အခန်း ၃၀၉ - ခေါင်းစွပ်ဝတ်ရုံ အမျိုးသား လေးယောက်
စီနီယာ ရွှီခုန်း၏ စကားများကို နားထောင်ပြီးနောက် လင်းမူ မောပန်းစွာ သက်ပြင်းချလိုက်၏။ လက်ရှိ အလုပ်ကိုသာ အာရုံစိုက်ပြီး သွေးမျိုးဆက် နိုးထထားသော သားရဲတစ်ကောင်ကို ဆက်လက် ရှာဖွေသည်သာ ပိုကောင်းမည်ဟု သူ ပြန်လည် သုံးသပ်လိုက်သည်။
"စီနီယာ... သွေးမျိုးဆက် နိုးထထားတဲ့ သားရဲကို ရှာဖို့ ပိုလွယ်တဲ့ နည်းလမ်း ရှိလား..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ရှိတော့ ရှိတာပေါ့... ဒါပေမဲ့ မင်း သုံးနိုင်မယ့် နည်းလမ်း တစ်ခုမှ မရှိဘူးလို့ ငါ စိုးရိမ်မိတယ်... သွေးမျိုးဆက် နိုးထထားတဲ့ သားရဲတွေကို ရှာဖွေရာမှာ ကူညီပေးနိုင်တဲ့ အထူး ဝိညာဥ်ကိရိယာတွေ ရှိတယ်... ဒါပေမဲ့ ဒီကမ္ဘာမှာ အဲဒီလို အရာမျိုး ရှိတယ်ဆိုတာ သိတဲ့သူတောင် ရှိပါ့မလား သံသယ ဖြစ်မိတယ်... ပိုင်ဆိုင်ဖို့ဆိုတာတော့ ပြောမနေနဲ့တော့..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ နားလည်ကြောင်း ခေါင်းညိတ်ပြပြီး အမဲ ဆက်လိုက်လိုက်သည်။ သူ နောက်ထပ် နှစ်နာရီခန့် အမဲလိုက်ပြီးနောက် ယနေ့အတွက် ပြန်ရန် ဆုံးဖြတ်လိုက်၏။
'အနည်းဆုံးတော့ အခု နွေဦးရာသီ ရောက်လာပြီဆိုတော့ နေဝင်တာ သိပ်မစောတော့ဘူး...' လင်းမူ အပြန်လမ်းတွင် ကိုယ့်ဘာသာ တွေးလိုက်သည်။
သူ လုပ်ရိုးလုပ်စဉ်အတိုင်း နာရီအနည်းငယ် ကျင့်ကြံပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်မက်နယ်မြေထဲသို့ ရောက်ရှိသွား၏။ ယခုနောက်ပိုင်းတွင် လင်းမူ ကျင်းဝေ ပေးခဲ့သော မှတ်တမ်းများကို ဖတ်ရှုနေခဲ့သည်။ သူ မသိသော အရာများစွာ ရှိနေကြောင်း သဘောပေါက်လာပြီး ထိုအရာက ထိုကမ္ဘာ၏ ဒေသခံ အကြောင်းအရာများ ဖြစ်သဖြင့် စီနီယာ ရွှီခုန်းလည်း သူ့ကို ထိုအပိုင်းတွင် မကူညီနိုင်ချေ။
သူ ဓားတစ်ထောင်ကျမ်းကို လေ့ကျင့်ပြီးနောက် ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ်ကို လေ့ကျင့်ကာ မှတ်တမ်းများကို ဖတ်ရှုတတ်ပေသည်။ ကုန်းမြေတိုက်ကြီး၏ သမိုင်းကြောင်း၊ ပထဝီဝင် အနေအထားနှင့် ကုန်းမြေတိုက်ကြီး၏ အင်အားစုများ အပါအဝင် အသစ်အဆန်း အတော်များများကို သူ သင်ယူခဲ့ရ၏။
မဟာကျိုး အင်ပါယာတွင် တိုင်းပြည်ပေါင်း နှစ်ဆယ့်ငါးခုခန့် ရှိပြီး ဂိုဏ်းအရေအတွက်မှာ ၎င်းထက်ပင် ပိုများကြောင်း လင်းမူ သိရှိလာသည်။ နှစ်အနည်းငယ် ကြာတိုင်း ဂိုဏ်းအသစ်များ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသဖြင့် ကျင့်ကြံခြင်းဂိုဏ်း အရေအတွက် အတိအကျကို ပြောရန် ခက်ခဲပေသည်။
သို့သော် မပြောင်းလဲဘဲ တည်မြဲနေသော အရာတစ်ခုမှာ ထိပ်တန်းဂိုဏ်း ဆယ်ခုပင်။ သူတို့၏ အရေအတွက်မှာ လွန်ခဲ့သော နှစ်တစ်ထောင် အတွင်း အတူတူပင် ဖြစ်ပြီး ကျင့်ကြံသူများကို တစ်နည်းနည်းဖြင့် အမြဲတမ်း အုပ်ချုပ်နေခဲ့ကြခြင်းပင်။
