတ်တရက် စကားစပြောလာ၏။
"သွားကြစို့... အဘိုး ရှင့်ကို စောင့်နေတယ်..." သူမက ပြောဆိုပြီး အထဲသို့ ဝင်သွားလေသည်။
လင်းမူ သူမကို ပြန်ပြောရန် အခွင့်အရေးပင် မရလိုက်ဘဲ လောလောဆယ် သူမနောက်သို့ လိုက်သွားရန်သာ ဆုံးဖြတ်လိုက်၏။ သို့သော် သူ့ဗိုက်ထဲတွင်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေပေသည်။ တွမ်ခယ်က ယခင်ကကဲ့သို့ ငါနှင့်မင်းဟု မသုံးဘဲ သူ့ကို ရှင်ဟုလည်း ခေါ်ဆိုခဲ့ပေသည်။
သူတို့ ခန်းမထဲသို့ ရောက်ရှိသွားပြီး ကျင်းဝေ မျက်လုံးမှိတ်လျက် ထိုင်နေသည်ကို လင်းမူ တွေ့လိုက်ရ၏။ သူ အတွေးထဲ နစ်မြောနေပုံရပြီး သူ့မျက်နှာအမူအရာကို ကြည့်ရသည်မှာ ထိုလောကကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ထားပြီး သူ့အတွက် တည်ရှိနေသော တစ်ခုတည်းသော အရာများမှာ သူ့စိတ်ထဲရှိ အရာများသာ ဖြစ်နေသကဲ့သို့ ပုံပေါက်နေပေသည်။
လင်းမူ သူ့ရှေ့တွင် လာရပ်သောအခါ ကျင်းဝေ မျက်လုံးဖွင့်လာ၏။
"အဘိုး... အဘိုး ခိုင်းထားတဲ့အတိုင်း ပုံရိပ်ယောင် အစီအရင် အစိတ်အပိုင်းတွေကို သမီး အဆင်သင့် ပြင်ထားပြီးပြီ..." တွမ်ခယ်က ပြောလိုက်သည်။
"ကောင်းတယ်... အဲဒါတွေကို သူ့ကို ပေးလိုက်ပြီး ဘယ်လို သုံးရမလဲ ဆိုတာကိုပါ ပြောပြလိုက်..." ကျင်းဝေ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
တွမ်ခယ် သူမ၏ ဟင်းလင်းပြင် သိုလှောင်ရတနာထဲမှ သေတ္တာတစ်လုံးကို ထုတ်ယူပြီး လင်းမူထံ ကမ်းပေးလိုက်သည်။ သူမ ကျောက်စိမ်းပေရွက်ငယ်လေး တစ်ခုကိုလည်း ထုတ်ယူပြီး သူမ၏ နဖူးတွင် တစ်မိနစ်ခန့် ကပ်ထားပြီးနောက် သူ့ကို ပေးလိုက်၏။
"ဒီသေတ္တာထဲမှာ အစီအရင် ချထားဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ပါတယ်... ကျောက်စိမ်းပေရွက်ထဲမှာတော့ ဘယ်လို တည်ဆောက်ရမလဲ ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေ ပါတယ်... အစိတ်အပိုင်းတွေကို သန့်စင်ပြီးသားမို့လို့ ခက်ခဲမှာ မဟုတ်ပါဘူး..." တွမ်ခယ်က ပြောလိုက်သည်။
လင်းမူ အစိတ်အပိုင်းများ ပါဝင်သော သေတ္တာကို လက်စွပ်ထဲ သိမ်းဆည်းလိုက်ပြီး ကျောက်စိမ်းပေရွက်ငယ်လေးထဲရှိ အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ သတင်းအချက်အလက်များ သူ့စိတ်ထဲတွင် ပေါ်လာပြီး အတော်လေး ရိုးရှင်းကြောင်း တွေ့ရှိလိုက်ရသည်။
"အစီအရင်နဲ့ ပတ်သက်ပြီး ငါ မင်းကို လမ်းညွှန်ပေးနိုင်ပါတယ်... ဒါကြောင့် ဒီညွှန်ကြားချက်တွေက သိပ်အရေးမကြီးပါဘူး..." ရွှီခုန်း လင်းမူ၏ စိတ်ထဲတွင် ပြောလိုက်၏။
"အင်း..." လင်းမူ တွမ်ခယ်နှင့် ရွှီခုန်း နှစ်ဦးစလုံးကို တုံ့ပြန်သည့်အနေဖြင့် ညည်းတွားလိုက်သည်။
ထို့နောက် ရာဇပလ္လင်နှင့် တူသော ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်သော ကျင်းဝေကို သူ ကြည့်လိုက်၏။
"ဒါနဲ့ ကျွန်တော့်အတွက် ဘာသတင်းများ ရှိလို့လဲ..." လင်းမူ မေးလိုက်သည်။
"အင်း... ပထမဆုံး အနေနဲ့ ငါတို့ကို အသိပညာတွေ ပေးသနားခဲ့တဲ့အတွက် မင်းနဲ့ မင်းရဲ့ ဆရာကို နောက်တစ်ကြိမ် ကျေးဇူးတင်ချင်ပါတယ်... အဲဒီအတွက် ငါတို့ ထာဝရ ကျေးဇူးတင်နေမှာပါ..." ကျင်းဝေ ပြောဆိုပြီး မတ်တတ်ရပ်လိုက်၏။
