အခန်း ၃၀၇ - ပထမဆုံး အစီအရင် အစုအဝေးကို ခင်းကျင်းခြင်း
လင်းမူ လောလောဆယ် အစီအရင် အစုအဝေး တစ်ခု ခင်းကျင်းရန် လမ်းညွှန်မှု ခံယူနေပြီး တစ်ဝက်ခန့် ပြီးစီးနေပြီ ဖြစ်သည်။ ကျင်းဝေက လင်းမူကို ပေးခဲ့သော အစိတ်အပိုင်းများနှင့် ညွှန်ကြားချက်များကို ရွှီခုန်း ကြည့်ရှုခဲ့ပြီး ဖြစ်၏။ သူ မျှော်လင့်ထားသည့်အတိုင်း သူတို့၏ အစီအရင် ခင်းကျင်းပုံ နည်းလမ်းမှာ အတော်လေး အားနည်းလှပေသည်။
တူညီသော အစိတ်အပိုင်းများကို အသုံးပြု၍ ပိုမို ကောင်းမွန်သော ပုံရိပ်ယောင် အစီအရင် အစုအဝေး တစ်ခုကို ခင်းကျင်းနိုင်မည့် နည်းလမ်းဆယ်ခုခန့်ကို ရွှီခုန်း စဉ်းစားနိုင်ပေသည်။ ယခု သူ လုပ်ဆောင်နေသည်မှာလည်း ထိုအရာပင် ဖြစ်၏။ အမှန်တကယ်တွင် ရွှီခုန်းက အစီအရင် အစုအဝေး၏ အကျိုးသက်ရောက်မှုကို တိုးမြှင့်ပေးမည့် လုပ်ဆောင်ချက် အချို့ကိုပါ ထပ်မံ ပေါင်းထည့်နိုင်မည့် နည်းလမ်းတစ်ခုကိုပင် ရှာတွေ့ခဲ့သေးသည်။
အစီအရင် အစုအဝေးကို အစီအရင် အလံများ၊ အင်းစာရွက်များ၊ အစီအရင်ပြားများနှင့် အစီအရင် ကျောက်တုံးများ အပါအဝင် အစိတ်အပိုင်း အများအပြားကို အသုံးပြု၍ ခင်းကျင်းရခြင်း ဖြစ်သည်။ ထိုအရာများ အားလုံးကို အထူး ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ၎င်းတို့ပေါ်တွင် သေးငယ်သော တစ်သီးပုဂ္ဂလ အစီအရင်များကို ရေးထိုးထားလေသည်။
ထိုအရာများ အားလုံးကို သတ်မှတ်ထားသော ပုံစံတစ်ခုနှင့် မှန်ကန်သော နည်းစနစ်များဖြင့် အသုံးပြုလိုက်သောအခါ အစီအရင် အစုအဝေး တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
လင်းမူ သူ့အိမ်၏ ထောင့်တိုင်းတွင် အစီအရင် အလံများကို စိုက်ထူပြီး ခြံဝင်း၏ လေးဘက်လေးတန်တွင် အင်းစာရွက်များကို ကပ်ထားပြီးစီးသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် ခြံဝင်း၏ အလယ်ဗဟို တည့်တည့်တွင် အစီအရင် ကျောက်တုံး တစ်တုံးကို မြှုပ်နှံလိုက်၏။ ထိုကျောက်တုံးက ပုံရိပ်ယောင် အစီအရင်၏ ပင်မ ဆုံချက်အဖြစ် လုပ်ဆောင်မည်ဖြစ်ပြီး အလံများက နယ်နိမိတ် တိုင်များအဖြစ် လုပ်ဆောင်ကာ နောက်ဆုံးတွင် အင်းစာရွက်များက အစီအရင် အစုအဝေး တစ်ခုလုံး၏ နယ်နိမိတ်များကို အားဖြည့်ပေးမည် ဖြစ်ပေသည်။
နောက်ဆုံးတွင် လင်းမူ၌ အစီအရင်ပြား တစ်ခုသာ ကျန်ရှိတော့၏။
"ဒါကို ဘာလုပ်ရမလဲ စီနီယာ..." လင်းမူ မေးလိုက်သည်။
"အဲဒီ အစီအရင် ပြားက ပုံရိပ်ယောင် အစီအရင် အစုအဝေး တစ်ခုလုံးရဲ့ သော့ချက်ပဲ... အဲဒါကို သုံးပြီး အားလုံးကို ထိန်းချုပ်ရမှာ..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ နားလည်ကြောင်း ခေါင်းညိတ်ပြပြီးနောက် အစီအရင် ပြားကို ကြည့်ကာ သူ့စိတ်ဝိညာဥ်ချီများကို ယင်းထဲသို့ ပို့လွှတ်လိုက်သည်။ အစီအရင်ပြား အပြည့်အဝ ပြည့်ဝသွားပြီး အသက်ဝင်ရန် အဆင်သင့် ဖြစ်သည်အထိ ဆယ်မိနစ်ခန့် အချိန်ပေးလိုက်ရ၏။ ၎င်းက သူ့စိတ်ဝိညာဥ်ချီ အရည် အမြောက်အမြားကိုပင် အသုံးပြုခဲ့ရပြီး အရည်စက် တစ်ရာခန့် ကုန်သွားပေသည်။
