ကျန်းမန်မန်သည် ဟောက်ဖန်းဖန်း၏ ကော်လာကို ဆွဲဖြဲလိုက်ရာ ဖြူဖွေးနုနယ်သော အသားအရေများ ပေါ်ထွက်လာတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများမှာတော့ ထိတ်လန့်တုန်လှုပ်ပြီး အသက်ရှူပင် မှားသွားခဲ့ကြ၏။
ထို့နောက် ကျန်းမန်မန်၏ အိအိဖောင်းဖောင်း လက်ကလေးက ဟောက်ဖန်းဖန်း၏ လည်ပင်းမှ အနီရောင် ကြိုးတစ်မျှင်ကို ဆွဲထုတ်လိုက်သည်ကို အားလုံးက စောင့်ကြည့်နေခဲ့ကြသည်။
ထိုကြိုးတွင် စိမ်းစိုတောက်ပသော ကျောက်စိမ်း "ငြိမ်းချမ်းရေး ဆွဲသီး" လေးတစ်ခုကို ချိတ်ဆွဲထားသည်။
"ကျန်းမန်မန်၊ ဘာလုပ်နေတာလဲ!"
ဟောက်ဖန်းဖန်းသည် ရှက်လွန်း၍ ဆွံ့အသွားပြီး သူမ၏ လှပသော ညှပ်ရိုးများမှာလည်း လူပုံအလယ်တွင် ပေါ်ထွက်နေခဲ့သည်။
ကျန်းမန်မန်က သူမကို ဘေးဘက်သို့ တွန်းဖယ်လိုက်ပြီး ကျောက်စိမ်းဆွဲသီးကို အားပါးတရ မြှောက်ပြကာ မေးခွန်းထုတ်လိုက်သည်။
"ငါ ဘာလုပ်နေလဲ သိချင်တာလား။
အရှက်ကင်းမဲ့လိုက်တာ! ဒါက ငါ့အမေ ငါ့အတွက် ထားခဲ့တဲ့ ကျောက်စိမ်းဆွဲသီးပဲ။ ဒါဟာ ငါနဲ့ ရှောင်ဝမ်ရွှမ်တို့ကြားက စေ့စပ်ထားတယ်ဆိုတဲ့ အမှတ်အသား!"
သူမသည် စောစောက နဖူးကို ဖိထားခဲ့သောကြောင့် လက်တွင် သွေးများ စွန်းထင်နေဆဲဖြစ်သည်။ ထိုသွေးစွန်းနေသော လက်ဖြင့်ပင် ကျောက်စိမ်းဆွဲသီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။
သူမ၏ ဦးနှောက်ထဲတွင် အသံတစ်ခု မြည်ဟည်းသွားခဲ့သည်။ ဒီဆွဲသီးထဲတွင်... စတုရန်းမီတာ ၁၀၀ ကျယ်သည့် လျှို့ဝှက်အာကာသ ဟင်းလင်းပြင်တစ်ခု ရှိနေသည်။
'ဒါက ငါ့အတွက် အကျိုးရှိတဲ့ပစ္စည်းပဲ။'
စာအုပ်ထဲကို ကူးပြောင်းလာရသည်မှာ အလကားတော့ မဟုတ်ပေ။
သူမသည် ဆွဲသီးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး မြေပြင်ပေါ်မှ အလူးအလိမ့်ထလာသော ရှောင်ဝမ်ရွှမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"နင် ခုနက ပျောက်သွားပြီလို့ ပြောခဲ့တာနော်။ ပစ္စည်းတွေကို ဘယ်လို 'ပျောက်' အောင် လုပ်ရမလဲဆိုတာ နင် တော်တော်သိတာပဲ။"
"ဒီမနေ့မနက်တင် နင်က ငါနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီး ညနေကျတော့ ငါပေးထားတဲ့ စေ့စပ်အမှတ်အသားက နင့်ရဲ့ အခုရည်းစားဆီ ရောက်နေတာလား။ နင်က ငါနဲ့စေ့စပ်ထားတဲ့သူဖြစ်ခဲ့လို့ နင်ပြောခဲ့တဲ့ စကားမှန်သမျှ ငါယုံခဲ့မိတာ။"
