ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
Description
ကျန်းမန်မန်သည် အရင်းရှင်မိသားစုမှ အလိုလိုက်ခံထားရသော သမီးပျိုလေးဖြစ်သော်လည်း ဇာတ်လမ်းအစမှာတင် အသတ်ခံလိုက်ရသည့် အရံဇာတ်ဆောင် သက်သက်သာဖြစ်ခဲ့ရသည်။
အဓိကဇာတ်ဆောင်မင်းသမီး ဖြစ်သူကတော့ ... သူမ၏ မိထွေးဘက်မှပါလာသည့် ညီမဖြစ်သူပင်။
သူမတို့နှစ်ယောက်သည် အရပ်ချင်းတူသော်လည်း ညီမဖြစ်သူက ပေါင် ၁၀၀ သာ ရှိချိန်တွင် သူမကတော့ ပေါင် ၂၀၀ ရှိနေခဲ့သည်။
သူမ မိထွေးက သူမကို ရောင်းစားဖို့ ကြိုးစားခဲ့သေးလား။ သူမကပဲ မိထွေးကို ပြန်ရောင်းစားပစ်လိုက်သည်။
သူမကို ကျေးလက်ဒေသဘက်ကို အလုပ်ဆင်းဖို့အတွက် နာမည်စာရင်း သွင်းခဲ့ကြသည်လား။ သူမကပဲ သူမ ညီမ၏ နာမည်ကို ပြန်ပြီး စာရင်းသွင်းပေးခဲ့လိုက်သည်။
အဖေအရင်းဖြစ်သူကတောင် ပထွေးလို ဆက်ဆံရဲခဲ့သည့်အတွက် သူမလည်း မိသားစုပိုင် ပစ္စည်းမှန်သမျှကို တစ်ပြားမကျန် အကုန်သိမ်းကျုံးယူပြီး လက်စားချေပစ်လိုက်သည်မှာ နံရံကပ်စက္ကူများကိုပါ ခွာယူခဲ့သည်အထိပင်။
မြို့နယ်လေးတစ်ခုဘက်သို့ ရောက်သွားသည့်အချိန်တွင်တော့ တစ်စုံတစ်ယောက် မြစ်ထဲခုန်ချနေသည်က််ို တွေ့လိုက်ရသဖြင့် ဆင်းကယ်ပေးမိလိုက်၏။
ကျန်းမန်မန် - "ရှင် ကျွန်မကို ရှင့် အသက်အတွက် အကြွေးတင်သွားပြီနော်... ကျွန်မကို လက်ထပ်တော့!"
ကျိုးယဲ့ - "ငါက ရေဆင်းကူးနေတာလေ... မင်းပြောတာက နည်းနည်းတော့ များမသွားဘူးလား။"
ကျန်းမန်မန် - "ဒါဆိုလည်း... လစ်လိုက်တော့!"
ကျိုးယဲ့တစ်ယောက် ထွက်သွားပြီးနောက် ပြန်လှည့်လာခဲ့၏။
"မိန်းမ... ခါးနာနေသေးလား။ ကိုယ် နှိပ်ပေးမယ်လေ။"
ကျန်းမန်မန် သူ့ကို ကန်ထုတ်လိုက်တော့သည်။ "သွားစမ်းပါ! ကျွန်မတို့မှာ ကလေးတွေ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ?!"