"ဒါက တွမ်ခယ် စီနီယာ ပြောခဲ့တဲ့ ပမာဏထက် အများကြီး ပိုများနေတယ်... ဘာဖြစ်လို့လဲ..." လင်းမူ ထပ်မေးလိုက်ပြန်၏။
သူ့စိတ်ဝိညာဥ်ချီ အရည်များ ကုန်ခမ်းသွားသော်လည်း တစ်ရက်အတွင်း ပြန်လည် မရရှိနိုင်သဖြင့် သိပ်ဂရုမစိုက်ပေ။ သို့သော် တွမ်ခယ် ပြောခဲ့သော ပမာဏမှာ စိတ်ဝိညာဥ်ချီ အရည်စက် ဆယ်စက်ခန့်သာ ဖြစ်ပြီး ယခု အစက် တစ်ရာခန့် ယူသွားသဖြင့် ဆယ်ဆ ပိုများနေသောကြောင့် အနည်းငယ် အံ့သြသွားမိသည်။
"ငါ အစီအရင် ခင်းကျင်းပုံကို နည်းနည်း ပြောင်းထားလို့ပါ... ဒါက ကနဦး သုံးစွဲမှုကို တိုးလာစေပေမယ့် အစီအရင် အစုအဝေး တစ်ခုလုံးကို ပိုခိုင်မာစေပြီး ပိုအစွမ်းထက်စေလိမ့်မယ်... ပြီးတော့ မင်း ထည့်သွင်းလိုက်တဲ့ ပမာဏနဲ့ဆိုရင် အစီအရင်က သူ့ဘာသာ နှစ်အနည်းငယ်လောက် ရပ်တည်နိုင်လိမ့်မယ်...”
“တကယ်လို့ ငါတို့ဆီမှာ အပို စွမ်းအင်ပေး အစီအရင် တစ်ခုသာ ရှိရင် မင်း ဒီအဆင့်ကိုတောင် လုပ်စရာ မလိုဘဲ အစီအရင် အစုအဝေးက ဘယ်သူမှ လာမတိုက်ခိုက်သ၍ ဒါမှမဟုတ် စွမ်းအင်ပေး အစီအရင် တစ်ခုခု မဖြစ်သ၍ ထာဝရ အသက်ဝင်နေနိုင်တယ်..." ရွှီခုန်း ပြောလိုက်၏။
ရွှီခုန်း ရှင်းပြပြီးသည်နှင့် လေထဲတွင် အင်းစာလုံးများ စတင် ပေါ်လာပြီး အစီအရင် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြသနေ၏။
"လုပ်လိုက်တော့..." ရွှီခုန်း အမိန့်ပေးလိုက်သည်။
လင်းမူ၏ စိတ်ဝိညာဥ်အာရုံက အစီအရင် ပြားနှင့် ချိတ်ဆက်သွားပြီး ခြံဝင်း တစ်ခုလုံး အစီအရင် အင်းစာလုံးများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ပထမတွင် ၎င်းတို့သည် အချင်းချင်း ပွတ်တိုက်နေပြီး မကိုက်ညီသကဲ့သို့ ဖြစ်နေသော်လည်း စီနီယာ ရွှီခုန်းက အမှားများကို ထောက်ပြပေးသဖြင့် လင်းမူ ပြင်ဆင်လိုက်၏။
ပုံမှန်အားဖြင့် ထိုသည်မှာ လင်းမူအတွက် အလွန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်မည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် သူက အစီအရင်များ ဖန်တီးခြင်းနှင့် ပတ်သက်၍ ရေရာသော သင်ယူမှုမျိုး တစ်ခုမျှ မရှိဖူးသောကြောင့် ဖြစ်၏။ သို့သော် ကြိုတင် ပြုလုပ်ထားသော အစိတ်အပိုင်းများနှင့် ရွှီခုန်း၏ ညွှန်ကြားချက်များကြောင့် သူ့အတွက် အလွန် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သွားခဲ့ပေသည်။
လင်းမူ အစီအရင် ပြား၏ အကူအညီဖြင့် အမှားများကို ပြင်ဆင်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ယင်းက သူ့စိတ်ဝိညာဥ်အာရုံဖြင့် အမိန့်ပေးသမျှကို လုပ်ဆောင်ပေးသောကြောင့် ဖြစ်ပေသည်။ မိနစ်သုံးဆယ်ခန့် အကြာတွင် အစီအရင် အစုအဝေး တစ်ခုလုံး တည်ငြိမ်သွားပြီး အင်းစာလုံးများ မှေးမှိန်ပျောက်ကွယ်သွား၏။