"ဒါပေမဲ့ အခုတော့ ဘာဖြစ်သွားပြီလဲ။ နင့်လိုလူကို ကြိုက်ခဲ့မိတဲ့ ငါ့မျက်လုံးတွေက ကန်းနေခဲ့တာပဲ။ ငါပေးတဲ့ အမှတ်အသားကို ငါ့ညီမဆီ ပေးလိုက်ပြီးတော့ ငါ့ကိုတော့ ပျောက်သွားပြီလို့ လိမ်ပြောခဲ့တာပေါ့လေ။ အားလုံးပဲ ကြည့်ကြပါဦး— ဒီလူက ပါးစပ်ကနေ အလိမ်အညာတွေပဲ ပြောနေတယ်လို့ မထင်ကြဘူးလား။"
အစောပိုင်းကတော့ ကျန်းမန်မန်သည် လူပုံအလယ်တွင် အရှက်ကွဲနေရသူ ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။
ကျန်းမန်မန်လို ဉာဏ်ရည်နိမ့်သူက အခြေအနေကို အခုလို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု ရှောင်ဝမ်ရွှမ် တစ်ခါမျှ မတွေးမိခဲ့ပေ။
သူမသည် ငိုယိုပြီး ထွက်ပြေးသွားသင့်သည် မဟုတ်လား။
ဟောက်ဖန်းဖန်းကတော့ သူမ၏ ကော်လာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားပြီး စော်ကားခံရသလို ပုံစံမျိုးဖြင့် ရှိုက်ကြီးတငင် ငိုပြနေတော့သည်။
"အစ်မကြီး... လူတွေ အားလုံးရှေ့မှာ ညီမရဲ့ အဝတ်အစားတွေကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆွဲဖြဲပစ်နိုင်ရတာလဲဟင်... ဝူး~"
ရှောင်ဝမ်ရွှမ်သည် ဟောက်ဖန်းဖန်း ငိုသည်ကို မြင်မြင်ချင်း ရင်ထဲမကောင်းဖြစ်သွားပြီး ကျန်းမန်မန်ကို လှမ်းအော်ရန် ပြင်လိုက်တော့သည်။
သို့သော် ကျန်းမန်မန်၏ ကန်ချက်ကသာ သူ့ထံသို့ အလျင်အမြန် ရောက်ရှိလာခဲ့၏။
"နင့်လိုလူစားမျိုးကိုမှ ချစ်မိခဲ့တဲ့ ငါ့မျက်လုံးတွေ တကယ်ပဲ ကန်းနေခဲ့တာ။"
ထိုသို့ပြောပြီးနောက် သူမ လှည့်ထွက်လာခဲ့တော့သည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူမ၏ မိထွေးဖြစ်သူသည် ဒီညတွင် သူမကို ရောင်းစားပစ်ရန် ကြံစည်နေခြင်းဖြစ်သည်။
ထိုမိထွေးဖြစ်သူသည် ဒီနေ့ရောက်လာရန်အတွက် နှစ်ပေါင်းများစွာ ဟန်ဆောင်ကောင်းနေခဲ့သည်။
သူမကိုယ်သူမ ကောကျန့်မင်းကြီးကဲ့သို့ လက်စားချေရန် အရှက်တရားကို အောင့်အည်းသည်းခံနေရသည်ဟု ထင်နေခဲ့သည်လား— ကောင်းပြီလေ၊ ကျန်းမန်မန်က ပြပေးရတာပေါ့။ ဒီသားအမိနှစ်ယောက်သည် တကယ်ကို ယုတ်မာလွန်းသူများပင်။
အိမ်ပြန်ရောက်သောအခါတွင်တော့ ကျန်းကွေ့ဖန်က ဆီးကြိုနေလေ၏။
"မန်မန်၊ ပြန်လာပြီလား! အမေက သမီးအတွက် ဝက်သားနဲ့ တို့ဟူးဟင်း ချက်ထားတယ်၊ မြန်မြန်လာစားလေ!"