လင်းမူ ရုတ်တရက် ခေါင်းမူးလာပြီး ယခု အိပ်သင့်ပြီဟု သဘောပေါက်လိုက်၏။
ထို့ကြောင့် နောက်တစ်နေ့ စတင်လာပြီး လင်းမူ အမဲလိုက်ရန် ထွက်လာလိုက်သည်။ ထိုတစ်ကြိမ်တွင် အလယ်ပိုင်း သို့မဟုတ် အနောက်မြောက်ပိုင်းတွင် ကံမကောင်းသဖြင့် သစ်တော၏ အရှေ့မြောက်ပိုင်းသို့ လမ်းကြောင်း ပြောင်းလိုက်၏။ သွေးမျိုးဆက် နိုးထထားသော သားရဲ တစ်ကောင်ကိုမျှ ရှာမတွေ့ပါက မဟာ အိပ်မောကျ ဝက်ဝံဖြင့်သာ ပထမဆုံးအကြိမ် လေ့ကျင့်ရမည်လားဟု လင်းမူ တွေးတောနေမိသည်။
မျက်စိတစ်မှိတ် အတွင်း နှစ်နာရီ ကုန်ဆုံးသွားပြီး ထိုအချိန်အတွင်း ဝိညာဥ်သားရဲ သုံးကောင် အမဲလိုက်နိုင်ခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ မည်သည့် အကောင်မှ သွေးမျိုးဆက် နိုးထထားခြင်း မရှိချေ။
လမ်းလျှောက်နေစဉ် လင်းမူ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးများ တွေ့ရှိခဲ့သော နေရာနှင့် အတော်လေး နီးကပ်နေပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။ စိတ်နှောက်အစီအရင် ရှိနေသေးလား ဆိုသည်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ငါးမိနစ် အကြာတွင် လင်းမူ ထိုနေရာသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် လူများ ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။
"ဟင်... ဘာလဲ..." လင်းမူ ရေရွတ်လိုက်ပြီး အလျင်အမြန် ပုန်းကွယ်လိုက်သည်။
ကြေးစားများက မစ်ရှင်ကို ရပ်တန့်လိုက်ပြီ ဖြစ်ပြီး သစ်တောထဲတွင် သားရဲများကို ဆက်လက် အမဲလိုက်ခြင်း မရှိတော့မှန်း လင်းမူ သိထား၏။ မုဆိုးများကလည်း သစ်တော၏ ထိုမျှ နက်ရှိုင်းသော နေရာအထိ ဝင်လာရဲမည် မဟုတ်ပေ။ ထိုသည်မှာ ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့၏။
'ကျင့်ကြံသူတွေလား... ဒါပေမဲ့ ဘယ်ကလဲ...' လင်းမူ သစ်ပင်တစ်ပင်၏ ဘေးမှ ချောင်းကြည့်ရင်း တွေးလိုက်သည်။
ထိုနေရာတွင် လူလေးယောက်ခန့် ရှိပြီး အားလုံးမှာ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင် ပေါက်ရောက်ခဲ့သော သစ်ပင်အနီးတွင် ရပ်နေကြ၏။ သူတို့ အားလုံးက အဝတ်အစားများနှင့် မျက်နှာများကို ဖုံးကွယ်ထားသော အညိုရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
'စိတ်နှောက်အစီအရင် နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ ထင်တယ်... မဟုတ်ရင် သူတို့ ဒီနေရာကို ဝင်လာနိုင်မှာ မဟုတ်ဘူး... ပြီးတော့ ငါလည်း ဒီဧရိယာ အလယ်ဗဟိုကို တိုက်ရိုက် ကြည့်လို့ရနေတာကို ထည့်ပြောစရာတောင် မလိုဘူး...' လင်းမူ လူလေးယောက်၏ စကားကို နားထောင်ရန် ကြိုးစားရင်း ဆက်တွေးလိုက်၏။