အရာရှိကြီးတစ်ဦး - "ရဲဘော်... မင်းရဲ့ ဆေးပညာက တကယ်ကို အထင်ကြီးစရာပဲ။ ဘယ်ဆေးရုံကလဲ။"
ကျန်းမန်မန် - "ရွှီမိသားစုကျေးရွာက ဝက်မွေးမြူရေးခြံကပါ။"
***
၁၉၇၅ ခုနှစ်၊ ဇွန်လ ၁ ရက်၊ သာ့ရှား။
ယခုနှစ်တွင် ကျန်းမန်မန်သည် ကံဆိုးမိုးမှောင်ကျသူများ၏ ကမ္ဘာ ကူးပြောင်းလာသူများ တပ်မဟာကြီးထဲတွင် ပါဝင်လာခဲ့သည်။ သူမသည် ညဉ့်နက်သည်ထိတိုင်အောင် ဝတ္ထုဖတ်ပြီး စာရေးဆရာကို ကျိန်ဆဲခဲ့မိ၍ ဤသို့ဖြစ်လာခြင်းတော့ မဟုတ်။
စာရေးဆရာများသည် ပင်ပင်ပန်းပန်း ရေးသားထားရသည့်အတွက်၊ အခမဲ့ဖတ်ရှုရသော အရည်အသွေးမြင့် စာဖတ်သူတစ်ဦးအနေဖြင့် သူမသည် စာအုပ်ကို ကြယ်တစ်ပွင့်ခန့်သာပေးပြီး ဇာတ်ဆောင်မင်းသမီးကို ကျိန်ဆဲမည့်သူမျိုး မဟုတ်ပေ။
သူမ လုပ်လေ့ရှိသည်မှာ... ကြယ်ငါးပွင့်ပေးပြီး စာရေးဆရာကို ကျိန်ဆဲခြင်းသာ ဖြစ်သည်။
ထို့နောက် အထက်သို့မြှောက်ကိုင်ထားသော သူမ၏ ဖုန်းသည် သူမ၏မျက်နှာပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အရာအားလုံး မှောင်အတိကျသွားပြီးနောက် သူမသည် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့လေသည်—သူမနှင့် နာမည်တူသော ဗီလိန်ဇာတ်ပို့မင်းသမီး ကျန်းမန်မန် အဖြစ်သို့ပင်။
အရေးကြီးသောအချက်မှာ ဗီလိန် ဖြစ်နေခြင်းဖြစ်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်သည် ဗီလိန်ဖြစ်ရုံတင်မကဘဲ အဆင့်အတန်းနိမ့်သော လူဆိုးမလေးတစ်ဦးလည်း ဖြစ်နေသေးသည်။
သူမ ကမ္ဘာကူးပြောင်းမလာမီ စက္ကန့်ပိုင်းခန့်အလိုတွင် မူလ ကျန်းမန်မန်သည် ခါးထောက်လျက် ဇာတ်ဆောင်မင်းသမီးကို အော်ဟစ်ဆဲဆိုနေခဲ့သည်။
“ဒီကမ္ဘာပေါ်က ယောက်ျားတွေ အကုန်သေကုန်ပြီလား။ နင်လို အရှက်ကင်းမဲ့တဲ့ မိန်းမ၊ မြက်ပင်လောက်တောင် တန်ဖိုးမရှိတဲ့ မိန်းမ။”
"အခြားတစ်ယောက်နဲ့ စေ့စပ်ထားတဲ့သူကို အမြဲတမ်း ကပ်ချွဲဖို့ ကြိုးစားနေတယ်။"
"ငါ့ရဲ့ သတို့သားလောင်းကို မြှူဆွယ်ဖို့ ကြိုးစားနေသေးတယ်ပေါ့။ နင်လို အရှက်ကင်းမဲ့တဲ့ မိန်းမ!
ညစ်ပတ်တဲ့ မိန်းမ၊ အရှက်ကင်းမဲ့တဲ့ မိန်းမ၊ နင့်ကို တံတွေးနဲ့ ထွေးရမှ ဖြစ်မယ်! သူက ငါနဲ့ စေ့စပ်ထားတဲ့သူ! အခုလေးတင် နင့်မျက်နှာက သူ့ရင်ခွင်ထဲ ရောက်နေတာဆိုတော့ နင့်မျက်နှာရဲ့ တခြားတစ်ဖက်ကိုပါ ငါ ဖြတ်ရိုက်ပေးမယ်!"