ကျန်းမန်မန် သူမကို အကဲခတ်ကြည့်လိုက်သည်။ အသက် ၄၀ မပြည့်သေးဘဲ ကိုယ်လုံးကိုယ်ပေါက် လှပကာ မိမိကိုယ်ကိုယ် ထိန်းသိမ်းထားနိုင်သော အမျိုးသမီးတစ်ဦးပင်။
နှမြောစရာကောင်းသည်ကတော့ သူမ၏ မျက်လုံးထဲမှ လှည့်စားလိုသည့် အရိပ်အယောင်များက ထိုအလှတရားကို ဖျက်ဆီးနေခြင်းဖြစ်၏။
ကျန်းမန်မန်သည် သူမ၏မျက်နှာကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ရှေ့သို့တိုးကာ သူမကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး လက်များကို ကျောနောက်သို့ ပစ်ထားလိုက်သည်။
"ဝူးဝူး... ရှောင်ဝမ်ရွှမ်က သမီးနဲ့ စေ့စပ်ထားတာကို ဖျက်လိုက်ပြီတဲ့။ သူက အခု ညီမလေးဖန်းဖန်းကို ကြိုက်နေပြီ... သမီး တအားဝမ်းနည်းတာပဲ!"
ဘုန်း! ဘုန်း! ဘုန်း!
သူမသည် လက်သီးဖြင့် ကျောပြင်ကို အားရပါးရ ထုရိုက်လိုက်ရာ ကျန်းကွေ့ဖန်တစ်ယောက် အပြင်းအထန် ချောင်းဆိုးသွားပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။
"အဟမ်း.. မန်မန်ရယ်၊ ဝမ်းမနည်းပါနဲ့။ နောက်ကျရင် အမေ သမီးအတွက် ပိုကောင်းတဲ့လူ ရှာပေးပါ့မယ်။ အခုတော့ အရင်စားလိုက်ဦးနော်။"
ထမင်းအရင်စားဖို့ကိုသာ ထပ်ခါတလဲလဲ အတင်းတိုက်တွန်းနေသည်ကို မြင်ရသည့်အတွက် ကျန်းမန်မန်လည်း အလိုက်သင့် ကစားပေးလိုက်တော့သည်။
ဝက်သားနှင့် တို့ဟူးဟင်း... သူမ တကယ်ပဲ ဒီလိုဟင်းမျိုးကို စဉ်းစားမိခဲ့သည်။
ဖြူဖွေးနေသည့် ဝက်သားတုံးများနှင့် တို့ဟူးတုံးလေးများသည် ကြည့်ရသည်မှာ ဆင်တူနေသော်လည်း အဆီများလွန်းနေသည်မဟုတ်လား။
ကျန်းမန်မန်၏ မိခင်သည် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ အစိုးရက နစ်နာကြေးအဖြစ် ငွေ ၁,၀၀၀ ပေးခဲ့သည်။ သူမ၏ဖခင် ကျန်းမင်ထန်ကတော့ သံမဏိစက်ရုံမှ အလုပ်ရုံကြီးကြပ်ရေးမှူးဖြစ်ပြီး ကျန်းကွေ့ဖန်မှာမူ ထိုစက်ရုံ၏ ထမင်းစားဆောင်တွင် အလုပ်လုပ်နေသူဖြစ်သည်။
သူမသည် အိမ်အတွက် ကောင်းမွန်သော အစားအစာများကို မကြာခဏ ယူဆောင်လာလေ့ရှိသည်။ နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ ကျန်းကွေ့ဖန်၏ မိသားစုဝင်များသည် အသားထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်နေကြသောကြောင့်ပင်။
ထို့ကြောင့် သူတို့ဆီမှ အသားများ မကြာခဏ ရောက်လာတတ်သည်။