တွမ်ခယ်လည်း တင်းမာသွားပုံရပြီး ယခုအခါ အတော်လေး ကွဲပြားခြားနားသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေပေသည်။
ထို့နောက် ကျင်းဝေ လက်နှစ်ဖက်ကို ရှေ့သို့ ယူဆောင်ကာ လက်ဆုပ်ပြီး အရိုအသေ ပေးလိုက်ရာ တွမ်ခယ်လည်း ထိုနည်းတူ ပြုလုပ်လိုက်၏။
“ဟင်..." လင်းမူ စကားပြောရန် ပြင်လိုက်စဉ် ဖြတ်ပြောခံလိုက်ရသည်။
"ငါ ကျင်းဝေ... ကျင်းမိသားစုရဲ့ ဆဋ္ဌမမြောက် ခေါင်းဆောင်က ဒီနေရာကနေ ကြေညာပါတယ်... ငါနဲ့ ငါ့မိသားစု တည်ရှိနေသ၍ မင်းအပေါ် အကြွေးတင်နေမှာ ဖြစ်ပြီး မင်း အလိုရှိမယ်ဆိုရင် မင်းရဲ့ မျိုးဆက် ငါးဆက်တိုင်တိုင် ကူညီပေးဖို့ အသင့်ရှိနေမှာပါ..." ကျင်းဝေ သြဇာပါသော လေသံဖြင့် ကြေညာပြီးနောက် ဦးညွှတ်လိုက်၏။
လင်းမူ အံ့သြတုန်လှုပ်နေသော မျက်နှာဖြင့် ဆက်လက် နားထောင်နေပြီး စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
"ကျွန်မ တွမ်ခယ်... ယခင် တွမ်တိုင်းပြည်ရဲ့ တစ်ဦးတည်းသော မင်းသမီးက ဒီနေရာကနေ ကြေညာပါတယ်... ကျွန်မနဲ့ ကျွန်မ မိသားစု တည်ရှိနေသ၍ ရှင့်အပေါ် အကြွေးတင်နေမှာ ဖြစ်ပြီး ရှင် အလိုရှိမယ်ဆိုရင် ရှင့်ရဲ့ မျိုးဆက် ငါးဆက်တိုင်တိုင် ကူညီပေးဖို့ အသင့်ရှိနေမှာပါ..." တွမ်ခယ်လည်း ခိုင်မာသော အသံဖြင့် ကြေညာပြီးနောက် ဦးညွှတ်လိုက်၏။
လင်းမူ သူတို့၏ စကားများကြောင့် အလွန်အမင်း လွှမ်းမိုးခံလိုက်ရပြီး သူ့စိတ်များ ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါကတော့ သေချာပေါက် မမျှော်လင့်ထားတဲ့ ကိစ္စပဲ..." ရွှီခုန်း မှတ်ချက်ချလိုက်၏။
လင်းမူ ကျင်းဝေ၏ စကားများကို နားလည်နိုင်သေးသော်လည်း တွမ်ခယ်၏ စကားများကိုမူ ဇဝေဇဝါ ဖြစ်နေမိ၏။
'မင်းသမီး ဟုတ်လား... တွမ်တိုင်းပြည်...' လင်းမူ စိတ်ထဲမှ မေးခွန်းထုတ်လိုက်သည်။
တွမ်တိုင်းပြည် အကြောင်း သူ ဖတ်ဖူးခဲ့သလားဟု ပြန်လည် စဉ်းစားကြည့်ရာ လွန်ခဲ့သော အချိန်အတော်ကြာက တကယ်ပဲ ရှိခဲ့ဖူးကြောင်း သတိရသွား၏။ တွမ်တိုင်းပြည်သည် ယခင် ဗဟို ကုန်းမြေတိုက်ကြီး၏ တိုင်းပြည်များထဲမှ တစ်ခု ဖြစ်ပြီး တစ်ချိန်က ကြီးမားသော အင်အားကြီး နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပေသည်။
နောက်ဆုံးတွင် အခြားတိုင်းပြည်များကဲ့သို့ပင် ကျိုးနိုင်ငံ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး လက်အောက်ခံ တိုင်းပြည် ဖြစ်လာခဲ့သည်။ ထိုအချိန်က တွမ်တိုင်းပြည်၏ တော်ဝင်မိသားစု ဆက်လက် တည်ရှိနေသေးသော်လည်း လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ပြည်တွင်းစစ် ဖြစ်ပွားချိန်တွင် တစ်ခုခု ဖြစ်ပျက်ခဲ့၏။ တော်ဝင်မိသားစုအတွင်း ပဋိပက္ခ တစ်ခုခု ဖြစ်ပွားခဲ့ပြီး မိသားစုဝင် အားလုံး သုတ်သင်ခံရခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း ဖြစ်ခဲ့သည်။