“နင်ကိုယ်တိုင်က အရှက်ကင်းမဲ့နေတယ်ဆိုမှတော့ နင်က ငါစေ့စပ်ထားတဲ့သူကို မြှူဆွယ်နေတဲ့ ရွံစရာကောင်းတဲ့ မိန်းမဆိုတာ လူတိုင်းမြင်အောင် လုပ်ပြရတာပေါ့!”
မွှန်ထူနေသော ဆဲဆိုသံများ၊ တွန်းထိုးမှုများနှင့်အတူ မူလကျန်းမန်မန်သည် ဇာတ်ဆောင်မင်းသမီး ဟောက်ဖန်းဖန်း၏ မျက်နှာကို ကုတ်ဖဲ့ရန် ပြင်လိုက်သည်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း သူမနှင့် စေ့စပ်ထားသူက သူမကို မြေကြီးပေါ်သို့ တွန်းချလိုက်ရာ ဦးခေါင်းကွဲပြီး သွေးများထွက်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းမန်မန် ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမသည် ဤမျှလောက်အထိ အရှက်ရစရာကောင်းသော ဘေးဒုက္ခကြီး၏ အလယ်တည့်တည့်သို့ ကူးပြောင်းရောက်ရှိလာခဲ့လေသည်။
ဤသည်မှာ ပြစ်ဒဏ်ပေးခံရခြင်း သက်သက်ပင်။
သွေးထွက်နေသော သူမ၏ နဖူးကို အုပ်ကိုင်လျက် သူမအရှေ့မှ အရှက်ရဖွယ် မြင်ကွင်းကို စိုက်ကြည့်နေစဉ်၊ မူလခန္ဓာကိုယ်ပိုင်ရှင် ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိလိုက်သည်။ ထိုစဉ် သူမ၏ရှေ့မှ ဝတ္ထု၏ ဇာတ်ဆောင်မင်းသမီး ပြောလိုက်သော စကားကို ကြားလိုက်ရ၏။
“ကျန်းမန်မန်၊ ကျွန်မ ပြောမယ် - ရှောင်ဝမ်ရွှမ်က အခု ကျွန်မနဲ့ စေ့စပ်ထားတဲ့သူ ဖြစ်သွားပြီ၊ အစ်မလူ မဟုတ်တော့ဘူး!”
“အစ်မအဖေက ဒီမနက်တင် အစ်မနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီး ကျွန်မနဲ့ ကိုကိုဝမ်ရွှမ်ကို စေ့စပ်ပေးလိုက်တာ။ အဲ့ဒါကြောင့် ကျွန်မက အစ်မနဲ့ စေ့စပ်ထားတဲ့သူကို မြှူဆွယ်ခဲ့တာ မဟုတ်ဘူး!”
ကျန်းမန်မန် - ...?
ရှောင်ဝမ်ရွှမ်ဆိုသည်မှာ ဝတ္ထု၏ ဇာတ်ဆောင်မင်းသားဖြစ်သည်။ မူလကျန်းမန်မန်သည် လောဘကြီးပြီး ပျင်းရိသလို ခန္ဓာကိုယ်လည်း ဝသည်။ ထို့ကြောင့် သူက ပြတ်ပြတ်သားသားပဲ စေ့စပ်ခြင်းကို ဖျက်သိမ်းပြီး သူမ၏ ညီမဖြစ်သူ ဟောက်ဖန်းဖန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူတို့က ဒီမနက်တင် စေ့စပ်ခြင်းကို ဖျက်လိုက်ကြသော်လည်း မူလပိုင်ရှင်ကတော့ ဒါကို မသိသေးပေ။ထို့ကြောင့် သူတို့ကို အတူတူတွေ့တော့ ပေါက်ကွဲသွားခြင်းဖြစ်၏။
အခုတော့ အရာအားလုံးက တရားဝင် ပြီးဆုံးသွားပြီဆိုသည်ကို သိလိုက်ရလေပြီ... မူလပိုင်ရှင်၏ စရိုက်အတိုင်းဆိုလျှင်တော့ အကြီးအကျယ် သောင်းကျန်းတော့မည်မှာ သေချာ၏။
ကျန်းမန်မန်သည် အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး၊ ခါးထောက်လျက် သူမ၏ ဝမ်းဗိုက်ထဲမှ ရှိသမျှအားအကုန်သုံးကာ အော်ဟစ်လိုက်တော့သည်။
“ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ! စေ့စပ်တာကို ဖျက်သိမ်းတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ!”