ကျန်းကွေ့ဖန်ကတော့ သေချာပေါက် သူမ၏ မိသားစုကို အရှုံးခံခိုင်းမည့်သူမျိုး မဟုတ်။ အသားများ ရောက်လာတိုင်း သူမက ငွေနှင့်ရိက္ခာလက်မှတ်များဖြင့် အမြဲပေးချေလေ့ရှိသည်။
ကျန်းမန်မန်၏ မိခင်ဘက်မှ အခြေအနေမှာမူ အဘွားဖြစ်သူသည် စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး အဖိုးဖြစ်သူကလည်း နောက်အိမ်ထောင်ပြုခဲ့ရာ သူမ၏ အခြေအနေနှင့် ထပ်တူပင်ဖြစ်သည်။
ကျန်းမန်မန်သည် ဟင်းကို တစ်လုတ်မြည်းကြည့်လိုက်ပြီးနောက် ပြန်ထွေးထုတ်မိမတတ် ဖြစ်သွားခဲ့၏။ ဒါက ဘာတွေလဲ— ဝက်သားအဆီခဲ သီးသန့်လား။
တို့ဟူးဟင်းဟု ဆိုသော်လည်း အဖြူရောင် ဝက်ဆီဖတ်များကသာ အများကြီးဖြစ်နေကာ တို့ဟူးပုံစံဖြစ်အောင် လှီးဖြတ်ထားခြင်းဖြစ်သည်။ တကယ့်တို့ဟူးတုံးကတော့ အနည်းငယ်မျှပင် မရှိနေခဲ့ပေ။
မူလပိုင်ရှင် ဝနေသည်မှာ မဆန်းတော့ပေ။ သူမသည် နေ့တိုင်း ဒီလို ဝက်ဆီဖတ်များကို အတင်းအကျွေးခံနေရသည်။
ထိုခေတ်အခါတွင်တော့ လူတိုင်းက ဝက်ဆီဖတ်ကို အကောင်းစားဟု ထင်နေခဲ့ကြသည်။ မူလပိုင်ရှင်သည် ယင်းကို ကျင့်သားရနေပြီဖြစ်သော်လည်း ကျန်းမန်မန်အတွက်ကတော့ တကယ်ကို ရင်ပြည့်သွားစေခဲ့သည်။
ကျန်းကွေ့ဖန် သူမကို မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းမန်မန်သည် သူမကို အလုပ်တစ်ခု ခိုင်းလိုက်တော့သည်။
"သမီးကို ငွေ ၂၀ လောက် ပေးပါဦး။ မနက်ဖြန် သမယဝါယမဆိုင်ကို သွားပြီး သကြားဝယ်ချင်လို့။"
သကြားဝယ်မည့်အကြောင်း ပြောလိုက်သောအခါ ကျန်းကွေ့ဖန် ပြုံးပျော်သွားပြီး ပိုက်ဆံသွားယူလေတော့သည်။
သူမသည် စိတ်ထဲမှလည်း တွေးနေခဲ့သေးသည်။
'အဆီတွေ၊ သကြားတွေ အများကြီး စားနေတဲ့ ဒီမိန်းမက မကြာခင်မှာတော့ သေရတော့မှာပဲ။'
'ဪ... ခဏနေဦး— သူမက ဒီညပဲ သေရတော့မှာလေ။'
သူမသည် ငွေ ၂၀ ကို ဂရုမစိုက်နေတော့ပေ။ ဒီညပြီးလျှင် ဒီမိန်းမသည် သူမ၏မျက်စိအောက်မှ အပြီးတိုင် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ကျန်းကွေ့ဖန် အခန်းထဲမှ ထွက်သွားသည်နှင့် ကျန်းမန်မန်က ပန်းကန်အလွတ်တစ်ခုကို ယူကာ ဝက်ဆီဖတ် တိုဟူးဟင်းများအားလုံးကို အထဲသို့ သွန်ထည့်လိုက်သည်။
ထို့နောက် ထိုပန်းကန်ကို ကျောက်စိမ်းဆွဲသီးအတွင်းရှိ ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်၏။