ထိုအဖြစ်အပျက် နောက်ပိုင်းတွင် တိုင်းပြည်ကို အိမ်နီးချင်း နိုင်ငံများက ခွဲဝေယူလိုက်ကြပြီး သမိုင်းမှတ်တမ်းများထဲတွင် ထာဝရ ပျောက်ကွယ်သွားခဲ့တော့သည်။ တွမ်ခယ်က ထိုတိုင်းပြည်၏ မင်းသမီးလေး ဖြစ်နေလိမ့်မည်ဟု လင်းမူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ကျင်းဝေနှင့် တွမ်ခယ်တို့ ဦးညွှတ်ရာမှ ပြန်လည် မတ်တတ်ရပ်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်နေသော လင်းမူကို ကြည့်လိုက်ကြ၏။
"ဒါတွေ အားလုံးကို လက်ခံဖို့ ခက်ခဲမယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ စိတ်ထဲ သိပ်မထားပါနဲ့... ငါတို့... ငါတို့က အရင်ကလို မဟုတ်တော့ပါဘူး... ငါက အဖွဲ့ဝင် တစ်ယောက်မှ မရှိတော့တဲ့ မိသားစု တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်ပြီး တွမ်ခယ်ကလည်း ပြည်သူ တစ်ယောက်မှ မရှိတော့တဲ့ တိုင်းပြည် တစ်ခုရဲ့ မင်းသမီးလေးပါ... ငါတို့ရဲ့ ဘွဲ့အမည်တွေက အတိတ်က အမာရွတ်တွေ သက်သက်ပဲ ဖြစ်ပြီး ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး..." ကျင်းဝေ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
လင်းမူ ဘာပြောရမှန်း မသိတော့ဘဲ ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်သည်။ သူတို့ ပြောခဲ့သော စကားများက လေးနက်ပြီး သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြသည့် နည်းလမ်း ဖြစ်ကြောင်း သူ သိထား၏။ ထိုအရာကို ငြင်းပယ်ခြင်းဖြင့် သူတို့ကို မလေးမစား မလုပ်နိုင်ပေ။
"အဘိုး... သူ့ကို အဲဒီအကြောင်း ပြောပြရဦးမယ်လေ..." တွမ်ခယ် သတိပေးလိုက်၏။
"ကျွန်တော့်ကို ဘာပြောပြရမှာလဲ..." လင်းမူ မေးလိုက်သည်။
"ငါတို့ ရရှိခဲ့တဲ့ အသိပညာတွေက ငါတို့ကို အများကြီး အထောက်အကူ ပြုခဲ့တယ်... ပြီးတော့ အချိန်အတော်ကြာပြီးမှ ငါ့မှာ မျှော်လင့်ချက် ရှိလာသလို ခံစားရတယ်... ငါ့မိသားစုအတွက် လက်စားချေဖို့ မျှော်လင့်ချက်ပေါ့..." ကျင်းဝေ မျက်လုံးထဲတွင် မီးတောက်များ တောက်ပလျက် ပြန်ဖြေလိုက်၏။
ဟူး
ကျင်းဝေ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းကာ ဆက်ပြောလိုက်သည်။
"အဲဒီ အကြောင်းပြချက်ကြောင့်ပဲ ငါတို့ ပြင်ဆင်ဖို့ လိုတယ်... ငါတို့ အချိန်ကောင်းကို စောင့်နေခဲ့တာ အခုတော့ ရောက်လာပြီ... ငါတို့... ငါတို့ ခဏလောက် ထွက်သွားရလိမ့်မယ်..." သူ ပြောလိုက်၏။
"ထွက်သွားမယ် ဟုတ်လား... ဘယ်ကို သွားမှာလဲ... ဘယ်လောက်ကြာမှာလဲ..." လင်းမူ စိုးရိမ်တကြီး မေးလိုက်သည်။
"ငါတို့ရဲ့ ဘိုးဘေးပိုင် နယ်မြေတွေဆီ သွားမှာပါ... အဲဒီမှာ ပြင်ဆင်ဖို့ လိုအပ်တဲ့ အရာတွေ ရှိတယ်... ငါ မင်းကို ပြောချင်တာက ငါတို့ ပြန်လာတဲ့အခါ အင်ပါယာက အရင်လို ဖြစ်နေတော့မှာ မဟုတ်ဘူး... ငါတို့ ပြန်လာတဲ့ သတင်းက ပဋိပက္ခ အသစ်တစ်ခုကို စတင်စေဖို့ များတယ်... ဒါကြောင့် မင်း အဲဒီအတွက် အသင့်ပြင်ထားဖို့ လိုတယ်...”
“အချိန်အတွက်ကတော့... လပိုင်းလောက်လည်း ကြာနိုင်သလို တစ်နှစ်ကျော်လည်း ကြာနိုင်တယ်..." ကျင်းဝေ ဖြေလိုက်၏။
အခန်း ၃၀၂ ပြီး