“ဒါက ရှင်းရှင်းလင်းလင်းကို သိသာနေတဲ့ သတို့သမီးလဲလှယ်ပွဲပဲ! နင်တို့နှစ်ယောက်က အရင်ကတည်းက ခိုးကြောင်ခိုးဝှက် တွဲနေကြတယ်ဆိုတာ အသိသာကြီး၊ မဟုတ်ရင် သူက ဘာလို့ ငါနဲ့လမ်းခွဲပြီး နင်နဲ့လက်ထပ်မှာလဲ။ နင်က ဘာလို မိန်းမမို့လို့လဲ!”
အမှန်အတိုင်းပြောရလျှင် သူမ တကယ်ပင် ဒေါသထွက်နေမိသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်မှာ တပ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး သူမ အသက်ရှစ်နှစ်အရွယ်တွင် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သူဖြစ်သည်။ သူမ၏ ဖခင်က ကျန်းကွေ့ဖန်ဆိုသူနှင့် နောက်အိမ်ထောင်ပြုခဲ့ရာ၊ ထိုမိထွေးဖြစ်သူသည် အပြင်ပန်းတွင်တော့ သူတော်စင်မလေးလို ဟန်ဆောင်နေသော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်ကို ဝက်တစ်ကောင်လိုဖြစ်အောင် အစားအသောက်များ အတင်းကျွေးကာ ပျင်းရိခြင်း၊ လောဘကြီးစိတ်ရှိခြင်းနှင့် မကောင်းကြံတတ်ခြင်းများကိုသာ သင်ကြားပေးခဲ့သည်။
မိထွေးဖြစ်သူနှင့်အတူ ပါလာသော သမီးဖြစ်သူ ဟောက်ဖန်းဖန်းကတော့ ဤဝတ္ထု၏ ဇာတ်ဆောင်မင်းသမီးဖြစ်သည်။
စာရေးဆရာက သူမကို ကြင်နာတတ်သူ၊ စိတ်ထားဖြူစင်သူနှင့် လှပသူအဖြစ် ပုံဖော်ရေးသားထားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်အောင် ဖန်တီးကာ ဇာတ်ဆောင်မင်းသား၏ စစ်မှန်သော ဖူးစာဖက် ဖြစ်စေခဲ့သည်။
သူတို့နှစ်ဦး ပူးပေါင်းကာ စေ့စပ်မှုကို ဖျက်သိမ်းခဲ့ကြသည်။ ထို့နောက် ဇာတ်ဆောင်မင်းသားက တပ်ဖွဲ့ထဲဝင်သွားပြီး ဇာတ်ဆောင်မင်းသမီးက သူရှိရာမြို့သို့ လိုက်သွားခဲ့သည်။ သူ ဒုတိယဗိုလ်မှူးကြီးအဆင့် ရောက်သွားချိန်တွင် သူမက ဗိုလ်မှူးကတော်အဖြစ် တရားဝင် ပေါင်းသင်းခွင့်ရရှိခဲ့သည်။
မူလခန္ဓာကိုယ်ပိုင်ရှင် ကျန်းမန်မန်ကတော့ ကျေးလက်ဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စာရင်းသွင်းခြင်းခံခဲ့ရသော်လည်း အမှန်တကယ်တွင်မူ မိထွေးဖြစ်သူက သူမကို အဘိုးကြီးတစ်ယောက်ထံ ရောင်းစားခဲ့ခြင်းဖြစ်သည်။ နေရာပြောင်းရွှေ့ချိန်ရောက်သောအခါ သူမသည် ဘယ်ကမှန်းမသိသော ယောက်ျားတစ်ယောက်နှင့် လိုက်ပြေးသွားသည်ဟု လုပ်ကြံပြောဆိုခဲ့သေးသည်။
၎င်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဘဝနိဂုံးပင်။
သို့သော် ဘာကြောင့်လဲ။