ကျယ်ဝန်းလှသော စတုရန်းမီတာ ၁၀၀ ရှိသည့် အာကာသဟင်းလင်းပြင်ထဲသို့ ပထမဆုံးအကြိမ်အဖြစ် ဝက်ဆီဟင်းတစ်ပန်းကန် ရောက်ရှိသွားတော့သည်။
ကျန်းကွေ့ဖန် ပြန်လာသောအခါ ထမင်းနှင့် ဟင်းများအားလုံး ပြောင်စင်သွားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
သူမ၏မျက်လုံးများထဲတွင် ကျေနပ်အားရမှုများ ပြည့်လျှံထွက်နေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းမန်မန်လည်း စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူမသည်း ဆေးပညာဘွဲ့ရထားသူတစ်ယောက်ဖြစ်သည်။
ဘွဲ့ရပြီးနောက်ပိုင်း အွန်လိုင်းရှော့ဖွင့်ကာ အဝတ်အစားနှင့် မိတ်ကပ်ပစ္စည်းများ ရောင်းချရင်း၊ အားလပ်ချိန်တွင် လေ့ကျင့်ခန်းလုပ်၊ ရေကူးရင်းဖြင့် ဘဝကို အေးအေးလူလူ ဖြတ်သန်းခဲ့သူဖြစ်သည်။
အခုတော့ အွန်လိုင်းပေါ်မှ ဆဲဆိုတိုက်ခိုက်များကြောင့် ဒီလို ကူးပြောင်းလာရသည်မှာ တကယ်ကို မတရားပေ။
"အိုက်ယား... ခေါင်းထဲ မူးလာသလိုပဲ။ သမီး ခဏသွားလှဲလိုက်ဦးမယ်။"
ကျန်းကွေ့ဖန် စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်တော့သည်။
သူမသည် ကျန်းမန်မန်ကို အခန်းတံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး သူမ ကုတင်ပေါ်လှဲချကာ မျက်လုံးမှိတ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ ထို့နောက်မှ ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားတော့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းမင်ထန်မှာ ယနေ့ အလုပ်နောက်ကျမည်ဖြစ်သောကြောင့် သူမသည် အိမ်သော့ကို ထိုသူ့ထံသို့ ပေးထားပြီးသားဖြစ်သည်။
သူမသည် ဟောက်ဖန်းဖန်းကို အရင်ဆုံး အဘွားဖြစ်သူအိမ်သို့ လွှတ်ထားလိုက်ပြီး ညဘက်ရောက်မှသာ အစီအစဉ်ကို စတင်မည်ဖြစ်သည်။ တစ်ခုခုဖြစ်ခဲ့လျှင်တောင် ဘယ်သူကမှ သူမကို အပြစ်တင်နိုင်မည်မဟုတ်ပေ။
အစီအစဉ်ကတော့ အပြစ်ပြောစရာမရှိအောင် စေ့စပ်သေချာနေခဲ့သည်။ ယခု ကျန်ရှိနေသည်မှာ ညမိုးချုပ်ရန် စောင့်ဆိုင်းရန်သာသာဖြစ်သည်။
ကျန်းမန်မန်ကတော့ ဘာမှ စိုးရိမ်မနေခဲ့ပေ။ သူမသည် ဝတ္ထုကို ဖတ်ဖူးပြီးသားဖြစ်၍ ဒီမိန်းမသည် ယနေ့ညအတွက် နောက်ထပ် ဇာတ်ညွှန်းတစ်ခု ပြင်ဆင်ထားသည်ကို သိနေခဲ့သည်။