သို့သော် လင်းမူ အစီအရင် အစုအဝေး တစ်ခုလုံးနှင့် ဆက်သွယ်မှုကို ခံစားနေရဆဲ ဖြစ်ပြီး သူ အလိုရှိပါက အသက်သွင်းနိုင်၊ ပိတ်ပစ်နိုင်ပြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ကြောင်း သိထား၏။ လက်ဖျစ်တီးစရာပင် မလိုဘဲ တစ်ခုလုံး ပေါက်ကွဲသွားမည် ဖြစ်ပေသည်။
သို့သော် ၎င်းသည် လင်းမူ လိုချင်သော အရာ မဟုတ်ချေ။ ထိုအရာများသည် သူ့အတွက် ရရှိနိုင်သော လုပ်ဆောင်ချက်များသာ ဖြစ်ပေသည်။ ပုံရိပ်ယောင် လုပ်ဆောင်ချက်အပြင် ရွှီခုန်းက ယင်းအတွင်းရှိ အစိတ်အပိုင်း အချို့ကို ပြုပြင်မွမ်းမံပေးထားပြီး အဆင့်နိမ့် စိတ်နှောက်အစီအရင် တစ်ခုကိုပါ ထပ်မံ ပေါင်းထည့်ပေးထား၏။
ယခု ယင်းတို့ အားလုံး၏ ပေါင်းစပ်မှုကြောင့် တစ်စုံတစ်ယောက်က ခြံဝင်း တည်ရှိရာ နေရာကို ကြည့်လိုက်ပါက ကပ်လျက်ရှိ အခြား အိမ်များကိုသာ မြင်တွေ့ရမည် ဖြစ်ပြီး ခြံဝင်း လုံးဝ မရှိသကဲ့သို့ ဖြစ်နေပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က မတော်တဆ ခြံဝင်း နံရံကို ထိမိသွားလျှင်တောင် ထိုနေရာတွင် ခြံဝင်း ရှိနေသည်ဟု ထင်မှတ်မည် မဟုတ်ချေ။
သူတို့၏ အာရုံခံစားမှုကို အစီအရင် အစုအဝေးက ပုံပျက်ယွင်းသွားစေမည် ဖြစ်ပေသည်။ သို့သော် အစီအရင် အစုအဝေးတွင် ကန့်သတ်ချက်များ ရှိပြီး အရာအားလုံးကို စွမ်းဆောင်နိုင်သည်တော့ မဟုတ်ပေ။ အရာအားလုံး အဆင်ပြေနေသ၍ အစီအရင် အစုအဝေးက နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ် အနည်းငယ်အထိ သူ့ဘာသာ ရပ်တည်နိုင်ပေသည်။
သို့သော် ယင်းအပေါ် ထိခိုက်ပျက်စီးမှု တစ်ခုခု ဖြစ်ပေါ်ပါက အစီအရင် အစုအဝေး၏ စိတ်ဝိညာဥ်ချီ သိုလှောင်မှု ကုန်ခမ်းသွားမည် ဖြစ်ပြီး အသက်ဝင်နိုင်မည့် အချိန်လည်း လျော့ကျသွားမည် ဖြစ်၏။ နောက်ထပ် အချက်တစ်ချက်မှာ ထိုအစီအရင် အစုအဝေးက သာမန်ပြည်သူများအပေါ် သက်ရောက်မှု ရှိနိုင်သော်လည်း ကျင့်ကြံသူများအတွက်မူ ထိုသို့ မဟုတ်ချေ။
ကျင့်ကြံသူများ အနေဖြင့် တာအို ဖွဲ့စည်းခြင်း အဆင့်အောက်ရှိ သူများသာ ၎င်း၏ လှည့်စားမှုကို ခံရမည် ဖြစ်၏။ တာအို ဖွဲ့စည်းခြင်း အဆင့်၏ အာရုံခံနိုင်စွမ်းမှာ လုံးဝ ကွဲပြားခြားနားသော အဆင့်တစ်ခုတွင် ရှိနေသဖြင့် သာမန် အစီအရင် အများစုမှာ သူတို့အပေါ် အလုပ်မဖြစ်ချေ။
အခြား ခြွင်းချက် အချို့လည်း ရှိသေး၏။ ဥပမာအားဖြင့် အစီအရင် ကျွမ်းကျင်သူ တစ်ဦး ဖြတ်သန်းသွားပါက သူ သို့မဟုတ် သူမ၏ ကျွမ်းကျင်မှု အဆင့် မြင့်မားပါက ပုံရိပ်ယောင် အစီအရင်ကို ချက်ချင်း ထောက်လှမ်းသိရှိနိုင်မည် ဖြစ်ပေသည်။ သို့သော် ယင်းကို ဖြေရှင်းနိုင်မလား ဆိုသည်မှာ သူတို့၏ ခွန်အားအပေါ် မူတည်ပေသည်။
ထိုအလုပ် တစ်ခုလုံးကို ပြီးစီးသွားပြီးနောက် လင်းမူ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ သူ သုံးစွဲခဲ့သော စိတ်ဝိညာဥ်ချီများကို ပြန်လည် ဖြည့်တင်းရန် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။
အခန်း ၃၀၇ ပြီး