ဤအကြောင်းကို ဖတ်ရုံနှင့် သူမ အကြီးအကျယ် ဒေါသထွက်ခဲ့ရသည်။
နေပါဦး—ဒီမြင်ကွင်းက ဒီည ဖြစ်ပျက်နေတာလား။
ယင်းကို သတိပြုမိလိုက်သည်နှင့် ကျန်းမန်မန်၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့သည်။ သူမသည် ဒီအတိုင်း ငြိမ်ခံနေမည့်သူမျိုး မဟုတ်ပေ။ ထိုအချိန်မှာပဲ ဇာတ်ဆောင်မင်းသမီးက စတင်ငိုယိုတော့၏။
“အစ်မရယ်... ဘယ်လိုလုပ်ပြီး ဒီလိုကြမ်းတမ်းတဲ့ စကားမျိုးတွေ ပြောနိုင်ရတာလဲ။ ကိုကိုဝမ်ရွှမ် ကြည့်ပါဦး၊ သူ ဒီလိုလုပ်မယ်ဆိုတာ ကျွန်မ ပြောသားပဲ။ ကျွန်မ ဒီစေ့စပ်မှုကို လုံးဝ သဘောမတူခဲ့သင့်ဘူး။ အခုတော့ ကျွန်မ အစ်မကို ဘယ်လိုမျက်နှာပြရတော့မှာလဲ။”
အရပ် ၁၇၅ စင်တီမီတာရှိသော ရှောင်ဝမ်ရွှမ်သည် ချက်ချင်းပင် ရှေ့သို့တိုးကာ ဟောက်ဖန်းဖန်းကို သူ၏အနောက်တွင် ကွယ်ထားလိုက်သည်။
ထို့နောက် ကျန်းမန်မန်ကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်၏။
“ကျန်းမန်မန်၊ ရဲဘော်ဟောက်ဖန်းဖန်းနဲ့ တော်လှန်ရေးသမဂ္ဂဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာက ငါ့ရဲ့ရွေးချယ်မှုပဲ။ မင်း အပြစ်တင်ချင်ရင် ငါ့ကိုပဲ တင်ပါ၊ ဒါက သူမနဲ့ ဘာမှမဆိုင်ဘူး။ သူမက အရမ်းကို ကြင်နာပြီး စိတ်ထားကောင်းမွန်တဲ့သူပါ။ မင်းက ဘာလို့ သူမကို အမြဲတမ်း အနိုင်ကျင့်နေရတာလဲ။”
ကျန်းမန်မန်၏ နှုတ်ခမ်းများ တွန့်သွားတော့သည်။ ကြင်နာပြီး စိတ်ထားကောင်းမွန်သည်လား။ ဒါက မူလပိုင်ရှင်နှင့် နှိုင်းယှဉ်လိုက်သောကြောင့်ဖြစ်သည်။
အခုတော့ မူလခန္ဓာကိုယ်ပိုင်ရှင်ကို အသုံးချပြီးသွားပြီဖြစ်၍ ဘေးကို ကန်ထုတ်ဖို့ ကြိုးစားနေကြသည်လား။
သူမ ရှိနေသရွေ့တော့ လုံးဝမဖြစ်နိုင်။ ဒီလိုလူယုတ်မာတွေကို ဒီအတိုင်း လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။
“ရှောင်ဝမ်ရွှမ်၊ နင်က တကယ်ကို သတ္တိကောင်းတာပဲ။ ဒီမနက်တင် ငါနဲ့လမ်းခွဲလိုက်ပြီး ငါ့ကိုတောင် မပြောဘဲ သူမနဲ့ စေ့စပ်လိုက်တယ်ပေါ့။ နင်ကသာ သူမကို အရင်ထဲက မျက်စိကျမနေဘူးဆိုရင် ဘာလို့ ချက်ချင်းကြီး လူချင်းလဲရမှာလဲ။ ကောင်းပြီလေ နင် စေ့စပ်တာကို ဖျက်ချင်တယ်ဆိုရင် စေ့စပ်တုန်းက ပေးထားခဲ့တဲ့ လက်ဆောင်ကို ပြန်ပေး။ ပြီးတော့ ငါ့ကို စိတ်ဒဏ်ရာရစေမှုအတွက် နစ်နာကြေး ယွမ် ၁,၀၀၀ လည်း ပေးရမယ်!”