လင်းမူ သူတို့လေးယောက်နှင့် မီတာ လေးဆယ်ခန့် အကွာတွင် ရပ်နေသော်လည်း သူတို့၏ တိုးညင်းသော စကားပြောသံများကို ကြားနိုင်သေးသည်။
"စီနီယာ အစ်ကို... ဒီမှာ တကယ်ပဲ ပစ္စည်းကောင်း တစ်ခုခုကို အာရုံခံမိလို့လား..." လူတစ်ယောက်က ပြောလိုက်၏။ အသံကို ကြည့်ရသည်မှာ လူငယ်တစ်ဦး၏ အသံ ဖြစ်ပုံရလေသည်။
"အာရုံခံမိတယ် ဂျူနီယာ ညီလေး... ကြည့်..." စီနီယာ အစ်ကိုဟု ခေါ်သော လူက သူ့လက်ကောက်ဝတ်ရှိ လက်ကောက်ကို ပြသရင်း ပြောလိုက်၏။
လက်ကောက်ပေါ်ရှိ ကျောက်မျက်ရတနာ တစ်ခုမှာ အလင်းရောင်ဖြင့် တောက်ပနေသည်ကို လင်းမူ မြင်တွေ့နိုင်ပေသည်။
'အဲဒါ ဝိညာဥ်ကိရိယာလား...' လင်းမူ တွေးတောလိုက်၏။
လူငယ်လေး လက်ကောက်ကို ကြည့်လိုက်ရာ တကယ်ပဲ တောက်ပနေကြောင်း တွေ့လိုက်ရသည်။
"စီနီယာ အစ်ကို... ဒါက အဆင့်နိမ့် စိတ်ဝိညာဥ်ချီ အာရုံခံ လက်ကောက် သက်သက်ပဲလေ... ဒီဧရိယာထဲက စိတ်ဝိညာဥ်ချီ တုန်ခါမှုကို အာရုံခံမိတာရော မဖြစ်နိုင်ဘူးလား... ဒီဝိညာဥ်ကိရိယာရဲ့ တိကျမှုက တော်တော် နိမ့်တယ်လေ..." လူငယ်လေးက ပြန်ပြောလိုက်၏။
"ဒါပေါ့ ငါ သိတာပေါ့... ဒါပေမဲ့ ဒီမှာ တန်ဖိုးရှိတဲ့ အရာ တစ်ခုခု ရှိနေနိုင်တဲ့ အခွင့်အရေးကို မင်း တကယ်ပဲ လက်လွတ်ခံချင်လို့လား..." စီနီယာ အစ်ကိုက ပြောလိုက်သည်။
"တော်တော့... ငါတို့ ဒီမှာ အချိန်တွေ အများကြီး ဖြုန်းပြီးပြီ... ငါတို့ကို ပေးထားတဲ့ မစ်ရှင်ဆီ ပြန်သွားကြစို့..." အခြား လူတစ်ယောက်က ကြမ်းတမ်းသော အသံဖြင့် ဝင်ပြောလိုက်၏။
ငြင်းခုံနေသော စီနီယာနှင့် ဂျူနီယာ ညီအစ်ကို နှစ်ဦး ချက်ချင်း တင်းမာသွားပြီး ပါးစပ်ပိတ်သွားကြသည်။
"ငါတို့ နောက်အပတ် မတိုင်ခင် ညီမလေး ရီဇီကျင်း အတွက် သင့်တော်တဲ့ လက်ဆောင်တစ်ခု ရှာဖို့ လိုတယ်... မဟုတ်ရင် အကြီးအကဲ ရီတုန်ရဲ့ မျက်လုံးထဲမှာ ငါတို့ရဲ့ ပုံရိပ် ကျဆင်းသွားလိမ့်မယ်..." နောက်ဆုံး ကျန်ရှိနေသော လူက ပြောလိုက်၏။
စကားပြောနေစဉ် ထိုလူ ခန္ဓာကိုယ် အနည်းငယ် လှည့်သွားသဖြင့် လင်းမူ သူ့မျက်နှာနှင့် ဝတ်ရုံအောက်ရှိ အဝတ်အစားများကိုပါ မြင်တွေ့ခွင့် ရလိုက်၏။
ထိုလူသည် အသက် သုံးဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး မုတ်ဆိတ်မွေး ပြောင်စင်အောင် ရိတ်ထားသည်။ ခေါင်းစွပ်ကြောင့် ဆံပင်ကို မမြင်ရသော်လည်း လင်းမူ သူ့အဝတ်အစားပေါ်တွင် သူတို့ မည်သူဖြစ်ကြောင်း ခွဲခြားသိမြင်စေနိုင်မည့် အရာတစ်ခုကို တွေ့လိုက်ရ၏။ ထိုလူ၏ အဝတ်အစားပေါ်တွင် မီးပြင်းဖို သုံးခုနှင့် ၎င်းအပေါ်မှ စန္ဒကူးပန်းတစ်ပွင့် ပုံစံကို ထိုးထားလေသည်။
"စန္ဒကူး မီးပြင်းဖိုဂိုဏ်း... သူတို့ရဲ့ ဂိုဏ်းသားတွေ ဒီမှာ ဘာလုပ်နေကြတာလဲ..."
အခန်း ၃၀၉ ပြီး