အမှန်တကယ်ပင် ညရောက်သောအခါ ကျန်းကွေ့ဖန်သည် ခြံဝင်းထဲတွင် ရပ်နေကာ အိမ်နီးနားချင်းအားလုံး ကြားနိုင်အောင်အထိ ကျန်းမန်မန်၏ အခန်းဘက်သို့ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ ၎င်းမှာ အိမ်နီးချင်းများကို သက်သေအဖြစ် အသုံးချရန်ပင်။
"မန်မန်ရေ... နင့်ညီမ ပြန်မလာသေးဘူး။ အမေ သူ့အဘွားအိမ်ဘက် သွားရှာလိုက်ဦးမယ်။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရင် တံခါးကို သေချာပိတ်ထားဦးနော်၊ ဟုတ်ပြီလား။"
ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျန်းမန်မန်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမသည် ထရပ်လိုက်ကာ တံခါးဝသို့ လျှောက်သွားပြီး အားနည်းဟန်ဖြင့် ခေါင်းကိုကိုင်ကာ ပြောလိုက်တော့သည်။
"သမီး... ရေဆာတယ်..."
သူမ နိုးနေသေးသည်ကို မြင်သောအခါ ကျန်းကွေ့ဖန်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အနားသို့ ပြေးပ်လာ၏။
သူမ အနားသို့ ရောက်သည်နှင့် ကျန်းမန်မန်က သူမ၏ ဂုတ်ပိုးကို အားဖြင့် ရိုက်ချလိုက်ရာ ကျန်းကွေ့ဖန်တစ်ယောက် မေ့လဲသွားတော့သည်။
ထို့နောက် ကျန်းကွေ့ဖန်ကို ဆွဲယူ၍ ကုတင်ပေါ်တွင် တင်လိုက်ပြီး သူမကို စောင်ခြုံပေးလိုက်ကာ အခန်းထဲရှိ အဝတ်ဗီဒိုထဲမှ ပစ္စည်းများအားလုံးကို အာကာသ ဟင်းလင်းပြင်ထဲသို့ ပြောင်းရွှေ့ပစ်လိုက်လေသည်။
စားပွဲများ၊ ကုလားထိုင်များ၊ ထိုင်ခုံပုများ— အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဆက်လက်၍ သူမသည် အိမ်ရှေ့ရှိအိပ်ခန်းသို့ သွားလိုက်သည်။ သူမ၏ အဖေသည် အဖေအရင်းရော ဟုတ်သည်လား။ ဘာပဲဖြစ်ဖြစ် သူမသည် သူ၏ အဝတ်ဗီဒို၊ အိပ်ရာ၊ စားပွဲနှင့် ကုလားထိုင်များကိုပါ သိမ်းကျုံးယူပစ်လိုက်တော့သည်။
အလှပြင်မှန်တင်ခုံ အကောင်းစားလေးတစ်ခုတောင် ပါသေးသည်။ လုံလောက်ပြီ! အပေါ်တွင် တင်ထားသည့် ခရင်မ် ဘူးနှစ်ဘူးကိုပါ အာကာသဟင်းလင်းပြင်ထဲ ထည့်လိုက်၏။
သူမသည် မီးသွေးမီးဖိုကို တစ်ချက်ကြည့်လိုက်သည်။ မီးဖိုကို ယူလို့မရသော်လည်း ကျန်နေသည့် မီးသွေးများကိုတော့ ယူလို့ရသည်။
သူမ အခန်းထဲပြန်ဝင်ပြီး စစ်ဆေးကြည့်၏။ ဪ..ဟုတ်သားပဲ— အိပ်ရာခင်းနှင့် ဖျာများ— ဒါတွေကိုလည်း ယူသွားသည်က ပိုကောင်းသည်။ ပိုက်ဆံအနည်းငယ်တော့ ပိုရနိုင်၏။
***