ထို လက်ဆောင်ပေးထားသော ကျောက်စိမ်းဆွဲပြားလေးမှာ အရည်အသွေးမြင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ခေတ်သစ်ကာလတွင်ဆိုလျှင် တန်ဖိုးဖြတ်၍မရနိုင်ပေ။ သူမ ဘာကြောင့် ပြန်မတောင်းရမည်လဲ။
ရှောင်ဝမ်ရွှမ်က မျက်မှောင်ကြုတ်လျက် တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်သည်။
“ဒါက တန်ဖိုးမရှိတဲ့ အလှဆင်ပစ္စည်းလေးတစ်ခုပဲကို၊ မင်းက ပြန်တောင်းနေသေးတာလား။ ငါ့စိတ်ထဲမှာ မင်းအပေါ် ကောင်းမွန်တဲ့ အမှတ်တရလေး နည်းနည်းလောက် ကျန်နေပါစေဦးလား။”
ကောင်းမွန်သည့် အမှတ်တရများကတော့ ငရဲကိုသာ သွားလိုက်ပါတော့။ တစ်မြို့လုံးတွင် မူလခန္ဓာကိုယ်ပိုင်ရှင် ကျန်းမန်မန်အပေါ် ကောင်းမွန်သည့်ပုံရိပ်နှင့် အထင်အမြင် တစ်ခုမှ မရှိခဲ့ပေ။
လောဘကြီးခြင်း၊ ပျင်းရိခြင်း၊ အဆဲသန်ခြင်းနဲ့ အဝလွန်ခြင်း။ ဒီအရာများကပဲ သူမ၏ အမှတ်အသားများ ဖြစ်နေခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် အရပ် ၁၆၅ စင်တီမီတာရှိပြီး ကိုယ်အလေးချိန် ပေါင် ၂၀၀ ရှိနေခြင်းမှာ အဆင်မပြေလှပေ။
အရပ်ချင်းတူသော်လည်း ကိုယ်အလေးချိန် ပေါင် ၁၀၀ သာရှိသော သူမ၏ မိထွေးဘက်မှညီမ၊ ထို့ပြင် သူမ ဝတ်ဆင်ထားသော ခေတ်မီအဝတ်အစားများနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားလှသော ကွာခြားချက်ကြီးတစ်ခု ရှိနေလေသည်။
ထို့ကြောင့် လူအများက သူမ၏ မိထွေးဖြစ်သူ ကျန်းကွေ့ဖန်ကို ချီးကျူးကြခြင်းဖြစ်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ကိုယ်တိုင်ကပင် ယင်းကို ယုံကြည်ခဲ့ပြီး မိထွေးဖြစ်သူကို မိခင်အရင်းကဲ့သို့ ဆက်ဆံကာ အခြားသူများ၏ ချီးကျူးစကားများကိုပင် လိုက်လံပြောဆိုခဲ့သေးသည်။ ကျန်းကွေ့ဖန်ကမူ ထိုဂုဏ်သတင်းများ အားလုံးကို အခမဲ့ ရယူခဲ့လေသည်။
သို့သော် ထိုအရာအားလုံးမှာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်၏။
မိထွေးဖြစ်သူ၏ လှည့်ကွက်များအောက်တွင် သူမ၏ ဖခင်အရင်းပင်လျှင် သူမကို ရွံရှာမုန်းတီးလာခဲ့သည်။
လက်ရှိအခြေအနေသို့ ပြန်သွားရလျှင်—ကျန်းမန်မန်သည် ရှောင်ဝမ်ရွှမ်ကို စိုက်ကြည့်လျက် စေ့စပ်လက်ဆောင်ကို ပြန်ပေးရန် တောင်းဆိုနေခဲ့သည်။
“ရှောင်ဝမ်ရွှမ်၊ ငါ့ရဲ့ ကြင်နာမှုကို အားနည်းချက်လို့ ထင်မနေနဲ့။ ငါ နင့်ကို အရင်က သဘောကျခဲ့မိလို့ နင် ငါ့ကို လိမ်လို့ရမယ် ထင်နေတာလား။ စေ့စပ်လက်ဆောင်ကို အခုချက်ချင်း ပြန်ထုတ်ပေး!”
“အဲ့ဒါ ပျောက်သွားပြီ!”
ကျန်းမန်မန်သည် ချက်ချင်းပင် ရှေ့သို့ တိုးဝင်သွားကာ သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်လျက် အင်္ကျီကို ဆွဲဟလိုက်တော့သည်။
“ကျန်းမန်မန်! မင်း ဘာလုပ်နေတာလဲ။ လူပုံအလယ်ကြီးမှာ... မင်းမှာ အရှက်ဆိုတာ မရှိဘူးလား။”
“အရှက်ကင်းမဲ့တာက နင်ပါ! ငါနဲ့ စေ့စပ်တာကိုလည်း ဖျက်သေးတယ်၊ လက်ဆောင်ကိုလည်း သိမ်းထားချင်သေးတယ်ပေါ့လေ။”
သူမသည် သူ၏အင်္ကျီကို ဆွဲဟကြည့်သော်လည်း ကျောက်စိမ်းဆွဲပြားကို မတွေ့ရပေ။ ရှောင်ဝမ်ရွှမ်က သူမကို တားဆီးရန် လက်လှမ်းလိုက်သည်။
သို့သော် သူမသည် အဝလွန်ပြီး အားနည်းသော မူလခန္ဓာကိုယ်ပိုင်ရှင် မဟုတ်တော့ပေ။ သူမသည် ကမ္ဘာကူးပြောင်းလာသော ဝိညာဉ်၏ စွမ်းအင်ကြောင့် ပြင်းထန်သောခွန်အားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူ လက်လှမ်းလိုက်သည့်အခါ သူမက သူ၏လက်မောင်းကို လိမ်ကာ ပခုံးမှကျော်၍ လွှဲချလိုက်လေတော့သည်။
“ဟင်!”
ကြည့်ရှုနေသော လူအုပ်ကြီးထံမှ အံ့သြသံများ ထွက်ပေါ်လာပြီး ထိုဒရာမာဆန်သောရန်ပွဲကို လာရောက်ကြည့်ရှုသူများသည် ငါးဆခန့် ချက်ချင်းပင် တိုးသွားခဲ့တော့သည်။
ထို့နောက် အဝလွန်သော မိန်းကလေးသည် သူမ၏ ဖောင်းအိသော လက်များဖြင့် သူမဘေးတွင် ကြက်ပေါက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် သေးသွယ်သော ညီမဖြစ်သူကို လှမ်းဆွဲလိုက်သည်ကို မြင်လိုက်ရသည်။
သူမသည် ဟောက်ဖန်းဖန်း၏ အဝတ်အစားများကို လှမ်းဆွဲ၍ အားဖြင့် ဆွဲဖြဲလိုက်ရာ အင်္ကျီက စုတ်ပြဲသွားတော့သည်။